ညွှန်ဆေးမယ့်မျက်ရည်


“ညီမလေးသေပြီတဲ့”
ဆိုင်ရှင်ကပြောပြီး အကဲခတ်သလို သူ့ကို ကြည့်နေတယ်။ သူ့မျက်နှာက မပြောင်းတာ သေချာတော့မှ…
“တကယ်ပြောတာ ဟေ့ကောင်.. အငယ်ဆုံးညီမတဲ့။ အခုလေးတင် မင်းအမေဖုန်းဆက်တာ”
ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပေမယ့် သူ့မျက်နှာက သိပ်မပျက်တော့ ဆိုင်ရှင်က အံ့သြသွားပုံရတယ်။
“နေပါဦး မင်းက ဘာမှ မခံစားရဘူးလား”
“ကျွန်တော့်အတွက် ဒါ ပထမအကြိမ်မှ မဟုတ်တော့တာ”
ဟုတ်တယ်။ သူတို့မိသားစုက အားလုံးရှစ်ယောက်ရှိတာ။ ဒီတစ်ယောက်နဲ့ဆို မိသားစုကနေ နှုတ်ထွက်သွားကြတာ သုံးယောက်မြောက်။ ဒါကြောင့်လည်း သူစိတ်မကောင်းဖြစ်ပေမယ့် မထူးဆန်းတော့ပါဘူး။
ဆင်းရဲခြင်းညွှန်ထဲက ရုန်းမထွက်နိုင်မယ့်အတူတူ ဒါကမှ ဝဋ်ကျွတ်ဦးမလားလို့လေ။ ဆင်းရဲတာတစ်ခုတည်းဆို ဖြေသာသေးတယ်။ ခုဟာက မိဘတွေအိမ်ထောင်ရေး မပြေလည်တာကလည်း ကလေးတွေအတွက် နွံထဲကို ဝါးကူထိုးပေးနေသလိုပဲ။
အမှန်တော့ အမေက မိသားစုလေး ဖရိုဖရဲမဖြစ်အောင် ကျားကန်ထားချင်စိတ် ဘယ်ရှိပါ့မလဲ။ ဒီမိသားစုဘဝက အမေ့စိတ်တိုင်းကျ တည်ဆောက်ထားခဲ့ရတဲ့ ဘဝမှမဟုတ်တာ။
“မင်းအဖေသာ ယောက်ျားကောင်းပီသခဲ့ရင် အမေ့သားတွေ သမီးတွေ ဒီလို ဒုက္ခများရမှာ မဟုတ်ဘူး”
“ဒါဆို အမေကရော ဘာလို့ကလေးတွေကို မငဲ့ရတာလဲ”
“လူဆိုတာ စားစရာမရှိရင် အငတ်ခံနေနိုင်တယ်သား။ ဘယ်လောက်ငတ်ငတ် ရှိတဲ့မုန့်ကိုလည်း ဝေမျှစားနိုင်သေးတယ်သား။ လင်တစ်ယောက်ကိုတော့ ဘယ်မိန်းမတစ်ယောက်နဲ့မှ ဝေမျှမချစ်နိုင်ဘူး”
အဲဒီတုန်းက အမေ့ဒဿနတွေကို သူ စေ့စေ့ငုငု နားမလည်နိုင်ခဲ့သလို အဖေနဲ့အမေကြားက အေးစက်တဲ့တင်းမာမှုဟာ သားသမီးတွေအတွက် ဆင်းရဲခြင်းထက် ပိုခံရခက်တယ်ဆိုတာကိုရော အမေတို့ နားလည်ခဲ့ရဲ့လား။
………….
အိမ်ကိုရောက်ဖို့ ပေါင်ရင်းလောက်ရှိတဲ့ ရေတွေကို ဖြတ်လာရတယ်။ ညက ရွာတဲ့မိုးဟာ သည်းလွန်းတော့ သူနေတဲ့ဆိုင်မှာတောင် ယိုနေကျမဟုတ်တဲ့ သွပ်မိုးပေါက်သေးသေးလေးတွေက မိုးယိုလာသေးတယ်။ အဲဒီတုန်းကတော့ ဒီလောက်ရေပါမယ်လို့ မထင်မိခဲ့ဘူး။
အိမ်ပြန်လာရတော့မှသာ ညကမိုးဟာ ကန်ပေါင်ဘေး အနိမ့်ပိုင်းမှာရှိတဲ့ သူတို့ရပ်ကွက်လေးကို ရေမြုပ်စေပြန်ပြီလို့ သတိရလာတာ။ အလုပ်ဘဝထဲကနေ မိသားစုဘဝထဲကို ပြန်ရောက်လာရတာ။
အလုပ်ထဲမှာ အနေကြာတော့ သန့်သန့်ပြန့်ပြန့်ဝတ်စားထားတဲ့ သူက နောက်ကျိညစ်ပတ်နေတဲ့ ရေထဲကို ခြေချဖို့ တော်တော် မသတီ ဖြစ်နေမိသေးတယ်။
“သြော် ငါ့နှယ် … ဘဝမေ့ရန်ကော”
လို့ ရေရွတ်မိရင်းက တွန့်ဆုတ်တွန့်ဆုတ်နဲ့ မနည်းရှေ့တိုးနေရတာလေ။
နှစ်တိုင်း မိုးသည်းပြီိဆို ရပ်ကွက်ကရေမြုပ်နေကျမို့ မဆန်းတော့ပေမယ့် လက်ဖက်ရည်ဆိုင်မှာ နှစ်မိုးတွင်းအောင်းခဲ့ပြီးတဲ့ သူကတော့ မဆန်းတဆန်းဖြစ်နေတယ်။
“သားရေ… မင်းညီမလေးကတော့ ဝဋ်ကျွတ်သွားရှာပြီကွဲ့”
အိမ်အဝင်ဝမှာ အမေ့ငိုသံက သူ့ရင်ကို ဆီးပြီး ရိုက်ပုတ်လိုက်သလိုပဲ။ ဖျဉ်းခနဲ နာကျင်စိတ်ကြောင့် အံကြိတ်လိုက်မိပြီ။
လှေခါးအတက် ဖိနပ်ချွတ်မှာပဲ ထိုင်ချလိုက်ပြီး အိမ်ကျဥ်းလေးထဲ ဝေ့ကြည့်လိုက်တော့ အလောင်းရဲ့ခြေရင်း တဲထောင့်မှာ နို့ညှာကောင် သူ့ညီလေးက ဒူးနှစ်လုံးကို ပိုက်ပြီး ကြားမှာ ခေါင်းစိုက်ထားတယ်။ သူ့ကို တွေ့ပေမယ့် နှုတ်မဆက်ဘဲ တွေတွေကြီး စိုက်ကြည့်နေရှာတယ်။ အထက်အောက်ဆိုတော့ သူကပိုခံစားရပေမပေါ့။ သူ့အောက်က ညီမအကြီးကတော့ အလောင်းခေါင်းရင်းမှာ မျက်လုံးကြီးမို့အစ်နီရဲပြီး သူရောက်လာကာမှ တစ်ကျော့ပြန် ထပ်ငိုနေပုံရတယ်။ အစ်မကလည်း ပဝါလေးမျက်လုံးတတို့တို့နဲ့။
“ရော့…အမေ။ ဆိုင်ရှင်ပေးလိုက်တဲ့ အကူငါးထောင်ရယ်၊ လုပ်ဖော်ကိုင်ဖက်တွေ စုပေးလိုက်တဲ့ ငါးထောင်ရယ်။ အားလုံးတစ်သောင်း။ နေပါဦး ဟိုလူကော ဘယ်သွားနေတာတုံး။ ဒီလိုအချိန်မှာတောင် ဟိုရောက်နေပြန်ပြီလား။”
သူက နာနာကျည်းကျည်း မေးလိုက်ပေမယ့် အမေကတော့ ဘာမှသတိမရလောက်အောင် ပရိဒေဝမီး တောက်လောင်နေပုံရပါတယ်။
“နာရေးကူညီမှုအသင်းကို သွားတာပါသားရယ်။ ဒီအချိန်မှ အရယ်သောက်နေရင်လည်း ရပ်ကွက်က ဝိုင်းလုပ်ကြတော့မယ်လေ။ မင်းညီမက ဖျားနေတာ တစ်ပတ်ကျော်ပြီ။ မနေ့ညက မိုးတအားသည်းပြီး ရေတွကလည်း တက်လာတော့ တစ်ညလုံး အပေါ်အေးအောက်အေးနဲ့ မိုးလင်းစောစောကျတော့ အသက်ပျောက်သွားတာပါပဲ သားရယ်”
အမေ့ရှိုက်သံတွေက မြားအစင်းများစွာလို သူ့ရင်ကိုလာမှန်ပြန်တယ်။ တကယ်တော့ ဒီညီမအငယ်နဲ့သူ ငါးရက်ပြည့်အောင်တောင် နေဖူးရဲ့လား မသိပါဘူး။ ဒီကောင်မလေးမွေးတုန်းက သူက ထမင်းဆိုင်တစ်ဆိုင်မှာ စားပွဲထိုးသွားလုပ်နေတာ။
ချစ်ကြိုက်ပြီးမှ ညားတာမဟုတ်တဲ့ အဖေနဲ့အမေကတော့ ဘယ်တုန်းကမှ အိမ်ထောင်ရေးသုခကို ရခဲ့ပုံမပေါ်ပါဘူး။ အမေ့ရဲ့အမေဟာ အရင်က ပိုက်ဆံတော်တော်ရှိပြီး ရပ်ကွက်ထဲမှာ ဝန်းကြီးခြံကြီးနဲ့ ကုန်စုံဆိုင်ကြီးဖွင့်ပြီး အနေအထိုင်ကလည်း ကိန်းခန်းကြီးသတဲ့။ အမေက ဘာသာမတူလူမျိုးခြားတစ်ယောက်နဲ့ ချစ်ကြိုက်နေတာမို့ အဘွားက အဖေနဲ့ အတင်းပေးစားခဲ့တာတဲ့။
အဖေနဲ့ရပြီးတဲ့နောက်ပိုင်း အမေက မယားကောင်းဖြစ်အောင် ကြိုးစားပေမယ့် အဖေက မွေးလားသမျှ သားသမီးတွေကို ရည်းစားဟောင်းနဲ့ချည်း ရိုးစွပ်နေတာပဲတဲ့။ ဘာအလုပ်မှလည်း မယ်မယ်ရရ မလုပ်ချင်ဘူး။ ဒီကြားထဲ အရက်သောက်၊ ဖဲရိုက်၊ လောင်းကစားပါ ဝါသနာကြီးတော့ ကောင်းကောင်းတောင်းလို့ ပေးရင်ပေး၊ မပေးရင် လုတယ်၊ ခိုးတယ်၊ ရန်လုပ်တယ်။
တစ်တိတစ်တိနဲ့ အဘွားလည်း သူကိုယ်တိုင်ရွေးချယ်ပေးခဲ့တဲ့ သမက်နှိပ်စက်တဲ့စိတ်နဲ့ပဲ ဆုံးရှာတော့သတဲ့။
အမေပြန်ပြောပြလို့သာ သိရတာ။ သူကတော့ မမှတ်မိပါဘူး။ သူ့ကလေးဘဝအစမှာ မှတ်မိတာကတော့ အမေက ကျောင်းလိုက်ပို့ပေမယ့် သူက အိမ်ကို ပြန်ပြန်ပြေးတာပဲ။ အဖေက အမြဲမူးနေတတ်တော့ သူကျောင်းမနေတဲ့ ကိစ္စကလည်း ဒီလိုပဲ လွယ်လွယ်ကူကူ ပြီးမြောက် ကျော်လွှားသွားခဲ့ရတာ။
ဒီဆိုင်ရောက်မှသာ ဆိုင်ရှင်က စာသင်ပေးလို့ စာရေးစာဖတ်တတ်ခဲ့ရတယ်။ သူ့ဘဝကို သနားပြီး အစစအရာရာ ပြုပြင်လမ်းညွှန်ပေးလို့လည်း ဒီဆိုင်မှာ သူကြာကြာနေမိတာ။ အဖေကတော့ လစာပိုပေးတဲ့ဆိုင်မှာ ပြောင်းထားဖို့ သူ့ကိုလာခေါ်သေးတယ်။
“ဟင့်အင်း အဖေ။ ကျွန်တော် ဒီမှာပဲ စွဲစွဲမြဲမြဲလုပ်တော့မယ်။ ဒါမှလည်း အဖျော်ဆရာဖြစ်လာရင် ဘဝရပ်တည်ချက် ခိုင်မာလာမှာ”
အဖေက သူ့ကိုခေါ်မရတော့ ဆိုင်ရှင်ဆီ လခကို တိုးတောင်းလိုက်သေးတယ်။ သူကဖြင့် ဆိုင်ရှင်နဲ့အဖေ ညှိနှိုင်းလို့ အဆင်မပြေခဲ့ရင် အိမ်ပြန်ရတော့မှာပဲ။ ထမင်းငတ်ဦးတော့မှာပဲ ဆိုပြီး စိတ်ပူလိုက်ရတာဆိုတာ။ ခုလို အိမ်ကမောင်နှမတွေ စားရမဲ့သောက်ရမဲ့ ဖြစ်နေတာတွေ့ရမှ ငါတစ်ကိုယ်ကောင်း ဆန်နေပြီလားလို့ တွေးမိလာတယ်။
သေသွားတဲ့ သုံးနှစ်သာသာ ညီမအငယ်ဆုံးကလည်း အရိုးပေါ်အရေတင် မွဲခြောက်ခြောက် လိန်တိန်တိန်လေး။ နို့ညှာကောင် ညီလေးကျတော့ ခေါင်းကြီးဗိုက်ပူ အရိုးဂေါက်ဂက်နဲ့။ ငါးနှစ်ပြည့်ပြီးပေမယ့် ကျောင်းမထားနိုင်သေးဘူး။ ညီမအကြီးကျတော့ ဆယ်နှစ်လောက်ရှိကာမှ သူငယ်တန်းစတက်နေသတဲ့။ လူကြည့်တော့ ငါးနှစ်သမီးလောက်ပဲ ထင်ရလောက်အောင် ညှက်စိကလေး။ ပိန်ညှော်ညှော် အစ်မကလည်း မုန့်တိုက်မှာ မုန့်ထုပ်ပေမယ့် အလုပ်က ပိတ်တစ်ရက်၊ နားတစ်ရက်တဲ့။
အမေပဲ နေ့လည်ဘက် အိမ်တချို့ကို အဝတ်လိုက်လျှော်၊ ညဘက် မြို့ထဲ မြေပဲလှော် လှည့်ရောင်းပြီး ရသမျှငွေနဲ့ မိသားစုဖြစ်သလို နပ်ကျော်စားသောက်နေရရှာတယ်။ အဖေက အလုပ်လက်ကြောမတင်းတဲ့အပြင် အမေ့ဆီကတောင် တစ်ခါတစ်ခါ အရက်ဖိုး လက်ဖြန့်လို့မရရင် ရိုက်ပုတ်မာန်မဲနေခဲ့တာလေ။
သူ့ဆီက လစာကိုလည်း ခဏခဏ အကြောင်းအမျိုးမျိုးပြပြီး လာကြိုထုတ်တယ်။ အမေ့လက်ထဲတော့ ဘယ်တော့မှ မရောက်ပါဘူး။ မြို့စွန်ရပ်ကွက်က မယားငယ်အိမ်မှာ သောက်စားပေးကမ်းပြီး တစ်ရက်နှစ်ရက် ကြာမှ တစ်ပြားမှမကျန်ဘဲ အိမ်ပြန်လာတတ်တယ်တဲ့။ ကဲ အမေ စိတ်နာမယ်ဆိုလည်း မနာလောက်ပေဘူးလား။
ဒါနဲ့ပဲ အမေကလည်း အဖေ့ကို အိမ်ပေါ်အတက်မခံတော့ဘဲ တစ်ပင်မကောင်းတစ်ပင်ပြောင်းလိုက်သတဲ့။ ခုဆိုရင် တစ်နှစ်ကျော်ပြီပေါ့။ မိသားစုလေး ပြိုကွဲခဲ့ရတာ။ ဒါပေမယ့် ဒီတစ်ပင်လည်း မထူးပါဘူး။
ဘာပဲဖြစ်ဖြစ် အဖေက အမေ့အပေါ် ဘယ်လောက်ဆိုးဆိုး သားသမီးတွေအတွက်ကတော့ အဖေပဲလေ။ ပထွေးဆိုတာကတော့….။
“နာရေးကူညီမှုအသင်းက ဒီနေ့မှောင်သွားပြီမို့ မနက်ဖြန်မှချဖို့ ပြောလိုက်တယ်ဟေ့။ အိမ်မှာအငယ်ဆုံးမို့ ညမသိပ်ကောင်းဘူးဆိုတာ ဟိုကောင် ငစိုးကိုစောင့်နေရတာနဲ့ပဲ နောက်ကျသွားရပြီ။ မင်းကွာ ဖုန်းဆက်လည်း ချက်ချင်းရောက်မလာဘူး။ မိဘတွေကို ဝိုင်းကူလုပ်ပေးမယ် မရှိဘူး။ ခွေးမသား။”
ထုံးစံအတိုင်း ပထွေးဆိုတာက သူများကို အပြစ်တင်စကားတွေနဲ့ပဲ သူ့အပြစ်ကို သူဖုံးနေကျလေ။ အမှန်က မျက်ထောင့်ကြီးနီပြီး အနံ့တွေ တထောင်းထောင်းထနေတာ၊ ဘယ်ကိုသဝေထိုးနေသလဲဆိုတာ အမေလည်းသိမှာပါ။
“ကျွန်တော် ပြန်မယ်အမေ မနက်ဖြန်မှ ခပ်စောစော လာခဲ့မယ်”
သူ့အတွက် ကျော်တစ်နေရာစာ မပြောနဲ့ ကျန်တဲ့သူတွေတောင် ဘယ်လိုအိပ်ကြမယ်မသိဘူး။
ပထွေးကတော့ အိမ်ရှေ့မှာ ဖဲဝိုင်းမထောင်နိုင်လို့ ပြန်မကျသေးတဲ့ ရေကိုပဲ အော်ဆဲနေသေးတယ်။
………….
ရေမရှိတော့ပေမယ့် ဗွက်ထူနေဆဲလမ်းထဲကို စက်ဘီးလေးနဲ့စီးဝင်လာတော့ အိမ်ရှေ့ရောက်တာနဲ့ မွှေးကြိုင်နေတဲ့ ဟင်းနံ့တွေက သူ့ကို သူစိမ်းဆန်ဆန် ဆီးကြိုနေကြတယ်။ ဒီအိမ်နဲ့ ဒီမွှေးရနံ့နဲ့ ဘာမှမဆိုင်ဘူးလို့ သူဖြတ်သန်းရတဲ့ အတွေ့အကြုံအရ သိနေတယ်လေ။ ဒါ ဟင်းကောင်းတစ်ခုခု ချက်နေတဲ့ အနံ့မျိုး။
မီးဖိုနားက အမေ့ကို ကြည့်ရတာလည်း နည်းနည်းဝနေသလားလို့ မသင်္ကာတာနဲ့ “အမေ နောက်တစ်ဗိုက်လား” လို့မေးတော့ “အေး” တဲ့။ အေးအေးဆေးဆေး ပါပဲ။ ဘာမှမဆန်းသလို “သား ထမင်းစားပြီးမှပြန်နော်” လို့တောင် ပြောလိုက်သေးတယ်။
သူကတော့ ရင်တွေပူလာတယ်။ သူ့ဆိုင်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့စေတနာက မိသားစုကို အူစိုစေပြီဆိုတာ သဘောပေါက်သွားပြီး သက်ပြင်းလည်း ရှိုက်မိတယ်။
နေပါဦး အဖေရော။ အဖေဘာလို့ မလာတာလဲ။ အမေနဲ့ကွဲကြပြီဆိုပေမယ့် ဒါက အဖေ့သမီးလေ။ နောက်အိမ်ထောင်နဲ့ ကလေးဘယ်နှစ်ယောက် ထပ်မွေးမွေး ဒါလည်း အဖေ့သမီးပဲမဟုတ်လား။ ဟိုအရင်တစ်ခါ ညီအလတ်ကောင် မေးခိုင်ပိုးဝင်ပြီး ဆုံးတုန်းက အဖေသူ့ခေါင်းကိုသူ ထုထုပြီး ငိုတာ သတိရမိသေးတယ်။ မိသားစုကနေ ထွက်သွားကြတာ ညီအလတ်ပြီးရင် အဖေ၊ ခု ညီမအငယ်ဆုံးက တတိယမြောက်ပေါ့။
သူအဖေ့ကို ထွက်ရှာမလို့ လုပ်နေတုန်း လမ်းထဲဝင်လာတာ မြင်ရမှပဲ စိတ်အေးသွားတော့တယ်။ အဖေလည်း တော်တော်စိတ်ထိခိုက်နေပုံရတယ်။ ညက သူပြန်သွားပြီးမှ အဖေရောက်လာတာတဲ့။ “အဖေ့မိုက်ပြစ်တွေပါကွာ” လို့ပြောပြီး မျက်ရည်ကျတယ်။
ဒီသမီးအငယ်ဆုံးက အဖေ့အသည်းကျော်လေ အရင်က မယားငယ်အိမ်သွားရင်တောင် ခေါ်ခေါ်သွားတတ်တာ။ နောက်ပိုင်း ဟိုမိန်းမက ကလေးတစ်ယောက်မွေးလိုက်မှ ညီမလေးကို ခေါ်အလာမခံတော့ဘူးတဲ့။ အဲဒီနောက် အမေပါ နောက်ယောက်ျားယူလိုက်တော့ သားအဖနှစ်ယောက် ပိုဝေးသွားကြတာပဲ။ အဲဒီဒဏ်တွေလည်း ကလေးမှာ တော်တော်ခံလိုက်ရရှာတယ်။ အဖေကိုလွမ်းတဲ့စိတ်ပေါ့။ အဲဒီကတည်းက အမြဲတရှောင်ရှောင် ဖြစ်တော့တာ။ ခုတော့လည်း ဝဋ်ကျွတ်သွားတာပေါ့လေ။
သူလည်း တွေးရင်း လည်ချောင်းထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်လာတာမို့ အာရုံလွှဲပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေတာ နာရေးအသင်းက ကားကြီးနဲ့အတူ ပထွေးကိုတွေ့လိုက်ရတာနဲ့ ပိုပြီး စိတ်ရှုပ်ထွေးသွားရတယ်။
စုတ်တိစုတ်ချာတဲအိမ်ရှေ့မှာ ကားကြီးထိုးရပ်လိုက်တော့ …
“အင်း ဘယ်လောက်ပဲ ဆင်းရဲခဲ့ပေမယ့် ငါ့ညီမလည်း နောက်ဆုံးတော့ သိန်းရာကျော်တန်ကားကြီး စီးလိုက်ရဖူးတာပါလား” လို့ တွေးမိပြီး ဘာဖြစ်မှန်းမသိ မျက်ရည်လည်ချင်သလိုလို ဖြစ်သွားတယ်။
“ကိုကြီးစိုး.. ကားကြီးက အပျံစားပဲနော်။ လမ်းထိပ်အပေါင်ဆိုင်က ကားနဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ အသုဘယာဉ်လုပ်တာလဲ မသိဘူး။ နှမြောစရာဗျာ။”
“မင်းကလည်း သူဌေးတွေက လှူထားတာနေမှာပေါ့ကွာ။ အရင်က တို့မြို့မှာ နိဗ္ဗာန်ယာဉ်ဆိုတာ လူဆွဲရတဲ့ ရထားလေးတွေ”
“ဟာ… ဒါဆို ညီမလေး ကံကောင်းတာပေါ့။ ဒါပေမယ့်….အင်း…”
ငါးနှစ်အရွယ် ပေတူးတူးကောင်လေးက သူဆက်ပြောမယ့်စကားကို ပြောသင့် မပြောသင့် ခပ်တွေတွေ စဉ်းစားနေပါသေးတယ်။ ပြီးတော့မှ ပြောချင်တာကို စိတ်မထိန်းနိုင်ဘဲ ဇွတ်ပြောချရပုံမျိုးနဲ့…
“သားတို့က ပိုကံကောင်းသလိုပဲ ညီမလေး သေသွားတော့ အဖေကလည်း အိမ်ကိုပြန်လာတယ်။ ညက သားတို့ကို ခေါက်ဆွဲကြော် တစ်ထုပ်တောင် အဖေက ဝယ်ကျွေးသေးတယ်။ ခုလည်း အမေက အမဲနှပ်ချက်ထားတယ်တဲ့။ မနက်စောစောကလည်း အဖေက ငွေနှစ်ရာထုတ်ပေးလို့ မုန့်ပျားသလက်နှစ်ခု ဝယ်စားပစ်လိုက်တယ်။ ကျန်တဲ့တစ်ရာကိုတော့ ညီမလေး စားချင်လှချည်ရဲ့ အမြဲပြောတဲ့ ချောကလက်တောင့်တစ်ခု ဝယ်ပြီး ညီမလေးလက်ထဲ ထည့်ထားပေးလိုက်တယ်လေ။ အဲသလိုသာ အဖေက လိမ္မာသွားပြီး မိသားစုအတူပြန်နေရရင် ဘယ်လောက်ကောင်းမလဲနော်”
သူကတော့ ပြန်ပြောစရာ စကားလည်း ရုတ်တရက် ရှာမရသလို အသံလည်း မထွက်နိုင်ဘဲ တစ်ဆို့ဆို့ လည်ချောင်းကို တံတွေးချည်း ဖိမျိုချနေရတော့တယ်။
ညီမလေးအလောင်းကို လှမ်းကြည့်လိုက်တော့ နာရေးအသင်းက လူကြီးတွေထည့်ပေးထားတဲ့ ခေါင်းတလားထဲမှာ တောင့်တောင့်ကလေး လဲလျောင်းလို့။ ကားပေါ်ရောက်နေပြီ။ လက်ကြားထဲက ချောကလက်တောင့်လေးက မထင်မရှား ခပ်ထောင်ထောင်လေး ထွက်လို့။ ညီအငယ်ကောင်ကို ပြန်လှည့်ကြည့်တော့ မနေ့ညနေတုန်းကလို တွေဝေငေးမောမနေတော့ဘဲ မျက်လုံးထဲမှာ အရောင်တွေစိုလက်လို့။
ညီမလေးသေပြီလို့ ကြားစက မငိုချင်ခဲ့တဲ့ သူ့ရင်ထဲမှာ ရုတ်တရက် လှိုက်လှိုက်တက်ပြီး ဆို့နင့်လာလိုက်တာဆိုတာ မြင်ကွင်းထဲမှာ လမ်းတစ်ခုလုံး ဝေဝါးလာကာမှ..
“ညီလေး မင်းကျောင်းတက်ချင်လား။ အစ်ကို ညဘက်အချိန်ပိုလုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ မင်းကို ကျောင်းထားပေးမယ်”
အငယ်ကောင်က အံ့သြတဲ့မျက်နှာနဲ့ သူ့ကို မော့ကြည့်ပြီး ခေါင်းကို ခပ်တွေတွေခါလိုက်တယ်။
“ကျွန်တော့်ကို အစ်ကို့ဆိုင်မှာ စားပွဲထိုးလုပ်ဖို့သာ ပြောပေးစမ်းပါဗျာ..”
ပြောစရာစကား မရှိတော့ဘဲ သူ့မှာသာ မျက်ရည်တွေက လိမ့်ခနဲ စီးကျလာတော့တယ်။
အဲဒါ ဘာကြောင့်ကျရတဲ့ မျက်ရည်တဲ့လဲ။
သူလည်း မစဉ်းစားတတ်တော့ဘူး။


ဝေ(စီးပွားရေးတက္ကသိုလ်)

2 comments:

  1. လာဖတ်သွားပါတယ် ဝေ... အရေးအသားလေးကို အရမ်းသဘောကျ တာဘဲ... ဇတ်လမ်းလေးကိုလဲ ကိုယ့်ရှေ့မှာ မြင်နေရသလို သရုပ်ပါအောင် ရေးတတ်တယ်။.

    ReplyDelete
  2. ညွန်ဆိုတာ နွံကို ပြောတာလားဟင်။ နင်းလိုက်ရင် ကျွံဝင်သွားတာလေ။

    ReplyDelete