စိတ်ငြိထုံး


   
    ခုတစ်လော ကိုယ့်ကိုလာငြိသည့် ကြိုးမဟုတ်သော်လည်း သူတို့အချင်းချင်းငြိနေသည့် ကြိုးတွေကို ဖြည်နေရတာနဲ့တင် စိတ်တွေ ကသိကအောက်ဖြစ်လှသည်။ ဒါမျိုးက အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) လုပ်ငန်းတစ်ခုခုမှာ ကိုယ်က အုပ်ချုပ်သူဖြစ်နေသည့်အခါ ကြုံရတတ်သော ကိစ်္စမျိုးမို့ ဆန်းတော့လည်းမဆန်းလှပါ။
    တစ်ယောက်နှင့်တစ်ယောက်ကြားက နစ်္စဓူဝလုပ်ဆောင်ချက်တွေ အတိုင်းဆိုလျှင်တော့ လုပ်ငန်းစီးဆင်းမှုက ပုံမှန် ချောမွတ်အောင် စီမံထားပြီးသားပါ။ တစ်နည်းပြောရရင် အောင်မြင်စွာလည်ပတ်လက်စ လုပ်ငန်းတစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ချက်ကြိုးတွေ ဟန်ချက်ညီညီရှိပြီးသားပဲ ဆိုပါစို့။
    စက်ယန်္တရားတွေမှာဆိုရင်တော့ အတိုင်အဖောက်ညီညီ လည်ပတ်နိုင်နေပြီဆိုရင် စက်ဆီလေး ပုံမှန်ထည့်၊ ကြံ့ခိုင်ရေးလေး ဂရုတစိုက်စောင့်ကြည့်စစ်ဆေး၊ လိုအပ်တာလေးတချို့ ညှိချိန်ပေးမည်ဆိုလို့ကတော့ ဒုက်္ခကြီးကြီးမားမား မပေးလှဘဲ သက်တမ်းကာလ ခံနိုင်သမျှ အဆင်ပြေပြေလည်ပတ်နေမည်ပါပဲ။
    သို့ပေမဲ့ ဒီဥပမာကတော့ စက်တွေကိုး။ သက်မဲ့တွေမို့ ခံစားချက်လည်း မရှိနိုင်ကြပေ။
    တကယ်တမ်း ခံစားမှုကိုယ်စီရှိကြသည့် သက်ရှိလူတွေမှာတော့ ပုံမှန်လည်ပတ်နေရာကနေ သူတို့၏စိတ်တွေက အခန့်မသင့်တိုင်း ကြိုးခဏခဏငြိချင်လေတော့၏။ စိတ်တွေတင်ငြိလို့ လုပ်ငန်းမထိခိုက်လျှင်တော့ ကိစ်္စမရှိလှသေးပါ။ ငြိကာစကြိုးတွေက ပုံမှန်လည်ပတ်မှုကို ထစ်ငေါ့စေလောက်အောင် အဖုအထုံးမကြီးတတ်သေး။ ခက်သည်က အဲသည်စိတ်ငြိထုံးကို သေးတုန်းမှာ မဖြည်နိုင်ခဲ့လျှင် တဖြေးဖြေးကြီးလာပြီဆိုသည်နှင့် လုပ်ငန်းလည်ပတ်မှုကို ထိခိုက်လာတတ်သည်ပါ။
    မတစ်ထောင်သားသမီးတွေ ဆိုသည်မှာလည်း စိတ်ရောင်စုံနှင့် စရိုက်ပေါင်းစုံမဟုတ်လား။ ကိုယ့်အလုပ်မှာကတော့ မတစ်ထောင်မဟုတ်ဘဲ မရှစ်ယောက်သားသမီးတင်ပါ။ သို့ပေမဲ့ လူနှစ်ယောက်ထဲတောင် ကာလကြာမြင့်အောင် သင့်တင့်ဖို့က လွယ်ကူလှသည်မဟုတ်။ နေ့နေ့ညည အတူအိပ်၊ အတူစား၊ အတူအလုပ်တွဲလုပ်ရသည့် လူရှစ်ယောက်၏ စိတ်ငြိထုံးတွေက ကာလရှည်ကြာလာသည်နှင့်အမျှ ဘယ်လောက်များ သပွတ်အူလိုက်နေမလဲဆိုတာ စဉ်းစားရင်းတောင် မွန်းကျပ်ရ၏။
    သည့်ပြင် မရှိတာထက် မသိတာခက် ဆိုသလို မရှိလို့ အလုပ်လာလုပ်နေရသူ ဘ၀တူချင်း၊ တစ်ယောက်နှင့်တစ်ယောက် စာနာရိုင်းပင်းရမည်ဆိုသော အသိတွေမရှိကြလို့ ပိုခက်နေရသည်သာ။
    အားလုံးထဲမှာ အခက်ဆုံးကတော့ သူများအပေါ်မှာ လွှမ်းမိုးချင်သည့်စိတ်ပါပဲ။ ကျွန်မ ပထမဦးဆုံးရင်ဆိုင်ရသည့် ပြဿနာကလည်း သည်ဟာပါပဲ။ ကျွန်မအလုပ်ထဲမှာ အားအကိုးရဆုံး၊ လုပ်သက်အရင့်ဆုံးတစ်ယောက်က အလုပ်ကိစ်္စမှာ တော်သလောက်၊ အလုပ်ရှင်အပေါ်မှာ သစ်္စာရှိသလောက်၊ သူတို့အချင်းချင်းကျတော့ လွှမ်းမိုးချင်စိတ် အလွန်များသူဖြစ်နေသည်။   
    ကျွန်မအလုပ်မှာ ကျန်သူတွေကလည်း သူ့ထက်ငယ်သူတွေဆိုပေမဲ့ သူတို့နေရာနှင့်သူတို့ အသုံးဝင်ကြသည့် သူတွေချည်းပါပဲ။ အလုပ်တစ်ခုမှာ ခေါင်းဆောင်လုပ်သူ တစ်ယောက်တည်း တော်နေရုံနှင့်လည်း မပြီးသေးပါ။
    သို့ပေမဲ့ သူကလည်း အလုပ်အပေါ်မှာ အလွန်သစ်္စာရှိပြီး တော်လည်းတော်၊ အလုပ်လည်း ဘာမဆို မငြီးမငြူလုပ်နိုင်တော့ အလုပ်ရှင်တွေအပေါ်မှာလည်း သူ့လွှမ်းမိုးမှုက အထိုက်အသင့်တော့ ရှိလာပါသည်။ အထူးသဖြင့် အလုပ်သမားရယ်လို့ သူ့ကိုယ်သူ နှိမ့်ချပြီးဖြစ်သလို ပြီးကပစ်မလုပ်တတ်သည့် သူ့စိတ်ဓာတ်ကလေးက သူ၏နေရာကို တောက်ပြောင်ခိုင်မြဲစေသော အရာဆိုတာ ကျွန်မ သတိထားမိပါ၏။ သည်အလုပ်ကို သူ့ကိုယ်ပိုင်အလုပ်လို တန်ဖိုးတထား ဂရုစိုက်တတ်သည့်စိတ်နှင့် လုပ်ငန်းတိုးတက်ရေးကို သူ့စီးပွားရေးလို အရေးတကြီး ကြပ်မတ်တတ်သည့်အကျင့်တွေကလည်း သူ့တန်ဖိုးတွေဖြစ်လာရသည်။
    သို့ပေမဲ့ ဖြစ်ချင်တော့ သူကြပ်မတ်ရသည့်ကိစ်္စတွေမှာ သူက အနေအထိုင်ပိပိပြားပြားနှင့် စည်းကမ်းလည်းရှိသူမို့ လိုက်နာဖို့မခဲယဉ်းသော်လည်း တခြားသူတွေအတွက်က အနေကျဉ်းကျပ်စေပါသည်။
    တစ်ခါတစ်ရံ ကျွန်မတို့မှာ ကိုယ်ကိုယ်တိုင်ထုတ်ထားသည့် စည်းကမ်းဆိုသော်လည်း ကလေးတွေ ဆိုးဆိုးရွားရွားမဟုတ်ဘဲ အနည်းအကျဉ်း ဖောက်ဖျက်တာလိုမျိုးကို မမြင်ချင်၊ မသိချင်ယောင်ဆောင်ပေးရသော အခါမျိုးလေးတွေ ရှိတတ်၏။
    ကျွန်မအလုပ်မှာ လာရောက်နေထိုင်ပြီး လုပ်ကိုင်သူတွေက အများအားဖြင့် ငယ်ရွယ်သူတွေ၊ ပညာအပြည့်အစုံ မသင်ခဲ့ရသူတွေ၊ မိဘ၏ဆိုဆုံးမမှု အပြည့်အ၀မရခဲ့သူတွေ၊ သူတို့ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ကိုယ်၌က စာရိတ်္တလွတ်နေသူတွေ၊ သည်လိုကလေးတွေ များသည်။ ပညာမတတ်သူတွေလည်း လုပ်နိုင်သည့်အလုပ်မျိုးမို့ ပညာမတတ်သူတွေ ရောက်လာတာ မဆန်းလှပေ။ ဆန်းနေသည်က သူတို့ကလေးတွေမှာ ပါလာသည့် အကျင့်စရိုက်ဆိုးတွေဖြစ်သည်။
    တစ်ခါတစ်ရံ ကိုယ့်လုပ်ငန်းနှင့် မည်သို့မျှအံမ၀င်ဘဲ ပြုပြင်ဖို့မလွယ်၊ အရိုးစွဲနေသည့် အကျင့်ဆိုးပါလာသူဆိုလျှင် အလုပ်ဝင်ပြီးမှ ပြန်လွှတ်ရသည်မျိုးပင် ကြုံခဲ့ရဖူး၏။ ကျွန်မတို့အလုပ်က အိမ်မှာအတူနေ၊ အတူစား၊ အိမ်မှာပင် ညသိပ်ရမည့်လူများမို့ အလုပ်မခန့်ခင်ကတည်းက လူတော့ နည်းနည်းရွေးရပါသည်။ စကတည်းက စင်းလုံးချောမရနိုင်တာ သိပြီးသားမို့ ပြင်ရန်လွယ်မည့် အပေါ်ယံအကျင့်ဆိုးလောက်ကိုတော့ ချေးများနေ၍မရပါ။ အရိုးစွဲနေသည့် အကျင့်ဆိုးမျိုးကိုသာ သတိထားရှောင်ရှားရသည့်အခါ ငြင်းပယ်ရသူတွေသည် အသက်ကြီးသူတွေသာ အများစုဖြစ်နေတတ်တော့သည်။
    သည်နေရာမှာ ကလေးတွေက ပိုပြီးပြင်ရလွယ်သည်မှာ ကျွန်မတို့အတွေ့အကြုံအရ သိလာရ၏။ သူတို့လေးတွေက တံငါနားနီး တံငါ ဆိုသလို အော်ဟစ်ဆဲဆိုတတ်ကြသည်ကား မှန်၏။ ကျွန်မတို့ဆီရောက်လာတော့ မည်သူမျှ ဆဲဆိုရင့်သီးသူတစ်ယောက်မှ မရှိသောအခါ သူတို့တွေလည်း အလိုလိုရှိန်ကာ တော်တန်ရုံ မဆဲရဲကြတော့။
    တစ်ခါတစ်ရံ အချင်းချင်းအခန့်မသင့်သည့်အခါ အကျင့်ဆိုးက ခေါင်းပြူလာပြီး ဆဲမိသည်နှင့် ကျွန်မတို့ကလည်း 
    “ မင်းကို အန်တီစိတ်ဆိုးရင် ဆဲသလား။ ဦးရော ဆဲတာမြင်ဖူးလား။ ဒီကလူတွေ အချင်းချင်းရော ဆဲဆိုနေကြတာ မြင်ဖူးလား။ မင်းကိုလည်း ဘယ်သူမှမဆဲသလို၊ မင်းကလည်း ဘယ်သူ့ကိုမှ မဆဲပါနဲ့။ ကိုယ်က အကျင့်စာရိတ်္တကောင်းကောင်းနဲ့ အနေမှန်ရင် မျက်လုံးနဲ့တစ်ချက် စိုက်ကြည့်ရင်တောင် ဆဲတာထက်နာတယ်။ မယုံရင်စမ်းကြည့်...” ဟု သူတို့ကို အမြဲဆုံးမရ၏။
    သည်လိုပြောပြီးလျှင်တော့ ကလေးတွေက အမှန်တကယ် ပြုပြင်လာကြသည်ကို တွေ့ရပါသည်။
    သို့ပေမဲ့ တစ်ခါက အသက်ခပ်ကြီးကြီးတစ်ယောက်ကို အလုပ်မှာခန့်မိတော့ သူက ကွမ်းစားချင်တာ တစ်မျိုး၊ ဆေးလိပ် ခိုးသောက်တတ်တာ တစ်မျိုး၊ လုပ်ဖော်ကိုင်ဖက် သူ့ထက်အငယ်တွေကို ပြန်ပြန်ခိုင်းနေတာက တစ်မျိုး၊ အဆဲအဆိုလေးက တစ်မျိုးနှင့်
    အင်မတန် ပြင်ရလည်းခက်လှသည်။
    ကျွန်မတို့က ပြောလိုက်ပြန်လျှင်လည်း အသက်က သူကပင်ကြီးနေသေးတော့ မနာခံချင်သလို အင်တင်တင်နှင့် ခေါင်းမညိတ်၊ ခေါင်းမခါ။ အလုပ်မှာ ချထားသည့် စည်းကမ်းများကိုလည်း ကျွန်မတို့က သူ့တစ်ယောက်တည်းကို ကွက်ပြီး လျှော့မပေးနိုင်။
    အဲသည်ကတည်းက နောက်ပိုင်းဆို အသက်ကြီးပြီး လူ့ကျင့်ဝတ်မလိုက်နာဘဲ ဘ၀တစ်လျှောက်လုံး နေချင်သလိုနေလာသည့်
သူမျိုးတွေကို အလုပ်မခန့်ဖြစ်တော့။ ကျွန်မအယူအဆက အလုပ်ခန့်ပြီးလျှင်လည်း ကိုယ်မကြိုက်တာနှင့် ထုတ်မပစ်ချင်ပါ။ တစ်စုံတစ်ယောက်ကို အလုပ်ထုတ်ပစ်ရသည့်ကိစ်္စမှာ အလွန်အားနာစရာကောင်းလှသည့်အပြင် သူ့စိတ်ဓာတ်ကို ချိုးနှိမ်ရာလည်း ရောက်သဖြင့် ကျွန်မ ဘယ်တော့မဆို မလုပ်ချင်ဆုံးအလုပ်သာ။
    သို့ကြောင့် ကျွန်မတို့အလုပ်ထဲမှာ လူငယ်ကလေးတွေသာ ပိုပြီးခန့်ဖြစ်ခဲ့တော့၏။
    သည်လို လူငယ်တွေကို ဦးဆောင်ရသည့် ကျွန်မတို့လက်ရုံးသဖွယ် စိတ်ချရသူက ကျွန်မတို့နှင့် မိသားစုသဖွယ် လုပ်သက် ရင့်လာသောအခါ...။ သူကိုယ်တိုင်ကလည်း အလုပ်ရှင်တစ်ပိုင်းလို ဖြစ်လာသောအခါ..။ လက်အောက်မှ ကလေးများနှင့် သူတို့၏စိတ်ငြိထုံးက ရှုပ်ထွေးပွေလီလာလေသောအခါ..။ သူမကြောင့် အလုပ်မှ ထွက်ခွာသူတွေ များလာသောအခါ...။
ထိုစိတ်ငြိထုံးကို ဖြေရှင်းနိုင်ရန် ကျွန်မ အလေးထား စဉ်းစားရတော့သည်။
    လက်တွေ့တွင်မူ တင်းမာသော သူမကို ပျော့ပျောင်းအောင်လုပ်ရသည်မှာ လွယ်တော့မလွယ်လှပါ။ ပထမဦးဆုံး သူမ၏ ကောင်းကွက်ကလေးတွေကို အရင်ချီးမွမ်းပေးပြီးမှ ပြုပြင်သင့်သည့်အချက်လေးတွေကို ထောက်ညွှန်ပြရ၏။
    ဟုတ်သည်လေ။ လူဆိုသည်က အကောင်းအဆိုး ဒွန်တွဲနေတတ်စမြဲ။ သည်အထဲကမှ ကောင်းသည့်ချီးမွမ်းသံသာ ခံယူလိုကြပြီး ကဲ့ရဲ့စကားကိုတော့ မကြားလိုသူချည်းသာ မဟုတ်လား။ သည်လို ကောင်းကွက်လေး အရင် အသိအမှတ်အပြုခံရ၍ စိတ်နှလုံး နူးညံ့လာချိန်မျိုးမှာမှ ပြုပြင်ဖို့အကြံပေးသည့် မကောင်းသောအချက်ကိုလည်း လက်ခံဖို့ အဆင်သင့်ဖြစ်ပေလိမ့်မည်။
    သည်လိုပင် တစ်ဖက်ကိုလည်း သူမ၏ သူတို့အပေါ် ကောင်းခဲ့သည့်အချက်များကို ပြန်ဖော်ထုတ်သတိရစေပြီးမှ သည်တစ်ခါ မကျေနပ်စရာအချက်လေးကိုဖြင့် ခွင့်မလွှတ်နိုင်စရာ မရှိကြောင်း ဖြေသိမ့်ရပြန်၏။
    သည်လိုနှင့် ငြိနေသည့်အထုံးပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ၊ စိတ်ရှုပ်ထွေးမှုများစွာကို ဖြေလျှော့နိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ချောမွေ့ရန် ကြိုးစားရင်း ကာလအတော်ကြာလာခဲ့ပါသည်။
                               xxxxxx
    တစ်ရက်သော် မိန်းကလေးဝန်ထမ်းထဲမှ လုပ်ရည်ကိုင်ရည်ရှိသော တစ်ယောက်က အိမ်ပြန်တော့မည်ဟု ပြောလာလေလျှင် ကျွမ်းကျင်ဝန်ထမ်း လူဟောင်းတွေကို တန်ဖိုးထားသော ကျွန်မအဖို့ အားယုတ်သလိုခံစားရတော့၏။
    သားသမီးတောင်မှ မိဘရင်ခွင်မှာ တစ်သက်လုံး ပိုက်ပွေ့ထား၍မရမှန်း ကျွန်မသိပါသည်။ သည့်ထက်ပိုပြီး ဒီလိုတစိမ်းတွေကို ကာလရှည်ကြာစွာ အတူလက်တွဲနေနိုင်စေဖို့ စည်းရုံးထားရန် ဘယ်လောက်ခက်ခဲသလဲဆိုတာကလည်း ကျွန်မအသိဆုံးပင်။
    ကြားထဲမှာ အချင်းချင်း ပြဿနာလေးတွေ ပေါင်းစုံ ဖြစ်ခဲ့ကြပေမဲ့ ကျွန်မကညှိနှိုင်းဆုံးမပေးပြီး ပြန်ပြေလည်ခဲ့ကြသည်သာ။   
    အထူးသဖြင့် “ ကိုယ့်မောင်နှမတွေထဲမှာလည်း ဒီလိုပဲ သဘောထား မတိုက်ဆိုင်သူတွေ ပါလာတတ်တာမို့ အချင်းချင်းခွင့်လွှတ်တတ်ဖို့...” ကိုသာ အဓိက တရားချရတာများ၏။
    ကျွန်မလည်း သူတို့လေးတွေ နားလည်အောင် တရားဟောရသည်မှာ တော်တော်လေး အာပေါက်ပါသည်။
    သို့ပေမဲ့ ဟောသလောက် စိတ်ဝင်တစား အားပေးနားထောင်လိုကြပြီး နားခံကြသည့်အတွက်တော့ အမောပြေရပြန်သည်။ ကလေးနှစ်ယောက် ရန်စောင်နေကြလို့ သူတို့နှစ်ယောက်ကို ဆုံးမစကားပြောလျှင် ကျန်လူတွေကပါ ၀ိုင်းလာကာ စိတ်လိုလက်ရ နားထောင်ချင်ကြသည်မှာ ကျွန်မထည့်ပြောပြတတ်သည့် ပုံတိုပတ်စများကြောင့်လားတော့ မသိပါ။ တစ်ခါတစ်လေတော့ သူတို့ ကလေးတွေကို သူတို့မိဘတွေက ဒီလို စိတ်ရှည်လက်ရှည် ဆိုဆုံးမမှုမျိုးပေးဖို့ အချိန်ရှိခဲ့ရှာမည်မဟုတ်ဟုလည်း သနားမိရသေး၏။
   သည်လိုပဲ အရင်ကလည်း တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုးကြတိုင်း၊ စောင်းကြမြောင်းကြတိုင်း၊ ပြန်မည်ဟု တကဲကဲ ပြောလာတိုင်း၊ သူတို့အချင်းချင်းကြား မုန်းစကိုတိုစေ၍ ချစ်စကိုရှည်စေရန် ကျွန်မ အမျိုးမျိုးကြိုးစားလာခဲ့တာ နှစ်တွေ ဒီလောက်ကြာလာခါမှ။ နောက်တစ်ခါ ဒီလို ထစ်ကနဲရှိ တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေတိုင်း ပြန်မည်ဟု မပြောအောင် ဆိုဆုံးမထားနိုင်ခဲ့ပါလျက်နှင့်...။ “ပြန်မည်” စကား မကြားရတာ အတော်ကြာခါမှ...။
   ခုတစ်ခါ ငြိရပြန်လေသော စိတ်ငြိထုံးက မည်သို့သောအကြောင်းအရာမို့နည်း ဟု စုံစမ်းလေသော်... မိန်းကလေးနှစ်ယေက်၏ အသည်းနှလုံးစစ်ပွဲ ဖြစ်နေလေတော့သည်။ ပြန်မည်ပြောသော မိန်းကလေးနှင့် ချစ်ကြိုက်နေသော အလုပ်ထဲမှ ကောင်ကလေးက အလုပ်ထဲမှပဲ သူ့ထက်အငယ် ကောင်မလေးကို စိတ်ပြောင်းလေသော ဇာတ်လမ်း။
    တစ်ခါတစ်ခါ ကျွန်မသည် ကိုယ့်ကိုကိုယ် အမေဘုတ်၏ချည်ခင်ကို ထိုင်ဖြည်နေရသူလို စိတ်ပျက်သနားလာမိတော့၏။
သို့ပေမဲ့ မတတ်နိုင်ပါ။ အကြောင်းရှိလို့ဖြင့် အကျိုးကပေါ်ခဲ့ပြီ။ သည်ဘ၀မှာ ပညာပြည့်စုံအောင်မသင်ခဲ့ရ၍ သံသရာခရီးတစ်လျှောက် ဝေးဝေးကို လှမ်းမျှော်နိုင်စွမ်းနည်းသူကို မြော်မြင်နိုင်သူက ဖေးမကာခေါ်ဆောင်ရမည်သာ။ ကျွန်မ ခေါင်းရှောင်၍မနေနိုင်ပြန်ပါ။
    ပထမဦးဆုံး “တကယ်ပင် သည်းမခံနိုင်လောက်အောင် ခံစားနေရပါက ပြန်ချင်ပြန်ပါ..”ဟု ကျွန်မက အရင်ခွင့်ပေးလိုက်ပါသည်။
    ပြီးမှ သူ့ကိစ်္စကို ဖြစ်ကြောင်းကုန်စင် ပြောပြခိုင်းကာ သူ့စိတ်ကြိုက်ပြောသမျှ စိတ်ရှည်ရှည် နားထောင်ပေးရပါ၏။
သူ ကျေနပ်အောင် ပြောပြီးသွားကာမှ “ အန်တီပြောတာကိုလည်း ပြန်နားထောင်ပေးပြီး သေချာစဉ်းစားပါ..” ဟု ဆိုကာ ပထမဆုံး ကျွန်မ သူ့ကို ဘယ်လောက် တန်ဖိုးထားအားကိုးကြောင်း၊ တဒင်္ဂစိတ်ခံစားမှုကို ရှေ့တန်းမတင်ရန်၊ စိတ်ခံစားမှု အလှုပ်ရှား အပြင်းထန်ဆုံးအချိန်မှာ ဆုံးဖြတ်သည့် အဆုံးအဖြတ်များသည် အလွန်ပင်မှားတတ်ကြောင်း။
    အရာရာသည် အကြောင်းအကျိုး ဆက်စပ်ပြီးသာဖြစ်ကြသည်မို့ အတိတ်အတိတ်ဘ၀တွေက ကိုယ်မသိမမြင်နိုင်သည့် အကြောင်းတရားများကိုလည်း ဆင်ခြင်ရမှာဖြစ်ကြောင်း။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို ကိုယ့်ဝဋ်ကြွေး ကိုယ်ဆပ်ရသည်ချည်းသာမို့ သူများကို အပြစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကို မြင်တတ်ဖို့သာလိုကြောင်း။
    တကယ်တော့ ကျွန်မကလေးတွေကို ကျွန်မ တန်ဖိုးတထားချစ်ခင်လို့သာ အာပေါက်အောင် တရားဟောနေရခြင်းပါ။
      လူဦးရေနှင့် အလုပ်ခွင်ကောင်း မမျှသော ကျွန်မတို့နိုင်ငံမှာ အလုပ်လိုချင်သည့်သူတွေက မကြာခဏရောက်လာကာ အလုပ်တောင်းတတ်သည်ကို သူတို့လည်း အမြင်သားပင်။ သို့ပေမဲ့ ကျွန်မက နှစ်ရှည်လများ အတူနေလာသည့် သူတို့လေးတွေကို အလုပ်သမားလို့သဘောမထားရက်။ ဘ၀အဆက်ဆက်က တော်စပ်ခဲ့သော ကိုယ့်ဆွေမျိုးဥာတိတွေလို့သာ မြင်တတ်ခဲ့၏။
   သို့ကြောင့်လည်း သူတို့လေးတွေတင်သာမက သူတို့၏ မိဘမောင်ဘွားကအစ လိုအပ်သမျှ ငွေကြေး၊ ဆေးဝါးအလယ်၊ လူမှုကိစ်္စလေးတွေအဆုံး နိုင်သလောက် ကူညီစောင့်ရှောက်ခဲ့ပါ၏။
   အပြန်အလှန်ကျေးဇူးတရားတွေကို ထောက်ချင့်၍လည်း သူတို့လေးတွေ လိမ်္မာလို့၊ သူတို့လေးတွေ တော်ကြလို့၊ သူတို့လေးတွေ ကိုယ့်အပေါ်သိတတ်တာကအစ ကြည်နူးပီတိဖြစ်ရသည်မို့ အမှန်တကယ်လည်း တစ်ယောက်ကိုမျှ သည်အစုအဖွဲ့အိမ်သားများထဲမှ ထွက်မသွားစေလိုပါ။ လူအသစ် ဘယ်လောက်ထပ်ထည့်လို့ရရ၊ အဟောင်း၏တန်ဖိုးကို မျက်ကွယ်မပြုနိုင်ပါ။
   ထို့အတူ ကျွန်မတို့၏ စေတနာ၊မေတ်္တာကိုလည်း သူတို့တွေက သေသေချာချာ နားလည်သဘောပေါက်ကြ၏။ မေတ်္တာ ဆိုသည် ကလည်း ကြီးမားကျယ်ပြန့်သည့် အပြန်အလှန်သဘောရှိပေရာ ကျွန်မတို့အပေါ် သူတို့၏တွယ်တာသိတတ်မှုကလည်း အလုပ်သဘော အရ မဟုတ်ဘဲ စိတ်ရင်းစေတနာ အမှန်အတိုင်းဖြစ်ခဲ့သည်မှာ သူတို့၏ လုပ်သက်အချိန်ကာလတွေကပဲ သက်သေဖြစ်နေခဲ့ပြီလေ။
   သည်တော့ ဒီတစ်ခါ ပြဿနာကိုလည်း နောက်တစ်ပတ်လောက် အချိန်ဆိုင်းရန်၊ ကျွန်မတို့အလုပ်အတွက်လည်း ထည့်စဉ်းစားပြီး အချိန်ယူကာ အဖက်ဖက်ကချင့်ချိန်ပြီး ဆုံးဖြတ်ရန်၊ နှစ်သိမ့်ရ၏။ အမှန်တကယ်က သူ့ခံစားချက်တွေကို စိတ်ရှိလက်ရှိ သူပြောချင်သမျှ ကျွန်မကိုပြောပြရပြီးကတည်းက သူ့စိတ်က တစ်ဝက်လျော့နေခဲ့ပါပြီ။ ဒါကိုသိလို့လည်း သူရင်ဖွင့်သမျှ ကျွန်မ နားထောင်ပေးခဲ့ခြင်းပေါ့။ ကျွန်မက သူ့ကို တန်ဖိုးထားကြောင်း၊ လုပ်ဖော်ကိုင်ဖက်များကလည်း ခင်တွယ်ကြောင်း ပြောပြချိန်မှာတော့ သူအားငယ်ခဲ့ရသမျှကလည်း ဖြေသိမ့်စရာရကာ ကျေနပ်နေခဲ့ပြီ။ ကျွန်မက အကြောင်းအကျိုးဆက်စပ်ပြီး ဖြစ်သင့်တာတွေ ချင့်တွက်ပြတာကိုလည်း သူ သေသေချာချာ နားထောင်နေခဲ့၏။ ကျွန်မ စကားဆုံးတော့ သူ့စိတ်ကပြောင်းနေလေပြီ။ သို့ပေမဲ့ ကျွန်မက ချက်ချင်း ဆုံးဖြတ်ချက်ကိုမပြင်ခိုင်းပါ။ အချိန်ယူကာ ထပ်စဉ်းစားစေလိုက်ပါသည်။
   သေချာပါ၏။ သူ ကျွန်မတို့ကို ခွဲမသွားနိုင်ပါ။ ကျွန်မတို့က ငွေကြေးတစ်ခုတည်းဖြင့် ဆက်သွယ်ထားသော ဆက်ဆံရေးမဟုတ်။ နှလုံးသားချင်းပါ ရင်းနှီးတွယ်ငင်သည်မို့ သည်မျှနှင့် မပြတ်တောက်နိုင်ဘူးဆိုတာ ကျွန်မ သိနေခဲ့ပါသည်။
                               xxxxxx
   ခု နောက်ပိုင်းမှာတော့ ကျွန်မတို့၏ သံသရာဆွေမျိုး ရှစ်ယောက်အုပ်စုကလေးသည် အချင်းချင်း အပေးအယူမျှကာ စိတ်ဆိုးလည်း ခဏသာ၊ ပြောကြဆိုကြနှင့် ပြီးတော့လည်း ပြီးပြီးပျောက်ပျောက် ငြိမ်းချမ်းရေးရနေကြ၏။
   ညတိုင်းလည်း အလုပ်သိမ်းလျှင် အက်ဖ်အမ်မှလာသော တရားတော်ကို စုဝေးနာယူကြကာ၊ တရားနာပြီးလျှင် ကျွန်မ၀ယ်ပေးထားသော ကိုရီးယားခွေတွေကြည့်ကြ၏။ တစ်ခါတရံ ရုပ်သံတွေမှလာသော ဇာတ်လမ်းတွဲတွေကို ကြည့်ကြ၏။ ယောကျာ်းလေးတွေကဂိမ်းဆော့၊ အမ်ပီဖိုးလေးကလိ၊ မိန်းကလေးတွေက မဂ်္ဂဇင်းဂျာနယ်ဖတ်သူဖတ်နှင့်၊ သာသာယာယာရှိနေပါသည်။
   တစ်နေ့တစ်နေ့ ကိုယ့်စိတ်ကြိုက် စာဖတ်၊ ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်ခြင်းတွေသာ ပြောင်းသွားမည်။ ညစဉ်ဝတ်မပျက် တရားနာခြင်းကတော့ ဘယ်တော့မှ အပြတ်မခံကြ။ သူတို့လေးတွေ၏ အကျင့်ကောင်းကို ကျွန်မမှာ သာဓု အကြိမ်ကြိမ်ခေါ်မိရ၏။
   အမှန်တော့ အက်ဖ်အမ်နားထောင်ဖို့ ကက်ဆက်ဆစ်လုံး၊ ခွေကြည့်ဖို့ တီဗွီ၊အောက်စက်တစ်စုံ ပေးထားရုံနှင့်တော့ သည်လို ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု မထင်ပါနှင့်။
   ဟိုးအရင့်အရင် နှစ်တွေကတည်းက အလုပ်ပိတ်ရက် သင်္ကြန်နေ့များတိုင်း ကျွန်မတို့က ဒုလ်္လဘ ကိုရင်စည်းချင်သူ ကောင်လေးတွေ၊ သီလရှင်ဝတ်ချင်သူ မိန်းကလေးတွေကို ဘုန်းကြီးကျောင်း အပို့အကြိုကအစ၊ သင်္ကန်းပရိက်္ခရာ၊ ညနေအချိုရည်ဘူးက အဆုံး၊ အစစအရာရာ တာဝန်ယူကုသိုလ်ပြုပေးခဲ့၏။ တရားစခန်းပါတွဲဖွင့်ထားသည့် ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့သည်မို့ သူတို့အားလုံး ၀ိပဿနာတရားပါ တစ်ပါတည်း အားထုတ်ဖူးခဲ့ကြသူများချည်းသာ။
   ကျွန်မတို့မိသားစုကလည်း အိမ်မှာ တရားခွေတွေဖွင့်ပြီး တရားနာနေကျ၊ ဥပုသ်သီတင်းဆောက်တည်နေကျ၊ ငါးပါးသီလကို အစဉ်မြဲအောင် ကြိုးစားစောင့်ထိန်းနေကျဆိုတော့ ကလေးတွေကိုလည်း ကျွန်မက အတင်းအကြပ် စေခိုင်းတာမျိုးမဟုတ်ဘဲ သူတို့ဖာသာသူတို့ တရားနာကျင့်ကို ပြုလုပ်လာကြခြင်းသာ။
   သည်တော့ စိတ်တွေက အရင်ကထက် ပိုပြီး ငြိမ်းချမ်းလာကာ၊ တစ်ဦးနှင့်တစ်ဦးလည်း တော်တန်ရုံ စိတ်မဆိုးကြတော့။ ရန်ဖြစ်လည်း ခဏတဖြုတ်နှင့် ပြေအေးလွယ်လာ၏။
   သေခြင်းတရားက အချိန်မရွေး ကိုယ့်အတွက် ရောက်လာနိုင်တာ၊ မေတ်္တာတရားသည်သာ အကောင်းဆုံးအဆောင်ဆိုတာ၊ ဖြစ်ပြီးသမျှ ပျက်ရသည်ချည်းဆိုတာ၊ ဆရာတော်တွေကလည်း ညစဉ်ဟောပြောညွှန်ကြားနေလေပြီ။
   အမှန်တော့ အဟောချည်းသက်သက် နာကြားရုံနှင့်တော့ စိတ်ငြိထုံးက မပြေနိုင်ပါ။ ကိုယ်တိုင် လိုက်နာကျင့်ကြံနိုင်မှသာ အနာနှင့်ဆေး၊ ကွက်တိဖြစ်ပြီး စိတ်ငြိထုံးများလည်း ဒက်ထိ ပြေရတော့သည်သာ။
                               xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
ကလျာမဂ္ဂဇင်း ( March, 2014)




5 comments:

  1. အမှန်ပါပဲ.. အမဝေရေ.. မေတ္တာတရားဆိုတာကလည်း လူ့ဘောင်မှာ ထိပ်ဆုံးက အရေးကြီးဆုံးအရာတစ်ခုပါ.. ထားလည်းထားတတ် ကိုယ်တိုင်လည်း ကျင့်ကြံတတ်မှ အေးချမ်းရတာမျိုး.. ကိုယ်တိုင်က လူအများစုကို အုပ်ချုပ်နေရသူမဟုတ်ပေမယ့် အမဝေရဲ့ခံစားချက်ကို နားလည်မိပါတယ်..

    ReplyDelete
  2. စီမံခန့်ခွဲအုပ်ချုပ်သူတို့ ကြုံတွေ့လေ့ရှိတဲ့ ခံစားချက်လေးတွေပေါ့ ဝေရေ....
    ကြိုးတကာ့ကြိုးထဲမှာ ဖြည်ဘို့ခက်တဲ့ စိတ်ငြိထုံးလေး ဖတ်သွားတယ်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  3. လူဆိုသည်က အကောင်းအဆိုး ဒွန်တွဲနေတတ်စမြဲ။ သည်အထဲကမှ ကောင်းသည့်ချီးမွမ်းသံသာ ခံယူလိုကြပြီး ကဲ့ရဲ့စကားကိုတော့ မကြားလိုသူချည်းသာ မဟုတ်လား။ သည်လို ကောင်းကွက်လေး အရင် အသိအမှတ်အပြုခံရ၍ စိတ်နှလုံး နူးညံ့လာချိန်မျိုးမှာမှ ပြုပြင်ဖို့အကြံပေးသည့် မကောင်းသောအချက်ကိုလည်း လက်ခံဖို့ အဆင်သင့်ဖြစ်ပေလိမ့်မည်။ အရမ်းနှစ်သက်မိပါတယ် မမ ။

    ခိုင်လေး ( ရွှေတောင် )

    ReplyDelete
  4. ကြိုးလေးတွေက မိသားစုအချင်းချင်းမှာတောင် ပတ်ငြိနေကြသေးတယ် မမဝေရေ..။ အများနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့။ အလျော့အတင်းနဲ့ စာနာစိတ်လေးနဲ့ သွားကြရတာပဲနော်...။ “အဟောချည်းသက်သက် နာကြားရုံနှင့်တော့ စိတ်ငြိထုံးက မပြေနိုင်ပါ။ ကိုယ်တိုင် လိုက်နာကျင့်ကြံနိုင်မှသာ အနာနှင့်ဆေး၊ ကွက်တိဖြစ်ပြီး စိတ်ငြိထုံးများလည်း ဒက်ထိ ပြေရတော့သည်သာ” တဲ့။ အဆုံးသတ်က အထိမိဆုံးပါပဲ။

    ReplyDelete
  5. ကြိုးအားလုံးထဲမှာ ဖြတ်ရအခက်ဆုံးကြိုးတစ်ချောင်း...။
    မြို့တော်ထဲမှာ ပထမဆုံး အမရဲ့ အိမ်တော်လေးကို လာရင်း... အသိတွေလည်း ရသွားခဲ့ပါတယ်။

    ချစ်ခင်လေးစားစွာဖြင့်
    ဂျွန်မိုး

    ReplyDelete