ပုခက်လွှဲတဲ့လက်အစုံဟာ ကမ္ဘာကို အုပ်စိုးနိုင်သတဲ့။
လောလောဆယ် ကျွန်မဟာ ပုခက်လွှဲတဲ့လက်ပိုင်ရှင် ဖြစ်သလို နောက်ထပ် ကမ္ဘာကိုအုပ်စိုးနိုင်မယ့် လက်တစ်စုံကိုလည်း
လောကကြီးအတွက် လက်ဆောင်ပေးထားခဲ့နိုင်ပါပြီ။
တိုက်တိုက်ဆိုင်ဆိုင် မေမေနဲ့ကျွန်မ အသက်သုံးဆယ်ကွာသလို သမီးနဲ့ကျွန်မကလည်း အသက်သုံးဆယ်ကျော် ကွာပါတယ်။
ဒီတော့ ကျွန်မတို့ မျိုးဆက်သုံးဆက်က နှစ်သုံးဆယ်စီကွာတယ်ပေါ့။
ကျွန်မတို့သားအမိမှာ မေမေက ကျွန်မထက် ပိုတော်ပါတယ်။
ဥာဏ်ပညာရော၊ လုံ့လ၀ီရိယရော၊ လုပ်ရည်ကိုင်ရည်ရော၊ စိတ်စေတနာမှာပါ ကျွန်မက အမေ့ကို တစ်ခုမှမမီခဲ့ပါဘူး။
မေမေက ဆရာဝန်ဆိုတော့ ဆရာဝန်တစ်ယောက်ရဲ့ စေတနာနှလုံးသား၊
ဂရုဏာစိတ်ထား၊ အကြင်နာခွန်အားတွေကို ကလေးဘ၀ကတည်းက ကျွန်မ
လေးစားအားကျခဲ့ရတာပါ။
ဒါပေမဲ့ ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်မလာခဲ့ပါဘူး။
ဒီနေရာမှာ ဆရာဝန်ဖြစ်မှ ဥာဏ်ပညာကြီးတာ၊ အဖိုးတန်တာလို့ ကျွန်မ ဆိုလိုတာမဟုတ်ဘူးနော်။
ကျွန်မကိုယ်တိုင် ရည်သန်ခဲ့တဲ့၊ အားကျခဲ့တဲ့၊ လက်ပွန်းတတီးရှိခဲ့တဲ့ ကျွန်မဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက်ဘ၀ကို
ဖြစ်အောင်မလုပ်နိုင်တဲ့ ကျွန်မကိုယ်ကျွန်မ ညံ့တယ်လို့ ၀န်ခံချင်ရုံသက်သက်ပါ။
လုံလောက်တဲ့ လုံ့လ၀ီရိယ မရှိဘဲနဲ့တော့ လောလောဆယ် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်အမှတ်စာရင်းမှာ
အမြင့်ဆုံးဖြစ်နေတဲ့ ဆေးတက်္ကသိုလ်ကို ၀င်ဖို့ ဘယ်လွယ်ပါ့မလဲလေ။
ကဲ...ဆရာဝန် မဖြစ်တော့ပါဘူးတဲ့။ ဘ၀ရပ်တည်ရေးအတွက် ဘာအလုပ်လုပ်မလဲ။
တကယ်ဖြစ်ချင်ခဲ့တာ ဆရာဝန်။ မဖြစ်တော့လည်း ကျွန်မ ဈေးရောင်းတာပေါ့။
တကယ်ကိုင်ချင်ခဲ့တာက ဆေးထိုးအပ်။ ကိုင်ခွင့်မရှိတော့လည်း ကလောင်စွဲမှာပေါ့။
ကျွန်မ ကလေးဘ၀ကတည်းက ဆေးထိုးအပ်တွေနဲ့ ဖော့တုံးတွေ၊ အရုပ်တွေကို ဆေးထိုးတမ်းကစားခဲ့သလို၊
ကိုယ်တိုင်ဇာတ်လမ်းထွင်ထားတဲ့ ပုံပြင်တွေနဲ့ မောင်လေးတွေကို ပုံပြောတမ်းကစားခဲ့ပါတယ်။
မှတ်မှတ်ရရ ကျွန်မလေးတန်းနှစ်၊ အသက်ကိုးနှစ်ကျော်ကျော်မှာ
ဝေးလံခေါင်သီတဲ့ ကချင်ပြည်နယ်က မြို့သေးသေးလေးကို မိဘတွေ အလုပ်တာဝန်နဲ့
ရွှေ့ပြောင်းရာမှာ ကျွန်မတို့မောင်နှမတတွေလည်း လိုက်သွားခဲ့ရတယ်။
အဲဒီအရပ်မှာက အရင်မြို့မှာလို ဖတ်နေကျ ရွှေသွေးတို့၊ တေဇတို့၊ မိုးသောက်ပန်းတို့ ၀ယ်မရပါဘူး။
ပုံပြင်စာအုပ်ဆိုတာလည်း ဝေလာဝေး။ စာကြည့်တိုက်လေးရှိပေမယ့် လူကြီးစာပေတွေကလည်း လက်လှမ်းမမီသေးတဲ့
အရွယ်ဆိုတော့ ကျွန်မတို့ စာသိတ်ငတ်ခဲ့တယ်။
ဒါပေမယ့် အဲလို ကလေးအတွက်စာအုပ် ရှားပါးခဲ့လို့လည်း အဲဒီအရွယ်မှာပဲ ကျွန်မ ဆရာသိန်းဖေမြင့်ရဲ့ ပုလဲဧကရီဝတ္ထုကို
စဖတ်မိတာပါ။
ကျွန်မကမှ ကလေးစာပေမရှိလည်း ရှိတဲ့ဝတ်္တုတွေ
မမီမကမ်းဖတ်လို့ရသေးတယ်။ ကျွန်မမောင်ကလေးက သူငယ်တန်းကျောင်းသားဆိုတော့
ဖတ်စရာမရှိရှာပါဘူး။ လူကြီးတွေပြောပြတဲ့ ပုံပြင်တွေကလည်း ကြာတော့
ဒါတွေချည်းပဲ ထပ်လာပါပြီ။ သူက စိတ်မ၀င်စားတော့ဘူး။ အသစ်ကို တောင်းဆိုလာပြီ။
ကျွန်မကိုယ်တိုင်လည်း ဖတ်စရာသိတ်မရှိတော့ ပြောစရာလည်း သိတ်မရှိသလို စိတ်ကလည်း ဆာလာတာပေါ့။
အဲဒီတော့ ကျွန်မက အတွေးနယ်ချဲ့ပါတော့တယ်။
စိတ်ကူးထဲမှာ ကိုယ်တိုင်ဇာတ်လိုက်ဖြစ်ချင် ဖြစ်နေတယ်။
ဓားသိုင်းတွေဘာတွေ သဘောကျတဲ့ အရွယ်ဆိုတော့ ကျွန်မက မိန်းမသူရဲကောင်း
သိုင်းသမားပေါ့။ လူဆိုးတွေကို တိုက်ထုတ်တယ်။ လူကောင်းတွေကို ကယ်တင်မယ်။
ကျွန်မက စိတ်ကူးတည့်ရာ ပုံပြင်လေးတွေ ဖန်တီးပြီး စိတ်ကူးဥာဏ်ကွန့်မြူးသလောက် မောင်လေးကို လျှောက်ပြောပြပါတယ်။
သူကလည်း ကျွန်မရဲ့သူရဲကောင်းပုံပြင်တွေကို သိတ်သဘောကျတာပေါ့။
ဒါပေမယ့် သူက ပုံပြင်ပြီးသွားလို့ သူကျေနပ်အားရသွားပြီဆိုရင် ကျွန်မကို မေးတတ်တာက အဲဒါ ဘယ်စာအုပ်ထဲက ပုံပြင်လဲ။
ဘယ်သူပြောပြတာလဲ..တဲ့။ ကျွန်မက ငါ ကိုယ်တိုင် စိတ်ကူးယဉ်ထားတဲ့ ပုံပြင်လို့ပြောတော့ သူမယုံဘူး။
နောက်ပိုင်းတော့ ကျွန်မရဲ့ ကိုယ်တိုင်ပြော ပုံပြင်တွေကို ခဏခဏ တောင်းဆိုခံရတော့တာပဲ။
ဆိုလိုတာက စာရေးဝါသနာဟာ ငယ်ကတည်းက လက်နဲ့မရေးဖြစ်သေးခင် အဲလို
စိတ်ကူးနဲ့ ပါးစပ်ပြော ပြောပြီး နှုတ်ရေး ရေးခဲ့မိတယ်ဆိုတာပါ။ ဒါဆိုရင်
ငယ်ဘ၀ကတည်းက ၀ါသနာနဲ့ ဗီဇက ပြတော့ပြနေပြီပေါ့။
ဒီလိုနဲ့ ဈေးလေးချောက်ချီးချောက်ချက်ရောင်းပြီး
စာလေးမတောက်တခေါက် ရေးရာမှာလည်း ကျွန်မက အမေ့လောက် လောကအကျိုးကို
သယ်ပိုးနိုင်တယ်လို့ မထင်မိသေးပါဘူး။ ကျွန်မ တာဝန်မကျေသေးပါဘူး။
မေမေက အခု အသက်ခုနစ်ဆယ်ကျော်ပါပြီ။ တော်ရုံဖျားနာတာလောက်ကို
ဆေးသောက်ပြီး အသွားအလာမပျက်၊ ကဂျီကဂျောင်မကျဘဲ တစ်နေကုန် တလှုပ်လှုပ်နဲ့
သူ့ဝတ်္တရားတွေကို သူ ဆောင်ရွက်နေနိုင်တုန်း။
ကျွန်မက အသက်လေးဆယ်ကျော်။ သွားလေးကိုက်ရင်တောင် အမေ့ကိုတမ်းတပြီး ဖုန်းဆက်ချင်သေးတယ်။
ခုနစ်ဆယ်ကျော်အမေ နှစ်ရက်လောက်ဖျားလိုက်တာကို တစ်လမ်းကျော်က သမီးက
နေပြန်ကောင်းလို့ သုံးလေးရက်ကြာမှ သိရတယ်။ သမီးသွားကိုက်နေရင် အမေက
ဖုန်းဆက်ပြီး သတိတရမေးနိုင်တယ်။ နေမကောင်းဘူးကြားရင် ချက်ချင်း
အိမ်ရောက်လာတတ်တယ်။ ဆရာဝန်ပီပီ ဆေးထိုးမလား၊ ဆေးသောက်မလား၊ သူက
ညွှန်ကြားဖို့အဆင်သင့်...။
ကဲ.. မိသားစုအပေါ်မှာလည်း အရည်အသွေးတွေ ဘယ်လောက်ကွာလိုက်သလဲ။
ခု.. ကျွန်မအမေ ပင်စင်ယူပြီးတာ ကြာပါပြီ။ ကိုယ်ပိုင်ဆေးခန်းလေးလည်း လူနာကျဲသွားပြီ။
အိုပြီးကိုး။ “ သမားဆို အိုမှ ” ဆိုပေမယ့် ခုခေတ်က အထူးကုဆရာဝန်တောင်မှ နိုင်ငံခြားကယူလာတဲ့ ဘွဲ့တွေနဲ့မှ အထင်ကြီးချင်ကြတာလေ။
ဒါပေမယ့် မေမေက သူ့စေတနာကို အဆက်ပြတ်မခံပါဘူး။ ဆေးရုံမှာ
မကုရတော့ဘူး။ လူနာက သူ့ဆေးခန်းကိုလည်း သိတ်မလာတော့ဘူးဆိုတော့ သူက
လူနာရှိရာကို သွားပါတော့တယ်။
ကျွန်မတို့မြို့ကလေးရဲ့ ပရဟိတ ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ မနက်တိုင်း စေတနာ့ဝန်ထမ်းအဖြစ် ကုသိုလ်သွားလုပ်တာပါ။
မရှိဆင်းရဲတဲ့ လူနာတွေကို သူတတ်ထားတဲ့ပညာနဲ့ သက်သာပျောက်ကင်းအောင် ဒီအသက်အရွယ်ထိ စေတနာကောင်းနိုင်တုန်းပဲ။
အဲဒီဆေးခန်းမှာ မေမေ လုပ်ဖြစ်သွားပုံက ကျွန်မတို့ရဲ့ ကုသိုလ်ရေးလေးနဲ့ ဆက်စပ်နေခဲ့ပါတယ်။
တစ်ရက်... ကျွန်မတို့စုံတွဲ မနက်စောစော လမ်းလျှောက်ထွက်ကြတော့
ဘုရားကြီးကိုသွားတဲ့လမ်းထိပ်မှာ ပီတိဆေးခန်း (ပရဟိတဆေးခန်းလေး)အတွက်
လှူဒါန်းထားတဲ့ တစ်နေ့တာ ဆေးဖိုးကုန်ကျငွေတန်ဖိုးရယ်၊
အလှူရှင်နာမည်တွေရယ်ကို ရေးပြီးချိတ်ထားတဲ့ ကြော်ငြာလေးကို သွားတွေ့ပါတယ်။
နောက်ရက်တွေမှာ အဲဒီနေရာကိုရောက်တိုင်း ကျွန်မက အလှူရှင်တွေကို
မော့မော့ဖတ်ပြီး သာဓုလည်းခေါ်ရင်း စိတ်ထဲမှာလည်း ကိုယ်တိုင်လှူချင်စိတ်က
တစ်နေ့ထက်တစ်နေ့ ရင့်သန်လာပါတယ်။
မကွယ်မ၀ှက်တမ်းပြောရရင် အဲဒီအချိန်က ကျွန်မတို့လက်ထဲမှာ ဘတ်ဂျတ်အင်အားက သိတ်မတောင့်တင်းပါဘူး။
ဒါပေမယ့် နေ့တိုင်း ကြည့်မိတိုင်း တိုးတိုးလာတဲ့ သဒ်္ဒါတရားက ကျွန်မကိုတခြားနေရာတွေမှာ ခြိုးခြံလိုက်ပြီး ကုသိုလ်ရေးမှာ
စိတ်ပိုပါစေဖို့ တွန်းအားပေးခဲ့ပါတယ်။
တစ်နေ့မှာ... ကျွန်မတို့အလှူကလေး ဖြစ်မြောက်သွားတော့ ကျွန်မက
မိဘတွေကိုလည်း သာဓုခေါ်နိုင်အောင် သွားပြောရင်း
နိဗ်္ဗာန်ဆော်ပါလုပ်လိုက်ပါလေရော။
ဒီလိုပဲ ကုသိုလ်ဖြစ်ဆေးခန်းလေးရှိကြောင်း၊ အလှူငွေလေး
သွားလှူလာခဲ့ကြောင်း၊ ငွေအင်အားမတောင့်တင်းလို့ စိတ်တိုင်းကျ
မလှူနိုင်ခဲ့ကြောင်း၊ ကျွန်မ ဆရာဝန်မဖြစ်ခဲ့တာ ဒီတစ်ခါတော့
တော်တော်စိတ်မကောင်း ဖြစ်မိကြောင်း၊ ဆရာဝန်သာဖြစ်ရင် ပီတိဆေးခန်းလေးမှာ
လုပ်အားအလှူသွားပေးချင်လှကြောင်း...။ စိတ်အားထက်သန်စွာနဲ့ ပြောမိပါတယ်။
နောက် မကြာမီမှာပဲ ပီတိဆေးခန်းလေးကို ဖေဖေနဲ့မေမေလည်း ငွေသွားလှူကြတယ်။ လှူလာပြီး မကြာခင်တော့ မေမေက
အဲဒီဆေးခန်းလေးမှာ ကုသိုလ်ဖြစ် ဆေးသွားကုပေးမယ်လို့ပြောပါတယ်။ ဖေဖေကလည်း အိမ်ကဆေးခန်းမှာ သူ့တနိုင်လေး ကုသိုလ်ဖြစ် ဆေးကုပေးနေတာကိုး။
ကျွန်မလေ ၀မ်းသာလိုက်တာဆိုတာ...။ မေမေ့ကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ပြီး ချီးကျူးစကားတွေ ပြောမိပါတယ်။
ပုခက်လွှဲတဲ့လက်တစ်စုံက အသက်သာကြီးသွားတာ။ ကမ်္ဘာလောကကြီးအတွက် ခုထိအသုံးဝင်နေတုန်းပဲလေ။
မေမေ့ကိုအားကျပေမယ့် ဆရာဝန်မဟုတ်တဲ့ ကျွန်မကရော လောကကြီးအတွက် ဘာတွေများ လုပ်ပေးနိုင်မလဲ။
ဆရာဝန်မိဘနှစ်ပါးက သူတို့သမီးကို ဆရာဝန်ဖြစ်စေချင်ခဲ့တာ သဘာဝကျပါတယ်။
အကြောင်းကြောင်းကြောင့် ကျွန်မက ဆရာဝန်ဖြစ်အောင်
မလုပ်နိုင်ခဲ့ပေမယ့် မဂ်္ဂဇင်းစာမျက်နှာထက်မှာ စာလေးတွေ ပါလာတော့
ဖေဖေနဲ့မေမေက “ စာရေးဆရာမလေး ဖြစ်သွားလို့ တော်သေးတာပေါ့...” လို့
သူတို့သမီးအတွက် ဂုဏ်ယူကျေနပ်ခဲ့ရှာသား။
ဒါပေမယ့် ကျွန်မလက်ထဲရောက်လာတဲ့ ကလောင်တစ်ချောင်းနဲ့
ကျွန်မပတ်ဝန်းကျင်၊ ကျွန်မနေထိုင်ရာ ကမ်္ဘာမြေကို ကျွန်မ ဘာတွေ
ပေးဆပ်ပြီးပြီလဲ၊ တွေးကြည့်တော့.. ကျွန်မ ကိုယ့်ကိုယ်ကို
အားမလိုအားမရစိတ်တွေနဲ့ သိမ်ငယ်မိပါတယ်။
ကျွန်မ မေမေ့လောက် တာဝန်မကျေသေးပါဘူး။ ကျွန်မ မေမေ့လောက် စိတ်ရောကိုယ်ပါ မပေးဆပ်နိုင်သေးတာ သေချာပါတယ်။
မျိုးဆက်တစ်ဆက်မှာ နောက်လူက ရှေ့လူထက်တော်မှ သူ့ပတ်ဝန်းကျင် တိုးတက်မှာမဟုတ်လား။
အဲလိုပဲ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း နောက်ခေါင်းဆောင်က
ရှေ့ကခေါင်းဆောင်ထက် ညံ့ဖျင်းရင် အဲဒီလူ့အဖွဲ့အစည်း တဖြည်းဖြည်းနဲ့
ဆုတ်ယုတ်လာမှာပေါ့။
ဒါကြောင့်လည်း ကျွန်မက ကျွန်မအမေလောက် မတော်သလို ကျွန်မတို့ မျိုးဆက်မှာ အမေလောက်မတော်တဲ့ သမီးတွေ
ဘယ်လောက်များခဲ့ပြီလဲ။ အဖေလောက်မတော်တဲ့ သားတွေ ဘယ်လောက်များခဲ့ပြီလဲ။
လူ့အဖွဲ့အစည်းကြီးရော ဘယ်လောက် တိုးတက်ခဲ့ပြီလဲ။ ဒါမှမဟုတ်
ဆုတ်ယုတ်သွားပြီလဲ။ ဒါမှမဟုတ် ရပ်တန့်နေသလား။ စဉ်းစားစရာပါ။
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ နောက်လူတွေက ရှေ့လူတွေထက် ပိုတော်ဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။
နောက်တစ်ခုက တော်နေရုံနဲ့ မပြီးသေးပါဘူး။ တော်သလောက်လုပ်ပြနိုင်အောင် အခွင့်အရေးတွေရှိဖို့လည်း အရေးတကြီး လိုအပ်ပါသေးတယ်။
တော်တော့ တော်ရှာပါရဲ့။ အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့၊
အသုံးချနိုင်ဖို့ လမ်းတွေမရှိရင်၊ အခွင့်အရေးတွေ ပိတ်ဆို့ထားခဲ့ရင်
ဒီလူ့အဖွဲ့အစည်းတစ်ခုဟာ လုံးပါးပါးလာမှာပါ။ နောက်ကို ဆုတ်ဆုတ်သွားမှာပါ။
ဒါကြောင့်လည်း ကျွန်မသမီးဟာ ကျွန်မထက်ညံ့လို့ လုံးဝမဖြစ်ပါဘူး။ ကျွန်မထက်ကို သူ တော်ရမှာပါ။
သူ တော်ခွင့်ကိုလည်း ကျွန်မက ပေးရမှာပါ။
သူ ဘယ်လိုတော်နိုင်မလဲ။ သူ့အရည်အချင်းတွေ ဘယ်လိုဆိုရင် ပေါ်လွင်လာမလဲ။ ကျွန်မ စဉ်းစားပါတယ်။
သူ့ကို ကျွန်မ ဆရာဝန်လုပ်ခိုင်းရင် သူ တော်မလား။
မသေချာပါဘူး။
သမီးက စာတော်ပေမယ့် သူ ဘာဝါသနာပါသလဲ။ သူ ဘာကို စိတ်ဝင်စားမလဲဆိုတာက ပိုအရေးကြီးမယ်လို့ ကျွန်မထင်ပါတယ်။
စာတော်တိုင်း ဆရာဝန်လုပ်ရမလား။
ကျွန်မက ဆရာဝန်လုပ်ချင်ရက်နဲ့ မလုပ်ခဲ့ရတာ ကျွန်မညံ့လို့ပါ။ သူ့ကို ဆရာဝန်မလုပ်ချင်ဘဲ ဆရာဝန် အတင်းလုပ်ခိုင်းခဲ့ရင်ရော...။
ဒါဆိုလည်း ကျွန်မပဲ ညံ့ရာရောက်သွားဦးမယ် ထင်ပါရဲ့။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဥာဏ်ကောင်းပြီးထက်မြက်တဲ့ ကလေးတချို့၊
မိဘတွေရဲ့ ရှေးရိုးစွဲစိတ်နဲ့ ရွေးချယ်မှုအမှားတွေကြောင့်
လမ်းပျောက်နေရတာတွေ မြင်တွေ့နေရပါတယ်။ ကလေးတစ်ယောက်ဆို ပင်ကိုဥာဏ်ရည်
ထက်မြက်တာရယ်၊ မိဘပံ့ပိုးမှု အားကောင်းတာရယ်ကြောင့် ဂုဏ်ထူးတွေအများကြီးနဲ့
တက်္ကသိုလ်ဝင်တန်း(ဆယ်တန်း)ကို အောင်ခဲ့တယ်။
ဒါပေမယ့် သူက အစောကတည်းက သူ ဆရာဝန်အလုပ်ကို ၀ါသနာမပါကြောင်း၊
မိဘတွေတွန်းအားကြောင့်သာ ကြိုးစားနေရ ပေမယ့် ဂုဏ်ထူးတွေထွက်ခဲ့ရင်တောင် သူ
ဝါသနာပါတဲ့ လိုင်းကိုသာ သင်ယူခွင့်ပေးဖို့ မိဘတွေနဲ့ သဘောတူညီချက်
ယူထားခဲ့သတဲ့။
တကယ်တမ်း ကလေးက တက်္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါမှာတော့
မိဘအသိုင်းအ၀ိုင်းက ဂုဏ်ထူးတွေအများကြီး ထွက်ထားတာ နှမြောစရာ.. ဆိုပြီး
ဇွတ်အတင်း ချော့မော့လို့ ဆရာဝန်လိုင်းသာ လျှောက်စေခဲ့ပါလေရော။ လက်တွေ့မှာ
ဆေးကျောင်းသားဆိုတဲ့ ဂုဏ်ကို လွယ်လွယ်နဲ့လက်လွတ်မခံချင်ကြတာပါ။
အချိန်တန်တော့ ကလေးက ပထမနှစ်မှာတင် စာမေးပွဲကျပါတယ်။
တလိမ့်လိမ့်နဲ့ ပြန်ဖြေပြီး ဒုတိယနှစ်ရောက်ပြန်တော့ ထပ်ကျပြန်တယ်။ ဒီလိုနဲ့
ဖြေလိုက်၊ ကျလိုက်၊ ပြန်ဖြေလိုက်၊ ထပ်ကျလိုက်နဲ့ နောက်ဆုံးတော့
အချိန်သာကုန်သွားတယ်။ သူနဲ့ရွယ်တူ သူငယ်ချင်းတွေက ဘွဲ့ရသွားတဲ့အချိန်မှာ
သူက ဆေးကျောင်းကနေ အပြီးအပိုင် ထွက်လိုက်ရပါတော့တယ်။
ဒီလို မရိုးမစွဲ အဖြစ်မျိုးတွေက ပတ်ဝန်းကျင်မှာ အများကြီးပါ။ ဒါတွေကို မြင်နေကြားနေရသမျှ သင်ခန်းစာယူတတ်ရမယ်ပေါ့။
ကျွန်မမေမေက သူ့သမီး ဆရာဝန်မဖြစ်တော့ သူ့မြေးကို ဆရာဝန်
သိတ်ဖြစ်စေချင်တာပါ။ သူ့မြေးဆရာဝန်မကြီးဖြစ်အောင်
ထိန်းကျောင်းကြပ်မတ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိသတဲ့။
ကျွန်မငယ်ငယ်က စာတော်ရက်နဲ့ ဆရာဝန်မဖြစ်ခဲ့တာကို မိဘတွေက
ခုအရွယ်ထိ နှမြောလို့မဆုံးသေးဘူး။ ပြောလို့မဆုံးသေးဘူး။ အဲလိုပြောတိုင်း
ကျွန်မမှာ မေမေ့ကို ရာဇ၀င်ကြွေးဆပ်စရာ ကျန်နေသေးသလိုပဲ ခံစားရတယ်။
ကျွန်မကတော့ သမီးလေးဆရာဝန်ဖြစ်ဖို့ထက် ကျွန်မထက်တော်ဖို့က ပိုအရေးကြီးသလားလို့ ထင်မိတယ်လေ။
အမှတ်အမြင့်ဆုံးလိုင်းကို ရဖို့ထက် အကောင်းဆုံးအရည်အချင်းကို ပြနိုင်ဖို့အခွင့်အရေးက ပိုအရေးကြီးတာမဟုတ်လား။
နောက်လူတွေ ရှေ့လူထက်တော်မှ ကျွန်မတို့နိုင်ငံ တိုးတက်မှာမဟုတ်လား။
သူ့ကို ပုံစံခွက်ထဲသွတ်သွင်းလိုက်ရင် သူ့အရည်အချင်းတွေက ပုံစံတူကိုယ်ပွားတွေပဲ ဖြစ်လာမှာပေါ့။
အမေထက်တော်တဲ့သမီး၊ အဘွားထက်တော်တဲ့မြေး ဖြစ်ဖို့ဆိုတာ သူ့အရည်အချင်းကိုပြနိုင်မယ့် လွတ်လပ်ခွင့်မလိုဘူးလား။
သူ တော်ကြောင်းပြနိုင်ဖို့ သူ့ကိုယ်ပိုင် ရွေးချယ်မှုကို ကျွန်မလစ်လျူရှုလို့တော့ ဖြစ်မယ်မထင်ပါ။
သူ လျှောက်ရမယ့်လမ်းမှာ သူဝါသနာပါရာကို ရွေးချယ်ခွင့်ပေးမှ သူ့အရည်အသွေးက လင်းလက်လာမှာ။
လူဆိုတာက ကိုယ်ဝါသနာပါရာ၊ ယုံကြည်ရာကိစ်္စကိုမှ စိတ်ရောကိုယ်ပါ အားထုတ်ချင်ကြတာလေ။
ဒါကြောင့်မို့ မျိုးဆက်သစ်တွေကို ယုံကြည်ရာလုပ်နိုင်ဖို့
လွတ်လပ်ခွင့်ပေးသင့်ရင် ပေးရမယ်။ လမ်းဖွင့်ပေးရမယ်လို့ ကျွန်မထင်ပါတယ်။
ဒါမှလည်း အမေထက်တော်တဲ့ သမီးတွေကနေ၊ လက်ရှိအဆင့်အတန်းထက်
ပိုမြင့်တဲ့ မျိုးဆက်၊ လက်ရှိအဖွဲ့အစည်းထက် ပိုခိုင်မာတဲ့လူ့ဘောင်၊
ယနေ့အခြေအနေထက် ပိုတိုးတက်တဲ့နိုင်ငံတော်အထိ စွမ်းဆောင်မြှင့်တင်လာနိုင်မယ်
မဟုတ်လား။
ဒီတော့ ကျွန်မက ရာဇ၀င်ကြွေးထဲမှာ မပိတ်မိစေဘဲ သမီးလေး
ဘာဝါသနာပါမလဲ၊ သူ့အရည်အချင်းကို ဘယ်လို အကောင်းဆုံး ဖော်ထုတ်နိုင်မလဲ..
ဆိုတာ စောင့်ကြည့်ပြီး ခွင့်ပြုလိုက်လျော တည့်မတ်ပေးနိုင်ဖို့က
ပိုအရေးကြီးနေပါပြီ။
ဒါမှသာ ကျွန်မရဲ့ မျိုးဆက်သစ်သမိုင်း စာမျက်နှာကို အသစ်ဖွင့်နိုင်မယ် မဟုတ်ပါလားရှင်။
xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
January, 2013 ... ရနံ့သစ်မဂ္ဂဇင်း
No comments:
Post a Comment