တောင်ပံမဲ့ပျံသန်းခြင်း



    လှိုက်ငင်ပူဆွေးသံတစ်ခု။ အိပ်မက်လိုလို ခပ်ဝေးဝေး ခပ်သဲ့သဲ့ကြားရာကနေ တဖြည်းဖြည်း ပီပြင်ထင်ရှား လာတော့ ဖျတ်ခနဲ ထထိုင်လိုက်မိသည်။ ဆေး၇ုံ၏ တနေရာရာမှာ တစ်ခုခုဖြစ်နေပြီလား။ သူမရင်တွေ တဆတ်ဆတ်အခုန်မြန်လာရသည်။
  ဒီလိုခံစားချက်မျိုး သူမ အလွန်မုန်းခဲ့သည်မှာ ကြာပြီ။ ကိုယ်တိုင်လည်း မပူဆွေးလို။ သူတစ်ပါး ပူဆွေးမှုကိုလည်း မကြားမမြင်လို။ ကိုယ်တိုင် ပူဆွေး ရစဉ်က တွယ်ရာမဲ့ အားငယ်ခဲ့ရ၏။ သူတစ်ပါး ပူဆွေးရသမျှ မြင်ရ ကြားရပြန်တော့လည်း အပူကူးစက် သနားရလွန်း၍ နာကျင်ခံခက်လှ၏။ သူမ တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းချင်လှပေမယ့် သူမကိုယ်တိုင်ကလည်း ကွက်လပ်များစွာနှင့်။
  ကလေးဘဝကတည်းက မိဘမဲ့၊ တွယ်ရာမဲ့၊ ပညာမဲ့။ ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးနှစ်ယောက် မုဆိုးမ ဖြစ်ရပြန်တော့လည်း မှီခိုရာမဲ့၊ အိမ်မဲ့ ယာမဲ့၊ အလုပ်လက်မဲ့။
    ကိုယ်တိုင်ပြည့်စုံမှ တခြားသူကို ဖြည့်စွမ်းနိုင်မည်။ ကိုယ်တိုင်လုံလောက်မှ တခြားသူကို ပေးကမ်းနိုင်မည်။ ကိုယ်တိုင် အားပြည့်မှ တခြားသူကို ထူမနိုင်မည်။ လောက၏ ဓမ္မတာ။
  သူမဘဝက မပြည့်စုံ။ သို့ပေမယ့် ကူညီချင်သည်။ ကိုယ်တိုင်ပင် မဖူလုံသော်လည်း ရှိသရွေ့ထဲက ဝေမျှချင်သည်။ ကိုယ်တိုင်က ချည့်နဲ့သော်လည်း အားငယ်သူကို ဖေးမချင်ပြန်သည်။
       ဒါသည်သာ လောက၏အလှတရားဟု သူမက ခံယူချင်သည်လေ။
---------------
"သန့်ရှင်းရေး အလုပ်သမားဆိုပေမယ့် လူနာခန်းတွေကို ဝင်ရမယ့်သူတော့ မဟုတ်ဘူးကွဲ့။ လူနာခုတင်က အိပ်ရာဖုံးနဲ့ ခေါင်းအုံးစွပ်တို့၊ ကန့်လန့်ကာတို့ ခွဲစိတ်ခန်းသုံး အဝတ်တို့ကို လျှော်ဖွပ်ရမယ့်တာဝန်။ ဒီပုဂ္ဂလိက ဆေးရုံက တို့မြို့မှာ အအောင်မြင်ဆုံး ဆိုတော့ ဒီတာဝန်တင် နည်းနည်းနောနောတော့ မဟုတ်ဘူးနော်။ မင်းလုပ်နိုင်ပါ့မလား"
     ဒီလို အတည်တကျ အလုပ်ကလေးတခု ရှာပေးသူကတော့ သူမကူညီအဝတ်လျှော် ချက်ပြုတ်ပေးနေကျ ဆရာဝန်ကြီး ကတော်ပဲ ဖြစ်လေသည်။ ကွက်လမ်းများနှင့် ပြည့်နှက်နေသော သူမ ဘဝမှာ ဘာပဲဖြစ်ဖြစ် အလုပ်ကတော့ အမြဲလက်မဲ့မဟုတ်ခဲ့။ အတည်တကျ ဣနြေ္ဒရမည့် အလုပ်တခုသာ မရှိခဲ့တာပါ။ ကြုံရာကျပန်း ကတော့ ဘယ်တုန်းကမှ သူမ မရွေးခဲ့။ ရွေးချယ်ခွင့်လည်း ရှိသည့်ဘဝ မဟုတ်။ လူမမည် သမီးလေးအတွက် သူမသာလျှင် မြင်းမိုရ်တောင် မဟုတ်ပါလား။
   "အို.. မာမီရယ်၊ အတည်တကျ အလုပ်ကလေး ရရင် ဘာပဲလုပ်ရလုပ်ရပါရှင်။ သမီးလေးကလည်း ကြီးလာပြီဆိုတော့ သူ့အမေ ကြုံရာ ကျပန်းလုပ်နေတာကို မျက်နှာငယ်သတဲ့လေ။ ကျောင်းမှာ လျှောက်လွှာတွေ ဘာတွေ ဖြည့်ရလို့ မိဘအလုပ်အကိုင်ဆို အမြဲအမှန် မထည့်နိုင်ဘူးတဲ့။ သမီးလေး အိမ်ထောင်ရက်သား ကျပြီးရင်တော့ ကိုယ့်တစ်ကိုယ်စာအတွက် ဆိုရင် မာမီတို့အိမ်မှာပဲ အပြီးလာနေတော့မယ်။ လက်ခံမယ် မဟုတ်လားဟင်"
    ကြင်နာတတ်သည့် ဆရာဝန်ကြီးကတော်၏ အပြုံးက သူမရင်ထဲ အေးမြရပါသည်။ မိဘမေတ္တာငတ်ခဲ့ရသူမို့ မိဘအရွယ် ကြင်နာနူးညံ့သူ ဆိုလျှင် သူမ၏ မသိစိတ်က မှီတွယ်အားကိုးချင်မိမြဲ။ သမီးတို့ အဖေနှင့် စတွေ့စဉ်က ခံစားရသလိုမျိုးပေါ့။
     အချစ်ကို နားမလည်ခဲ့ပေမယ့် မေတ္တာကိုတော့ဖြင့် ငတ်မွတ်လှသည်မို့ သူမအပေါ် ကြင်နာသနားသော သမီးတို့အဖေကို လက်ခံခဲ့မိသည်။ တစ်ဘဝလုံး တွယ်ရာမဲ့ခဲ့သူမို့ပင် ပို၍ တွယ်ငြိလွန်းလေသလား မသိ။ သူတကာထက်ပင် လွန်ကဲစွာ မှီနွဲ့အားကိုး လိုက်မိသည်။
  ကံလေးတစ်ချက် မျက်နှာသာပေးချိန်ဆိုတော့ သူမယုံကြည်ကိုးစားမိသည်နှင့်အမျှ ချမ်းမြေ့ပျော်ရွှင်ခဲ့ရပါသည်။ ရိုးသားကြိုးစားသော သမီးတို့ ဖေဖေကြောင့် စီးပွားရေးပြေလည်ကာ မိသားစုစိတ်ချမ်းသာရသည်။ မွေးစားမိဘများနှင့် နေခဲ့ရစဉ်က မတရားနှိပ်စက်ခိုင်းစေသည်မို့ သမီးတို့ဖေဖေနှင့် နှစ်ကိုယ်တူ ဘဝသည် သူမအတွက် နတ်ပြည်၊ သမီးလေးများနှင့် မိသားစုကမ္ဘာသည် သူမ၏ တာဝတိံသာ။
     သို့ပေမယ့် တစ်ဘဝစာနှင့် နှိုင်းစာလျှင် တစ်ခဏတာလေးသာ စံစားခဲ့ရပါသည်။ ရှေးဘဝအဆက်ဆက်က ကုသိုလ်တရားနည်းပါးခဲ့ပြီး အကုသိုလ်သာ ကြီးမားမိသည်ထင့်။ အောင်မြင်ပြည့်စုံသော မိသားစုဘဝကို သာယာလို့မှ မဝခင် မုန်တိင်းမွှေခံရလေပြီ။ နွေးထွေးသော သိုက်မြုံကလေးကို မရဏမင်းက ကင်ဆာဆိုသည့် လက်ကြမ်းများဖြင့် မွခြေခဲ့ပြီ။ တွယ်ရာမဲ့ တစ်ကောင်ကြွက် ဘဝမှာ အားကိုးတွယ်ငင်မိသည့် နွယ်တစ်မျှင်ကလည်း ပြတ်တောက်ကြေမွခဲ့လေပြီ။
    သူမဘဝအတွက် ရွှေတောင်ကြီးပြိုတော့မှ အလန့်တကြား လောကဓံကို ရင်ဆိုင်ရန် ပြင်ဆင်ရတော့မည်။ ရင်ခွင်ထဲမှာ အားကိုးတကြီး ဖက်တွယ်ထားကြသော လူမမည် သမီးလေးနှစ်ယောက်ကို ကာကွယ်ပြုစုဖို့ အားယူရတော့သည်။
  ပူဆွေးကြေကွဲစိတ်ကို မိခင်စိတ်ဖြင့် ခါးစည်းတွန်းလှန်ကာ သမီးများရှေ့မှ မားမားရပ်ပြခဲ့ရသည်ကလည်း ပြန်တွေးကြည့်လျှင် နာကျင်ခါးသီးလှပါသည်။ သူမလို မွေးစကတည်းက မိဘမဲ့တစ်ကောင်ကြွက် ဘဝထက်စာရင် ကံကောင်းသေးသော သမီးလေးတွေကို မိခင်မေတ္တာဖြင့် အုပ်မိုးဖြန့်ကြက် ပျိုးထောင်မည်။ အရွယ်ရှိပေမယ့် အလှရှာမတွေ့နိုင်လောက်အောင် ပန်းလျနေသည့်သူမက အားတော့မလျှော့။ သမီးတို့ အနာဂတ်အတွက် အိပ်မက်ကြီးကြီး မက်နေဆဲ။
  သို့ပေမယ့် မုန်တိုင်းနောက်ဆက်တွဲက ကျန်နေသေးမှန်း မရိပ်မိလေတော့ ဘာတစ်ခုမှ မပြင်ဆင်ထားနိုင်ခင် အလဲလဲအပြိုပြို ဖြစ်ရပြန်လေပြီ။ သူမအလုပ်သွားနေုတုန်း ရောက်လာသော သတင်းဆိုးကြောင့် အိမ်အပြေးပြန်လာတော့ မီးကျွမ်းနေသော အိမ်တစ်ခြမ်းပဲလေးနှင့် ကိုယ်တစ်ခြမ်းမီးဟပ်သွားသော သမီးကြီးကို ရင်ထုမနာ တွေ့ရတော့သည်။
  သမီးကြီး ကျောင်းကအပြန် အမေကို အလိုက်တသိ ကူညီဖို ထမင်းအိုးတည်ရာမှ ဟုန်းဟုန်းထ၍ လောင်မြိုက်ပါပြီကောလေ။ ရပ်ကွက်ကောင်း၍သာ သမီးငယ်လေး ဘာမှ ထိခိုက်ဒဏ်ရာမရခဲ့။ သူမကတော့ အသည်းတခြမ်း မီးလောင်ကျွမ်းခဲ့ရပြီ။ အသိုက်အမြုံလေး ပျောက်ဆုံးရုံမက အတောင်ကျိုးငှက်ပမာ ဖြေဆည်ရာမဲ့ခဲ့ရပြီ။
   အိမ်ငှားဘဝမို့ အိမ်ရှင်နှင့် အမှုဖြစ်ရသည်။ လျော်ကြေးပေးရမည်။ မီးပေါ့ဆမှုကြောင့် တရားရင်ဆိုင်ရသည်။ ကံကောင်းထောက်မ၍ ထောင်မကျသော်လည်း ပိုင်ဆိုင်သမျှကတော့ဖြင့် သင်္ခါရ သဘောဆောင်သွားလေပြီ။ ဒီ့ထက်ကြီးမားသော ဆုံးရှုံးမှုကတော့ အလိုက်တသိ၊ လိမ္မာရေးခြား ရှိလှသည့် သမီးတစ်ယောက်ပါ အနိစ္စသဘော ဆောင်သွားခြင်းပင်။
  ဘယ်လို ဂရုတစိုက်ကြိုးစားကုပေမယ့် ငွေကြေးလည်း အလှမ်းမမီနိုင်သလို မမြင်ရက်စရာ မီးလောင်ဒဏ်ရာတွေကိုလည်း အချိန်ကြာကြာ မခံစားစေချင်။ ဘေးမှပြုစုရသူပင် သနားစိတ်ကို ကြက်သီးတဖြန်းဖြန်း ထ အံကြိတ်ခံနေရလျှင် သေလုမြောပါး နာကျင်စပ်ဖျဉ်းနေရှာသည့် သမီးကြီးခမျာလည်း ဝဋ်ကျွတ်ချင်ရှာမှာပဲ။
  ဘယ်လောက်ပဲ နှမြောတကြီးဖက်တွယ်ထားချင်ပေမယ့် သမီးကြီးလူးလိမ့်ခံစားနေရသည်ကို မမြင်ရက်နိုင်တော့။ ဝဋ်ကျွတ်သွားသည်ကိုပင် မျက်ရည်များကြားမှ ဝမ်းသာနေမိသည်အထိ နာကျင်ကြေကွဲခဲ့ရပါသည်။
    သည်းအူပြတ်မတတ် ပူဆွေးမှုများ အဆုံးတိုင်သွားပြန်တော့လည်း သူမက လွတ်မြောက်မှုတစ်ခုအတွက် ရူးသွပ်သွားလို့ မဖြစ်သေးပါ။ ကျန်ရှိနေသော သမီးငယ်အတွက် လဲပြိုရာမှ အားယူကုန်းထလာရပြန်သေးသည်။ လက်ကျန်ခွန်အားများကို စုစည်းညှစ်တင်ကာ မာန်တင်းရပြန်သည်။ ကျန်နေသည့် သမီးငယ်လေး သူမလို တွယ်ရာမဲ့ဘဝမျိုးမှ ကင်းဝေးစေရန် ကိုယ့်အသက်ကို ကိုယ်ဆွဲဆန့်ရပေးဦးမည်။
  သမီးလေး ပညာတတ် ဘွဲ့ရဖြစ်ဖို့ သူမကတော့ အောက်ခြေသိမ်းကျပန်းအလုပ်အကုန်လုပ်သည်။ ပခုံးနှင့်ထမ်းတင်လို့ မလုံလောက်သေးလျှင် ဦးခေါင်းနှင့်ရွက်တင်မည်။ ပခုံးနှစ်ဖက်ကြားမှ ဦးခေါင်းပြုတ်ကျကာမှ ပြုတ်ကျလေရောပင်။
       သူမကတော့ သောကမီးလျှံကြားမှ တစ်ဖန် ရုန်းထလာရပြန်လေပြီ။
-------------
   ကိုယ်တိုင် အဆုံးစွန်သောကပွေဖူးလေပြီမို့ သူတစ်ပါး ပူဆွေးသောကများကို မမြင်ရက်နိုင်တော့ပါမှ တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံတစ်ခုမှ အလုပ်ရလေသည်။ အတွေ့အကြုံမရှိသူမို့ ရသည့်အလုပ်ကို ရှေ့နောက်မစဉ်းစားတတ်ဘဲ ကျေးဇူးတင်စွာ လက်ခံမိသည်။ တန်ဖိုးတထား ဝမ်းသာအားရ အလုပ်စဆင်းသည့်နေ့မှာပဲ စဉ်းစားမြော်မြင်ဥာဏ်နည်းသည့် သူမကိုယ်သူမ နောင်တရမိတော့သည်။
  နောက်ကြောင်းပြန်လှည့်ဖို့ကလည်း သူမအတွက် ပြောဆိုပေးထားသည့် ဆရာဝန်ကြီးကတော်၏ စေတနာကို အားနာစရာ။ ဆေးရုံမှ မာန်နေဂျာက ရှုံ့ချည်နှပ်ချည် လုပ်လေခြင်းဟု အထင်ခံရမှာလည်း စိုးရိမ်သလို သူမကြောင့် အလုပ်ရအောင်ပြောပေးသော ဆရာဝန်ကြီးအပေါ် အရိုအသေတန်မှာကိုလည်း စိတ်ပူမိပြန်သည်။ ဒီလိုနဲ့ ကြိုးစားလုပ်ကြည့်ပါဦးမယ်လေဟု အားတင်းရတော့သည်။
   အလုပ်က မပင်ပန်းလှပါ။ ဆေးရုံမှ အသုံးပြုထားသော အဝတ်များကို လျှော်ဖွပ်ပြီး မီးပူတိုက်ပေးရုံသာ။ လူနာခန်းထဲကို သန့်ရှင်းရေးလုပ်ဖို့နှင့် အိမ်သာဆေး၊ အမှိုက်လှည်းက အလုပ်သမား သတ်သတ်ရှိသည်။ သို့ပေမယ့် ဆေးရုံက မြို့ကလေးမှာ အကြီးဆုံးမို့ လူနာများသည်။ တစ်နေကုန် လျှော်လိုက် လှမ်းလိုက် မီးပူတိုက်လိုက်နှင့် အားရသည်တော့မရှိ။
  လျှော်ဖွပ်ရသည့်နေရာကလည်း လူနာဆောင်တွေ၏ အနောက်ဘက်မှာမို့ လူနာတွေနှင့် ရောရောနှောနှော နေစရာလည်းမလို။ မြင်တွေ့လို့လည်း သိပ်မနေရ။ သို့ပေမယ့် အော်သံ၊ ညည်းသံ၊ ငိုသံတွေကိုတော့ ကြားနေရသည်။
   တစ်ခါကြားရတိုင်း တစ်ခါ သူမရင်မှာ မရိုးနိုင်စွာ တုန်လှုပ်နွမ်းလျ သွားတတ်စမြဲ။ အဆိုးဆုံးက လူနာတစ်စုံတစ်ဦး အသက်ဆုံးတိုင်း၊ မိသားစု၏ ပူဆွေးသံ၊ ငိုကြွေးသံကို ကြားရတိုင်း တင်းမခံနိုင်ခြင်းပါပဲ။ သူမပါ အသံများနှင့် ရောနှောရှိုက်ငင်နေမိမြဲ။
  သူမရင်ထဲမှာ ဒဏ်ရာဟောင်းများ အသစ်ပဲ ပြန်ဖြစ်လာသလို နာကျင်ကြေကွဲနေဆဲ။ လုပ်သက်နှစ်ချီလာလည်း မရိုးနိုင်စွာ တိတ်တခိုး ကျိတ်ရှိုက်မိဆဲ။
   သမီးလေးဘွဲ့ရသည်အထိတော့ သူမ ဒီအလုပ်ကို လုပ်နေရဦးမည်။ သူတကာအိမ် အဝတ်လည်လျှော်သည့် အလုပ်ကျတော့ တက္ကသိုလ်တက်နေတဲ့ သမီးလေး မျက်နှာငယ်မှာစိုးရသည်။ ကြုံရာ အလုပ်မျိုးစုံ လုပ်နေတော့လည်း သမီးငယ်က မကြိုက်ပြန်။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်ကလေးက အဝတ်လျှော်ရပေမယ့် ဣနြေ္ဒရသည်။ သမီးအတွက်လည်း အဖြေလှသည်။ "မေမေက ဆေးရုံမှာ အလုပ်လုပ်တယ်လေ"ဆိုသလိုမျိုး ပြောလို့ရသည် မဟုတ်လား။
   ပြီးတော့သူမအတွက်က အသံသာ ကြားရသော်လည်း ရုပ်မမြင်ရသည့် ကက်ဆက်ဇာတ်လမ်းလိုမျိုးမို့ တစ်မျိုးတော့ ဖြေသာသေးသည်။ အားတင်းနိုင်သေးသည်။ မမြကြည်တို့လို ခွဲစိတ်ခန်း သန့်ရှင်းရေးတို့၊ မတင်လေးတို့လို လူနာခန်းနဲ့ အိမ်သာ ရေချိုးခန်း သန့်ရှင်းရေးတို့ မလုပ်ရတာကပဲ သူမအတွက် ကံကောင်းလှပြီ။
   မမြကြည်ပြောပြဖူးသလို ခွဲစိတ်ရင်း သွေးလွန်သွားသည့် မိခင်တစ်ယောက်နှင့် ကျန်ခဲ့သော လူမမည် သားသမီးများ၏ အော်ငိုကြသံ၊ ဖရိုဖရဲဖြစ်သွားရသော မိသားစုလေးအဖြစ်မျိုးက ကြားရတာနဲ့ပင် စိတ်ထိခိုက်စရာ ကောင်းလှသည်။ မတင်လေးကလည်း သူသန့်ရှင်းရေးသွားလုပ်ရသည့် လူနာခန်းများထဲမှာ သောကဗျာပါဒတွေကို သက်ပြင်းလေးတချချနှင့် ဖောက်သည်ချတတ်ပြန်တော့ သူတို့လို သောကအပူတွေ မမြင်တွေ့ရသော သူမအလုပ်ကလေးအတွက် စိတ်သက်သာရပြန်ပေသေးတော့သည်။
----------------
"ခင်ဗျားတို့ မတတ်နိုင်ဘူးဆိုရင်လည်း အစောကတည်းက ပြန်သူ့ဆေးရုံကြီးကို သွားပါလားဗျ ဒါ အလကား ကုပေးတဲ့ ဆေးရုံမှ မဟုတ်ဘဲ"
"ကျွန်တော်တို့က တောကလာရတာမို့ မသိတာပါဗျာ။ ရေးကြီးသုတ်ပျာနဲ့ မော်တော်ဆိပ်က ဆင်းဆင်းချင်း ဆေးရုံပို့ပေးပါလို့ပဲ ဆိုက်ကားဆရာကို ပြောမိတော့ သူကလည်း ဒီကိုခေါ်လာတာပါ။ ခုကလေးကလည်း ဆုံးသွားတော့ သူ့အမေက အရမ်းကြေကွဲနေရှာတာ။ ကျွန်တော့်မှာ ကျန်တဲ့ ငွေနှစ်ထောင် ပေးခဲ့ပါ့မယ်ဗျာ။ နောက်ရက်မှ တောကနွားလေးရောင်းပြီး လာပေးပါ့မယ်"
   အသံတွေက မိုးလင်းခါနီး အိပ်ကောင်းချိန်မို့ တိတ်ဆိတ်မှုကို ဖောက်ထွက်ပြီး ရှင်းရှင်းပြတ်ပြတ်ကြီး ကြားနေရ၏။ ဒါဖြင့် ခုနက အိပ်မက်လိုလို သူမ ခပ်သဲ့သဲ့ကြားလိုက်ရသည့် ငိုရှိုက်သံက ရင်သွေးလေး ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ ပူဆွေးသံပေါ့။ ဖခင်ဖြစ်သူရဲ့ တောင်းပန်တိုးလျှိုးသံကလည်း ကြေကွဲရိပ်တွေနဲ့ အဖျားတုန်အက်ကွဲလို့။ မန်နေဂျာကြီးအသံကလည်း စိတ်တိုနေမှန်း သိသာစွာ ဟိန်းထလို့။
     သူမ စိတ်ဆင်းရဲသွားရပြီ။ ခွဲစိတ်ခန်း ညဂျူတီကျသည့် မမြကြည်၏ သမီးလေး အဖျားကြီးနေတာမို့ သူမကို အစားဝင်ပေးဖို့ အကူအညီတောင်းတာကို မငြင်းရက်ခဲ့တာ သူမ မှားသွားပြီလား။ အမှန်က လုပ်ဖော်ကိုင်ဖက်တွေကလည်း သူမ ခံစားချက်ကို တစ်စွန်းတစ်စ သိနေကြပြီမို့ တစ်ခါမှ ဒီလို အလုပ်အစားဝင်ပေးဖို့ အကူအညီ မတောင်းခံဖူးပါ။ အကြောင်းကိစ္စကြီးငယ်ရှိတိုင်း တခြားသူများနှင့်သာ အချင်းချင်း နားလည်မှုယူပြီး လဲကြသည်သာ။
   ဒီညတော့ တိုက်တိုက်ဆိုင်ဆိုင် မတင်လေးကလည်း ခရီးလွန်နေသည်။ တခြားနှစ်ယောက်ကလည်း တစ်ယောက်က နေ့ဂျူတီဝင်ပြီးသားမို့ နားချင်မည်။ နောက်တစ်ယောက်က ကိုယ်ဝန်ကြီးနှင့်။ ဒီတော့ သူတို့ အခက်အခဲကို ဝင်ကူညီဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မမြကြည်ကတော့
"ကျေးဇူးပါပဲ အေးခင်ရယ် သမီးအဖျားကြီးနေတာကို စိတ်မချလို့သာပါ။ နင့်ခံစားချက်ကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ညဘက်ဆို ခွဲခန်းက အရေးပေါ်ကလွဲပြီး မသုံးတော့ နင်နဲ့ မကြုံလောက်ပါဘူးဟာ"
     မမြကြည်ပြောသလို ကံကောင်းထောက်မစွာ အရေးပေါ်ခွဲစိတ်လူနာ တစ်ယောက်မှ မရောက်လာပေမယ့် သူမအိပ်ရသည့် အခန်းက မန်နေဂျာရုံးခန်းနှင့် မနီးမဝေးမို့ မကြားရက်သည့် သောကအပူလှိုင်းတွေက သူမကို လာဟပ်နေလေပြီ။
   သူမသမီးလေးတုန်းကဆိုလျှင် ဒီလိုရင်ဆိုင်ဖြေရှင်းပေးမည့် ဖခင်ပင်မရှိခဲ့။ သူမတစ်ယောက်တည်း သမီးငယ်ကိုပွေ့ကာ ဆေးရုံကို ပြေးခဲ့ရ၏။ သူမတစ်ယောက်တည်း ရုံးတော်မှာ အမှုရင်ဆိုင်ခဲ့ရ၏။ သူမတစ်ယောက်တည်း လူမမည် သမီးငယ်ကို ကျွေးမွေးဖို့ ရှာရသည်က တစ်ဖက်၊ မီးလောင်ဒဏ်ရာကြီးနှင့် သမီးကြီးကို ပြုစုရသည်ကတစ်ဖက် ရတက်ပွေခဲ့ရ၏။ တစ်နေ့တခြား ပိုမိုဆိုးရွားလာသော အခြေအနေကို ကူကယ်မပေးနိုင်ဘဲ သမီးခံစားနေရသမျှ အံကြိတ်ကြည့်နေရသည့် ဘဝက အဘယ်မျှပင် ဝဋ်ကြီးလိုက်ပါသနည်း။
"ခင်ဗျားတို့တစ်တွေက အဲဒါ ခက်တာပဲ။ နည်းနည်းပါးပါး မေးမြန်းစုံစမ်းပါဦးလား။ ခုဟာက ထိုးပေးထားရတဲ့ အသက်ကယ်ဆေးတွေက ဈေးတွေခေါင်ခိုက်နေတာ။ ပြီးတော့ ကျုပ်က ဆေးရုံပိုင်ရှင် မဟုတ်ဘူး။ လခစား မန်နေဂျာတစ်ယောက်က ဒီလောက်ငွေတွေကို ဘယ်လိုလုပ် စိုက်ပေးနိုင်မှာလဲ။ လူနာသေတာ၊ ရှင်တာက ကျုပ်တို့နဲ့ မဆိုင်ဘူးဗျ။ ကုန်ကျထားတဲ့ ဆေးဖိုးကတော့ သေလည်းရှင်းသွားရတာ ထုံးစံပဲ"
"ဒါဖြင့် ခင်ဗျားတို့က ဘယ်လိုဖြစ်ချင်လို့လဲ။ မယုံရင် ရှာကြဗျာ။ ကျုပ်တစ်ကိုယ်လုံးကိုရော ကျုပ်မိန်းမကိုရော ရှာ။ ဒီနှစ်ထောင်ကလွဲပြီး ဘာမှ မရှိတော့ဘူး။ ရွာပြန်ဖို့တောင့် မော်တော်ကို တောင်းပန်ပြီး စီးသွားရမှာ"
   လူနာရှင်ယောက်ျားက ဝမ်းနည်းသံနဲ့ တောင်းပန်နေရာမှ အချဉ်ပေါက်နာကြည်းလာပံ ရ၏။ လေသံက စနက်တံဖြုတ်ပြီးသား ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအလား။
    သူမကတော့ နားမလည်နိုင်ပါ။ ဆေးဖိုးက ဘယ်လောက်များမို့လို့ မန်နေဂျာကြီးက မစိုက်နိုင်ရတာပါလိမ့်။ သူက လခစားဆိုပေမယ့် အသစ်စက်စက် ဆောက်ပြီးစတိုက်နှင့် ဆိုင်ကယ်နှစ်စီး ပိုင်သူ။ ဆေးရုံပိုင်ရှင် သူဌေး၏ ယောက်ဖ တစ်ဝမ်းကွဲမို့ လုပ်ပိုင်ခွင့်တွေ အားလုံး သူ့လက်ထဲမှာ။ ဆေးရုံဝန်ထမ်းအားလုံးက မီးသေရသူ။ သူ့သဘောနှင့် အလုပ်သွင်းခွင့်၊ အလုပ်ထုတ်ခွင့်ရှိသူ။
   ဆေးရုံပိုင်ရှင် ချထားသည့် စည်းကမ်းများကို မလွန်ဆန်ဝံ့ယောင်ဆောင်ပြီး သူ့သဘောသူဆောင်ခဲ့တဲ့ သာဓကတစ်ခု။ မနေ့တစ်နေ့ကပဲ ဝန်ထမ်းများကြားမှာ တိုးတိုးကျိတ်ကျိတ် သတင်းဖြစ်ခဲ့ပြီ ဖြစ်သည်။
စည်းကမ်းအရ ငွေမရှင်းဘဲ ဆေးရုံမှ ဆင်းပြေးလျှင် ထိုလူနာက ငှားထားသည့် စပါယ်ရှယ်နာ့စ်က အဆူခံရမည်။ လွတ်သွားလျှင်တော့ လူနာဆေးကုခ ကုန်ကျစရိတ်ကို ထိုလူနာနေသွားသည့် အခန်းဘက်အခြမ်းမှ သူနာပြုဆရာမများနှင့် အလုပ်သမားများက ကိုယ်ရသည့်လစာအချိုးအလိုက် ဝေပုံကျ အဖြတ်ခံ၇မည်။
  သူမက ဆရာဝန်တွေ မန်နေဂျာတွေ ကျရော လျော်ရတဲ့အထဲ မပါဘူးလားလို့မေးတော့ မဲ့ပြုံးနှင့်ခေါင်းခါကြသည့် သူတို့အမူအရာကို နားမလည်နိုင်ခဲ့။ ဒီ့ထက်နားမလည်နိုင်တာက တကယ်ကြုံလာရတော့ သူမကိုယ်တိုင် လခထဲက အဖြတ်ခံရသည့်တိုင်အောင် ဆေးကောင်တာမှ စာရေးမငယ်ငယ်လေးကိုတော့ မန်နေဂျာကြီးက အလျော်အစားထဲက လွတ်စေလိုက်သည့်သတင်း။
"ကဲ ဒါဖြင့် ခင်ဗျား အသိမိတ်ဆွေတစ်ယောက်ယောက် ဒီမြို့မှာ မရှိဘူးလား။ သူအာမခံပေးနိုင်ရင် ခင်ဗျားတို့ကို ပေးပြန်မယ်။ ခင်ဗျား ကတိမတည်ရင် အာမခံတဲ့သူက အကြွေးဆပ်ရမှာနော်"
"အင်း... အသိဟုတ်လား"
    လူနာရှင်ယောက်ျားအသံက စိတ်ပျက်လေးတွဲ့လှသည်။ မြို့မှာလည်း အသိမိတ်ဆွေ ရှိပုံမရ။
"ရှင်တို့ ရက်စက်လှချည်လားဟင်၊ ကျွန်မ သားလေးသေတာတောင် ဘယ်လို သင်္ဂြိုဟ်ရမယ် မသိသေးဘူး။ ကျွန်မတို့ကို မကူညီတဲ့အပြင် အကျပ်ကိုင်နေသေးတယ်။ အမေလေးသားရဲ့၊ အမေ့ကိုပါ ခေါ်သွားပါသားရဲ့"
"ဟာဗျာ... သိပ်မအော်ပါနဲ့။ သူများ အိပ်ကောင်းချိန်ကြီးကို၊ အားနာဦးမှပေါ့"
    အရေးထဲ အလုပ်သမားတစ်ယောက်က ဝင်ဟောက်နေပြန်သေးသည်။ အစမှ အဆုံး ကြားနေရသော သူမနှလုံးသားက နာကျင်လှပါပြီ။ သမီးလေးကို လက်လွှတ်လိုက်ရတုန်းက သူမ ခံစားရသလိုမျိုး ဒီမိခင်ကလည်း ထပ်တူခံစားရပေလိမ့်မည်။ သူမကြောက်ရွံ့လှသော ပူဆွေးသောကများ၊ ထိုမိခင်ရင်မှာရော မည်မျှ ဗလောင်ဆူနေလိုက်မည်နည်း။
   သူမအခန်းထဲမှ အပြေးတစ်ပိုင်း ထွက်လာတော့ လူနာရှင်ကို ဝိုင်းကြည့်နေကြသော လူတချို့က တအံ့တသြလှည့်ကြည့်ကြ၏။ သူမကတော့ ဘယ်သူ့မှမမြင်။ ရင်သွေးငယ်ကို ပွေ့ထားသော မိခင်တစ်ယောက်ကိုသာ မြင်လေသည်။
"ကျွန်မအာမခံပါရစေ"
    တုန်ရင်သော နှုတ်ခမ်းအစုံမှ ထွက်လာသော သူမအသံမှာ ယုံကြည်ချက် အပြည့်ရှိသူတစ်ဦး၏ အသံမျိုး၊ မန်နေဂျာက မယုံကြည်နိုင်သလို မျက်လုံးပြူးပြီး ကြည့်နေသည်။
    သူမက အညတရ ဆင်းရဲသူမလေးပါ။ သူမက ဆေးရုံမှ သန့်ရှင်းရေး အလုပ်သမားငယ်လေးသာပါ။ သူမက ကွက်လပ်များစွာနှင့် မုဆိုးမတစ်ယောက်ပါ။
    သို့ပေမယ့်.... သူမ။
    သူမက တောင်ပံမဲ့သော်လည်း ပျံသန်းနိုင်ခဲ့ပြီ ဖြစ်လေသည်။

ဝေ(စီးပွားရေးတက္ကသိုလ်)
မဟေသီမဂ္ဂဇင်း ဧပြီ ၂၀၀၉
ခံစားသူအကြိုက် (ဥတ္တရလမင်း) ...၂၀၀၉

2 comments:

  1. Hello! You have an interesting website. It is nice to visit here.

    ReplyDelete
  2. ဖတ်ပြီး ရင်ထဲ မောကျန်ခဲ့ရတယ်...။
    စာနာစိတ်ဆိုတာမျိုးက လူတိုင်းမှာ ဘာကြောင့် မရှိတတ်ကြတာလဲ။ ဥစ္စာမပြည့်စုံပေမယ့် စာနာစိတ်၊ အကြင်နာတရားပြည့်စုံသူတွေ ရှိနေတတ်ကြတယ်နော်..။

    ReplyDelete