ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာ




ကလေးရေ...
ကမ္ဘာမြေကို အလည်မလာချင်နဲ့ဦး
မင်းရဲ့ကောင်းကင်ဘုံက ငြိမ်းချမ်းတယ်။

တို့ကမ္ဘာမှာ နေစရာ
မင်းအတွက်သေချာမှ ခေါ်ပါရစေ
ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာ...

အဲဒီအချိန်...
စာသင်ခန်းတွေ ကျောင်းသားအပြည့်
ရာဇ၀င်ဖြစ်တဲ့ စစ်ဆိုတာ
ဇစ်ဇစ်မြစ်မြစ် ဘယ်သူမှ နားမလည်နိုင်တော့ဘူး။

အဲဒီအချိန်...
လယ်ယာမြေတွေ ပျိုးပင်စိမ်းလို့
လုယူဖျက်သိမ်းမယ့်သူ မရှိ
ချိုးငှက်ကူသံက မိုးလုံးအနှံ့ တောတောင်ပျံ့လို့...

အဲဒီအချိန်...
မြစ်ချောင်းအားလုံးဟာ တည်တည်ငြိမ်ငြိမ်နဲ့
ပေါင်းစည်းအားကို သယ်ဆောင်
သူ့တောင်ပံကို ရွက်ကုန်ဖွင့်လို့ အတားအဆီးမရှိစီးဆင်းဆဲ...

အဲဒီအချိန်...
ဆေးရုံတွေမှာ ဆေးဝါးအစုံအလင်နဲ့
အချုပ်ထောင်တွေ ဟောင်းလောင်း
မတရားမှုဆိုတာဟာလည်း ပုံပြင်ထဲက ဇာတ်ကြောင်းတဲ့..

တကယ်တော့... အပေါင်းလက္ခဏာဆိုတာ
ပြောင်းလိုက်ဖို့သာ လိုတာပါ။
ဆုပ်ထားတဲ့လက်သီးကို ပြန်ဖြည်ချရုံ
မြှောက်ထားတဲ့လက်နက်တွေ ပြတိုက်ပို့ရုံ
တင်းထားတဲ့ နှုတ်ခမ်းတွေ ညံ့သက်လိုက်ရုံ
မွှေးထားတဲ့မီးတွေ ငြှိမ်းသတ်ပစ်ရုံ...

သူ့ဒေါသကို မှတ်နေစရာမလိုဘူး
ကိုယ့်ဒေါသကိုယ် အရင်သတ်
သူ့အပြစ်ကို ရှာကြံမကြည့်နဲ့
ကိုယ့်အပြစ်ကိုယ် အရင်သိ
သူ့စိတ်ကို ငြိုငြင်စရာမြင်ရင်
ကိုယ့်စိတ်ကိုယ် အရင်ပြင်
စိတ်သာငြိမ်းရင် အားလုံးငြိမ်းပြီမဟုတ်လား...

စစ်တကာ့စစ်ထဲမှာ အဇ္ဈတ္တစစ်ပွဲတွေ အရင်ရပ်ဖို့လိုတယ်

ကလေးရေ...
ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာ...


ဝေ (စီးပွားရေးတက္ကသိုလ်)
(ကမ္ဘာငြိမ်းချမ်းရေးနေ့အမှတ်တရ ရေးဖြစ်ခဲ့တဲ့ကဗျာလေး...)

3 comments:

  1. အစ်မရေ
    ကဗျာလေးကောင်းလွန်းလို့ တစ်ခါ လာဖတ်ပါတယ်။
    လက်တစ်ကမ်းက ငြိမ်းချမ်းရေးလေး အမြန်ဆုံးသီးပွင့်လာပါစေလို့ ဆုတောင်းမိပါတယ်။

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ညီမရေ...
      ရင်ထဲက ဆန္ဒလေးကို ရေးမိတာပါ...
      အားလုံးငြိမ်းချမ်းစေချင်ပါပြီ...

      Delete
  2. အဲဒီ ငြိမ်းချမ်းရေးက မြန်မာနိုင်ငံကို စိုပြေစိမ်းလန်းစေမှာမို့ မျှော်နေမိတယ်...

    ReplyDelete