အဆိပ်သင့် နှလုံးသား

အချစ်ဟာ လက်နက် တစ်ခုလို့ ကျွန်မက ပြောရင် ရှင်တို့ အံ့သြကြမလား။ အချစ်ဟာ ထူးဆန်းတဲ့ လက်နက်တစ်ခု။ ဟုတ်တယ်။ အချစ်ဟာ သေးနုပ် သိမ်ငယ်မှုတွေကို ခမ်းနား ရင့်ကျက်စေတဲ့ အင်အားကြီး လက်နက်တစ်ခု။
အချစ်ဟာ တားဆီး ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်တဲ့ ဖောက်ထွင်းရေး လက်နက်တစ်ခု။ အချစ်ဟာ စိုးထိတ် ကြောက်လန့်မှုတွေကို ရဲရင့် ပြတ်သားစေတဲ့ ထက်မြက်တဲ့ လက်နက်တစ်ခု။ အချစ်ဟာ အေးစက် မာကျောမှု အားလုံးကို နွေးထွေး နူးညံ့ လာစေတဲ့ တန်ခိုးရှင် လက်နက်တစ်ခု။ ဒီလိုပဲ အချစ်ဟာ ရှင်သန်ခြင်းတွေကို အဆုံး သတ်ပစ်မယ့် အဆိပ်သင့် လက်နက် တစ်ခုလို့တော့ ဘယ်သူမှ မတွေးမိကြဘူး မဟုတ်လား။
++++++

ဆယ်ကျော်သက် ပုရစ်ဖူး အရွယ်မှာ အချစ်ကို စွဲလမ်းလွန်းလို့ အမြဲတမ်း ရှာဖွေနေခဲ့ရတယ်။
အိမ်ရှေ့လမ်းမပေါ်မှာ၊ ကျောင်းအသွား လမ်းထိပ်မှာ၊ ကျူရှင်အပြန် ရေတမာရိပ်မှာ၊ ညအမှောင် လမ်းကြားက ဂစ်တာသံထဲမှာ၊ အိပ်မက် တစ်ခုရဲ့ စိတ်ကူး ပုံလွှာတွေမှာ။ အချစ်ကို အမြဲ ရှာဖွေ နေရတဲ့ အကြောင်းရင်းက မိဘတွေရဲ့ တားဆီး ပိတ်ပင်တဲ့ သဘောထားတွေကြောင့်ပါ။ ပညာ မစုံသေးတဲ့ အခြေခံ အချက်ကို ဗဟိုပြုပြီး ဂုဏ်ရည်မတူ၊ ငွေကြေးချည့်နဲ့၊ စာရိတ္တ အမှတ် မပြည့် စတဲ့  မရေရာတဲ့ အကြောင်းပြချက်တွေ ၀န်းရံလိုက်တော့ နီးစပ်ဖို့ လမ်းက ဘယ်မှာမှ မမြင်။ ဒါပေမဲ့ ယုံကြည်ချက်က ခိုင်မြဲခဲ့တယ်။

အချစ်ဟာ သိမ်ငယ်မှု အားလုံးကို ခမ်းနားစွာ အထင် ကြီးစေနိုင်တယ်လေ။ ကြိုးစားခဲ့တယ်။ အချစ်နဲ့ လက်တွဲနိုင်ဖို့ ကျွန်မ အများကြီး ကြိုးစားခဲ့ရတယ်။ နှစ်ပေါင်းများစွာ သစ္စာ ရှိခဲ့တယ်။ အခက်အခဲများစွာ ကျော်လွှားခဲ့တယ်။ အတား အဆီးတွေကို ဖြတ်ကျော်ပြီး အချစ်ဆီ အရောက် သွားခဲ့တယ်။ ဝေးကွာ နေရစဉ် ခုနစ်နှစ် ဆိုတဲ့ ကာလဟာ ကိန္နရီ ချောင်းခြား ဇာတ်လမ်းလိုပဲ။ ချစ်သူ ရင်ခွင်မှာ နွေးထွေးစွာ မှေးစက် နေရချိန်မှာတောင် အိပ်မက်ဆိုး မက်ပြီး ချောက်ချား နေမိတုန်း။ ငိုကြွေးမိ တုန်းပဲ။

ဒါပေမဲ့ အချစ်ဟာ “ပျော်ရွှင်စွာ ပေါင်းဖက်ကြ လေသတည်း”မှာ အဆုံး သတ်တာ မဟုတ်ဘူး။ ဒီလို ထင်ရင် မှားတယ်။ “ပေါင်းဖက်ကြလေသ တည်း” ဟာ အချစ်ရဲ့ ဘ၀ အစ။ ချစ်သူနှစ်ယောက် လက်ချင်းချိတ် လျှောက်ခဲ့တာဟာ အချစ်ရဲ့အစမ်းသပ်ခံ အဆင့်။ အစမ်းသပ်ခံ အဆင့် ကျော်လွှားနိုင်မှသာ ချစ်သူ နှစ်ဦး ပေါင်းဖက်ရတယ်။ အချစ်ဟာ အဲဒီမှာ စတာပဲ။
+++++++

ဆူညံနေတဲ့ အခန်းထဲမှာ အာရုံ ဘယ်လိုမှ စုစည်း မရတော့တာကြောင့် ဘောပင်ကို ပစ်ချလိုက်ရပြီ။ ရေးလက်စ စာအုပ်ကိုလည်း ပိတ်ပစ် လိုက်ရတယ်။ ပါရမီဖြည့် ဖက်က ကျွန်မ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနေတာလေ။ အမှန်က ဂစ်တာ တစ်လက်နဲ့ သူလည်း သူ့အလုပ် သူလုပ်နေတာပါ။ ကိုယ်ကလည်း ကိုယ့်အလုပ်ကိုယ် လုပ်နေတာပါပဲ။ နှစ်ယောက်စလုံး အနုပညာ ဖန်တီးနေတာ။ အတွေးရသတွေ သီကုံးနေတာ။ စိတ်ကူး အိပ်မက်တွေ ပုံဖော်နေတာ။

ဒါပေမဲ့ ပုံသဏ္ဌာန် ဆင်သလိုနဲ့ ဖွဲ့စည်းမှု မတူဘူး။ အသွေး တူပေမယ့် အရောင် မညီဘူး။ စည်းချက် ညီပေမယ့် ရစ်သမ် မကိုက်ဘူး။ သူက ရင်ခုန်သံကို သံစဉ် ဖွဲ့နေတာ။ ကျွန်မက အတွေး စိတ်ကူးကို စာပန်းကုံး သီနေတာ။ ကျွန်မက အသံတိတ်။ စိတ်ကူးတွေ အထွတ်အထိပ် ရောက်နေတုန်းမှာ သူက မချောသေးတဲ့ သံစဉ်တစ်ပိုင်း တစ်စကို အထပ်ထပ် ကျော့နေတယ်။ မချောသေးတော့ နားကလောချင်စရာ။ ဂစ်တာ သံ တဂွမ်းဂွမ်းနဲ့ တထစ်ထစ် လုပ်နေတော့ အတွေးပျက် သွားရတယ်။

ဖြစ်စေချင်တာက ကျွန်မ ကဗျာ ရေးနေတဲ့ အနားမှာ မဟုတ်ဘဲ ခပ်ဝေးဝေးမှာ သီချင်း သွားစပ်စေချင်တာ။ သူက ချစ်လို့ဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းနဲ့ ကျွန်မနားမှာ တပူးတွဲတွဲ နေ ချင်တယ်။ ကိုယ့်ဝါသနာ ကိုယ် လုပ်၊ လူချင်းတော့ မခွဲဘူးပေါ့။ ဒါပေမဲ့ သူ့အတွက် အနှောင့်အယှက် မဖြစ်ပေမယ့် ကျွန်မက နှောင့်ယှက် ခံနေရသလိုပဲ။ အသံတိတ်နဲ့ အသံထွက်။

ထားပါ။ ကျွန်မပဲ လျှော့လိုက်ပါ့မယ်လေ။ လင်နဲ့မယား ဆိုတာ လျှာနဲ့သွားလို ပဲလို့ အဆိုရှိတယ်မဟုတ်လား။ သွားက စေ့ထားရင် လျှာက နောက်ဆုတ် ပေးရမှာပေါ့။ နို့မို့ဆို ကိုက်မိမယ် မဟုတ် လား။ သူက ကျွန်မကို ချစ်တယ် ဆိုတာကိုး။


“မောင် စပ်ပေးထားတဲ့ သီချင်းကျတော့ မဆိုဘဲ သူများ သီချင်းတွေချည်း ဆိုနေတာ။ သည်းက ပြန်ဆိုကြီးပဲ။ ကိုယ်ပိုင် သံစဉ်မှ မမြတ်နိုး တတ်တာ။ ကိုယ့်ယောက်ျားကို ကိုယ်တိုင်မှ အထင်မကြီး ဘဲ။ ဘာလဲ မောင်က နာမည်ကြီး မဟုတ်လို့လား”

“မောင့်သီချင်းလည်း ဆိုပါတယ် မောင်ရယ်။ တခြားကြိုက်တဲ့ သီချင်းတွေကလည်း များတော့ မောင့် သီချင်းချည်းပဲတော့ ဘယ်ညည်းနေမိမလဲ။ မောင့် သီချင်းလေးတွေက အဆင့်မီ ပါတယ်”

“သည်းက မောင့်ကို တစ်ပုဒ်မှ မရောင်းရသေးတဲ့ ကောင်ဆိုပြီး အထင် သေးနေ တာပါ”

“မဟုတ်တာ မောင်ရယ်။ ဒီလောက် အခြေပျက် နေတဲ့ ဂီတ လောကထဲကို ခုချိန်မှာ ၀င်ဖို့ ပြင်တဲ့ မောင်က လမ်းတွေ ပိတ်နေတာ ဆန်းသလား။ မောင့်အရည်အချင်းနဲ့ဆို ခိုးကူး ပြဿနာတွေသာ မရှိကြည့်”

“တော်စမ်းပါ။ သည်းကတောင် မောင့်သီချင်းတွေထက် တခြား သီချင်းတွေ ပိုဆိုချင်နေတာ”

မောင့်အားငယ် စွပ်စွဲမှု အောက်မှာ ကျွန်မ ၀ါသနာ မီးတောက်လေး မှိန်ဖျော့ခဲ့ရတယ်။ မောင့်ကို အားနာစိတ်နဲ့ သီချင်းလေးတွေ မဆို ညည်းဖြစ်တာ ကာလတစ်ခု ကြာလာတော့ ဘယ်သီချင်း က ဘယ်သူ ဆိုတာလဲ၊ ဘာကီးလဲ၊ ကျွန်မ မသိတော့ဘူး။ တစ်ခါတလေ ယောင် ပြီး ဆိုမိရင် ကီးမ၀င်ဘဲ ကြောင်နေတဲ့ ကျွန်မ အသံကို ကျွန်မ ပြန်အံ့သြနေရတယ်။

ဝါသနာတူသူချင်းပေ မယ့် ဘယ်သူမှ မထင်တဲ့ ထောင့်ကနေ လွဲချော်မှု တစ်ခု ရှိတတ်ပါလားလို့ စိတ်ထိခိုက် မိတယ်။ ဂီတ၀ါသနာ ကြီးတဲ့ မောင်သာ လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ဂီတနယ်ထဲကို ခြေစုံပစ် ၀င်ခဲ့ရင် ခုချိန် သေချာ ပေါက်နေရာ တစ်ခုက ခိုင်နေပြီ။ ဒါပေမဲ့ အိမ်ထောင် စောစော ကျသွားတဲ့ မောင့်မှာ ငဲ့စရာအပိုင်းတွေက များခဲ့ရှာတယ်။ မလုပ်ခဲ့တော့ မဖြစ်ဘူး ပေါ့။ မစွန့်ရဲတော့ နောက်ကျန်ခဲ့တယ်။ ကျွန်မကို ငဲ့ခဲ့တဲ့ မောင့်ကို အားနာစိတ်နဲ့ ပြန်ဆိုတေးတွေ ကျွန်မ မညည်းတော့ဘူး။ သူများ သံစဉ်တွေ ကျွန်မ နား မထောင်တော့ဘူး။ မောင်စပ် ပေးမယ့် ကိုယ်ပိုင် သံစဉ်တွေ ပဲ စောင့်နေလိုက်တယ်။ ကြာတော့လည်း ကျွန်မ သီချင်းတောင် မဆိုတတ်တော့ဘူး ထင်ပါရဲ့။
+++++++++

“မနက်ကျရင် ဆွမ်းကျွေးကို ဘေးအိမ်က သဇင်နဲ့ သည်း လိုက်သွားရမလား မောင်”

“သည်းက အဲဒီအိမ်ကို တော်တော် သွားချင်နေတယ်လား။ အလှတွေပြင်ပြီး ကြော့ ကြော့လေး သွားမှာပေါ့လေ”

“အင် မောင်ကလည်း။ အလှူ မင်္ဂလာဆောင်တွေ ပြင်ဆင် ၀တ်စားပြီး သွားဖို့ သည်း ၀ါသနာ မပါတာ မောင် သိသားနဲ့။ ဒါမျိုးကိစ္စတွေ မောင့်ကိုချည်း လွှဲချနေရတာ အားနာ လာလို့ပါ။ မောင်များ မသွားချင်လို့ ငြိမ်နေတာလား လို့”

“အဲဒီ အလှူအိမ်က ကောင်က သည်း အပျိုတုန်းက သူ့မိဘတွေကို တောင်းရမ်း ခိုင်းသေးတာ။ သည်း မသိဘူးလား။ လူကြီးစုံရာနဲ့ လာမယ် လုပ်ပြီးမှ သည်းမှာ ချစ်သူရှိမှန်း၊ သိပ်ချစ်ကြမှန်း သိပြီး နောက်ဆုတ်သွားခဲ့ တာ”

“ဟင် မောင်ကတော့ ပေါက်ကရတွေ ပြောပြီ။ ဒီလူ ကြီးကို မောင်နဲ့ရပြီး ဒီလမ်းထဲ ပြောင်းလာမှ တွေ့ဖူးတာ”
“သည်းက သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေပြန် ပြီ”

“မသိပါဘူး ဆိုကွာ”

“မညာနဲ့”

“ညာစရာလား မောင် ရဲ့။ သည်း မသွားတော့ဘူးကွာ။ မောင်ပဲ သွားတော့”

“မောင်က ဘာလို့ သွား ရမှာလဲ၊ ကိုယ့်မိန်းမကို ပိုးခဲ့တဲ့ ကောင်ဆီ”

“ဘာဆိုင်လဲ မောင် ရယ်။ ခု သူလည်း မိန်းမနဲ့ ကလေးနဲ့။ မောင်ကလည်း သည်းယောက်ျားပဲ။ သူ့မိန်းမ က သည်းဆိုင်မှာ ၀ယ်နေကျ ဖောက်သည် မောင်ရဲ့။ တစ်လမ်းတည်းသားချင်း မသွားလို့တော့ မကောင်းဘူး”

“သည်းက တော်တော် သွားချင်နေပုံ ရတယ်။ သူ့ မိန်းမထက် သည်းက အများကြီး ပိုလှတာပဲ။ ယှဉ်ထိုင်နေရင် သူ့စိတ်ထဲ ဘယ်လို နေမလဲ။ သူ့မိန်းမက ပုံပျက်ပန်းပျက် ၀တုတ်ကြီး။ သည်း က တစ်သားမွေး တစ်သွေး လှ။ သူက သည်းကို နှမြော နေမှာပေါ့”

“တော်ပြီမောင်။ မောင်လည်း မသွားနဲ့။ သည်းလည်း မသွားတော့ဘူး”

“ဟင့်အင်း။ နှစ်ယောက်အတူ သွားမယ်”

“သည်း မလိုက်ဘူး”
“မရဘူး။ လက်ချင်းတွဲ ပြီးတော့ကို သွားမယ်။ မောင်နဲ့သည်းဟာ စိတ်တူကိုယ်တူ ရှေ့သွားနောက်လိုက် ညီသူတွေ ဆိုတာ ပြရမယ်”

ကလေးအဖေ ဖြစ်နေတာတောင် ကလေးဆန်ချင် နေတဲ့ မောင့်ကို စိတ်ညစ်ညစ်နဲ့ ရယ်မိတော့တယ်။ မောင်ဟာ ချစ်တာကို ခုတုံးလုပ်ပြီး အူတို ချုပ်ချယ်ချင်တာ။ ဒါ ပထမဦးဆုံး အကြိမ်မှ မဟုတ်တော့တာလေ။
+++++++

“ဒီကောင်က အင်္ကျီ လာဝယ်တာလား။ သည်းကို လာရစ်တာလား။ မောင့်ရှေ့မှာတောင် မမသည်း ကိုယ်တိုင်ပြမှ၊ မမသည်း ကိုယ်တိုင် ရောင်းမှနဲ့။ မမသည်းချင်း မိုးမွှန်အောင် ညုနေတာ။ အဲဒါကြောင့် စတိုးဆိုင်မှာ ယောက်ျားဝတ် မတင်ပါနဲ့လို့ မောင်က ပြောတာ”

“ကိုယ်က ဈေးသည်ပဲ မောင်ရယ်။ ဖောက်သည်ကို ၀ယ်ချင်အောင် ပြောရ ရောင်း ရတာပေါ့”

“အရောင်းစာရေးတွေနဲ့ လွှဲထားလိုက်စမ်းပါ။ သူ တစ်ယောက် မ၀ယ်တာနဲ့ သည်းဆိုင် ပိတ်မပစ်ရပါဘူး။ အလကား မျက်နှာရူး”

“ကလေးတွေပါ မောင်ရယ်။ မိန်းမဆန်ပြီး နွဲ့နေတာ။ သည်းအပေါ် ရိုးသား ရှာပါတယ်။ တစ်ခါဝယ်ရင် အများကြီး ၀ယ်တာမောင်ရဲ့”

“ဘာ ရိုးသားတာလဲ။ မမသည်းနဲ့မှ ဆယ်ထည်လောက် ၀ယ်မယ်ဆိုတာ။ မရိုးသားတာ မဟုတ်ရင် ဘာ လဲ။ ပုစွန်ဆိတ်လေး ဘယ်လို ငယ်ငယ်နော် သည်း။ အိုကွာ ရှုပ်တယ်။ စတိုးဆိုင်ကို ပိတ် ပစ်လိုက်တော့။ မောင့်ပွဲရုံမှာ သည်းအကူအညီ လိုတယ်ကွ”

“မောင် အဲလောက်ကြီး အတ္တ မများနဲ့နော်။ ပိတ်ပစ်ရအောင် မောင့်အကြောင်းပြချက်က အဓိပ္ပာယ်မှ မရှိတာ”

“ရှိတာပေါ့ သည်းရဲ့။ မောင်က သည်းဆိုင်ကို တစ်နေ့ ဆယ်ခါလောက် လာနေတော့ ပွဲရုံကို ဒီအတိုင်း ထားခဲ့ရတာ။ မောင်ရော သည်းရော ရှိနေရင် အလေအလွင့် နည်းပြီး နှစ်ဆ တက်လာလိမ့်မယ်။ သည်း အလုပ်က ရန်ကုန် ဆင်းဝယ်ရ၊ ရောင်းရနဲ့ ပင်ပန်းပါတယ်ကွာ။ ရန်ကုန် ဆင်းလည်း မောင်က အမြဲ လိုက်တော့ အလုပ်တွေ သိပ်လစ်ဟင်းတယ်။ တစ်ယောက်တည်း ဈေးဝယ်ဖို့ တော့ စိတ်မချဘူး သည်း။ သူများတွေလည်း ဒီလိုပဲ သွားလာ နေတာပဲလို့ မပြောနဲ့။ သည်းကို မောင် ဘယ်လောက် ချစ်တာ သည်း သိရဲ့ သားနဲ့ကွာ”

ကျွန်မ သက်ပြင်းပဲ ချမိတော့တယ်။ တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်။ ဒီစတိုးဆိုင် ဈေးဝယ် ယောက်ျားလေးတွေနဲ့ ပတ်သက်ရင် ကောင်လေး လည်း ကောင်လေးမို့လို့။ အဘိုးကြီးလည်း အဘိုးကြီးမို့ လို့။ မောင်ဟာ သိပ်အူတိုတာပဲ။ မောင်ပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်။ တကယ်တမ်း ဖိဖိစီးစီး လုပ်ရင် ပွဲရုံ အလုပ်ကတော့ ပိုကြီးပွားမယ် ထင်ပါရဲ့။ ဒါပေမဲ့ ဒီဆိုင်လေးကိုလည်း ဒီအခြေအနေ ရောက်အောင် ကျွန်မ မနည်း ကြိုးစား လာရတာ။ နှမြောဖို့ ဘယ်လောက် ကောင်းလဲ။ အို-စိတ်ရှုပ်ပါတယ် လေ။ တတ်နိုင်သလောက် တော့ ဆက်လုပ်ကြည့်ဦး မယ်။ နောက်တော့လည်း တစ်မျိုး စဉ်းစားတာပေါ့။
++++++++

“ဒီလူကြီး ခုတစ်လော မောင့်ပွဲရုံမှာ အားပေး လှချေလားလို့ ထင်နေတာ။ လက်စ သတ်တော့ သည်းကို လာ လာ ကြည့်နေတာကိုး။ လက်ဖက်ရည်ဆိုင်မှာလည်း မောင်တို့ အုပ်စုကို အတင်း ၀င်ရောတာ။ ခုတော့ မောင် မသွားဖြစ်တဲ့ နေ့ကျမှ ဒီလို စကားမျိုး ပြောရသတဲ့လား။ နေပါ ဦး။ သည်းနဲ့ ဒီလူ တက္ကသိုလ်တုန်းက တွေ့ဖူးသလား”

“ကြံကြံစည်စည် မောင် ရယ်။ အသက်ချင်း ဒီလောက် ကွာလှတာ။ သည်း ပထမနှစ်နဲ့ သူ့နောက်ဆုံးနှစ် နဲ့လည်း ဘယ်လိုမှ မဆုံနိုင်ဘူး။ မောင်ပဲ တွက်ကြည့်။ ပြီးတော့ သည်း ရန်ကုန်မှာ တက္ကသိုလ် တက်သမျှ မောင်က ရေဆင်း စိုက်ပျိုးရေး ကျောင်းသား ဆိုတာထက် အီကို ကျောင်းသားလို့ ထင်ရလောက်အောင် သည်းနားမှာ ချည်းပဲ နေခဲ့တာ။ မောင် ဘာတွေ သင်္ကာမကင်း ဖြစ်နေတာ လဲ”

“မောင်က မသင်္ကာတာ မဟုတ်ဘူး။ ဒီလူက မောင့် မိတ်ဆွေတွေကို ကိုမောင်မောင့် အမျိုးသမီးနဲ့ ကျွန်တော် တက္ကသိုလ်မှာ ခင်ခဲ့ဖူးတယ်လို့ ပြောသတဲ့။ ဒီစကားက ဘယ်အတိုင်းအတာ ရောက်မလဲ။ သည်း စဉ်းစားကြည့်။ ဒီလူ့လောက် မ ကျမ်းကျေပြီး ပွေတဲ့ ရှုပ်တဲ့ကောင်။ စီးပွားရေး အောင်မြင်လို့သာ လူရာသွင်း ဆက်ဆံနေရတာ။ နောက်ကွယ်ဆို နှာခေါင်း ရှုံကြ တာချည်းပဲ။ ပျိုပျိုအိုအို ဘယ်သူမှ မရှောင်ဘဲ ကြာခိုချင်တဲ့ ကောင်။ ခုယူထားတဲ့ မိန်းမကလည်း သူများမယား ကြောင်တောင် နှိုက်ထားတာ။ သူ့ရဲ့ နံပါတ်ဘယ်လောက် မှန်း မသိ။ ဒီလိုလူက မောင့် မိန်းမကို ဒီလို တစ်ခွန်း ပြောလိုက်တာနဲ့ အကုန်လုံးက သည်းနဲ့ ဘယ်လို ပတ်သက်ခဲ့မလဲလို့ အတွေး ချဲ့ကုန်ကြ ပြီ။ ဒီလိုလူမျိုးနဲ့ ပတ်သက်မိတဲ့ မိန်းကလေးက ဘယ်လို မိန်းမမျိုး ဖြစ်သွားမလဲ”

“ဘုရားရေ။ မောင်ရူးနေလား။ သည်းကို ဒေါသတကြီး ဖြစ်နေရအောင် သည်းက ဘာမှားလို့လဲ။ ပွဲရုံကို ဒီအဘိုးကြီး လာလည်း သည်းတစ်ခါမှ စကားရော ဖောရော မလုပ်ဖူးဘူး။ ကိုယ့်ဖောက်သည်မို့ ပြုံးနှုတ်ဆက်ရုံပဲ အလွန်ဆုံး”

“တောက်-ဒီလူ ဒါ ကြောင့် ဆိုင်မှာ တမေ့တမော ထိုင်ထိုင်နေတာကိုး။ ခုတော့ မောင့်မိတ်ဆွေတွေက တစ်မျိုး ထင်ကုန်ပြီ။ သည်းများ မောင် မရှိတုန်း ကျောင်းမှာ မိတ်ဆွေလေး ဘာလေး ဖြစ်ဖူးသေးလား”

“မောင် လွန်လာပြီနော်။ ဒီလောက် အရှင်းကြီးကို ထပ်ရစ်မနေနဲ့။ သည်း စိတ်တိုလာပြီ။ သည်းကို ဘယ်လို မိန်းမ စားမျိုး ထင်နေလဲ။ ကိုယ့် မိန်းမ သိက္ခာကို ကိုယ်မှ မယုံရင် ဘယ်သူ ယုံမှာလဲ။ ကိုယ် ကောင်းရင် ခေါင်းမရွေ့ဘူး မောင်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။

“ဂရုစိုက်ရမယ်ကွ။ မောင့်မိန်းမကို ဒီလို အထင် မခံနိုင်ဘူး”

“အို- ကိုယ်မှ မဟုတ်တာ။ ဘာဂရုစိုက်ရမလဲ။ လိုက်ရှင်းပြ နေရမှာလား။ အဓိပ္ပာယ် မဲ့လိုက်တာ”

ဘာမဟုတ်တဲ့ ကိစ္စ လေးတွေကို မောင် ပုံကြီးချဲ့လွန်းတာ ကျွန်မ စိတ်ပျက်လှပြီ။ ချစ်လွန်းလို့ ဆိုပေမယ့် ၀န်တိုစိတ်ရဲ့ ရလဒ်ဟာ သိပ် ပူလောင်ပါတယ်။ ၀န်တိုရသူ မပြောနဲ့။ ၀န်တို ခံရတဲ့ ကျွန်မ ပါ လောင်မြိုက် ညှိုးနွမ်းရတယ်။ စိတ်ရှုပ်လွန်းလို့ ကျွန်မ စကားပြောချင် စိတ်ကို မရှိ တော့ဘူး။ သူကလည်း ဘာ တွေ တွေးနေမှန်း မသိ၊ အိပ်ရာ ၀င်ချိန်ထိ စကား မပြောပါဘူး။ တစ်ရေးနိုးလို့ အလိုလို သိစိတ်တစ်ခုနဲ့ ဖျတ်ခနဲ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကျွန်မကို စိုက်ကြည့်ပြီး မျက်ရည်တွေ ကျနေတဲ့ သူ့ကို အလန့်တကြား တွေ့လိုက် ရပါတယ်။
“ဟင် မောင် မအိပ် သေးဘူးလား”

“သည်း မောင့်အပြစ်ပါ ကွာ။ မောင့်အပြစ်ပါ။ သည်း ကို မောင်လုံခြုံအောင် ကာကွယ် မပေးနိုင်ဘူး။ မောင် စိတ်မကောင်းဘူး။ သည်း သိက္ခာ ထိခိုက်ရတာ မောင် အသုံး မကျလို့။ မောင့်ကို ခွင့် လွှတ်ပါ။ မောင် အရမ်း ၀မ်းနည်းတယ်”
ကျွန်မ မောင့်ကို သနား သွားရပြီ။ ဘာမဟုတ်တဲ့ ကိစ္စ လေးကို ဒီလောက် ခံစားစရာ မလိုဘူးလို့ ကျွန်မက ထင်ပေမယ့် သူ့အတွက်က အကြီးအကျယ် ထိခိုက် ကြေကွဲစရာ ဖြစ်နေတာကိုး။

“ကဲပါ မောင်ရယ် ဒီလို တန်ဖိုး မရှိတဲ့ လူတစ်ယောက်ကြောင့် တန်ဖိုးရှိတဲ့ သည်းတို့ စိတ်ဓာတ်တွေ အထိခိုက် မခံစမ်းပါနဲ့”ပြောသာပြောရတယ်။ ကျွန်မ ဘယ်ဘက် ရင်ဘတ်က စူးအောင့်လာပါတယ်။ မောင့်အချစ်ခံရတာ ကျွန်မ နှလုံးရောဂါ ရတော့မယ် မောင်ရယ်။
+++++++++

“သည်းကတော့ အောင်မြင် သွားပြီကွာ။ ကဗျာဆရာမ ကြီး ဖြစ်သွားပြီ။ မောင်ကတော့ အဝေးကြီးမှာ ကျန်ခဲ့ ပြီ”

“အာ မောင်ကလည်း နာမည်ကြီး မဂ္ဂဇင်းထဲ တစ်ပုဒ်ပါရုံနဲ့ ကဗျာ ဆရာတန်း မ၀င်ပါဘူး”

“မတူဘူးလေကွာ။ တော်ရိလျော်ရိထဲ သုံး လေး ပုဒ်တည်း ပါတာနဲ့ ထိပ်ဆုံး မဂ္ဂဇင်းမှာ တစ်ပုဒ်ပါတာနဲ့”

“မောင်သာရေးရင် ဒီ့ထက် အောင်မြင်မှာ။ ဂီတ လောက ထိုင်နေတုန်း သီချင်းတွေ ခဏထားပြီး ကဗျာ ပြန်ရေးပါလား မောင်ရယ်။ ငယ် ငယ်ကလည်း မောင် ကဗျာတွေ ရေးခဲ့တာပဲ။ ခုလို အရွယ်မှာ မောင့်အတွေးတွေက ကောင်းကကောင်းနဲ့။ ကဗျာ ကောင်းရင် ဆုတွေ ဘာတွေရတယ် မောင်ရဲ့။ မောင် နာမည်ကြီးသွားမှာ။ အဲဒီ တော့မှ သီချင်းဘက် လှည့်ပေါ့”

“မဖြစ်ပါဘူးကွာ။ မောင် ကဗျာ မရေးချင်တော့ ဘူး။ သီချင်းပဲ အားသန်တော့တယ်။ ပြီးတော့ စာနယ် ဇင်းလောကကလည်း ခပ်ရှုပ် ရှုပ်နဲ့။ စာရေးဆရာ၊ ကဗျာ ဆရာတွေ ဆိုတာ လေက ခပ်ပေါပေါ။ ဘ၀င်က ခပ်မြင့် မြင့်။ သည်းကို တွေ့ရင်တော့ ဖော်ရွေမှာပါ။ ကဗျာဆရာမ ခပ်ချောချောလေး ဆိုတော့”

“မောင် မဆိုင်တာတွေ ဆွဲထည့်မနေနဲ့။ စာပေ လောကဆိုတာ ဂုဏ်သိက္ခာ ရှိတဲ့လူတွေ။ ဂီတ လောကလို မဟုတ်ဘူး”
“သြ ဒါဖြင့် မောင်က ဂုဏ်သိက္ခာ မရှိဘူးပေါ့။ သည်းက စာရေးဆရာ၊ အယ်ဒီတာတွေကိုပဲ အထင်ကြီး တာကိုး။ ဒီလိုမှန်းသိ မောင် စာရေးဆရာ လုပ်ခဲ့ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်တဲ့ သည်းလို စာရူး ပေရူးလေးတွေကို ကူညီ လမ်းပြ ပေးရတာပေါ့ ဟဲဟဲ”
“မောင်နော် တိုစရာ မရှိ လိုက်တိုမနေနဲ့။ သည်းတို့က လူချင်းလည်း တွေ့စရာ မလိုဘူး။ စာတိုက်ကနေ ပို့လိုက်လို့ ကဗျာကောင်းရင် ရွေးမှာပဲ။ သူတို့ကြည့်တာ စာကိုပဲ။ လူကိုမြင်ဖူးတာ မဟုတ်ဘူး။ အူပုပ်စရာ မရှိ စာအုပ်တွေနဲ့တောင် ပြိုင်ပြီး အူပုပ် ချင်တဲ့သူ”

ခံရပါများတော့ ကျွန်မ စိတ်ဆိုးဆိုးနဲ့ ပါးစပ်ထဲ တွေ့ကရာ အကုန်ေ ပြာထည့်လိုက် တယ်။ ကဗျာလေး ပါလာလို့ ကြည်နူးနေတဲ့ ပီတိဓာတ်လေး လွတ်ကျသွားအောင် သူ လုပ်ပစ်တာ။ ဘယ်လောက်နှမြောဖို့ ကောင်း သလဲ။ ကျွန်မ သည်းမခံနိုင် တော့ဘူး။
“ဟုတ်တယ်။ မောင်က အူပုပ်တယ်။ သည်းက တစ်နေကုန် စာအုပ်တွေ ဖတ်လိုက်၊ တကုပ်ကုပ် ရေးလိုက်နဲ့။ မောင့်ကို ဂရုစိုက်လို့လား။ စာအုပ်နဲ့ မျက်နှာအပ် နေရရင် ဘေးက မောင်ရှိနေတာ တောင် မေ့နေတာ။ မောင်က စကားတွေ ပြောနေရင် ပါးစပ်ကသာ အင်းလိုက်နေတာ။ မျက်လုံးက စာအုပ်မှာ။ စိတ် က မောင့်ဆီမှာ မဟုတ်ဘူး။ သည်း စာတွေ မဖတ်နဲ့တော့ကွာ”

“မောင် ရူးနေပြီလား။ သည်းကို မောင့်အရုပ်လို့ ထင်နေလား။ လူတစ်ယောက်ကို အဲလောက်ထိ စိုးမိုးဖို့ မောင် စိတ်မကူးနဲ့။ လူကိုသာ ချုပ်ချယ်လို့ ရမယ်။ သည်း စိတ်ကိုတော့ မောင်ချုပ်ချယ်လို့ မရဘူး။ သိရဲ့လား”

“သည်း ဆိုလိုတာက သည်း စိတ်က မောင့်ဆီမှာ မဟုတ်ဘူးပေါ့။ ဒီလိုလား”

“တော်ပြီ တော်ပြီ။ သည်းမောင့်ကို ကြောက်လာပြီ။ စာမဖတ်နဲ့တော့လို့ မောင် ပြောရင်တော့ သည်းကို သတ်လိုက်တာနဲ့ အတူတူပဲ”အချစ်ဟာ ရှင်သန်ခြင်းတွေကို အဆုံးသတ်စေမယ့် လက်နက် တစ်ခုလို့ ဘယ်သူမှ မထင်မိဘူး မဟုတ်လား။ အခု ကျွန်မ အဆိပ် သင့်နေပြီ။ အချစ်ဆိပ် သင့်နေပြီ။
++++++++

အချစ်ဟာ တစ်ချိန်မှာ အချစ်လွန် အဆိပ်သင့်ပြီး အဆုံးသတ် သွားရလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဖူးဘူး။ အချစ်ကို ယုံကြည်ပြီး စွန့်စားခဲ့တယ်။ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့တယ်။ ခရောင်း လမ်းကို ပန်းခင်းခဲ့တယ်။ အများအမြင်မှာ သူရဲကောင်း ဖြစ်ခဲ့တဲ့ ကျွန်မဟာ တစ်ဖက်မှာ တိတ်တဆိတ် အကျယ်ချုပ် ကျနေတာ ဘယ်သူမှ မသိခဲ့ဘူး။ ကျွန်မ အိပ်မက်တွေထဲမှာ အချစ်ကို မရှာဖွေတော့ဘူး။ အချစ်ကို အဆိပ်တစ်ခွက်လို ငြင်းဆန် နေမိပြီ။ ဘယ်သူ ယုံမှာလဲ။ မောင်မောင်ကိုက ချစ်သည်း ငယ်ကို စိတ်ဆင်းရဲအောင် လုပ်လို့ နှလုံးရောဂါ ဖြစ်နေ ပြီဆိုရင်။

သူတို့ သိကြတာ သိပ် ချစ်ကြတဲ့ ချစ်သူနှစ်ယောက်။ ရှေ့သွားနောက်လိုက် ညီတဲ့ စုံတွဲ။ ဇနီးကို အရိပ်တကြည့်ကြည့် ဖြည့်ဆည်းနေတဲ့ ခင်ပွန်း။ မျက်စိအောက်က အပျောက်မခံ၊ ငုံထားမတတ် ချစ်ရှာတဲ့ ယောက်ျား။ ဒါပေမဲ့ ဘယ်သူမှ မတွေးမိကြတဲ့ အချစ်လွန် အဆိပ်သင့် လက်နက်တစ်ခု အဖြစ် အချစ်ဟာ ကျွန်မ အတွက် အဆုံးသတ်ခဲ့တယ်။

“သည်းအတွက် အနှစ် ၂၀၀၈ စာအုပ် မောင်ဝယ်ခဲ့တယ်၊ ကြည့်ပါဦး သည်းရယ်။ ဒီထဲက ကဗျာဆရာတွေလို သည်းလည်း ဆုရအောင် ရေးနိုင်ဖို့ ဖတ်ကြည့်စမ်းပါ။ ဒီမှာ လည်း နာမည်တစ်လုံး ရမလာ ခင်တုန်းက တဲ့။ ကောင်း တယ်ဆိုလို့ ၀ယ်လာတာ”

အဆိပ်သင့်နေတဲ့ ကျွန်မက မျက်စောင်းခဲပြီး သူ့ကို ကြည့်လိုက်ပါတယ်။ ခုမှ လာဖြေ မနေနဲ့။ အဆိပ်က တစ်ကိုယ်လုံး ပျံ့နေပြီ။ ဆေး မမီတော့ဘူး။
“မောင့်ကို ခွင့်လွှတ်ပါ သည်းရယ်။ သည်းကို ချစ်လွန်းလို့ဆိုတာ နားလည်ပေးပါ။ မောင် သဘောထား သေးတာ မဟုတ်ဘူး။ မောင့်ကို အထင် မလွဲပါနဲ့”

ကျွန်မ ရင်ထဲမှာ ခါးနေ တုန်းပဲ။ တော်ရုံအချိုလောက် တော့ မတိုးတော့ဘူး။ သူက ခုတစ်ခါ ပြီးသွားလည်း နောက်တစ်ခါ တစ်မျိုးလာ ဦးမှာပဲ။
“သြော် အရေးကြီးတာ ပြရဦးမယ်။ သည်းကဗျာ တစ်ပုဒ် နောက်မဂ္ဂဇင်းတစ် အုပ်မှာလည်း ပါလာသေး တယ်ဗျ။ ဒီနေ့မှ ထွက်တာတဲ့။ မောင် ၀ယ်လာခဲ့တယ်”

“အို- တကယ်”
ဟန်မဆောင်နိုင်အောင် ၀မ်းသာသွားတဲ့ ကျွန်မက သူ့ လက်ထဲက စာအုပ်ကို ဖျတ်ခနဲ ဆွဲယူ လိုက်မိပါတော့တယ်။ ဘယ်ဆေးဟာ အဆိပ်ပြေစေမယ်ဆိုတာ အချစ်က သိနေတော့လည်း ခက်တယ်လေ။        
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

5 comments:

  1. အစ်မ ဝေ ကြိုက်တယ်။ Bravo!

    ReplyDelete
  2. ကဗျာတွေ သီချင်းတွေကိုချစ်တဲ့ကျွန်မဖတ်သွားပါတယ်...
    အချစ်ဆိုတာဒီလိုပါပဲနော်....

    ReplyDelete
  3. အရမ်းကြိုက်တယ်အမရေ
    ဖတ်ပြီးတော့အချစ်ဆိုတာအဲလိုပါလားလို့..

    ReplyDelete
  4. Lovely story. When other party loves so much, it is so difficult to accept this kind of love. Love becomes bitter when it is too sweet. When and how can we cut off this love?


    Love,

    Mya

    ReplyDelete
  5. ကောင်းလိုက်တာ မမရယ်။

    ReplyDelete