မြင်ကွင်း၏ အလွန်

 

ဒီနေ့ အိမ်ကလူကြီး ကြည့်ရတာ ဂဏာကိုမငြိမ်ဘူးလို့ ဒေါ်သစ် ခံစားမိနေတယ်။ ပြတင်းပေါက်က တရုပ်ကပ်မှန်တွေကို ဟလိုက်စိလိုက်နဲ့ အပြင်ကို ချောင်းချောင်းကြည့်နေတာ ဘယ်နှကြိမ်ရှိနေပြီလဲ။ ခဏနေ သူထိုင်နေကျ ဒရင်းဘက်လေးမှာ လာလှဲနေလိုက်၊ ခဏနေ ပြတင်းပေါက်နား ထသွားလိုက်၊ တရုပ်ကပ်မှန်ကို ဟလိုက်၊ လည်ဆန့်ပြီး အပြင်ကို ချောင်းလိုက်၊ မှန်ကို အသာလေးပြန်စေ့လိုက်၊ ပြတင်းပေါက်နဲ့ ဒရင်းဘက်ဆီ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်၊ ဒရင်းဘက်ပေါ် ခဏလှဲလိုက်။
အဲလိုနဲ့ သံသရာအပြန်ပြန် လည်နေတော့တာပဲ။
    ဒေါ်သစ်က မီးဖိုထဲမှာ ချက်ပြုတ်နေရင်း ဧည့်ခန်းထဲဝင်မကြည့်ပေမဲ့ သူ့ကို မျက်စေ့ထောင့်ကနေ ရိပ်ကနဲရိပ်ကနဲ မြင်နေရတယ်။ မြင်တယ်ဆိုတာထက် စိတ်နဲ့ အလိုလိုသိနေတာဆိုရင် ပိုမှန်မလားပဲ။ ပေါင်းလာတဲ့နှစ်ကပဲ ရွှေရတုကျော်ခဲ့ပြီဆိုတော့ ဘယ်အရိပ်မြင်ရင် ဘယ်ပုံဆင်တော့မယ်ဆိုတာ မသိဘဲရောနေမလား။
    ဒါ သူ တစ်ယောက်ယောက်ကို ချောင်းနေတာ။ စိတ်ထဲကနေ အကြံတစ်ခုခုထုတ်နေတာ။ ပတ်ဝန်းကျင်ကို မသိမမြင်စေချင်လို့ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ။ တစ်စုံတရာလှုပ်ရှားဖို့အတွက် ခိုးချောင်ခိုးဝှက်စောင့်နေတာ။ ဒေါ်သစ် သိတာပေါ့။
    ဒီလိုအခြေအနေမျိုးဆိုရင် သူကလည်း ဒေါ်သစ်ကို ဘယ်တော့မှ အသိပေးတိုင်ပင်လေ့မရှိဘူး။ ကြိတ်ကြံတာ။ ဒေါ်သစ်ကလည်း နောကြေနေပြီ။ ဘာဖြစ်တော့မယ်ဆိုတာ သိရက်နဲ့ မသိချင်ယောင်ဆောင်ပေးနေရတဲ့ ခပ်ညံ့ညံ့မျက်လှည့်ပွဲ တစ်ခုလိုပဲ။
    ဒါပေမဲ့ ပရိသတ်ကလည်း များများစားစား မရှိရှာပါဘူး။ သူရယ်ကိုယ်ရယ် နှစ်ယောက်တည်းသာကျန်ခဲ့တဲ့ အစည်းပြေမိသားစုထဲမှာ သူ့ရဲ့ထာဝရပရိသတ်က ဒေါ်သစ်တစ်ယောက်ကလွဲရင် ဘယ်သူများရှိသေးလို့လဲ။
                              xxxxxx
(၁)
“ ကလေးလေးကကွာ တို့မြေးလောက်ပဲ ရှိလိမ့်ဦးမယ်။ နို့စို့ကလေးလေးကို နေပူကျဲကျဲကြီးထဲ နောက်ထပ် ခေါ်မလာပါနဲ့တော့လို့ ကတိတောင်းလိုက်ရတယ်။
    သူကလည်း နောက်ရက်တွေမှာ ဒီဘ၀မျိုးနဲ့ သူ့ကိုမမြင်စေရဘူးလို့တော့ ပြောရှာသား။ သနားပါတယ်ကွာ...”
    ဦးချစ်စကားကို ဒေါ်သစ်က ခေါင်းတညိတ်ညိတ်နဲ့ အင်း လိုက်နေပေမယ့် နှုတ်ခမ်းကတော့ အောက်ဖက်ကို ခပ်ကွေးကွေးရယ်။
    ဒီလူကြီးကိုက အမှတ်မရှိတာပါ။ ဒါနဲ့ဆို ဘယ်နှခါရှိပြီလဲ။ ပြီးရင် သူပဲ စိတ်နာကျင်ရဦးမယ်။ ကိုယ်ရည်ရွယ်တာတခြား၊ သူတို့လုပ်ပစ်တာကတခြား။
    “ ကဲပါရှင် ဘယ်လောက်ပါသွားပြီလဲသာ အရင်ပြောပါ..”
    စိတ်မရှည်သလို ဒေါ်သစ်လေသံကြောင့် ဦးချစ်က သက်ပြင်းကို ခပ်သာသာချလိုက်ပြီးမှ..
    “ သာဓုသာ ခေါ်စမ်းပါမိန်းမရာ။ မင်းမလည်း စိတ်ကိုဖြတ်သင့်တဲ့နေရာမှာ မဖြတ်ဘူး။ ကိုယ်လှူပြီးရင် ကိုယ့်ပစ်္စည်းမှ မဟုတ်တော့ဘဲ။ သူ့ပစ်္စည်းဖြစ်သွားပြီ။ သူ့ဖာသာ ဘာလုပ်လုပ်ပေါ့။ ကုသိုလ်စိတ်ကို အကုသိုလ်ဖြစ်အောင် မလုပ်ချင်ပါနဲ့ကွာ.. ”
    “ အင်းပါရှင်။ သာဓု သာဓု သာဓုပါတော်။ ပြီးမှသာ ရှင် ပတ်ပြေးနေရမှာ ကျုပ်ကမြင်ယောင်လို့ပါ။ အိမ်ထဲဝင်ပုန်းနေတာတောင် လုံခဲ့လို့လား...”
    ဦးချစ်က ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းသာချနေတာမို့ ဒေါ်သစ်လည်း နေ့လည်နေ့ခင်း တစ်ရေးတစ်မော မှေးဖို့သာ ဟန်ပြင်တော့တယ်။ အသက်အရွယ်ထောက်လာတော့ ငယ်ငယ်တုန်းကလို တစ်နေကုန် ခြေညောင်းလက်ဆန့်တောင်မလုပ်ဘဲ လားလား လားလားနဲ့ နေမရတော့ဘူး။ မီးဖိုထဲ ခပ်ကြာကြာရပ်ရင်တောင် ခါးကကိုက်လာပြီ။ ဒူးကနာလာပြီ။ လင်မယားနှစ်ယောက်စာ ထမင်း၊ဟင်းလေးချက်ပြီးရင်ပဲ လူက ညည်းစီစီဖြစ်နေပြီ။
    ကိုယ်တောင် ဒီလိုဖြစ်နေမှတော့ ကိုယ့်ထက်ဆယ်နှစ်နီးပါးကြီးတဲ့ အိမ်ကလူကြီးခမျာလည်း တစ်နေ့တစ်နေ့ စာသင်ရတာ အာတွေညောင်းရုံမက သွားရလာရနဲ့ ကိုယ်တွေလက်တွေလည်း ညောင်းညာကိုက်ခဲနေရှာမှာပဲ။ အသက်က ခုနစ်ဆယ်ကျော်လို့ အဖိုးကြီးပဲဖြစ်နေပြီဟာကိုး။
    အင်း.. အသက်ကြီးလို့သာ အဖိုးကြီးလို့ဆိုရတာ။ သူလုပ်နေရတဲ့အလုပ်က အဖိုးကြီးတစ်ယောက်လို အငြိမ်းစားဘ၀တော့ မဟုတ်ရှာပါဘူး။ ငယ်ငယ်တုန်းကလို အားနဲ့မာန်နဲ့တော့ မသင်နိုင်ရှာပေမယ့် ဒီသင်တန်းလေးတွေနဲ့ပဲ လင်မယားနှစ်ယောက်
ခုရွယ်ထိ စားလောက်ရုံမက သားမြေးတွေကိုတောင် ထောက်ပံ့နေနိုင်သေးတာလေ။
    ဟိုတစ်လောကတော့ အရွယ်ကောင်းစဉ်က လုပ်ဖော်ကိုင်ဘက်ဖြစ်ခဲ့တဲ့ ဆရာဟောင်းတစ်ယောက်နဲ့ ပြန်တွေ့တော့ ဦးချစ်ရဲ့သင်တန်းလေးကိုကြည့်ပြီး အံ့သြနေတယ်။
    “ ခင်ဗျားဗျာ.. ဒီအရွယ်ရောက်နေပြီ။ ဘုရားတရားနဲ့ အေးအေးမနေဘဲ ဘာလို့လောဘတွေ ကြီးနေသေးတာတုန်း။ ကိုယ့်ပညာကို လိုချင်တဲ့သူတွေ ရှိနေသေးတယ်ဆိုပြီး ဂုဏ်ယူမနေနဲ့ဗျ။ ဒီအချိန်မှာ ဂုဏ်တွေ၊ ငွေတွေထက် အရေးကြီးတာက ရိက်္ခာ။ သံသရာခရီးအတွက် ကိုယ်သယ်သွားရမယ့် ရိက်္ခာထုပ်ကို ပြင်ဆင်ထားသင့်တာ...”
    “ အင်း မိတ်ဆွေကတော့ ပြောအားရှိတာပေါ့။ သားသမီးတွေက ကျေးဇူး တစ်ကြော့တောင်ပြန်ဆပ်ကုန်မှကိုး။
ကျုပ်မှာတော့ သံသရာကြွေးက တော်တော်ထူခဲ့တယ် ထင်ပါရဲ့ဗျာ။ ခုထိ မြင်တဲ့အတိုင်းပါပဲ...”
    အဲဒီတုန်းက ဦးချစ်ပြန်ပြောလိုက်တဲ့အသံ လေးလေး၊ဆွေးဆွေးကြီးကို ဒေါ်သစ် ခုထိမမေ့နိုင်သေးဘူး။
                                xxxxxx
(၂)
    “ မိဘကျေးဇူးဆပ်ချင်တာများ အင်္ဂလိပ်စာအဓိကနဲ့ မာစတာရအောင်လုပ်ပြီး အဖေ့စာသင်ဝိုင်းတွေ အမွေဆက်ခံလို့ရပါတယ် သားရယ်။ နိုင်ငံခြားမှာ ကျောင်းတက်တယ်ဆိုတာ အရမ်းချမ်းသာတဲ့ သူဌေးသားတွေမှ လုပ်နိုင်တာပါ။ ဘ၀ကို လက်တွေ့ကျကျသာ
လျှောက်လှမ်းစမ်းပါကွာ။ တက်္ကသိုလ်မှာ ကျူတာလုပ်လည်း ဂုဏ်မငယ်ပါဘူးကွ။ အဖေ့သင်တန်းမှာ အုပ်ချုပ်ရင်း ဆရာလုပ်တော့လည်း ပိုက်ဆံရပါတယ်ကွ။ အဓိကက ဘယ်မှာပဲဖြစ်ဖြစ် ကြိုးစားချင်စိတ်ရှိဖို့နဲ့ ဇွဲရှိဖို့ပါ ငါ့သားရ...”
    “ ဟာ အဖေကလည်း အဖေ့ကျူရှင်လေးက သူဌေးမဖြစ်နိုင်ပါဘူးဗျာ။ သားက သူဌေးဖြစ်ချင်တာ။ သားသူငယ်ချင်းလို အမေရိကားမှာ ကျောင်းတက်ရင်း အလုပ်လုပ်ချင်တာ။ အဖေတို့ခေတ်တုန်းကလို သူဌေးသားမှ နိုင်ငံခြားသွားပြီးစာသင်နိုင်တဲ့ခေတ် ကုန်သွားပြီအဖေရ။ တောကလူတွေတောင် မြို့မတက်တော့ဘူး။ နိုင်ငံခြားတန်းထွက်ပြီး အလုပ်လုပ်တဲ့ခေတ်ရောက်နေပြီ။
အစပိုင်းသာ အဖေတို့ကုန်ရမှာပါ။ နောက်ပိုင်း သားအလုပ်ရတော့ ကျောင်းစားရိတ်လောက်တဲ့အပြင် အဖေတို့ကိုပါ ပို့ပေးနိုင်ဦးမှာ..”
    “ ဘာ... အမေရီးက။ အမလေးလေ အဲလောက်အဝေးကြီးကို မလွှတ်နိုင်ပါဘူးတော်။ ဘယ့်နှယ် ကျုပ်မှာ ဒီသားလေးတစ်ယောက်တည်း မွေးထားတာ။ ရန်ကုန်မှာကျောင်းတက်မယ် ဆိုရင်တောင် တားဖို့ကြံနေတဲ့အမေကို ဘာမှလည်းမတိုင်ပင်ကြပါလား။ ဒါ ဘာသဘောလဲ သားချို၊ ဟင်...”
    အဲဒီတုန်းက ဦးချစ်တို့သားအဖ အချီအချပြောနေသံကို ကြားလိုက်တဲ့ဒေါ်သစ်လည်း ကိုရီးယားကားကြည့်နေရာကနေ ထလာပြီး ပြာပြာသလဲ ၀င်ကန့်ကွက်လိုက်မိသေးတယ်။
    “ ဟာ အမေကလည်းဗျာ။ ဘာမှမသိဘဲနဲ့ ၀င်ပါပြန်ပြီ။ သားက မိဘကျေးဇူးဆပ်ဖူးချင်လို့ပါဗျ..”
    တကယ်လည်း အဲဒီ “ မိဘကျေးဇူးဆပ်မယ် ” ဆိုတဲ့ စကားလုံးတွေနဲ့ပဲ သူလုပ်ချင်တာကို လုပ်ခွင့်ရတဲ့အထိ ဦးချစ်ရဲ့သားက ဒေါ်သစ်ရဲ့အတွင်းပစ်္စည်းတွေကို နှိုက်ထုတ်သွားခဲ့တာပါပဲ။
    ဒါပေမဲ့ သားဆန်္ဒကိုဖြည့်ဖို့ ဦးချစ်နဲ့အပေးအယူ အရင်လုပ်ခဲ့တာပေါ့။
    “ ဆယ်တန်းအောင်ရုံ ဆယ်ကျော်သက်ကလေးနဲ့တော့ ရေခြားမြေခြားမှာ အလုပ်လုပ်ဖို့၊ ကျောင်းနေဖို့ ဘယ်လိုမှစိတ်မချနိုင်ဘူး။ ခွင့်လည်းမပြုနိုင်ဘူး။ ဒီတော့ မိဘဆန်္ဒကို မင်းအရင်ဖြည့်။ ပြီးရင် မင်းဆန်္ဒကို တို့တွေဖြည့်မယ်..”
    “ အဖေ ကတိတည်နော်။ ပြီးတော့မှသာ ဟိုဟိုဒီဒီ အကြောင်းပြပြီးလမ်းမလွှဲနဲ့..”
    “ ငါ ယောကျာ်းပါကွ..”
    ဒီလိုနဲ့ပဲ မိဘတွေဆန်္ဒအတိုင်း သားက ကိုယ့်မြို့ကတက်္ကသိုလ်မှာပဲ အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရအောင်ယူခဲ့သလို၊ ဦးချစ်တို့ကလည်း ကတိအတိုင်း သားသွားချင်လှတဲ့ အမေရိကားကိုသွားဖို့ ခွင့်ပြုရတော့တာပေါ့။
    အမှန်တော့ တက်္ကသိုလ်တက်ရင်းကနေ ချစ်သူရလို့ပဲဖြစ်ဖြစ်၊ စိတ်ပြောင်းသွားလို့ပဲဖြစ်ဖြစ်၊ အစီအစဉ်ပျက်လေမလားလို့ အဖေနဲ့အမေက မျှော်လင့်ခဲ့မိတာ ၀န်ခံရမှာပါ။ ဒါပေမဲ့ ချစ်သူရည်းစားကလည်း တစ်ယောက်ရလိုက် ကွဲသွားလိုက်၊ တစ်ယောက်တွေ့လိုက် အဆင်မပြေလိုက်နဲ့ပဲ ဘွဲ့သာရသွားတယ်။ စိတ်ကလည်း မပြောင်းဘူးပဲတဲ့။
    ဘာပဲဖြစ်ဖြစ် အသက်ကလည်း နှစ်ဆယ်ကျော်ပြီဆိုတော့ သူ့ကိုယ်သူထိန်းနိုင်ပြီလို့လည်း ဦးချစ်က ဒေါ်သစ်ကို နှစ်သိမ့်ရပြန်တာပေါ့။ သွားခါစကတော့ တက်ကြွစိတ်နဲ့မို့လားမသိဘူး။ သားကိုယ်တိုင်လည်း အခက်အခဲတွေ့ပေမဲ့ မညည်းညူဘဲ ကြိုးစားကျော်ရှာ သေးတယ်။ အလုပ်မရသေးခင် ငွေပို့ပေးနေရတဲ့ ဒေါ်သစ်ကလည်း ထုခွဲစရာရှိနေသေးသရွေ့ “ သားအတွက် ”
ဆိုတဲ့ မေတ်္တာစိတ်နဲ့ အံခဲရှာသေးတယ်။
   နောက်တော့ ထုခွဲစရာလည်းကုန်ရော ဦးချစ်ကို ခပ်စောစောကျူရှင်မပြခဲ့တာဘဲ နောင်တရရတော့မလိုလိုနဲ့ အပြစ်တင်တော့တာပဲ။
    “ ကျောင်းမှာ စာသင်ရင်းကျူရှင်ပြစားတဲ့ ဆရာတွေအများကြီး ရှိရဲ့သားနဲ့။ ရှင်က အတွေးခေါင်ခဲ့တာကိုး။ တကယ်နာမည်ကြီးပြီး အသင်အပြကောင်းလှချည့်လို့ ကျူရှင်ပေးဖို့တောင်းဆိုကတည်းကသာ သင်တန်းဖွင့်ခဲ့ရင် ရှင့်မိတ်ဆွေ ဆရာကျော်အောင်လို ကျိကျိတက်နေပြီပေါ့။ ခုတော့ ပင်စင်ယူပြီးမှ ကျူရှင်ထဖွင့်တော့ တလင်းထဲ ကောက်သင်းကောက်သူလို အစေ့အောင်အနှံကောင်းတွေက ရိတ်သိမ်းသူတွေထဲပါသွားပြီ။ ကိုယ်က ကျန်ကောက်...”
    “ တော်ပါတော့ကွာ။ ခုလည်း မင်းကို အိမ်တစ်ဆောင် မီးတစ်ပြောင်တော့ ထားနိုင်ခဲ့တာပဲမဟုတ်လား...”
    “ အိမ်က အခွံပဲကျန်တော့တယ်လေ။ သားလိုသမျှကို ဘာနဲ့ထပ်ပေးမလဲ။ အိမ်ရောင်းပေးရမလား...”
    ဒေါ်သစ်ရွဲ့နေမှန်း သိပေမယ့် ဦးချစ်ရင်ထဲမှာတော့ သားသမီးဆန်္ဒကို အစွမ်းကုန်မဖြည့်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်သွား ရတယ်။ ဒါပေမဲ့ ၀န်ထမ်းဘ၀မှာ အပြင်ကျူရှင်ဖွင်ဖို့ ငြင်းဆန်ခဲ့တာကိုလည်း သူ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။
                                xxxxxx
(၃)
    “ ခုမှ နောင်တရနေလို့လည်း ကုန်သွားတဲ့ပိုက်ဆံတွေက ပြန်ရလာမှာမဟုတ်ဘဲနဲ့။ ပြောမနေပါနဲ့တော့အေ။ အစကတည်းကသာ ဖရဲသီးရောင်းမယ့်အစား ကြွေးဆပ်လိုက်တာကမှ ကြွေးကျေသွားဦးမယ်။ ဒါနဲ့များ ဘာလို့ ဖရဲသီးလေးရောင်းချင်တယ်လို့ ပလီစိချောက်ချက် လျှောက်ပြောရသလဲကလေးမရယ်...”
    ဘုန်းကြီးအမှု ရွာပတ်ခံနေရတဲ့ ဒေါ်သစ်လည်း ကိုယ့်သားဘ၀ကိုတောင်မှ ကိုယ်မကယ်တင်နိုင်ဘဲ တခြားသူတွေကို ကယ်တင်ရှင်လမ်းပြ လုပ်ချင်နေတဲ့ အိမ်ကလူကြီးကိုပဲ စိတ်တိုမိတော့တယ်။
    သူစေတနာလွန်ပြီး ကယ်တင်လိုက်တဲ့ လမ်းဘေးက တောင်းရမ်းသူကလေးမက ဖရဲသီးကို တကယ်ရောင်းဖြစ်ရဲ့လားမသိပေမဲ့ ဒေါ်သစ်အိမ်ကိုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး အရင်းပြုတ်လို့ ပိုက်ဆံလာချေးနေပြီလေ။
    “ နေစမ်းပါဦး ညည်းကို ဒီအိမ် ဘယ်သူညွှန်လိုက်တာတုန်း။ ငါ့ယောကျာ်းပိုက်ဆံပေးတုန်းက အိမ်ရှေ့ထွက်ပေးတာမှမဟုတ်ဘဲ..”
    ဟိုတစ်ရက်က ဦးချစ်အိမ်ရှေ့ကိုချောင်းနေတာ တော်တော်ကြာပြီးနောက်မှ ဦးထုပ်လေးဆောင်းပြီး သုတ်သုတ်သုတ်သုတ်နဲ့ ထွက်သွားခဲ့တာ။ ကောင်မလေး လမ်းထိပ်ကျော်မှ နောက်ကလိုက်သွားပြီး ဟိုးဘက်တစ်လမ်းကျော်မှ ပိုက်ဆံလည်းလှူ၊ ဖရဲသီးရောင်းဖို့ စတီဘန်းပါ ကိုယ်တိုင်ဝယ်လှူခဲ့တာ။ ဒေါ်ချစ်ကို အိမ်ပြန်ရောက်မှ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြပြီး သာဓုခေါ်ခိုင်းခဲ့တာ။
    အိမ်မသိစေချင်လို့ ဒီလိုလုပ်ခါမှ ကလေးမက ဘယ်လိုလုပ် သိသွားရတာပါလိမ့်။
    “ ဒါကတော့ ဒေါ်လေးရယ်။ ဘဘကြီး ဒီနားတ၀ိုက်က ထွက်လာမှန်းသိလို့ ကျွန်မလည်း တစ်အိမ်ပြီးတစ်အိမ် အကူအညီလိုက်တောင်းရင်း စုံစမ်းကြည့်တာပေါ့...”

        “ ဘဘကြီးစေတနာကောင်းတာ လမ်းထိပ်အိမ်ကတော့ တော်တော်ချီးမွမ်းလိုက်သေးတာ ဒေါ်လေးရဲ့။ သူ့တူမလေးတောင် နှစ်လုံးကြွေးနဲ့ အဖမ်းခံရမလိုဖြစ်တုန်းက ဘဘကြီးတို့ကကူညီဖူးကြောင်း၊ လမ်းထိပ် ကွမ်းယာဆိုင်က ကလေးမလေးရဲ့အမေ အသည်းအသန်ဖြစ်တုန်းကလည်း ဆေးရုံတက်ဖို့ ငွေထုတ်ပေးတဲ့အပြင် အသုဘစရိတ်၊ ရက်လည်ဆွမ်းစရိတ်တွေပါ ထုတ်ပေးခဲ့ကြောင်း၊ နောက်ပြီး....”
    “ အမလေး တော်ပါတော့ဟယ်။ ငါတို့က သူဌေးမဟုတ်ပါဘူး။ ဆရာအိုရဲ့ သင်တန်းလေးကလည်း ငွေသိပ်မ၀င်တော့ဘူး။ အရင်က သူ အလှူလုပ်ခဲ့သမျှတွေက မီးခိုးကြွက်လျှောက်မဆုံးလို့ သူ့ခမျာ အရင်လိုအိမ်ရှေ့ထွက် မလှူဝံ့တော့တာသာ ကြည့်။ ခုဆို ပေးချင်စိတ်ဖြစ်ရင်တောင် ကိုယ့်အိမ်ရှေ့မပေးရဲဘူး။ အိမ်မသိအောင် ခုလိုပဲ ခပ်လှမ်းလှမ်းရောက်မှ နောက်ကလိုက်ပေးရဲတာ။
    ဘယ်နေရာမဆို အတိုင်းအတာရှိတယ်ကလေးမရဲ့။ စေတနာရှိပေမယ့် အဲဒီစေတနာက ကိုယ်တစ်ပိုင်တစ်နိုင် ပြတ်နိုင်တဲ့အတိုင်းအတာမှ ကုသိုလ်ကောင်းကောင်းရတာ။ မနိုင်ဝန်ထမ်းပြီး လှူတော့လှူလိုက်ပါရဲ့။ လှူပြီးခါမှ ဒေါသဖြစ်ရ၊ နောင်တရရ၊ စေတနာပျက်ရ၊ ဆိုရင် ကုသိုလ်ကတစ်ပဲ၊ ငရဲကတစ်ပိဿာဖြစ်ရော။
    ဒီတော့ သူလှူထားတာကို စေတနာပျက်အောင် နောင်တရရအောင် မလုပ်ပါနဲ့။ အဲဒီငွေတွေ ဘာလုပ်ပြစ်ပြစ် သူမသိစေနဲ့တော့။ ထပ်လည်းမတောင်းနဲ့တော့။ သူ့စေတနာကို ဒီမှာတင် တစ်ခန်းရပ်ပေ့စေတော့...ဟုတ်ပြီလား...”
    ပြောသာပြောရတာ။ ကလေးမက နားလည်ရဲ့လားမသိပါဘူး။ ဒေါ်သစ်ပြောသမျှကို မျက်လုံးကြောင်တောင်နဲ့ ကြည့်နေရာကနေ ဒေါ်သစ်ပေးတဲ့ငါးရာတန်ကို ဇတ်ကနဲဆွဲယူပြီး လှည့်ထွက်သွားတယ်။ အစက တတွတ်တွတ်နဲ့ ဘဘကြီးရဲ့စေတနာကို သိဒ်္ဓိတင်နေခဲ့တဲ့ နှုတ်ခမ်းအစုံက ခုတော့ဖြင့်မဲ့လို့လေ...။
                                xxxxxx
(၄)
    “ အလှူဆိုတာ စေတနာသုံးတန်ပြဌာန်းပြီး လှူတတ်မှ အကျိုးရှိတာရှင်မရဲ့။ အကျိုးမျှော်ကောင်းတယ်တော့ မဟုတ်ဘူးပေါ့လေ။ လှူပြီဆိုကတည်းက နိဗ်္ဗာန်အတွက်အထောက်အပံ့အဖြစ်သာ အာရုံပြုလှူသင့်တာကိုး...”
    ခုတစ်လော အသက်ကြီးလာလေ သင်တန်းချိန်တွေ လျှော့ပစ်လာရတဲ့ ဦးချစ်တစ်ယောက် ဟိုးအရင်ကလို အပေးအကမ်းတွေ သိပ်မရက်ရောနိုင်တော့ဘူး။ အရင်ကဆို ၀င်ငွေလေးကလည်း သိတ်မဆိုးတော့ အိမ်ရှေ့မှာတွေ့သမျှ ဒုက်္ခသည်တွေ (အထူးသဖြင့် သက်ကြားအိုနဲ့ ရင်ခွင်ပိုက်ကလေးအမေတွေ) ကို ဆေးဖိုးဝါးခလိုတယ်ဆိုတိုင်း ဦးချစ်ကလှူလေ့ရှိတယ်။
    အဲလိုလှူပြီးရင်လည်း နောက်ပိုင်းသတင်းကို ဦးချစ်က နားမစွင့်တတ်ဘူး။ ဒေါ်သစ်က ကြားလာတဲ့သတင်းတွေ လာပြောရင် လည်း သူ့စေတနာပျက်ရမှာစိုးလို့ မပြောဖို့ဟန့်တတ်တယ်။ ဥပမာ ဆေးခန်းပြဖို့ပေးလိုက်တဲ့ငွေကို ချဲကြွေးဆပ်လိုက်တာမျိုးပေါ့။
    ဒါပေမဲ့ နောက်ပိုင်းတော့ မကြာခဏအိမ်ထဲထိဝင်ပြီး အတင်းအလှူခံတာမျိုးတွေ ကြုံရတော့တာပဲ။ တစ်ခါတလေ လက်ထဲ ငွေတကယ်မရှိလို့ မပေးနိုင်ရင် သူတို့ကပဲ ကိုယ့်ကို ရန်လိုချင်ကြသေးတာ။ ဟိုလူ့တော့ပေးပြီး ဒီလူ့မပေးရကောင်းလားဆိုပြီး ရန်တွေ့တတ်သေးတာ။
    ဦးချစ်ကလည်း ငွေတွင်းရှိတာမှမဟုတ်ဘဲ။ လခစား သင်တန်းဖွင့်ထားတဲ့သူဆိုတော့ လကုန်ခါနီးဆိုရင် ဘိုင်ပြတ်တာပေါ့။
    တစ်ခါကဆို ကလေးမတစ်ယောက်က လူမမာအမေအိုအတွက် ဆေးဖိုးလိုတယ်ဆိုလို့ ငွေသုံးထောင်လှူလိုက်တာ။ သုံးလေးရက်နေတော့ ဆေးရုံတင်ရမယ်ဆိုပြီး ငွေတစ်သောင်း။ နောက်သုံးလေးရက်နေတော့ ဆုံးရှာပြီဆိုပြီး ငိုယိုတောင်းလို့ သဂြိုလ်စရိတ် ငွေတစ်သောင်း။
    နောက်သုံးလေးရက်ရောက်ပြန်တော့ အမေအို့ရဲ့ ကျန်ခဲ့တဲ့လူမမယ် ကလေးလေးအတွက်ဆိုပြီး လက်ဖြန့်လာပြန်ရော။
    “ တော် တော် တော်။ နင့်ပုံပြင်က ဆုံးမှာမဟုတ်တော့ဘူး။ ငါ့စေတနာကတော့ ဆုံးပြီ..” လို့ ဦးချစ်လည်း အဆုံးသတ်လိုက်ရတော့တယ်။ ငွေမပေးနိုင်တော့ မျက်စောင်းထိုးပြီး ခြေဆောင့်သွားရုံမက ဘေးပတ်ဝန်းကျင်မှာလည်း အမနာပစကားတွေ သွားပုပ်လေလွင့် လွှင့်လိုက်သေးတာ။
    အဲဒီကတည်းက ဦးချစ်လည်း ပေးချင်ကမ်းချင်စိတ်ဖြစ်ရင်တောင် သံသရာမရှည်အောင်၊ စေတနာမပျက်ရအောင်၊ တစ်ခါတည်းနဲ့ အပြတ်ဖြတ်ရတော့တာလေ။ အိမ်ရှေ့မှာလည်း မပေးကမ်းရဲတော့ဘူး။ ပတ်ဝန်းကျင်သိအောင်လည်း မလှူဒါန်းရဲတော့ဘူး။
    ဟိုတစ်နေ့ကလည်း နို့စို့ကလေးလေးကို ရင်ခွင်ပိုက်ပြီး အိမ်ရှေ့နားမှာ ပိုက်ဆံထိုင်တောင်းနေတဲ့ မိန်းမတစ်ယောက်ကိုမြင်တော့ ဦးချစ် မြေးလေးကို သတိရမိတယ်။
    ဒါနဲ့ အဲဒီမိန်းမထသွားလို့ လမ်းထိပ်ရောက်မှ နောက်ကနေလိုက်ပြီး “ ဒီဘ၀ကလွတ်အောင် ကူညီပေးမယ်ဆိုရင် နင်ဘာအလုပ်လုပ်ချင်လဲ..” လို့မေးတော့... “ ဘဘကြီးရယ် သူများတွေလို ဖရဲသီးစိတ်လေး၊ မြေပဲပြုတ်လေး ရောင်းချင်တာပေါ့..” တဲ့။ ဒါနဲ့ပဲ အရင်းဘယ်လောက်ကျမလဲဆိုတော့ ငါးထောင်လောက်ဆိုရပါပြီ။ ဒါပေမဲ့ စတီးလင်ပန်းကတော့ ဈေးကြီးသတဲ့။ ဦးချစ်လည်း ကလေးမကို ဈေးထိပ်မှာစောင့်ခိုင်းပြီး ကိုယ်တိုင် စတီးလင်ပန်း လေးထောင်တန်တစ်ချပ် ၀ယ်ပေးလိုက်သေးတယ်။
    “ နင် ဒီဘ၀က လွတ်အောင်၊ ကျွတ်အောင် ရုန်းတော့နော်။ ကလေးလေးရဲ့ ရှေ့ရေးကလည်းရှိသေးတယ်။ နောက်တစ်ခါ နင့်ကို ဒီဘ၀မျိုးနဲ့ မမြင်ချင်တော့ဘူး။ ငါ့ကိုကတိပေးပါ...” ဆိုတော့ ပေးလိုက်တဲ့ကတိတွေဆိုတာ ရွှန်းရွှန်းကို ဝေနေတော့တာ။
    အဲဒီနောက်ပိုင်း တော်တော်ကြာတဲ့အထိ အိမ်ရှေ့နားမှာမတွေ့ရလို့ ၀မ်းသာမယ်မှကြံရုံရှိသေး။ လပြည့်နေ့က ဘုရားကြီးကို မရောက်တာကြာလို့သွားတော့ လှေကားရင်းမှာ ဆောင့်ကြောင့်ကလေးနဲ့ ခေါင်းကိုငုံ့လို့။ ကလေးလေးကလည်း ရင်ခွင်ထဲမှာ နို့စို့လျက်တန်းလန်း။
    ကလေးမကပဲ မမြင်ယောင်ဆောင်တာလား။ သူကပဲ မမြင်ချင်ယောင်ဆောင်မိသလား။
    သေချာတာကတော့ ဘယ်သူ့ဘယ်သူမှ ဘာစကားမှ ပြောစရာမရှိခဲ့ဘူး။
                                xxxxxx
        ဒီမနက်မှ ဒေါ်သစ်က ဘာစိတ်ကူးရတယ်မသိဘူး။
    “ နို့စို့ကလေးလေးနဲ့ မိန်းမကို ရှင်တွေ့မိသေးလား ကိုချစ်...” တဲ့။
    “ ဟေ.. အေး.. အိမ်ရှေ့လာတာတော့ မတွေ့မိဘူးကွ။ ဈေးလှည့်ရောင်းနေမှာပေါ့။ မင်းရော တွေ့လို့လား...”
   ဦးချစ်က ဒေါ်သစ်ကို မျှဝေပေးထားတဲ့ ကုသိုလ်စိတ်လေး ညှိုးသွားမှာစိုးတော့၊ ညာရာလည်းမကျအောင် မယုတ်မလွန်အဖြေကို ပေးလိုက်တယ်။
    ဦးချစ်အမေးကို ဒေါ်သစ်ကလည်း မဆိုင်းမတွ...
    “ ကျုပ်လည်း လမ်းပေါ်တွေမှာတော့ မမြင်မိဘူး။ အရိပ်တစ်ခုခုမှာ ဈေးထိုင်ရောင်းနေမှာပေါ့...” တဲ့။
    သိပ်မကြာပါဘူး။ ဦးချစ်ကလည်း တရုတ်ကပ်မှန်ပြတင်းလေးကနေ အပြင်ကို ဟိုကြည့်ဒီကြည့် တချောင်းချောင်းနဲ့။
    ဒေါ်သစ်ကလည် ပြုံးမဲ့မဲ့လုပ်ရင်း ခေါင်းလေးညိတ်လို့...။
                                xxxxxx
  

ဝေ(စီးပွားရေးတက္ကသိုလ်)
Treasure land Magazine, စက်တင်ဘာလ, ၂၀၁၃

No comments:

Post a comment