ဒီနေ့... သူ ဘာဖြစ်နေသလဲ မသိပါ။
    ရင်ထဲမှာ ဟာတာတာနှင့် သက်ပြင်းတွေကိုသာ အကြောင်းမဲ့ ရှိုက်ငင်မှုတ်ထုတ်နေမိသည်။ သူ့စိတ်အစဉ်သည် ပစ်္စုပ်္ပါန်နှင့်လွတ်ကင်းကာ ဦးတည်ရာမဲ့နေသလို ခံစားနေရ၏။
မျှော်လင့်ချက်များ ကင်းမဲ့နေသလို...။ ဆန်္ဒများကလည်း ခမ်းခြောက်နေသလို...။ လက်တွေ့ဘ၀မှလည်း ထွက်ပြေးချင်သလို...။
    ထိုစဉ်ခဏ... ရုတ်တရက် ကြဲပက်လိုက်သလို ဖြာကျလာသော မိုးမှုန်လေးများနှင့်အတူ အဖြူအစိမ်းလေးများ လမ်းပေါ်သို့ စီးဆင်းလာပုံမှာ သတိလက်လွတ်ငေးနေမိသော သူ၏စိတ်ကို လေအဟုန်စီးစေလိုက်သလို ငြိမ့်ကနဲ၊သိမ့်ကနဲ သိမ်းကြုံးဆွဲငင်သွားလေသည်။
    အဖြူအစိမ်း အရောင်တွဲက သူ့ကို တောက်ပစွာ ညှို့ငင်၏။
    အေးမြသည့် မိုးမှုန်များက သူ့ကို အတိတ်သို့ နူးညံ့စွာ ဆွဲခေါ်နေ၏။
    သူ၏စိတ်သည်လည်း ပုထုစဉ်ပီသစွာ လက်ရှိအခြေအနေကို မေ့လျော့လိုသည့်ဆန်္ဒဖြင့် တဖြေးဖြေး... ပစ်္စုပ်္ပါန်ကမ်းမှ ခွာလေတော့၏။
                               xxxxxx
    မိုးဥတု၏တစ်နေ့မှာပင် မိုးကို သူ စတွေ့ခဲ့ခြင်းဖြစ်လေသည်။
    “ ဟေ့ကောင် အဲဒါ မင်းလိုပဲ တို့ကျောင်းကို ဒီနှစ်မှပြောင်းလာတဲ့ ဇွန်မိုးပွင့် တဲ့ကွ။
ဒါပေမဲ့ သူက ကျောင်းသူအသစ်တော့မဟုတ်ဘူး။ မနှစ်ကကိုးတန်းတစ်နှစ်ပဲ ရန်ကုန် လသာ(၂)မှာ ဘော်ဒါသွားနေခဲ့ပြီး ဒီနှစ်ပြန်လာတာ။ စာလည်းတော်တယ် ဟေ့ကောင်။ တို့ကျောင်းမှာတော့ သူလည်းတစ်ပါးပဲ။ ဆရာဝန်သမီးတဲ့ကွ။ မာနကခပ်ကြီးကြီးရယ်...”
    စတွေ့တွေ့ချင်းမှာပင် တစ်စုံတစ်ရာသော ထူးဆန်းမှုကို သူ ခံစားမိ၏။
    သူမ မှုန်နေအောင်မလှပါ။ သို့ပေမဲ့ သူ့ရင်တွေခုန်နေသည်။
သူမက သူ့ကိုမကြည့်။ ဘယ်သူ့ကိုမှလည်း မကြည့်။ သူတို့အတန်းရှေ့မှ ခေါင်းလေးခပ်မော့မော့ဖြင့် ဖြတ်လျှောက်သွား၏။
    ဆံပင်က တိုကပ်နေသည်မှာ သူတို့ယောကျာ်းလေးတွေ နီးပါးပင်။ မျက်ရစ်မပါသော မျက်လုံးလေးနှင့် သူမသူငယ်ချင်းကို မျက်လုံးလေးပြူးပြူးပြီး စကားပြောသွားသည်မှာ ချစ်စရာ။
    တကယ်တော့ သူမနှင့်အတူပါလာသော ကောင်မလေး၏အကြည့်တွေက သူ့မျက်နှာဆီ တရစ်ဝဲ၀ဲရှိနေသောလည်း သူမကတော့ မိန်းကလေးတွေပါးစပ်ဖျားမှာ အလွန်နာမည်ကြီးနေသည့် သူ့ကို မသိသလိုပါလား။
    “ မေစပယ်ကတော့ မင်းကိုလာကြည့်တာဖြစ်မယ်ကွ။ ဒါပေမဲ့ သူနဲ့အဖော်ပါလာတဲ့ မိုးပွင့်ကဖြင့် မင့်များ မရှိသလိုပါပဲကွာ။ သိပုံလည်းမရပါဘူး။ မျက်လုံးတောင် ဝေ့ကြည့်ဖော်မရဘူး။ ခု သူနဲ့စကားပြောသွားတာက စာတော်အုပ်စုထဲက ကောင်မလေးတွေလေ။ သူက ဟိုးတုန်းကတည်းက ဒီအုပ်စုနဲ့အတူ အေခန်းမှာနေနေကျ။ ဒီနှစ်တော့ ကျော်ငးသူသစ်ပြန်ဖြစ်ပြီး အသစ်တွေထားတဲ့အခန်းထဲ ရောက်သွားတာနေမှာ...”
    ဘေးမှ သူငယ်ချင်းက သူလည်း မမေးဘဲနှင့် အခမဲ့ကြော်ငြာဝင်နေလေ၏။
    ခု သူနေသည့်ကျောင်းက စာတော်သူတွေ (အဆင့်တစ်မှ တစ်ဆယ်ထိ)ကို အေခန်းမှာစုထားပြီး ကျောင်းသားသစ်တွေကို စီခန်းမှာ ကျောင်းသားဟောင်းများနှင့်အတူ ရောနှောထားလေ့ရှိ၏။ ချွင်းချက်အဖြစ် သူတစ်ယောက်သာ ကျောင်းသားသစ် ဖြစ်သော်လည်း ကျောင်းလိုက်အပ်ပေးသော သူ့ဘကြီးက ပညာရေးမှူးဖြစ်နေ၍ အတော်ခန်းမှာ ထည့်ပေးလိုက်ပုံရသည်။
    နို့မို့ဆို သူမနှင့်သူ အတန်းတူပေဦးမည်။ တစ်တန်းထဲသာဆို သူမ၏ မျက်လုံးပြူးလေးနှင့် စကားပြောဟန်ကို မကြာခဏ မြင်ခွင့်ရနိုင်မည်။ သူ့အား မမြင်သလို ဝေ့၍ပင်မကြည့်သော သူမကို အသာခိုးကာ ငေးလို့ရဦးမည်။ သူမ၏ ခပ်တည်တည် ခပ်မော့မော့ မျက်နှာပေးလေးကို သူ သဘောကျနေပြီ။
    ထိုခဏ၌ သူသည် ကျောင်းလိုက်အပ်ပေးသော ဘကြီးကိုပင် ငြိုငြင်ချင်သလိုဖြစ်လာ၏။
    ငယ်စဉ်ကတည်းက မိန်းကလေးများအတွက် တစ်ခါဖူးမျှ မလှုပ်ရှားတတ်သော သူ့စိတ်သည် အံ့သြချင်စရာကောင်းစွာ အတွေးများဆန်းသစ်စပြုလေလျှင် သူ့ကိုယ်သူ မလုံမလဲစိတ်နှင့် ခေါင်းကိုသာ ခါယမ်းမိလေတော့သည်။
                                xxxxxx
    မထင်မှတ်ဘဲ ပါးချိုင့်လေးတစ်ဖက်ကို မြင်လိုက်ရချိန်တွင် သူ့ရင်ထဲ၌ ပန်းတစ်ခင်းလုံး ပွင့်နှင့်နေသည်မှာ တစ်မျှော်တစ်ခေါ်ကြီးပင် ကျယ်ပြန့်နေပြီမှန်း သိလိုက်ရ၏။
    အဲသည်နေ့မနက်က ကျောင်းတက်ခေါင်းလောင်း ထိုးပြီးကာစ...။
ပထမဦးဆုံး စာသင်ချိန်အစမှာ အတန်းပိုင်ဆရာမနှင့်အတူ ခပ်တည်တည်မျက်နှာလေးက သည်တစ်ခါတော့ ခေါင်းလေးငုံ့ကာ ကချင်လွယ်အိတ်အနီလေးလွယ်လျက် သူတို့အခန်းထဲ ၀င်လာခဲ့၏။
    အတန်းထဲတွင် ကျောင်းသူ၊ ကျောင်းသားများ တစ်ခြမ်းစီခွဲထိုင်ကြရာ စာတော်သည့်အုပ်စုမှ မိန်းကလေး ခြောက်ယောက်ကို သူတို့ယောကျာ်းလေးခုံတန်း၏ ရှေ့ဆုံးခုံတွင် အတန်းပိုင်က နေရာပေးထားလေသည်။ ဆရာမက သူမကိုလည်း ထိုခုံမှာပင် ၀င်ထိုင်စေလေလျှင် သူ့ရှေ့တည့်တည့် ကျောင်းသူခြောက်ယောက်၏အလယ်၌ သူငယ်ချင်းများက သူမကို နေရာပေးကြလေ၏။
    သူမက တခြားကျောင်းသူတွေလို အင်္ကျီဖြူကို ဒီဇိုင်းဆန်းဆန်းချုပ်မထားဘဲ ရင်ဖုံးခါးတို လက်ထောက်လေးဖြင့် ရိုးရိုးယဉ်ယဉ်လေးဝတ်ထားရာ ပုံစံအစုံချုပ်ဝတ်လေ့ရှိသော သည်လိုနယ်မြို့ကျောင်းလေးမှာ တမူထူးခြားနေပေလိမ့်မည်။
    သူ့အတွက်ကတော့ အခြားသူများနှင့် ပိုလို့ကွဲပြားစရာ၊ သတိထားမိစရာ ပေါ်လွင်သည်က သူမအလှ၊ သူမအဆင်အပြင်ကြောင့် မဟုတ်။ သူမထက် ချောသောလှသော မိန်းကလေးများစွာ သူတွေ့ဖူးခဲ့ပြီး သူရှေ့မှာ မူရာမာယာမျိုးစုံဖြင့် ညိုမြလုပ်တာလည်း ကြုံဖူးခဲ့ပြီ။ သူနေထိုင်ခဲ့ရာ မန်းမြေမှာ သူက ယောက်ျားလေးကျောင်းတွင် နေသည်ဆိုသော်လည်း သူ့ညီမနေသည့် မိန်းကလေးကျောင်းက ရင်ဖုံးဖြူနှင့်ထမီစိမ်းကို ကျောင်းဝတ်စုံသတ်မှတ်ထားသည့် စံပြကျောင်း..။
    တကယ်တမ်း သူမက သူ့အတွက် အများနှင့်အတူ ထူးခြားနေသည်မှာ....
    “ မင်းဇံကျော်ဆိုရင် ကောင်မလေးတိုင်း အိနြေမရ ရှိတ်ကြတာချည်းဆိုပေမဲ့ ဇွန်မိုးပွင့်ကတော့ ခပ်တည်တည်ပဲဗျ။
ကိုယ်တော့ သူ့ကိုခိုက်သွားပြီ မောင်...”
    ဘေးမှ သူငယ်ချင်း ပြောလည်းပြောစရာပင်။ သူ ဒီကျောင်းကို ပြောင်းလာပြီးနောက် စွံလိုက်ပုံက ကျောင်းဆင်းကျောင်းတက် ခေါင်းလောင်းမထိုးခင်အထိ အတန်းရှေ့မှာ ချောင်းပေါက်မတတ် မိန်းကလေးတွေ ကော်ရစ်တာပြည့်နေတတ်ခြင်းဖြစ်၏။
    ဖြစ်ချင်တော့ သူကလည်း ထိုတစ်လောက နာမည်ကြီးလာသည့် တက်သစ်စမင်းသားနှင့်မှ အတော့်ကိုသွားဆင်နေသည်ဆိုလား။
    မြီးကောင်ပေါက်မလေးတွေ မင်းသားကို အားပေးကြမ်းပုံက သူတောင် မင်းဇံကျော်နာမည်ပျောက်ကာ မင်းသားနာမည်ကိုသာ အလွယ်အခေါ်ခံရသည်အထိ။
    သည်လောက် သည်းသည်းလှုပ်သည့် မိန်းကလေးများထဲ သူမ မပါခြင်းမှာ သူမက ထိုမင်းသားကို မကြိုက်သူမို့များ ဖြစ်နေမလားဟု သူတွေးနေမိလေသည်။
                                xxxxxx
    “ မင်းသား.. မင်းသား..” “ လိုက်... လိုက်...” ဆိုသည့် စီစီညံညံအသံတွေကြောင့် လန့်ဖျပ်ကာ စာအုပ်ဘီရိုတစ်ခုနောက် သူ ၀င်ပုန်းနေတော့ ဆိုင်ရှင်ကပင် တအံ့တသြနှင့်... “ မင်းက စွံလှချည်လားကွ...” ဟု ရယ်ကျဲကျဲ ဆိုလေ၏။
    “ ဟားဟား.. ဒီကောင်းက ကံကောင်းတာပါဗျာ။ ဒီမင်းသား နာမည်တက်ချိန်နဲ့ သွားတိုးလို့ပါ။ နို့မို့ဆို ဒီကောင် ကျွန်တော့်ကို မကျော်နိုင်ပါဘူး....”
    သူငယ်ချင်းက သူ့လက်မောင်းကို ခပ်ဖွဖွထိုးရင်း ချစ်စနိုးစနောက်နေသော်လည်း သူကဖြင့် တကယ့်ကို ချွေးပျံနေသည်ပါ။
    “ ကြုံ.. မကြုံဖူးပေါင်ဟယ်။ သူက ဘာမို့လို့ မိနိုင်တို့က ဒီလောက်အသည်းအသန် ထလိုက်ရတာလဲ။
ငါ့မှာ ယောင်တောင်ပေါင်တောင် အလန့်တကြားမို့သာ ထထွက်လာမိတာ။ မှာထားတဲ့အကြော်တောင် မယူရသေးဘူး။
ဘာမှန်းလည်း မသိဘူး။ ရှက်စရာလည်းကောင်းတယ်။ ကောင်ေးလတစ်ယောက်နောက်ကို ကောင်မလေးတစ်သိုက်က တရုန်းရုန်းလိုက်နေတာများ ပြောရင် ဘယ်သူယုံမှာလဲ။ ခေတ်ပြောင်းပြန်ကြီး...။ ဟင်း...”
    “ ဘုရားရေ... အမလေး သူတို့လိုက်တဲ့သူက ငါတို့နောက်ရောက်နေပါလား..ဟဲ့ မေစပယ်.. ငါ သေချင်တယ်နော်... ရှက်လိုက်တာ... ရှက်လိုက်တာ.. မြန်မြန်နင်း... မြန်မြန်နင်း....”
    ပထမတော့ ခပ်ရှရှအသံလေးက နားထောင်ကောင်းသည်မို့ အာရုံစိုက်မိခြင်း...။ နောက်တော့ သူ့ကိုပြောနေတာပါလားလို့ အံ့သြခြင်း...။ ပြီးမှ ဖြတ်ကနဲ လှည့်အကြည့်..၊ မျက်လုံးချင်းအဆုံ..၊ အံ့သြရှက်လန့်သွားသည့် ပန်းသီးနီနီလို သူမမျက်နှာ...။
    စက်ဘီးနောက်ကယ်ရီယာမှ သူမက ရှေ့မှစက်ဘီးနင်းနေသည့် သူငယ်ချင်းမခါးကိုဖက်ရင်း မျက်နှာကိုကွယ်ကာ ဖွက်ထားသည်မှာ နောက်သို့ပြန်လှည့်မလာတော့။
    “ ချစ်ဖို့ကောင်းလိုက်တာကွာ..”
    “ ဘာလဲ ဟေ့ကောင်။ မင်းခိုက်နေပြီလား...”
    သူငယ်ချင်း၏အမေးကို သူ မဆိုင်းမတွခေါင်းညိတ်လိုက်မိသည်မှာ ထိုအချိန်မှစ၍ သေသည့်တိုင် ဘယ်တော့မှ နောင်တမရနိုင်ဟုပင် သူယုံကြည်ခဲ့မိ၏။
    “ ဒါဖြင့် မင်းလိုက်မယ်ပေါ့...”
    “ အင်း...”
    သူငယ်ချင်း၏ နောက်ထပ်အမေးကိုလည်း သူ ရဲရင့်လိုက်ပြန်သည်။
    “ တစ်ခုတော့ရှိတယ်ကွ။ သူက စာကြမ်းပိုးဆိုတော့ ရည်းစားထားပါ့မလား။ မသေချာဘူးနော်။ တော်ကြာ ကောင်မလေးတွေ ၀ိုင်းနေတဲ့ကြားက မင်းရွေးလိုက်တဲ့သူက မင့်ပြန်မကြိုက်ရင် အလကားအောက်နေဦးမယ်။ ကောင်မလေးတွေကလည်း ဟားမယ်။ မင်းကိုမုန်းနေတဲ့ ကောင်မလေးတွေရဲ့ ကောင်တွေလည်း ၀မ်းသာမယ်။ နည်းနည်းပါးပါးလည်း အရင် တီးခေါက်ကြည့်ပါဦး..”
    “ အချစ်မှာ အောက်တယ် မရှိပါဘူးကွာ။ ကိုယ့်စိတ်ကိုယ်သေချာဖို့သာ အဓိကပါ။ သူပြန်ကြိုက်မကြိုက်က သူ့ကိစ်္စ။ ငါ့စိတ်ထဲ သူဟာ ငါ့ဖူးစာရှင်လို့ သေချာနေတာက ငါ့ကိစ်္စ...”
    သည်လို သူ သေချာစွာပြောရဲသည်မှာ သူငယ်ချင်းမသိသေးသည့် အချက်တစ်ချက်ကို သူ ရှာဖွေတွေ့ရှိထားလို့မှန်းတော့ သူ မပြောဖြစ်ခဲ့။ သူ့နှလုံးသားထဲတွင်တော့ ရှေ့ဆုံးခုံတန်းမှ ဖွင့်ထားသော ကွန်ပါဗူးအဖုံး ပြောင်လက်လက်လေးထဲကနေ ခိုးခိုးကြည့်နေတတ်သည့် ခပ်တည်တည်၊ခပ်စူးစူး မျက်ဝန်းလေးများကို ဘယ်တော့မှမေ့မည် မဟုတ်ပါ။
                                xxxxxx
    “ ဟိတ်.. ဘယ်ကောင်မလေးကို ခိုးကြည့်နေတာလဲဖေဖေ။ မေမေနဲ့တိုင်လိုက်ရမလား...”
    ရုတ်တရက် အနားကပ်ကာ အော်လိုက်သော သမီးအသံကြောင့် တကယ်ပင် လန့်ဖျပ်ကာ တုန်သွားသောသူ့ကိုကြည့်ပြီး သမီးက တဟားဟား ရယ်နေ၏။
    သည်တော့မှ သမီးကို ကျောင်းလာကြိုနေခြင်းပဲဟု ကျောင်းရှေ့မှ အဖြူအစိမ်းလေးတွေမြင်ပြီး အတွေးလွန်နေသော သူ့ကိုယ်သူ သတိဝင်တော့သည်။
    “ ဖေဖေ... ဒီမှာ သမီးကွန်ပါဗူးလေး အဖုံးပြုတ်သွားလို့..။ သူငယ်ချင်းက သမီးကွန်ပါဗူးအဖုံးဖွင့်ထားတုန်း အတင်းလုပြီး မှန်လုပ်ကြည့်တာ..။ ဆွဲရင်းလုရင်းကနေ အဖုံးပြုတ်သွားတာ...။ သူက ပြန်လျော်ပေးမယ်တဲ့...”
    “ အော်.. သမီးရယ် မလျော်ခိုင်းပါနဲ့။ ပြန်တပ်လို့ရပါတယ်။ ဖေဖေလုပ်ပေးမှာပေါ့။ ပေး ပေး...”
    သူလှမ်းယူလိုက်သော သမီးလက်ထဲမှ ကွန်ပါဗူးအဖုံး ပြောင်လက်လက်လေးက သူကို လှောင်နေသလိုလို...။
    “ မောင် ဘယ်တော့မှ မိုးကို မပြောဘူးလို့ ဆုံးဖြတ်ထားတာ...။ မိုးက မောင့်အချစ်ကို မယုံဘဲကိုး။ မိုးကို မောင့်နောက်လိုက်တဲ့ ကောင်မလေးအုပ်စုထဲကလို့ ဘယ်တုန်းကမှ မောင် အထင်မသေးဖူးသလို၊ လွယ်လွယ်ရလို့ ဆွတ်ခဲ့တဲ့ အလိုက်သင့်ပန်းလည်း မဟုတ်ဘူး။ မိုးတည်ကြည်တာ၊ တခြားမိန်းကလေးတွေလို မလှုပ်ခတ်တာကိုပဲ မောင်က ကြိုက်ခဲ့တာ။ မိုးမေးလွန်းလို့သာ ကွန်ပါဗူးထဲက မိုးအကြည့်သူခိုးလေးတွေ မောင်သိတယ်လို့ ပြောပြမိတာ။ ဒါ မိုးကိုနှိမ်တာမှမဟုတ်ဘဲ။   
    ဘာဖြစ်လဲ။ ကိုယ်ချစ်တဲ့သူကို ခိုးကြည့်တာ။ မိုးကို တစ်ခါမှ မကဲ့ရဲ့ခဲ့ပါဘူး။ မောင်လည်းကြည့်တာပဲ။ မိုးရဲ့နောက်ကနေ တစ်နေကုန် တစိမ့်စိမ့်ကြည့်နေတာ။ မောင်က မိုး မောင်တို့အခန်းထဲ ပြောင်းမလာခင်ကတည်းက အခန်းရှေ့ကို သူငယ်ချင်းနဲ့ လာကတည်းက စကြိုက်သွားတာ။ မောင်ကတောင် မိုးထက် ပိုစောသေးတယ် မိုးကိုချစ်နေတာ...”
    “ အို... ဒါကြောင့်လည်း အခန်းရှေ့ ပထမအကြိမ် သူငယ်ချင်းနဲ့ အဖော်လိုက်လာကတည်းက မောင့်ကို မိုးမကြည့်တာ။ သူ့ကိုယ်သူများ ကောင်မလေးတိုင်း ကြိုက်လိမ့်မယ်ထင်ပြီး ဘ၀င်မြင့်နေတဲ့လူမျိုးကို မုန်းတာအရမ်းပဲ သိလား...”
    “ ဟောဗျာ.. ဒါဖြင့် မောင့်ကို ဘာလို့လက်ခံခဲ့သေးလဲ...”
    “ ဟင်း... သူက ညှို့မျက်လုံးကြီးတွေနဲ့ လူကို စိုက်စိုက်ကြည့်ပြီး ချစ်အောင်လုပ်တာကိုး...။ သိတ်မုန်းတာပဲ.. ဟွန်း...”
    “ ဟားဟားဟား...”
    နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်သော သူမစကားကြောင့် အော်ရယ်ရင်း သူမမျက်ရည်တွေ သုတ်ပေးလိုက်မိသော်လည်း သူ့စိတ်ထဲတွင် မွန်းကြပ်နေတုန်းပင်။ သူတို့နှစ်ယောက် ချစ်သူသက်တမ်းခုနစ်နှစ်အတွင်းမှာလည်း မိုး၏ ထိုသိမ်ငယ်စိတ်က မကြာခဏပေါက်ကွဲစေသော ဗုံးတစ်လုံးပမာ။
    သူမက သူ့လောက်မချောကြောင်း၊ သူ့လောက် နာမည်မကြီးကြောင်း၊ သူမက စလိုက်တယ်ထင်ပြီး သူက အလိုက်သင့် ပါလာတာဖြစ်ကြောင်း၊ သူမကို သူမချစ်သလောက်မချစ်ကြောင်း၊ တန်ဖိုးမထားကြောင်း၊ သူမကစချစ်တယ်ထင်ပြီး သနားတာမျိုးဆိုလျှင် လက်မခံနိုင်ကြောင်း၊ သူငယ်ချင်းတွေနောက် လိုက်မိတာကို သူ့နောက်လိုက်တယ်ဆိုပြီး အထင်သေးရင်ဖြင့် လုံးဝလက်မခံနိုင်ကြောင်း....။ သူမ၏ အားငယ်စိတ်က မာနအဖြစ်ရုန်းကြွလာကာ၊ အမောက်တထောင်ထောင်၊ ရန်လိုစိတ်တရှူးရှူးဖြင့် မကြာခဏ ပြဿနာလုပ်လေတော့၏။
    အဆုံးသတ်တွင်တော့ သူက ချော့မော့ကာ မျက်ရည်သုတ်ပေးရသူ..။ သူမက နှုတ်ခမ်းစူကာ တရှုံ့ရှုံ့ဝမ်းနည်းမဆုံးသူ...။
    ခုဆို သူတို့နှစ်ယောက် ဘ၀တစ်သက်စာ ချစ်ပန်္နက်ရိုက်ပြီးသည့်တိုင်အောင်လည်း သည်ပြဿနာက မရိုးနိုင်သေး။ အကြောင်းတိုက်ဆိုင်ပြီဆို အစဆွဲထုတ်လာကာ တဂျီဂျီတဂျောင်ဂျောင် တရှုံ့ရှုံ့နှင့် သူမက ဇာတ်ကြောင်းလှန်မြဲ။ သူကလည်း မွန်းကြပ်ပေမယ့် အလျှော့ပေးကာ မျက်ရည်သုတ်ပေးသူ ဖြစ်ရမြဲ။
    ပိုဆိုးသည်က အသက်ကြီးလာလေ ဘယ်မိန်းမနှင့်မှ စိတ်မချနိုင်တော့ခြင်းပင်။ ဘယ်လောက်ရုပ်ဆိုးသည့် မိန်းမဖြစ်စေ၊ သူနှင့်မှ စကားလေးနည်းနည်း အပေးအယူတည့်မိသည်နှင့် ကွိုင်ရှာလေတော့၏။ တစ်ခါတစ်ရံ မသိမသာဆိုသော်လည်း၊ တစ်ချို့ကိစ်္စတွေမှာ တစ်ဖက်လူက အကင်းပါးသူဖြစ်လျှင် အလွန်မျက်နှာပူစရာကောင်းတာမျိုး ကြုံရသည်။
    သူမကြောင့် သူ့အလုပ်များလည်း မကြာခဏ အထစ်အငေါ့ဖြစ်ရပေါင်းများပြီ။ သူက လူတကာနှင့်ဆက်ဆံနေရသည့် ကျူရှင်ဆရာ။ တပည့်မတွေနှင့်လည်း သင်ကြားရေးမှာ ဘယ်လိုမှ ကင်းလို့ရသည်မဟုတ်။
    သူမက မျက်မှောင်တကြုံ့ကြုံ့နှင့် သူ့ကို အရိပ်ကြည့်နေသမျှ၊ ကွိုင်လိုက်ရှာနေသမျှ၊ သူ့မှာ စာသင်ရတာပင် စိတ်မဖြောင့်နိုင်။
    ခုမနက်လည်း ကျူရှင်လာအပ်သည့် တပည့်သစ်၏အမေက အာဝဇ်္ဖန်းရွှင်လွန်းသည်ဆိုကာ တပျစ်တောက်တောက် လုပ်နေသည်နှင့် သူ့စိတ် မွန်းကြပ်လာကာ နားညည်းသက်သာရန် သမီးကျောင်းကြိုဖို့ အစောကြီးထွက်လာမိခြင်းဖြစ်၏။
    ငယ်ငယ်ကတော့ အချစ်ကို တမြတ်တနိုးရင်ခုန်ခဲ့မိသည်။ တစ်ခါတစ်ရံတော့လည်း အချစ်ဟာ မီးလိုပူလှချည့်ဟု ငြီးငြူချင်ပေမဲ့လည်း ပိုးဖလံမျိုးမို့ မီးကိုတိုးဝင်ခဲ့မိသေးသည်ပဲ။
    ကိုယ်တိုင် မီးထဲမှာ လောင်ကျွမ်းရသည့်အခါမှာတော့ ရုန်းထွက်ဖို့ကြိုးစားမိမြဲ...။ သို့ပေမဲ့....
    “ ဟယ်.. ကြည့်စမ်း ဒီသားအဖနှစ်ယောက် မိုးဖွဲထဲမှာ ဒီအတိုင်းပြန်လာကြပြီ။ ထင်သားပဲ။
မောင်က ထီးယူသွားမှာမဟုတ်ဘူး လို့..။ သမီးကလည်း ထီးအမြဲမေ့တဲ့သူ။ ဒီသားအဖနှစ်ယောက် လိုက်လည်းလိုက်ပါတယ်။
    လာ လာ.. မြန်မြန်လေး အ၀တ်လဲ။ မိုး နှစ်ယောက်စလုံးကို ခေါင်းတွေခြောက်အောင် သုတ်ပေးမယ်။ ပြီးရင် မိုးမိလာမဲ့ သူတွေအတွက် ကော်ဖီပူပူလေးသောက်ရအောင် အဆင်သင့်ဖျော်ထားတယ်။ မောင်ကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော်လေးပါ ကြော်ပေးထားတယ်။ စားမယ်မဟုတ်လား မောင်...”
    “ အင်း ကောင်းတာပေါ့မိုးရယ်။ ပူလွန်းလို့ မိုးရေထဲထွက်မိတာ...။ ခု အအေးပတ်မှာစိုးတော့လည်း အပူပြန်သောက်ရမှာပေါ့။ ဒါမှ အပူအအေးမျှသွားမှာ...”
    အတွေး လက်စမသတ်သေးသော သူက ခပ်ရွဲ့ရွဲ့စိတ်ဖြင့် တမင်တကာ စောင်းပြောလိုက်မိသော်လည်း သူမက သတိထားမိပုံမပေါ်။ တဘက်တစ်ထည်ကို သယ်ဆောင်ကာ ဆင်မယဉ်သာခြေလှမ်းများဖြင့် လှုပ်လီလှုပ်လဲ့ လျှောက်လာလေ၏။
    ထို့နောက် ချစ်သူဘ၀တုန်းကထက် သုံးလေးဆမျှရှိသောခန်္ဓာကိုယ်မှ လက်ဖောင်းဖောင်းကြီးတစ်စုံသည် ဆိုးဆေးများနှင့် ဓာတ်မတည့်သဖြင့် တစ်ခေါင်းလုံးနီးပါး ဖြူဖွေးနေသော ငွေရောင်ဆံပင်များအား တယုတယ ပွတ်သုတ်ပေးနေတော့သည်။
    အချစ်သည် ပူလောင်သည်ဆိုသော်လည်း....
    တစ်ခါတစ်ရံ၌ ချွင်းချက်တော့ ရှိစမြဲ....။
                              xxxxxx
ဝေ ၊စီးပွားရေးတက္ကသိုလ်၊
September, 2013
Fashion Image Magazine
No comments:
Post a comment