စိတ်ငြိထုံး
ခုတစ်လော ကိုယ့်ကိုလာငြိသည့် ကြိုးမဟုတ်သော်လည်း သူတို့အချင်းချင်းငြိနေသည့် ကြိုးတွေကို ဖြည်နေရတာနဲ့တင် စိတ်တွေ ကသိကအောက်ဖြစ်လှသည်။ ဒါမျိုးက အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) လုပ်ငန်းတစ်ခုခုမှာ ကိုယ်က အုပ်ချုပ်သူဖြစ်နေသည့်အခါ ကြုံရတတ်သော ကိစ်္စမျိုးမို့ ဆန်းတော့လည်းမဆန်းလှပါ။
တစ်ယောက်နှင့်တစ်ယောက်ကြားက နစ်္စဓူဝလုပ်ဆောင်ချက်တွေ အတိုင်းဆိုလျှင်တော့ လုပ်ငန်းစီးဆင်းမှုက ပုံမှန် ချောမွတ်အောင် စီမံထားပြီးသားပါ။ တစ်နည်းပြောရရင် အောင်မြင်စွာလည်ပတ်လက်စ လုပ်ငန်းတစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ချက်ကြိုးတွေ ဟန်ချက်ညီညီရှိပြီးသားပဲ ဆိုပါစို့။
စက်ယန်္တရားတွေမှာဆိုရင်တော့ အတိုင်အဖောက်ညီညီ လည်ပတ်နိုင်နေပြီဆိုရင် စက်ဆီလေး ပုံမှန်ထည့်၊ ကြံ့ခိုင်ရေးလေး ဂရုတစိုက်စောင့်ကြည့်စစ်ဆေး၊ လိုအပ်တာလေးတချို့ ညှိချိန်ပေးမည်ဆိုလို့ကတော့ ဒုက်္ခကြီးကြီးမားမား မပေးလှဘဲ သက်တမ်းကာလ ခံနိုင်သမျှ အဆင်ပြေပြေလည်ပတ်နေမည်ပါပဲ။
သို့ပေမဲ့ ဒီဥပမာကတော့ စက်တွေကိုး။ သက်မဲ့တွေမို့ ခံစားချက်လည်း မရှိနိုင်ကြပေ။
တကယ်တမ်း ခံစားမှုကိုယ်စီရှိကြသည့် သက်ရှိလူတွေမှာတော့ ပုံမှန်လည်ပတ်နေရာကနေ သူတို့၏စိတ်တွေက အခန့်မသင့်တိုင်း ကြိုးခဏခဏငြိချင်လေတော့၏။ စိတ်တွေတင်ငြိလို့ လုပ်ငန်းမထိခိုက်လျှင်တော့ ကိစ်္စမရှိလှသေးပါ။ ငြိကာစကြိုးတွေက ပုံမှန်လည်ပတ်မှုကို ထစ်ငေါ့စေလောက်အောင် အဖုအထုံးမကြီးတတ်သေး။ ခက်သည်က အဲသည်စိတ်ငြိထုံးကို သေးတုန်းမှာ မဖြည်နိုင်ခဲ့လျှင် တဖြေးဖြေးကြီးလာပြီဆိုသည်နှင့် လုပ်ငန်းလည်ပတ်မှုကို ထိခိုက်လာတတ်သည်ပါ။
မတစ်ထောင်သားသမီးတွေ ဆိုသည်မှာလည်း စိတ်ရောင်စုံနှင့် စရိုက်ပေါင်းစုံမဟုတ်လား။ ကိုယ့်အလုပ်မှာကတော့ မတစ်ထောင်မဟုတ်ဘဲ မရှစ်ယောက်သားသမီးတင်ပါ။ သို့ပေမဲ့ လူနှစ်ယောက်ထဲတောင် ကာလကြာမြင့်အောင် သင့်တင့်ဖို့က လွယ်ကူလှသည်မဟုတ်။ နေ့နေ့ညည အတူအိပ်၊ အတူစား၊ အတူအလုပ်တွဲလုပ်ရသည့် လူရှစ်ယောက်၏ စိတ်ငြိထုံးတွေက ကာလရှည်ကြာလာသည်နှင့်အမျှ ဘယ်လောက်များ သပွတ်အူလိုက်နေမလဲဆိုတာ စဉ်းစားရင်းတောင် မွန်းကျပ်ရ၏။
သည့်ပြင် မရှိတာထက် မသိတာခက် ဆိုသလို မရှိလို့ အလုပ်လာလုပ်နေရသူ ဘ၀တူချင်း၊ တစ်ယောက်နှင့်တစ်ယောက် စာနာရိုင်းပင်းရမည်ဆိုသော အသိတွေမရှိကြလို့ ပိုခက်နေရသည်သာ။
အားလုံးထဲမှာ အခက်ဆုံးကတော့ သူများအပေါ်မှာ လွှမ်းမိုးချင်သည့်စိတ်ပါပဲ။ ကျွန်မ ပထမဦးဆုံးရင်ဆိုင်ရသည့် ပြဿနာကလည်း သည်ဟာပါပဲ။ ကျွန်မအလုပ်ထဲမှာ အားအကိုးရဆုံး၊ လုပ်သက်အရင့်ဆုံးတစ်ယောက်က အလုပ်ကိစ်္စမှာ တော်သလောက်၊ အလုပ်ရှင်အပေါ်မှာ သစ်္စာရှိသလောက်၊ သူတို့အချင်းချင်းကျတော့ လွှမ်းမိုးချင်စိတ် အလွန်များသူဖြစ်နေသည်။
ကျွန်မအလုပ်မှာ ကျန်သူတွေကလည်း သူ့ထက်ငယ်သူတွေဆိုပေမဲ့ သူတို့နေရာနှင့်သူတို့ အသုံးဝင်ကြသည့် သူတွေချည်းပါပဲ။ အလုပ်တစ်ခုမှာ ခေါင်းဆောင်လုပ်သူ တစ်ယောက်တည်း တော်နေရုံနှင့်လည်း မပြီးသေးပါ။
သို့ပေမဲ့ သူကလည်း အလုပ်အပေါ်မှာ အလွန်သစ်္စာရှိပြီး တော်လည်းတော်၊ အလုပ်လည်း ဘာမဆို မငြီးမငြူလုပ်နိုင်တော့ အလုပ်ရှင်တွေအပေါ်မှာလည်း သူ့လွှမ်းမိုးမှုက အထိုက်အသင့်တော့ ရှိလာပါသည်။ အထူးသဖြင့် အလုပ်သမားရယ်လို့ သူ့ကိုယ်သူ နှိမ့်ချပြီးဖြစ်သလို ပြီးကပစ်မလုပ်တတ်သည့် သူ့စိတ်ဓာတ်ကလေးက သူ၏နေရာကို တောက်ပြောင်ခိုင်မြဲစေသော အရာဆိုတာ ကျွန်မ သတိထားမိပါ၏။ သည်အလုပ်ကို သူ့ကိုယ်ပိုင်အလုပ်လို တန်ဖိုးတထား ဂရုစိုက်တတ်သည့်စိတ်နှင့် လုပ်ငန်းတိုးတက်ရေးကို သူ့စီးပွားရေးလို အရေးတကြီး ကြပ်မတ်တတ်သည့်အကျင့်တွေကလည်း သူ့တန်ဖိုးတွေဖြစ်လာရသည်။
သို့ပေမဲ့ ဖြစ်ချင်တော့ သူကြပ်မတ်ရသည့်ကိစ်္စတွေမှာ သူက အနေအထိုင်ပိပိပြားပြားနှင့် စည်းကမ်းလည်းရှိသူမို့ လိုက်နာဖို့မခဲယဉ်းသော်လည်း တခြားသူတွေအတွက်က အနေကျဉ်းကျပ်စေပါသည်။
တစ်ခါတစ်ရံ ကျွန်မတို့မှာ ကိုယ်ကိုယ်တိုင်ထုတ်ထားသည့် စည်းကမ်းဆိုသော်လည်း ကလေးတွေ ဆိုးဆိုးရွားရွားမဟုတ်ဘဲ အနည်းအကျဉ်း ဖောက်ဖျက်တာလိုမျိုးကို မမြင်ချင်၊ မသိချင်ယောင်ဆောင်ပေးရသော အခါမျိုးလေးတွေ ရှိတတ်၏။
ကျွန်မအလုပ်မှာ လာရောက်နေထိုင်ပြီး လုပ်ကိုင်သူတွေက အများအားဖြင့် ငယ်ရွယ်သူတွေ၊ ပညာအပြည့်အစုံ မသင်ခဲ့ရသူတွေ၊ မိဘ၏ဆိုဆုံးမမှု အပြည့်အ၀မရခဲ့သူတွေ၊ သူတို့ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ကိုယ်၌က စာရိတ်္တလွတ်နေသူတွေ၊ သည်လိုကလေးတွေ များသည်။ ပညာမတတ်သူတွေလည်း လုပ်နိုင်သည့်အလုပ်မျိုးမို့ ပညာမတတ်သူတွေ ရောက်လာတာ မဆန်းလှပေ။ ဆန်းနေသည်က သူတို့ကလေးတွေမှာ ပါလာသည့် အကျင့်စရိုက်ဆိုးတွေဖြစ်သည်။
တစ်ခါတစ်ရံ ကိုယ့်လုပ်ငန်းနှင့် မည်သို့မျှအံမ၀င်ဘဲ ပြုပြင်ဖို့မလွယ်၊ အရိုးစွဲနေသည့် အကျင့်ဆိုးပါလာသူဆိုလျှင် အလုပ်ဝင်ပြီးမှ ပြန်လွှတ်ရသည်မျိုးပင် ကြုံခဲ့ရဖူး၏။ ကျွန်မတို့အလုပ်က အိမ်မှာအတူနေ၊ အတူစား၊ အိမ်မှာပင် ညသိပ်ရမည့်လူများမို့ အလုပ်မခန့်ခင်ကတည်းက လူတော့ နည်းနည်းရွေးရပါသည်။ စကတည်းက စင်းလုံးချောမရနိုင်တာ သိပြီးသားမို့ ပြင်ရန်လွယ်မည့် အပေါ်ယံအကျင့်ဆိုးလောက်ကိုတော့ ချေးများနေ၍မရပါ။ အရိုးစွဲနေသည့် အကျင့်ဆိုးမျိုးကိုသာ သတိထားရှောင်ရှားရသည့်အခါ ငြင်းပယ်ရသူတွေသည် အသက်ကြီးသူတွေသာ အများစုဖြစ်နေတတ်တော့သည်။
သည်နေရာမှာ ကလေးတွေက ပိုပြီးပြင်ရလွယ်သည်မှာ ကျွန်မတို့အတွေ့အကြုံအရ သိလာရ၏။ သူတို့လေးတွေက တံငါနားနီး တံငါ ဆိုသလို အော်ဟစ်ဆဲဆိုတတ်ကြသည်ကား မှန်၏။ ကျွန်မတို့ဆီရောက်လာတော့ မည်သူမျှ ဆဲဆိုရင့်သီးသူတစ်ယောက်မှ မရှိသောအခါ သူတို့တွေလည်း အလိုလိုရှိန်ကာ တော်တန်ရုံ မဆဲရဲကြတော့။
တစ်ခါတစ်ရံ အချင်းချင်းအခန့်မသင့်သည့်အခါ အကျင့်ဆိုးက ခေါင်းပြူလာပြီး ဆဲမိသည်နှင့် ကျွန်မတို့ကလည်း
“ မင်းကို အန်တီစိတ်ဆိုးရင် ဆဲသလား။ ဦးရော ဆဲတာမြင်ဖူးလား။ ဒီကလူတွေ အချင်းချင်းရော ဆဲဆိုနေကြတာ မြင်ဖူးလား။ မင်းကိုလည်း ဘယ်သူမှမဆဲသလို၊ မင်းကလည်း ဘယ်သူ့ကိုမှ မဆဲပါနဲ့။ ကိုယ်က အကျင့်စာရိတ်္တကောင်းကောင်းနဲ့ အနေမှန်ရင် မျက်လုံးနဲ့တစ်ချက် စိုက်ကြည့်ရင်တောင် ဆဲတာထက်နာတယ်။ မယုံရင်စမ်းကြည့်...” ဟု သူတို့ကို အမြဲဆုံးမရ၏။
သည်လိုပြောပြီးလျှင်တော့ ကလေးတွေက အမှန်တကယ် ပြုပြင်လာကြသည်ကို တွေ့ရပါသည်။
သို့ပေမဲ့ တစ်ခါက အသက်ခပ်ကြီးကြီးတစ်ယောက်ကို အလုပ်မှာခန့်မိတော့ သူက ကွမ်းစားချင်တာ တစ်မျိုး၊ ဆေးလိပ် ခိုးသောက်တတ်တာ တစ်မျိုး၊ လုပ်ဖော်ကိုင်ဖက် သူ့ထက်အငယ်တွေကို ပြန်ပြန်ခိုင်းနေတာက တစ်မျိုး၊ အဆဲအဆိုလေးက တစ်မျိုးနှင့်
အင်မတန် ပြင်ရလည်းခက်လှသည်။
ကျွန်မတို့က ပြောလိုက်ပြန်လျှင်လည်း အသက်က သူကပင်ကြီးနေသေးတော့ မနာခံချင်သလို အင်တင်တင်နှင့် ခေါင်းမညိတ်၊ ခေါင်းမခါ။ အလုပ်မှာ ချထားသည့် စည်းကမ်းများကိုလည်း ကျွန်မတို့က သူ့တစ်ယောက်တည်းကို ကွက်ပြီး လျှော့မပေးနိုင်။
အဲသည်ကတည်းက နောက်ပိုင်းဆို အသက်ကြီးပြီး လူ့ကျင့်ဝတ်မလိုက်နာဘဲ ဘ၀တစ်လျှောက်လုံး နေချင်သလိုနေလာသည့်
သူမျိုးတွေကို အလုပ်မခန့်ဖြစ်တော့။ ကျွန်မအယူအဆက အလုပ်ခန့်ပြီးလျှင်လည်း ကိုယ်မကြိုက်တာနှင့် ထုတ်မပစ်ချင်ပါ။ တစ်စုံတစ်ယောက်ကို အလုပ်ထုတ်ပစ်ရသည့်ကိစ်္စမှာ အလွန်အားနာစရာကောင်းလှသည့်အပြင် သူ့စိတ်ဓာတ်ကို ချိုးနှိမ်ရာလည်း ရောက်သဖြင့် ကျွန်မ ဘယ်တော့မဆို မလုပ်ချင်ဆုံးအလုပ်သာ။
သို့ကြောင့် ကျွန်မတို့အလုပ်ထဲမှာ လူငယ်ကလေးတွေသာ ပိုပြီးခန့်ဖြစ်ခဲ့တော့၏။
သည်လို လူငယ်တွေကို ဦးဆောင်ရသည့် ကျွန်မတို့လက်ရုံးသဖွယ် စိတ်ချရသူက ကျွန်မတို့နှင့် မိသားစုသဖွယ် လုပ်သက် ရင့်လာသောအခါ...။ သူကိုယ်တိုင်ကလည်း အလုပ်ရှင်တစ်ပိုင်းလို ဖြစ်လာသောအခါ..။ လက်အောက်မှ ကလေးများနှင့် သူတို့၏စိတ်ငြိထုံးက ရှုပ်ထွေးပွေလီလာလေသောအခါ..။ သူမကြောင့် အလုပ်မှ ထွက်ခွာသူတွေ များလာသောအခါ...။
ထိုစိတ်ငြိထုံးကို ဖြေရှင်းနိုင်ရန် ကျွန်မ အလေးထား စဉ်းစားရတော့သည်။
လက်တွေ့တွင်မူ တင်းမာသော သူမကို ပျော့ပျောင်းအောင်လုပ်ရသည်မှာ လွယ်တော့မလွယ်လှပါ။ ပထမဦးဆုံး သူမ၏ ကောင်းကွက်ကလေးတွေကို အရင်ချီးမွမ်းပေးပြီးမှ ပြုပြင်သင့်သည့်အချက်လေးတွေကို ထောက်ညွှန်ပြရ၏။
ဟုတ်သည်လေ။ လူဆိုသည်က အကောင်းအဆိုး ဒွန်တွဲနေတတ်စမြဲ။ သည်အထဲကမှ ကောင်းသည့်ချီးမွမ်းသံသာ ခံယူလိုကြပြီး ကဲ့ရဲ့စကားကိုတော့ မကြားလိုသူချည်းသာ မဟုတ်လား။ သည်လို ကောင်းကွက်လေး အရင် အသိအမှတ်အပြုခံရ၍ စိတ်နှလုံး နူးညံ့လာချိန်မျိုးမှာမှ ပြုပြင်ဖို့အကြံပေးသည့် မကောင်းသောအချက်ကိုလည်း လက်ခံဖို့ အဆင်သင့်ဖြစ်ပေလိမ့်မည်။
သည်လိုပင် တစ်ဖက်ကိုလည်း သူမ၏ သူတို့အပေါ် ကောင်းခဲ့သည့်အချက်များကို ပြန်ဖော်ထုတ်သတိရစေပြီးမှ သည်တစ်ခါ မကျေနပ်စရာအချက်လေးကိုဖြင့် ခွင့်မလွှတ်နိုင်စရာ မရှိကြောင်း ဖြေသိမ့်ရပြန်၏။
သည်လိုနှင့် ငြိနေသည့်အထုံးပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ၊ စိတ်ရှုပ်ထွေးမှုများစွာကို ဖြေလျှော့နိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ချောမွေ့ရန် ကြိုးစားရင်း ကာလအတော်ကြာလာခဲ့ပါသည်။
xxxxxx
တစ်ရက်သော် မိန်းကလေးဝန်ထမ်းထဲမှ လုပ်ရည်ကိုင်ရည်ရှိသော တစ်ယောက်က အိမ်ပြန်တော့မည်ဟု ပြောလာလေလျှင် ကျွမ်းကျင်ဝန်ထမ်း လူဟောင်းတွေကို တန်ဖိုးထားသော ကျွန်မအဖို့ အားယုတ်သလိုခံစားရတော့၏။
သားသမီးတောင်မှ မိဘရင်ခွင်မှာ တစ်သက်လုံး ပိုက်ပွေ့ထား၍မရမှန်း ကျွန်မသိပါသည်။ သည့်ထက်ပိုပြီး ဒီလိုတစိမ်းတွေကို ကာလရှည်ကြာစွာ အတူလက်တွဲနေနိုင်စေဖို့ စည်းရုံးထားရန် ဘယ်လောက်ခက်ခဲသလဲဆိုတာကလည်း ကျွန်မအသိဆုံးပင်။
ကြားထဲမှာ အချင်းချင်း ပြဿနာလေးတွေ ပေါင်းစုံ ဖြစ်ခဲ့ကြပေမဲ့ ကျွန်မကညှိနှိုင်းဆုံးမပေးပြီး ပြန်ပြေလည်ခဲ့ကြသည်သာ။
အထူးသဖြင့် “ ကိုယ့်မောင်နှမတွေထဲမှာလည်း ဒီလိုပဲ သဘောထား မတိုက်ဆိုင်သူတွေ ပါလာတတ်တာမို့ အချင်းချင်းခွင့်လွှတ်တတ်ဖို့...” ကိုသာ အဓိက တရားချရတာများ၏။
ကျွန်မလည်း သူတို့လေးတွေ နားလည်အောင် တရားဟောရသည်မှာ တော်တော်လေး အာပေါက်ပါသည်။
သို့ပေမဲ့ ဟောသလောက် စိတ်ဝင်တစား အားပေးနားထောင်လိုကြပြီး နားခံကြသည့်အတွက်တော့ အမောပြေရပြန်သည်။ ကလေးနှစ်ယောက် ရန်စောင်နေကြလို့ သူတို့နှစ်ယောက်ကို ဆုံးမစကားပြောလျှင် ကျန်လူတွေကပါ ၀ိုင်းလာကာ စိတ်လိုလက်ရ နားထောင်ချင်ကြသည်မှာ ကျွန်မထည့်ပြောပြတတ်သည့် ပုံတိုပတ်စများကြောင့်လားတော့ မသိပါ။ တစ်ခါတစ်လေတော့ သူတို့ ကလေးတွေကို သူတို့မိဘတွေက ဒီလို စိတ်ရှည်လက်ရှည် ဆိုဆုံးမမှုမျိုးပေးဖို့ အချိန်ရှိခဲ့ရှာမည်မဟုတ်ဟုလည်း သနားမိရသေး၏။
သည်လိုပဲ အရင်ကလည်း တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုးကြတိုင်း၊ စောင်းကြမြောင်းကြတိုင်း၊ ပြန်မည်ဟု တကဲကဲ ပြောလာတိုင်း၊ သူတို့အချင်းချင်းကြား မုန်းစကိုတိုစေ၍ ချစ်စကိုရှည်စေရန် ကျွန်မ အမျိုးမျိုးကြိုးစားလာခဲ့တာ နှစ်တွေ ဒီလောက်ကြာလာခါမှ။ နောက်တစ်ခါ ဒီလို ထစ်ကနဲရှိ တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေတိုင်း ပြန်မည်ဟု မပြောအောင် ဆိုဆုံးမထားနိုင်ခဲ့ပါလျက်နှင့်...။ “ပြန်မည်” စကား မကြားရတာ အတော်ကြာခါမှ...။
ခုတစ်ခါ ငြိရပြန်လေသော စိတ်ငြိထုံးက မည်သို့သောအကြောင်းအရာမို့နည်း ဟု စုံစမ်းလေသော်... မိန်းကလေးနှစ်ယေက်၏ အသည်းနှလုံးစစ်ပွဲ ဖြစ်နေလေတော့သည်။ ပြန်မည်ပြောသော မိန်းကလေးနှင့် ချစ်ကြိုက်နေသော အလုပ်ထဲမှ ကောင်ကလေးက အလုပ်ထဲမှပဲ သူ့ထက်အငယ် ကောင်မလေးကို စိတ်ပြောင်းလေသော ဇာတ်လမ်း။
တစ်ခါတစ်ခါ ကျွန်မသည် ကိုယ့်ကိုကိုယ် အမေဘုတ်၏ချည်ခင်ကို ထိုင်ဖြည်နေရသူလို စိတ်ပျက်သနားလာမိတော့၏။
သို့ပေမဲ့ မတတ်နိုင်ပါ။ အကြောင်းရှိလို့ဖြင့် အကျိုးကပေါ်ခဲ့ပြီ။ သည်ဘ၀မှာ ပညာပြည့်စုံအောင်မသင်ခဲ့ရ၍ သံသရာခရီးတစ်လျှောက် ဝေးဝေးကို လှမ်းမျှော်နိုင်စွမ်းနည်းသူကို မြော်မြင်နိုင်သူက ဖေးမကာခေါ်ဆောင်ရမည်သာ။ ကျွန်မ ခေါင်းရှောင်၍မနေနိုင်ပြန်ပါ။
ပထမဦးဆုံး “တကယ်ပင် သည်းမခံနိုင်လောက်အောင် ခံစားနေရပါက ပြန်ချင်ပြန်ပါ..”ဟု ကျွန်မက အရင်ခွင့်ပေးလိုက်ပါသည်။
ပြီးမှ သူ့ကိစ်္စကို ဖြစ်ကြောင်းကုန်စင် ပြောပြခိုင်းကာ သူ့စိတ်ကြိုက်ပြောသမျှ စိတ်ရှည်ရှည် နားထောင်ပေးရပါ၏။
သူ ကျေနပ်အောင် ပြောပြီးသွားကာမှ “ အန်တီပြောတာကိုလည်း ပြန်နားထောင်ပေးပြီး သေချာစဉ်းစားပါ..” ဟု ဆိုကာ ပထမဆုံး ကျွန်မ သူ့ကို ဘယ်လောက် တန်ဖိုးထားအားကိုးကြောင်း၊ တဒင်္ဂစိတ်ခံစားမှုကို ရှေ့တန်းမတင်ရန်၊ စိတ်ခံစားမှု အလှုပ်ရှား အပြင်းထန်ဆုံးအချိန်မှာ ဆုံးဖြတ်သည့် အဆုံးအဖြတ်များသည် အလွန်ပင်မှားတတ်ကြောင်း။
အရာရာသည် အကြောင်းအကျိုး ဆက်စပ်ပြီးသာဖြစ်ကြသည်မို့ အတိတ်အတိတ်ဘ၀တွေက ကိုယ်မသိမမြင်နိုင်သည့် အကြောင်းတရားများကိုလည်း ဆင်ခြင်ရမှာဖြစ်ကြောင်း။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို ကိုယ့်ဝဋ်ကြွေး ကိုယ်ဆပ်ရသည်ချည်းသာမို့ သူများကို အပြစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကို မြင်တတ်ဖို့သာလိုကြောင်း။
တကယ်တော့ ကျွန်မကလေးတွေကို ကျွန်မ တန်ဖိုးတထားချစ်ခင်လို့သာ အာပေါက်အောင် တရားဟောနေရခြင်းပါ။
လူဦးရေနှင့် အလုပ်ခွင်ကောင်း မမျှသော ကျွန်မတို့နိုင်ငံမှာ အလုပ်လိုချင်သည့်သူတွေက မကြာခဏရောက်လာကာ အလုပ်တောင်းတတ်သည်ကို သူတို့လည်း အမြင်သားပင်။ သို့ပေမဲ့ ကျွန်မက နှစ်ရှည်လများ အတူနေလာသည့် သူတို့လေးတွေကို အလုပ်သမားလို့သဘောမထားရက်။ ဘ၀အဆက်ဆက်က တော်စပ်ခဲ့သော ကိုယ့်ဆွေမျိုးဥာတိတွေလို့သာ မြင်တတ်ခဲ့၏။
သို့ကြောင့်လည်း သူတို့လေးတွေတင်သာမက သူတို့၏ မိဘမောင်ဘွားကအစ လိုအပ်သမျှ ငွေကြေး၊ ဆေးဝါးအလယ်၊ လူမှုကိစ်္စလေးတွေအဆုံး နိုင်သလောက် ကူညီစောင့်ရှောက်ခဲ့ပါ၏။
အပြန်အလှန်ကျေးဇူးတရားတွေကို ထောက်ချင့်၍လည်း သူတို့လေးတွေ လိမ်္မာလို့၊ သူတို့လေးတွေ တော်ကြလို့၊ သူတို့လေးတွေ ကိုယ့်အပေါ်သိတတ်တာကအစ ကြည်နူးပီတိဖြစ်ရသည်မို့ အမှန်တကယ်လည်း တစ်ယောက်ကိုမျှ သည်အစုအဖွဲ့အိမ်သားများထဲမှ ထွက်မသွားစေလိုပါ။ လူအသစ် ဘယ်လောက်ထပ်ထည့်လို့ရရ၊ အဟောင်း၏တန်ဖိုးကို မျက်ကွယ်မပြုနိုင်ပါ။
ထို့အတူ ကျွန်မတို့၏ စေတနာ၊မေတ်္တာကိုလည်း သူတို့တွေက သေသေချာချာ နားလည်သဘောပေါက်ကြ၏။ မေတ်္တာ ဆိုသည် ကလည်း ကြီးမားကျယ်ပြန့်သည့် အပြန်အလှန်သဘောရှိပေရာ ကျွန်မတို့အပေါ် သူတို့၏တွယ်တာသိတတ်မှုကလည်း အလုပ်သဘော အရ မဟုတ်ဘဲ စိတ်ရင်းစေတနာ အမှန်အတိုင်းဖြစ်ခဲ့သည်မှာ သူတို့၏ လုပ်သက်အချိန်ကာလတွေကပဲ သက်သေဖြစ်နေခဲ့ပြီလေ။
သည်တော့ ဒီတစ်ခါ ပြဿနာကိုလည်း နောက်တစ်ပတ်လောက် အချိန်ဆိုင်းရန်၊ ကျွန်မတို့အလုပ်အတွက်လည်း ထည့်စဉ်းစားပြီး အချိန်ယူကာ အဖက်ဖက်ကချင့်ချိန်ပြီး ဆုံးဖြတ်ရန်၊ နှစ်သိမ့်ရ၏။ အမှန်တကယ်က သူ့ခံစားချက်တွေကို စိတ်ရှိလက်ရှိ သူပြောချင်သမျှ ကျွန်မကိုပြောပြရပြီးကတည်းက သူ့စိတ်က တစ်ဝက်လျော့နေခဲ့ပါပြီ။ ဒါကိုသိလို့လည်း သူရင်ဖွင့်သမျှ ကျွန်မ နားထောင်ပေးခဲ့ခြင်းပေါ့။ ကျွန်မက သူ့ကို တန်ဖိုးထားကြောင်း၊ လုပ်ဖော်ကိုင်ဖက်များကလည်း ခင်တွယ်ကြောင်း ပြောပြချိန်မှာတော့ သူအားငယ်ခဲ့ရသမျှကလည်း ဖြေသိမ့်စရာရကာ ကျေနပ်နေခဲ့ပြီ။ ကျွန်မက အကြောင်းအကျိုးဆက်စပ်ပြီး ဖြစ်သင့်တာတွေ ချင့်တွက်ပြတာကိုလည်း သူ သေသေချာချာ နားထောင်နေခဲ့၏။ ကျွန်မ စကားဆုံးတော့ သူ့စိတ်ကပြောင်းနေလေပြီ။ သို့ပေမဲ့ ကျွန်မက ချက်ချင်း ဆုံးဖြတ်ချက်ကိုမပြင်ခိုင်းပါ။ အချိန်ယူကာ ထပ်စဉ်းစားစေလိုက်ပါသည်။
သေချာပါ၏။ သူ ကျွန်မတို့ကို ခွဲမသွားနိုင်ပါ။ ကျွန်မတို့က ငွေကြေးတစ်ခုတည်းဖြင့် ဆက်သွယ်ထားသော ဆက်ဆံရေးမဟုတ်။ နှလုံးသားချင်းပါ ရင်းနှီးတွယ်ငင်သည်မို့ သည်မျှနှင့် မပြတ်တောက်နိုင်ဘူးဆိုတာ ကျွန်မ သိနေခဲ့ပါသည်။
xxxxxx
ခု နောက်ပိုင်းမှာတော့ ကျွန်မတို့၏ သံသရာဆွေမျိုး ရှစ်ယောက်အုပ်စုကလေးသည် အချင်းချင်း အပေးအယူမျှကာ စိတ်ဆိုးလည်း ခဏသာ၊ ပြောကြဆိုကြနှင့် ပြီးတော့လည်း ပြီးပြီးပျောက်ပျောက် ငြိမ်းချမ်းရေးရနေကြ၏။
ညတိုင်းလည်း အလုပ်သိမ်းလျှင် အက်ဖ်အမ်မှလာသော တရားတော်ကို စုဝေးနာယူကြကာ၊ တရားနာပြီးလျှင် ကျွန်မ၀ယ်ပေးထားသော ကိုရီးယားခွေတွေကြည့်ကြ၏။ တစ်ခါတရံ ရုပ်သံတွေမှလာသော ဇာတ်လမ်းတွဲတွေကို ကြည့်ကြ၏။ ယောကျာ်းလေးတွေကဂိမ်းဆော့၊ အမ်ပီဖိုးလေးကလိ၊ မိန်းကလေးတွေက မဂ်္ဂဇင်းဂျာနယ်ဖတ်သူဖတ်နှင့်၊ သာသာယာယာရှိနေပါသည်။
တစ်နေ့တစ်နေ့ ကိုယ့်စိတ်ကြိုက် စာဖတ်၊ ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်ခြင်းတွေသာ ပြောင်းသွားမည်။ ညစဉ်ဝတ်မပျက် တရားနာခြင်းကတော့ ဘယ်တော့မှ အပြတ်မခံကြ။ သူတို့လေးတွေ၏ အကျင့်ကောင်းကို ကျွန်မမှာ သာဓု အကြိမ်ကြိမ်ခေါ်မိရ၏။
အမှန်တော့ အက်ဖ်အမ်နားထောင်ဖို့ ကက်ဆက်ဆစ်လုံး၊ ခွေကြည့်ဖို့ တီဗွီ၊အောက်စက်တစ်စုံ ပေးထားရုံနှင့်တော့ သည်လို ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု မထင်ပါနှင့်။
ဟိုးအရင့်အရင် နှစ်တွေကတည်းက အလုပ်ပိတ်ရက် သင်္ကြန်နေ့များတိုင်း ကျွန်မတို့က ဒုလ်္လဘ ကိုရင်စည်းချင်သူ ကောင်လေးတွေ၊ သီလရှင်ဝတ်ချင်သူ မိန်းကလေးတွေကို ဘုန်းကြီးကျောင်း အပို့အကြိုကအစ၊ သင်္ကန်းပရိက်္ခရာ၊ ညနေအချိုရည်ဘူးက အဆုံး၊ အစစအရာရာ တာဝန်ယူကုသိုလ်ပြုပေးခဲ့၏။ တရားစခန်းပါတွဲဖွင့်ထားသည့် ဘုန်းကြီးကျောင်းကို ပို့ပေးခဲ့သည်မို့ သူတို့အားလုံး ၀ိပဿနာတရားပါ တစ်ပါတည်း အားထုတ်ဖူးခဲ့ကြသူများချည်းသာ။
ကျွန်မတို့မိသားစုကလည်း အိမ်မှာ တရားခွေတွေဖွင့်ပြီး တရားနာနေကျ၊ ဥပုသ်သီတင်းဆောက်တည်နေကျ၊ ငါးပါးသီလကို အစဉ်မြဲအောင် ကြိုးစားစောင့်ထိန်းနေကျဆိုတော့ ကလေးတွေကိုလည်း ကျွန်မက အတင်းအကြပ် စေခိုင်းတာမျိုးမဟုတ်ဘဲ သူတို့ဖာသာသူတို့ တရားနာကျင့်ကို ပြုလုပ်လာကြခြင်းသာ။
သည်တော့ စိတ်တွေက အရင်ကထက် ပိုပြီး ငြိမ်းချမ်းလာကာ၊ တစ်ဦးနှင့်တစ်ဦးလည်း တော်တန်ရုံ စိတ်မဆိုးကြတော့။ ရန်ဖြစ်လည်း ခဏတဖြုတ်နှင့် ပြေအေးလွယ်လာ၏။
သေခြင်းတရားက အချိန်မရွေး ကိုယ့်အတွက် ရောက်လာနိုင်တာ၊ မေတ်္တာတရားသည်သာ အကောင်းဆုံးအဆောင်ဆိုတာ၊ ဖြစ်ပြီးသမျှ ပျက်ရသည်ချည်းဆိုတာ၊ ဆရာတော်တွေကလည်း ညစဉ်ဟောပြောညွှန်ကြားနေလေပြီ။
အမှန်တော့ အဟောချည်းသက်သက် နာကြားရုံနှင့်တော့ စိတ်ငြိထုံးက မပြေနိုင်ပါ။ ကိုယ်တိုင် လိုက်နာကျင့်ကြံနိုင်မှသာ အနာနှင့်ဆေး၊ ကွက်တိဖြစ်ပြီး စိတ်ငြိထုံးများလည်း ဒက်ထိ ပြေရတော့သည်သာ။
xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
ကလျာမဂ္ဂဇင်း ( March, 2014)
ဆက်ထုံးများ၏ အဆုံးသတ်
သံယောဇဉ်တစ်ခု၏ ဆွဲငင်အားသည် အရာအားလုံးကို ကျော်လွှားနိုင်လေသလား။
ကျောခိုင်းကာ အိမ်တံခါးဝဆီ လျှောက်သွားနေသော အရိပ်သေးသေးလေးက အသံတစ်သံကြောင့် ဆတ်ကနဲ ရပ်သွားကာ လည်ပြန်လှည့်လာသည်။
“ စုစု... အင့်ဟင့်ဟင့်...မသွားရဘူး... စုစု...”
လက်ဆန့်တန်းကာ အာခေါင်ခြစ်ပြီး စိုးရိမ်တကြီးအော်ဟစ်လိုက်သော သမီးလေးအသံကြောင့် အထွဋ်အထိပ်ရောက်နေသည့် သူမ၏ဒေါသများကလည်း ရုတ်တရက် ခါးပြတ်သွားရ၏။
သမီးအသံက စိုးရိမ်တကြီး...၊ အထိတ်တလန့်။ သူမြတ်နိုးသော အရာတစ်ခုကို ဆုံးရှုံးသွားမှာ ပူပန်နေသလိုမျိုး...။
“ ပုံပုံလေး... အီးဟီးဟီး...ပုံပုံရယ်...စုစုလည်း မသွားချင်ပါဘူး.. အီးဟီး...”
ပြန်လှည့်ပြေးလာသော အရိပ်သေးသေးလေးသည် အရိပ်ပိစိကွေးလေး ဘေးနား၌ ဒူးထောက်ထိုင်ချလိုက်ကာ အရိပ်နှစ်ခု ပူးကပ်သွားကြ၏။ ပိစိကွေးလေးမျက်ရည်ကို သုတ်ပေးနေသော အရိပ်ကလေးက တသိမ့်သိမ့်ရှိုက်ငင်နေဆဲ...။
ကလေးနှစ်ယောက်ကို ကျောခိုင်းထားသော နန်းမြအေးသည် နံရံပေါ်မှအရိပ်ကလေးများ၏ သံယောဇဉ်ကြိုးကို လှည့်မကြည့်သော်လည်း ကွက်ကွက်ကွင်းကွင်းမြင်နေရလေသည်။ သူတို့နှစ်ဦး၏ သံယောဇဉ်ကြိုးတုံ့ဆွဲနေကြပုံက ဒေါသကြောင့် ထုံပေပေဖြစ်နေသော သူမကိုပင် ထိထိခိုက်ခိုက် လှိုက်တက်သွားစေရ၏။
သံယောဇဉ်ဟူသည်... တွယ်တာနှောင်ဖွဲ့ခြင်းဟု သေချာလာသည့်တစ်နေ့မှာတော့ အဲဒီနွယ်ကိုဖြတ်ဖို့ သူမကြိုးစားရတော့မည်။
xxxxxx
အထပ်ထပ်ရစ်ပတ်မိလေသော ကြိုးတစ်ချောင်းကတော့ဖြင့် ဖြေလျှော့ရန်ခက်တော့မည်မှာ အသေအချာပါ။
သံယောဇဉ်ဆိုသည့် ကြိုးက ဆက်ထုံးဘယ်လောက်များများ ပြတ်ရန်ကတော့ ခက်သည်ပါပဲ။
သို့ပေမဲ့ အခါခါဆက်ခဲ့ရသော ကြိုးတစ်ချောင်းမည်သည် ဆက်ထုံးပြေသည်နှင့်ပင် ပြတ်ရရိုးမဟုတ်ဘူးလား။
ဘယ်လောက်ပဲပြန်၍ ဆက်နိုင်သည်ပင်ဆိုစေဦး။ ဆက်ထုံးဗလပွတွေက ပြေကျနေသမျှ လိုက်ဆက်ရသည်မှာ ကြာတော့လည်း လက်ပန်းကျပေမည်ပေါ့။
“ ဒီတစ်ခါနောက်ဆုံးပဲနော် မိစု။ နောက်တစ်ခါထပ်ဖြစ်ရင်တော့ သိကြားမင်းကြီးဆင်းတားတောင် မရတော့ဘူး။
ခုလည်း သက်လုံးပုံကိုသာ ညည်းကျေးဇူးတင်...။ သူ့ကြောင့်မို့မဟုတ်ရင် ငါ ညည်းကို ပြန်လက်ခံမှာ မဟုတ်ဘူး...”
သူမစကားကြားတော့ မျက်ရည်များနှင့်စိုစွတ်နေသော မှုန်ရီရီမျက်ဝန်းလေးတစ်စုံက ဖျတ်ခနဲ တလက်လက် တောက်ပ သွားလေသည်။ နန်းမြအေးရင်ထဲတွင် တနင့်နင့်နှင့် သနားဝမ်းနည်းနေသော်လည်း မျက်နှာကို ခပ်တည်တည်တင်းထားရသေး၏။
မတင်း၍လည်းမဖြစ်ပါ။ မျက်နှာသာပေးသည်နှင့် ရွှေရေးပန်းကန်တက် လုပ်တတ်လွန်းသည်လေ။
ခုပဲကြည့်...။ သည်လို ခိုးမှုအသေးစားလေးတွေကို ခွင့်လွှတ်လာတာ အကြိမ်များပြီဆိုတော့ ဒါမျိုးဆို ကျိန်းသေပေါက် လွတ်မည်ဆိုတာ ကလေးမကတွက်ပြီးသား။
အိမ်မှာ သည်လောက်အလျှံပယ် ကျွေးထားသည့်ကြားက သကြားလုံးကအစ ကြောင်အိမ်ထဲက ဟင်းအထိပါ ခိုးစားချင်ရသေး၏။ မိလျှင်လည်း လိမ်ညာလိုက်သည်မှာ ပုဆိန်ကိုပင်အပ်ဖြစ်အောင် မျက်စေ့စုံမှိတ် ငြင်းတော့မည်။
အဲသည်လို အကျင့်ဆိုး၊ ဗီဇဆိုးတွေကို သမီးလေးဆီ ကူးစက်မည်စိုး၍လည်း သည်ကလေးမကို အိမ်မှာခေါ်ထားဖို့ ကြီးကြီးကို သူမ အတန်တန်ငြင်းခဲ့ရသည်ပေါ့။
“ သုံးကြည့်စမ်းပါဦး တူမကြီးရယ်...။ ငါ့တူမ တစ်ယောက်တည်း ချက်ရပြုတ်ရ၊ လျှော်ဖွပ် ကလေးထိန်းရနဲ့ ပင်ပန်းလွန်းတာကို ကြီးဒေါ်က မကြည့်ရက်လို့ပါအေ။
ရန်ကုန်မှာက အိမ်ဖော်ရှာရတာလည်း ခက်တယ်မဟုတ်လား။ သမီးအမေကလည်း အသန့်အပြန့်ကြိုက်တော့ ချက်ဖို့ပြုတ်ဖို့က ကိုယ်တိုင်မှစိတ်တိုင်းကျတာဆိုတော့ လူကြီးထဲကလည်း မလိုဘူးလေ။ ဒီအရွယ်လေးတွေက ပုံသွင်းရလွယ်တယ်။ ငယ်ငယ်ကတည်းက မွေးထားရင် ကြီးလာတော့ အားကိုးရတာပေါ့။
သန့်ပြန့်မှုကတော့ ကိုယ်ကြိုက်သလို ပုံသွင်းလိုက်ရင် ရပါတယ်အေ။ ရွှေပင်နားတော့ ရွှေကျေးပေါ့။
သုံးကြည့်ပါဦး။ လက်တိုလက်တောင်း အသုံးတည့်မှာပါ...”
အ၀တ်အစားသစ်တွေနှင့်ပေမယ့် ချဉ်တူးတူး၊ ညစ်စုတ်စုတ်၊ နှပ်တရှုံ့ရှုံ့ဖြစ်နေသော ဆယ်နှစ်အရွယ်ချာတိတ်မလေးကို ကြီးကြီးပြောသလို အရှည်မျှော်တွေးပြီး သူမ မည်သို့မျှ အားကိုးကြည့်၍ မရပါ။ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ကြီးကြီးက ၀ယ်ဆင်ပေးထားသည့် ၀တ်စုံသစ်တွေက နယ်မှရန်ကုန်အလာ ခြောက်နာရီကျော်စီးရသည့် ကားပေါ်မှာ မူးပြီးအကြိမ်ကြိမ်အန်လာသည်မို့ ချဉ်စုတ်စုတ်အနံ့ထွက်နေပြီ။ မည်းတူးတူး ရုပ်ဆိုးဆိုးလေးက မူးဝေပြီး နှာရည်တွေပါ
ထွက်နေတော့ ဆံပင်စုတ်ဖွားနှင့် မျက်လုံးကြောင်တောင်လေးက ရယ်စရာပင် ကောင်းသေးတော့...။
“ စိတ်ကူးမလွဲနဲ့ မိရွှေနန်း။ ပြီးမှ ကျုပ်ကို ကျေးဇူးတင်နေမှာနော်။ အနည်းဆုံး ငါ့မြေးမလေး သက်လုံးပုံကို ကစားပေးဖို့ အဖော်ရတယ်အေ့။ တစ်ဦးတည်းသောသမီးဆိုတော့ သူ့ခမျာ အဖော်ငတ်နေရှာတာ။ ကလေးထိန်း၊ ပန်းကန်ဆေး၊ တံမြက်လှည်း၊ ကြမ်းတိုက်၊ သေချာသင်ပေးရင် သန့်ရှင်းရေးကိစ်္စတော့ ငါ့တူမသက်သာတာပေါ့။ ကုသိုလ်လည်း ရပါတယ်ကွယ်။ ဒီကလေးမက မိဘမရှိတော့ဘူး။ အဒေါ်တွေအဘွားတွေနဲ့ နေရတာ။ ဆင်းရဲကြတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်ရယ်။ တူမကြီးတို့အိမ်မှာက စားမကုန်လို့ လွှတ်ပစ်ရတာတွေတင် နည်းသလား။
ကြီးကြီးလာတိုင်း အဲဒါတွေမြင်ရတာ သိတ်နှမြောတာပဲ။ ဒီလို စားရမဲ့သောက်ရမဲ့လေးခေါ်ပြီး ကျွေးမွေးထားတာနဲ့တင် ကုသိုလ်ရနေပါပြီအေ။ အစားအသောက်က သီးသန့်ပိုမကုန်ပါဘူး။
လခလည်းပေးစရာမလိုတော့ အ၀တ်အစားလေးပဲ ဆင်ရုံရှိတာပဲ။ မကြိုက်ရင်လည်း ဖုန်းသာဆက်လိုက်၊ ပြန်လာခေါ်ပြီး ကြီးကြီးပဲမွေးလိုက်တော့မယ်။ ခု ကြီးကြီးအိမ်မှာက ကောင်မလေးတွေများနေလို့..။ နို့မို့ဆို သူကလေးကို ခေါ်ထားလိုက်ချင်တာ..။ သနားစရာပါကွယ်...”
သည်လိုကလေးမျိုးတွေအတွက် စေတနာ့ဝန်ထမ်းလုပ်ကာ ထမင်းအိုးတည်ပေးတတ်သည့် ကြီးကြီးစေတနာကလည်း ဆန်းတော့ဆန်း၏။ သူမို့ အပင်ပန်းခံ၊ စရိတ်အိတ်စိုက်ကာ ခိုကိုးရာမဲ့နေသည့် သည်လိုကလေးမမျိုးတွေကို မိတ်ဆွေတွေ၊ အမျိုးတွေအိမ်ကို လိုက်ပို့ပေးတတ်သည်။ ကံစပ်၍များ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားလျှင် အိမ်ရှင်ကလည်း စိတ်ချမ်းသာ၊ ကလေးမတွေလည်း နားခိုရာလေးရ။ ကျေးဇူးတင်ကြသည်ပေါ့။
အဆင်မပြေလျှင်တော့လည်း အိမ်ရှင်က တညည်းညူညူတိုင်သည့် အပြစ်စကားတွေကို လိုက်ဖြေရှင်းပေးရ၏။ ဘယ်လိုမှညှိမရလျှင်တော့ ပြန်သွားခေါ်၊ နောက်တစ်အိမ်ထပ်ပို့နှင့်..။ ကြီးကြီးမို့ပဲ ဒုက်္ခခံနိုင်ရှာသည်။
တစ်ခါတစ်ရံ ကြီးတော်အိမ်က ဒုက်္ခသည်စခန်းလို လူစည်ကားနေတတ်ပါ၏။ ကြီးကြီးက သူ့အိမ်မှာ စားစရာ၊ အိပ်စရာလေးတော့ မငြိုမငြင်ပေးထားတတ်သည်မို့ ကြီးကြီးသတင်းကြားသည့် ဆွေမျိုးနီးစပ်တော်သော ဒုက်္ခရောင်စုံတောမှ ကလေးမတစ်ချို့ကလည်း အလုပ်ရှာကြဖို့ ကြီးကြီးအိမ်မှာ စခန်းချတတ်သည်လေ။
အနည်းဆုံး ကြီးတော်၏စေတနာကိုတော့ လေးစားရပါသည်။
“ ပရဟိတဆိုတာ ဆိုင်းဘုတ်ကြီးအောက်ဝင်မှ၊ အုပ်စုလိုက်သွားလာ အချိန်ပေးနိုင်မှ၊ ငွေကြေးသိန်းသန်းချီ အကုန်ခံနိုင်မှရယ် မဟုတ်ပါဘူးကွယ်။ ကိုယ့်အတ်္တကို ဖယ်ခွာပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ လက်လှမ်းမီသလောက်ကို အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ရင်လည်း ပရဟိတလုပ်တာပါပဲ...” ... ဟု ကြီးတော်က ကြွေးကြော်နေကျ။
သည်လိုနှင့် သူမ၏ဂေဟာကလည်း ကြီးတော်အကျိုးဆောင်မှုနှင့် စုစုတစ်ယောက်စာ ပရဟိတဂေဟာ ဖြစ်လာရ၏။
အမှန်တော့ စေတနာခေါင်းပါးသူအဖြစ် ကိုယ့်ပုံရိပ်ကို ကိုယ်မမြင်လို၍သာ ဆက်မငြင်းဘဲ လက်ခံလိုက်ရခြင်းဖြစ်သည်။ ဆယ်နှစ်ကျော်ကျော် ဥမမယ်စာမမြောက်ကလေးကို ဘယ်နေရာသွား ခိုင်းရက်ပါမည်နည်း။
ပထမဦးဆုံး သူမတို့နှင့် တစ်အိမ်သားတည်း အတူနေထိုင်မည့် ကလေးမလေး၏ တစ်ကိုယ်ရေသန့်ရှင်းရေးတာဝန်က သူမခေါင်း ပေါ် အရင်ကျလာသည်။ ဆယ်နှစ်ကျော် အရိုးစွဲလာသည့် နေထိုင်မှုစရိုက်ကို ရုတ်တရက်ပြောင်းလဲဖို့ရာမှာ ထင်သလောက်မလွယ်လှပါ။
အိမ်သာဝင်ပြီးတိုင်း အထွက်မှာ ဆပ်ပြာနှင့် လက်ကို စင်ကြယ်အောင်ဆေးဖို့ ဘယ်လောက်ပြောပြော၊ နှပ်တွေကို ရေချိုးတုန်း သေချာဆေးကြောထားပြီး ခဏခဏ နှာခေါင်းမနှိုက်ဖို့ ဘယ်လိုသင်သင်၊ စားသောက်စရာတွေ ကူညီကိုင်တွယ်နေချိန်မှာ ခေါင်းကုတ်၊ဖင်ကုတ် မလုပ်မိစေဖို့ ဘယ်နှစ်ကြိမ်တားတား။ ကလေးမက မျက်နှာလွှဲသည်နှင့် လုပ်ချင်ရာလုပ်တတ်သူသာဖြစ်သည်။
ရေချိုးလျှင်လည်း ငုတ်တုတ်ထိုင်စောင့်ကာ ချောင်ကြိုချောင်ကြားမကျန် ဆပ်ပြာတိုက်ပြီး သေချာချေးတွန်းဖို့ နှိုးဆော်ရ၏။ သွားကိုလည်း နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ပုံတိုက်နည်းကအစ နည်းပြလုပ်ပေးရ၏။ ယုတ်စွအဆုံး အိမ်သာတက်လျှင်ပင် တောသူမကို ဗိုလ်ထိုင်အိမ်သာ သုံးတတ်ဖို့နှင့် သန့်ရှင်းရေးလုပ်ရမည့် ရေပန်းသုံးပုံကအစ သရုပ်ပြရသေး၏။
ကိုယ်သက်သာဖို့က ဘယ်ဆီမသိသေး။ သူ့ သင်တန်းပေးနေရတာနှင့်ပင် အချိန်လည်းကုန်၊ စိတ်လည်းပင်ပန်း။
သမီးလေးနားကို ကပ်ခိုင်းဖို့က တော်ရုံ သန့်ရှင်းရေးနှင့်မရသည်မို့ အကျင့်ဟောင်းတွေ ပျောက်သည်အထိ စောင့်ကြည့်ဆော်သြရသည်ကပင် အလုပ်တစ်ခုလို ဖြစ်နေသေးတော့သည်။
xxxxxx
တကယ်တမ်းတွင်တော့ ကိုယ်တိုင် အပင်ပန်းခံ ပုံသွင်းပြီးသား ကလေးမလေးကို နန်းမြအေးကလည်း လက်မလွှတ်ချင်ပါ။ သည်လိုအနေအထားမျိုးနှင့် အသုံးတည့်လာအောင် ဘယ်လောက်ထိ စိတ်ပင်ပန်း၊ နှုတ်ပင်ပန်းခဲ့ရမှန်း သူမသာလျှင် အသိဆုံးလေ။
ပထမဆုံးအကြိမ် သကြားလုံးထုပ်ထဲ လက်နှိုက်လျက်သားတွေ့ရချိန်က သူမ သိတ်မအံ့သြမိသေး။ လက်တစ်ဆုပ်စာလောက် သကြားလုံးတွေကို အိတ်ကပ်ထဲထည့်ပေးထားပြီး တတွတ်တွတ်စားရသည့် အခြေအနေရောက်နေတာတောင် မတင်းတိမ်နိုင်လောက်အောင် ငတ်ခဲ့ရှာပါလားဟုသာ သနားစိတ်ဝင်မိသေး၏။ ချောင်းတွေတဟွတ်ဟွတ်ဆိုးလာတော့မှ ဂရုဏာဒေါသနှင့် မာန်မဲတားမြစ်ရတော့သည်။
ဒုတိယအကြိမ် ရေခဲသေတ်္တာထဲမှ အအေးဗူးတွေ ခိုးသောက်ထားမှန်း စစ်ဆေးတွေ့ရှိချိန်မှာတော့ လျော့ရဲရဲဆူရုံနှင့် မဖြစ်တော့။ ခပ်ဖိဖိလေး ပြစ်ဒဏ်ချမှတ်ရပြီ။ ကလေးမဆီမှာက ကြီးကြီးလာတိုင်း ပေးသွားသော...၊ နန်းမြအေးမေမေက စေတနာကောင်းသူပီပီ တစွတ်စွတ်ပေးတတ်သော...၊ နယ်မှ အမျိုးတွေလာတိုင်း ဖင်ပေါ့ပြီး ကူညီတတ်သည့်အတွက် စို့စို့ပို့ပို့ပေးသွားတတ်သော မုန့်ဖိုးလေးတွေ စုထားသည်မှာ မနည်းလှ။ များလာလျှင် နားကွင်းလေးတစ်စုံ သူမက စိုက်ဖြည့်ပြီးလုပ်ပေးမည်ဟု ပြောထားသည့်အတွက် သည်ငွေလေးတွေကို ကလေးမက အင်မတန် နှမြောမက်မော၏။ သို့မို့ကြောင့်လည်း သူမက ....
“ နောက်တစ်ခါ ခိုးစားတာမိလို့ကတော့ ဒဏ်ငွေတစ်ထောင်ဖြတ်မယ်မိစု။ ခဏခဏခိုးစားနေလို့ကတော့ ညည်း နားကွင်းနဲ့ဝေးပြီ အောက်မေ့....” ဟု ခြောက်လှန့်ထားရသည်။
ကလေးမ မျက်ဝန်းထဲမှ ပူပန်ဟန်လေးတွေ တငွေ့ငွေ့လှိုက်တက်နေတာမြင်ရတော့ သူမ သတ်မှတ်လိုက်သည့် ပြစ်ဒဏ်ကို သူမဖာသာ ကျေနပ်မိရသေးသည်။
သေချာပါပြီ။ နောက်တစ်ခါ သည်ကလေးမ ခိုးစားရဲမည် မဟုတ်တော့။
နန်းမြအေးတို့ အိမ်မှာက စားစရာတွေပေါလွန်းသည်မို့ ကလေးမလေး ရောက်စက အစားလွန်ပြီး အန်ထွက်တဲ့အထိ ဖြစ်ခဲ့ဖူး၏။
သူကလေးက မစားဖူးသည်များရော၊ အငတ်နေခဲ့ရသည်များပါ အတိုးချပြီးစားသလို သူမတို့ကလည်း သဒ်္ဒါလွန်ပြီး ပိုလျှံသမျှအကုန် ကျွေးခဲ့မိသည်ကိုး။ သူမတို့အိမ်မှာက သူမမိဘနှစ်ပါးနှင့် သူမတို့သားအမိသာလျှင် ရှိ၏။ သူမခင်ပွန်းက နယ်မှာ တာဝန်ကျနေသည့် အရာရှိတစ်ဦးဖြစ်တာကလည်း သူမတို့အိမ်မှာ အစားအသောက်တွေ လျှံပယ်နေရသည့် အဓိကအချက်ဖြစ်သည်။
သူမခင်ပွန်းပို့လိုက်သမျှ လက်ဆောင်ရထားသည့် ( ဥပမာ.. ထိုးမုန့်၊ လမုန့်၊ ကိတ်မုန့်လိုမျိုး..) အချိုအစိမ့်မုန့်တွေ ဆိုတာက ၀မှာစိုးသည့် သူမတို့လူကြီးတွေနှင့် မတည့်တာမို့ ဒိတ်မအောက်ခင်၊ မပုပ်သိုးခင် သည်ကလေးမမှ မစားလျှင် စားမည့်သူလည်း မရှိ။ သူမသမီးလေး သက်လုံးပုံဆိုသည်ကတော့ ဒါမျိုးတွေမစား။ ညွန့်ပေ့ဖူးပေ့ဆိုသည့် နိုင်ငံခြားဖြစ်အကောင်းစား တန်ဖိုးကြီးတွေကိုမှ သပ်သပ်ဝယ်ပေးထားသည်လေ။
အဲဒီအညွန့်အဖူးတွေကို လက်လှမ်းသည်အထိ အတင့်ရဲလာသည့် အချိန်မှာတော့ သူမ သည်းမခံနိုင်တော့ပါ။
အဆူအပူကိုလည်းမမှု၊ ဒဏ်ရိုက်တာကိုလည်း မကြောက်မှတော့ လက်ပါရတော့မည်မဟုတ်လား။
နားရွက်ကလေးကို ခပ်နာနာလိမ်ထားလိုက်လျှင်တော့ ကလေးမမျက်နှာကြီး နီရဲပြီး မျက်ရည်များဝိုင်းလာမလားဟု သူမ အထင်..။ တက်တက်စင်အောင် လွဲတော့၏။ ခပ်နာနာလေး ဖိလိမ်လေ ကလေးမမျက်နှာက စပ်ဖြီးဖြီးကြီးဖြစ်လာလေ။
“ ညည်း မနာဘူးလားအေ။ ကျုပ်လက်တောင် အံသေနေပြီ...”
နောက်ဆုံးတော့ နန်းမြအေးအသည်း သည့်ထက်မမာနိုင်တော့။ လုပ်ပြီးမှ သနားသွားပြီး ရောင့်တက်မှာကိုပင် စိတ်မပူနိုင်ဘဲမေးမိရသည်အထိ။
“ ဟင့်အင်း အန်တီ။ နာတော့နာတာပေါ့။ ဒါပေမယ့် အဲ့လောက်က ဒေါ်ကြီးအိမ်မှာ အပျော့ရယ်...”
ဘုရားရေ... သူမက စိတ်ဆိုးဆိုးနှင့် လက်အံသေသည်အထိ ရက်စက်မိသလောက်က သူ့အဒေါ်အိမ်မှာ အပျော့တဲ့။
ဖြစ်မှဖြစ်ရလေ...ဟု စိတ်ထဲသနားသွားသော သူမကတော့ နောက်တစ်ခါ ဘယ်လောက်စိတ်ဆိုးဆိုး လက်မပါတော့ရန် ကိုယ့်ကိုယ်ကို သတိပေးခဲ့မိပါသည်။
တကယ်တမ်း လက်တွေ့တွင်မူ လျှင်မြန်သောဒေါသစိတ်၏ ဦးဆောင်မှုနောက်ကို သတိတရားက အချိန်မီချွန်းမအုပ်နိုင်ခဲ့။ စိတ်ဆိုးလွန်းမက ဆိုးမိ၍သာ တဒေါင်ဒေါင်မြည်အောင် ခေါက်မိသော်လည်း ခေါင်းကို ပြန်ပွတ်ပေးချင်လောက်အောင် စိတ်မကောင်းဖြစ်မိချိန်မှာတော့ ခေါက်ပြီးခဲ့ပြီ။
“ ညည်း နာပြီမဟုတ်လား...”
တိုပြတ်ပြတ် သူမအမေးကို မျက်ရည်လဲ့လဲ့နှင့်ပေမယ့် ခေါင်းကတော့ ခပ်သွက်သွက်ခါမြဲ။
“ ဒေါ်ကြီးက တွေ့တာနဲ့ကောက်ထုနေကျဆိုတော့ ခေါင်းကမာနေပြီ..”
အရွယ်နှင့်မလိုက် ဖြေလိုက်ပုံက ကြားရသူပင် ရင်ထဲနင့်သွားရ၏။
သို့ပေမဲ့ ဆွမ်းလောင်းရန် ဦးဖယ်ထားသည့်ဟင်းခွက်ကိုမှ ခိုးနှိုက်နေခြင်းကိုတော့ မည်သို့မျှ လစ်လျှူရှု၍ မရနိုင်ခဲ့ပါ။
သည်လိုနှင့် အကြောင်းပေါင်းစုံအောင် ကလေးမက ဒေါသနှိုးဆွမှု လုပ်မြဲလုပ်၏။ သူမကလည်း အမြဲလက်လွန်ပြီးကာမှ သတိက ထပ်ချပ်မကွာ လိုက်လာသည်မို့ စိတ်ထိခိုက်ရမြဲ။
အသိတရားမရှိလျှင်တော့လည်း တစ်မျိုးကောင်းသား။ သို့ဆိုလျှင် ရိုက်မိခေါက်မိသမျှ နောင်တမရတတ်ဘဲ စိတ်ထိခိုက်မိတော့မည်မဟုတ်။ ခုတော့ စိတ်မထိန်းနိုင်၍ လုပ်မိလိုက်၊ သတိဝင်လာတော့ လုပ်မိပြန်ပြီဆိုပြီး စိတ်ညစ်လိုက်နှင့် သံသရာလည်နေတော့၏။
ပို၍ဆိုးသည်က ခုတလော နန်းမြအေးဖတ်နေသည့် တရားစာအုပ်တွေမှာ “ ၀ဋ်မှာအမြဲ ငရဲမှအပ” ဆိုသည့် စကားလုံးတွေကို ထပ်တလဲလဲ မြင်နေတွေ့နေရသည်ပါပဲ။ ၀ဋ်လည်မှာတော့ သူမကြောက်လှပါ၏။
သည်လိုဆိုတော့ သူမမှာ ၀ဋ်ကြွေးမတင်အောင် လုပ်နိုင်ဖို့က ဘယ်လောက်ပြင်ပြင် အကျင့်ဆိုးမပျောက်သည့် ကလေးမကို ပြန်ပို့ရုံသာ ရှိတော့သည်မဟုတ်လား။
ခက်သည်က ကောင်မလေးကိုယ်တိုင်က ပြန်ပို့မှာကို အသေအလဲ ကြောက်နေခြင်းပါ။
“ ညည်းကို ပြန်ပို့တော့မယ်..” လို့များ ပြောလိုက်လျှင် ပျက်သွားသည့်မျက်နှာက သေတွင်းဆင်းခိုင်းသလား ထင်ရမလောက်ပင်။
“ ကဲ...ဒါဆို ဒီတစ်ခါနောက်ဆုံးပဲ။ နောက်တစ်ခါ ခိုးစားတာတွေ့လို့ကတော့ အိမ်ပေါ်ကဆင်းဖို့သာ ပြင်ထား...”
အသားနာမှာ မကြောက်၊ ဒဏ်ငွေရိုက်တာမဖြုံသော ကလေးမလေးက အိမ်ပြန်ပို့မှာကိုတော့ မျက်စိမျက်နှာပျက်စွာ ထိတ်လန့်တတ်ခဲ့ပါသည်။
xxxxxx
“ ဒီလက်စွပ်ကို ညည်းက ပွဲဈေးတန်းမှာ ဗန်းခင်းရောင်းတဲ့ဟာများ ထင်နေလို့လား မိစုရဲ့။ စိန်လက်စွပ်ဟဲ့။
ညည်းမှာ မရိုးသားတဲ့စိတ်မရှိရင် ရေချိုးခန်းထဲမှာတွေ့တာနဲ့ ငါ့လက်စွပ်မှန်းသိနေတာပဲ..၊ ဘာလို့ပြန်လာမပေးသလဲ။
ဘယ်လောက်ဆုံးမ ဆုံးမ ညည်းရဲ့အရိုးစွဲနေတဲ့အကျင့်က ဖျောက်လို့ရမှာ မဟုတ်တာ သေချာသွားပြီ။
ငါ့မလည်း ညည်းရောက်လာကာမှ အကုသိုလ် အထုပ်လိုက်ဝင်တာပဲ။ ခဏခဏ စိတ်ဆိုးရလွန်းလို့ လူလည်းအိုစာလာပြီ။ ညည်းကိုလုပ်မိသမျှလည်း ငါ ၀ဋ်ပြန်ခံရဦးတော့မယ်။ အဲဒီတော့ ဒီအရှုပ်ထုပ်ကိုရှင်းမှ ဇာတ်လမ်းမြန်မြန် အဆုံးသတ်လိမ့်မယ်။
ညည်း ပြန်တော့အေ...၊ သွား.. ခုထွက်သွား...”
အခါခါဆက်နေရသည့် ကြိုးတစ်ချောင်းအတွက် ဒုက်္ဒများငြိမ်းချုပ်စေဖို့ အကောင်းဆုံးနည်းလမ်းမှာ ဆက်ထုံးဖြေလိုက်ရန်သာ ရှိတော့သည်လေ။
လျှာရိုးမရှိတိုင်း တွေ့ကရာလျှောက်ပြောနေသည့် ဆင်ခြေတွေကလည်း အပ်ကြောင်းထပ်နေပြီမို့ နန်းမြအေး နား သည်းညည်း မခံနိုင်တော့ပါ။ ဘယ်လို အကြောင်းပြချက်တွေပြောပြော ခေါင်းကိုသာ တွင်တွင်ခါနေလိုက်၏။ သူမ၏စိတ် ပြန်ပျော့မသွားစေဖို့ ကလေးမမျက်နှာကို မကြည့်ဘဲ ကျောခိုင်းနေလိုက်တာသည်သာ အကောင်းဆုံးမဟုတ်လား။
သည်တစ်ခါ သူမစိတ်ဆိုးမှုက နောက်မဆုတ်နိုင်အောင် ပြင်းထန်မှန်း ရိပ်မိသွားသော ကလေးမကလည်း သူ့အထုပ်လေး သူပိုက်ကာ အိမ်မှဆင်းဖို့ ပြင်ရတော့သည်။ စိတ်ကုန်သွားခြင်းသည် စိတ်ဆိုးသည်နှင့်မတူပါ။ စိတ်ဆိုးသည်က စိတ်ဆိုးပြေလျှင် ပြီးပျောက်နိုင်သော်လည်း စိတ်ကုန်သည်ကတော့ ရှေ့ဆက်ရန်လမ်း မရှိတော့ပြီလေ။
သို့ပေမဲ့ သူကလေးမရှိလျှင် သမီးလေးသက်လုံးပုံ အိပ်ရာမှနိုးလာတော့ မည်သို့ပြောရပါ့။ သမီးလေး အိပ်ရာအထမှာ သွားတိုက်လျှင်လည်း ကလေးမကပါရသည်။ မနက်စာ၊ နေ့လည်စာ၊ ညစာ ဘာအစာကျွေးကျွေး မစားချင်တတ်သောသမီးအတွက် ကလေးမက ဘေးမှ ကလူရ၊ မြှူရသေးသည်။ သူပြောသမျှ၊ လုပ်သမျှကို သမီးက တခစ်ခစ်နှင့်ရယ်နေချိန်မှာ ဟနေသောပါးစပ်ထဲကို အလစ်ထိုးထည့်ပြီး ကျွေးရသည်က အကြိမ်တိုင်းလိုလို...။
သူမက မီးဖိုချောင်ထဲ စီမံချက်ပြုတ်နေလျှင်လည်း သမီးကို မငိုအောင်၊ သူမဆီလာမရှုပ်အောင် အဘိုးအဘွားများထက် ဆွဲဆောင်စည်းရုံးထားနိုင်သည်ကလည်း စုစုပါပဲ။ ရှော့ပင်းစင်တာသွားသွား၊ ကစားကွင်းသွားသွား စုစုကပါနေကျမို့ အလှူမင်္ဂလာဆောင်မို့ မခေါ်ခဲ့လျှင်တောင် “ စုစုရော..စုစုရော...” နှင့် တဖွဖွမေးတတ်သည့် သမီး...။
ယုတ်စွအဆုံး သမီးလေး အီအီးတည်လျှင်တောင် စုစုပါမှ။ စုစုက အိုးပေါ်ထိုင်နေသည့်သမီးကို ဂျီမကျအောင်၊ တစ်ဝက်တစ်ပြတ်နှင့် ထမပြေးအောင် စကားတွေပြောပေးနေရတတ်၏။
သမီးအတွက်သာမကပါ။ တစ်အိမ်လုံးသန့်ရှင်းရေးကို သူမ လှည့်မကြည့်ရသည်မှာ ကြာခဲ့ပြီကော။
သမီးလေးမနိုးခင် အိမ်သန့်ရှင်းရေးကို စုစုက အားလုံးပြီးစီးအောင် စွမ်းဆောင်နိုင်နေသည်မှာ နှစ်ပင်ချီနေပါပြီ။ သန့်ရှင်းရေးလုပ်ပြီးလျှင် ထမင်းပေါင်းအိုးကို ကျွမ်းကျင်စွာ သူကလေးက ချက်ပြုတ်ထားဦးမည်။ အ၀တ်လျှော်စက်နှင့်လည်း အ၀တ်တွေကိုလျှော်တတ်နေပြီ။ ပြီးလျှင် အ၀တ်လှန်း၊ ခြောက်တော့ မီးပူတိုက်...။ ကလေးမ၏ အသုံးဝင်မှုတွေ တွေးမိသွားတော့
သူမ ရင်မောသွားရသည်။
သမီးလေးတစ်နှစ်လောက်ကတည်းက ရောက်နေသည်မို့ သူကလည်း အိမ်သားတစ်ပိုင်းဖြစ်နေပြီလေ။ နောက်နှစ်ဆိုလျှင်ပဲ သမီးက ကျောင်းတက်ရတော့မည်။
စုစုမရှိလျှင်...။
ရှိခြင်းသည် မရှိခြင်းထက် ပို၍ အဖိုးထိုက်တန်ပါ့မည်လား။
နန်းမြအေးစိတ်ထဲတွင် မုန်တိုင်းက အနည်းငယ်တော့ အားပျော့လာသယောင်ယောင်...။
xxxxxx
သူကလေးနှင့် နန်းမြအေးတို့ကြားရှိ အတိတ်ပဌာန်းဆက်က ဘယ်လောက်များ အထပ်ထပ်ဥပါဒါန်စွဲခဲ့သည် မသိ။ ပြတ်လုလု သံယောဇဉ်ကြိုးတစ်ချောင်းကို နှောင်တွယ်မှုသမုဒယလေးက အခါခါပြန်ဆက်နေသည်မို့ ဆက်ထုံးတွေသာ ပို၍ပို၍များလာရသည်။
ဆက်ထုံးများသည့် ကြိုးတစ်ချောင်းအဖို့ မည်သို့မျှ စင်းလုံးမချောမွတ်နိုင်သော်လည်း အဆက်အသွယ်ကင်းလွတ်အောင်တော့ ပြတ်မကျနိုင်သေး။
အံ့သြစရာကောင်းသည်က အဆိုးကိုအဆိုးနှင့် တန်ပြန်ပြီး ကောင်းအောင်လုပ်ယူလို့ မရသည်ကို သူမ၏သမီးလေးက လက်တွေ့သက်သေပြပေးလိုက်ခြင်းပါ။ သူမ မည်သို့မျှ ပြုပြင်မရ၊ ဆုံးမ၍မရခဲ့သော စုစုဆိုသည့် သနေ်္ဓဆိုးစွဲနေသည့် ကလေးမလေးကို သမီးလေးသက်လုံးပုံက မေတ်္တာဖြင့် ပြောင်းလဲစေခဲ့သည်ပဲ။
“ ပုံပုံလေးကယ်လိုက်လို့သာ စုစုမပြန်ရတာ...” ဟု ကလေးမက မကြာခဏ သမီးပါးကို တရွှတ်ရွှတ်နမ်းရင်း ပြောတတ်ခဲ့၏။ သမီးလေးကလည်း “ ချုချု နောက်တစ်ခါ ထိုးနဲ့တော့နော်” လို့ မပီကလာသတိပေးရင်း၊ သူတို့နှစ်ဦးကြား သံယောဇဉ်ကြိုးတွေ တင်းခဲ့ကြသည်။
အဆိုးကိုအဆိုးနှင့် သူမ တုန့်ပြန်စဉ်ကတော့ ကလေးမဗီဇဆိုးကလည်း ပိုပြီးတောင် ပါးပြင်ထောင်လာသေးသည်။ အဆိုးဒဏ်ကိုသာ ကြံ့ကြံ့ခံနိုင်ပေမဲ့ အကောင်းဒဏ်ကိုတော့ သူကလေးမခံနိုင်တော့။ သမီးလေး၏ မျက်ရည်လည်ရွှဲ တားဆီးပေးမှု၊ မုန့်စားတိုင်း အောက်ကို မသိမသာပစ်ချလိုက်ပြီး...“ စုစုစားလိုက်တော့၊ အောက်ကျသွားပြီ..” ဆိုပြီး လူကြီးတွေအပေါ်လူလည်ကျပြီး သဒ်္ဒါမှု။
ဟုတ်သည်လေ။ အောက်ကျပြီးသားမုန့်များဆို သက်လုံးပုံမစားရ။ စုစုသာလျှင် စားရသည်ပဲ။
လူဆိုသည်က တားမြစ်ထားသည့် အရာကိုမှ ပိုကျူးလွန်ချင်တတ်သည့် သဘောရှိသည်မဟုတ်လား။ ကလေးမက သူ အလျှံအပယ်စားနေရသော မုန့်များထက် သက်လုံးပုံ၏မုန့်များကိုသာ သွားရည်ကျနေခဲ့ဖူးလိမ့်မည်။ သမီးက ခဏခဏချချကျွေးသောအခါ စားရပါများ၍ ခိုးစားချင်စိတ် ပျောက်သွားသည်လားတော့ မသိ။ နောက်ပိုင်းများမှာ စုစုခိုးစားသည်ကို တစ်ခါမျှ လက်ပူးလက်ကြပ်မမိတော့ပါ။
မမိတော့ ဆိုကတည်းက လုံးဝမကင်းစင်ရင်တောင် ပါးလျားလာလို့သာ ဖြစ်တော့မည်ပေါ့။ သူမတို့တစ်အိမ်သားလုံး ကြိတ်ပြီး အံ့သြ၀မ်းသာရသည်နှင့်အမျှ ပုံပုံနှင့်စုစုတို့ကြားမှ သံယောဇဉ်၊ စုစုနှင့်သူမတို့ကြားမှ သံယောဇဉ်ကြိုးကလည်း ဆက်စရာမလိုတော့အောင် ကာလအတော်ကြာ ချောမွေ့နေခဲ့သည်။
သည့်ထက်မက ကလေးငယ်နှစ်ဦးကြားမှ သံယောဇဉ်နှင့် ကျေးဇူးတရားသိတတ်မှုကို ရင်သပ်ရှုမောဖြစ်ရသည့် မြင်ကွင်းတစ်ခုက နန်းမြအေးတို့တစ်သက် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။
အဲသည်နေ့က သူမဦးဆောင်ပြီး ကလေးနှစ်ယောက်ကို ကစားကွင်းပို့မည်ဆိုတော့ အဘိုးအဘွားနှစ်ယောက်ကပါ သက်လုံးပုံလေး ဆော့ကစားသည်ကို လိုက်ကြည့်ကြည်နူးဖို့ ပြင်ဆင်ကြသည်ပေါ့။
တစ်အိမ်သားလုံး ထွက်ကြမည်ဆိုတော့ ပြတင်းတံခါးတွေပိတ်ရ၊ အိမ်မီးစစ်ရ၊ အိမ်သော့ခတ်ရနှင့် အလုပ်ရှုပ်နေကြတုန်း သမီးလေးက အပျော်လွန်ပြီး လမ်းမပေါ် ဖြတ်ကနဲခုန်တက်လိုက်၏။
ထိတ်ကနဲ သူမ ရင်အခုန်၊ “ဟိတ်” ကနဲ အဘွားကအအော်၊ ရိပ်ကနဲ စုစုက ပုံပုံလေးကိုဆွဲအဖက်။ အားလုံးလျှပ်တပြက်အတွင်း ဖြစ်ပျက်အပြီးမှာ ကားတစ်စီးက အော်ငေါက်ကာ အရှိန်ပြင်းပြင်း ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
အစပ်ကလေးပါပဲ။ တကယ်တော့ လမ်းမပေါ် နှုတ်ခမ်းစပ်ကလေးမှာပါ။ သို့ပေမယ့် စုစုသာလှမ်းမဆွဲခဲ့လျှင်တော့ သက်လုံးပုံလေးကို ပွတ်ဆွဲသွားနိုင်သည်ပေါ့။ ကလေးဆိုတော့ ယိမ်းယိုင်ပြိုကျပြီး အထိနာနိုင်သည်လေ။ ကလေးမက ဆွဲဖက်ပြီး လှည့်လိုက်သည်မို့ သမီးလေး ဘာအနာတရမှမဖြစ်ခဲ့သော်လည်း ကားဖက်ကိုရောက်သွားသည့် ကလေးမတံတောင်ဆစ်ကို ကားပွတ်သွားသည့် ဒဏ်ရာက ချက်ချင်းအသားနီလန်ကာ ရောင်ကိုင်းလာခဲ့ရ၏။
အံ့သြမင်တက်နေမိသော သူမတို့လူကြီးအားလုံး၏ ရင်ထဲမှာတော့ စုစု၏ ကျေးဇူးပြန်ဆပ်မှုကို မျက်ဝါးထင်ထင် အသိအမှတ်ပြုရတော့ပြီလေ။ တစ်ယောက်က သံယောဇဉ်ကြီးပြီး ပြန်မလွှတ်အောင် အော်ဟစ်ငိုယိုတားမြစ်ပေးသလို တစ်ယောက်ကလည်း ဆင်းရဲတွင်းထဲ ပြန်ဆင်းရမည့်အဖြစ်ကို တားဆီးပေးသူ ကယ်တင်ရှင်အဖြစ် ကျေးဇူးပြန်ဆပ်ခဲ့၏။
ကလေးမနှင့် နန်းမြအေးတို့ကြားမှာ ချည်မိသောကြိုးတစ်ချောင်းက ဆက်ထုံးတွေ မည်မျှများခဲ့သည်ဆိုသော်လည်း သမီးလေးက ဆက်ထုံးများကို ထစ်ငေါ့မနေစေဘဲ ချောမွတ်ပြေပြစ်သွားအောင် အပေါ်မှ မေတ်္တာဖြင့် တစ်ထပ်လွှမ်းပေးလိုက်သလိုပါ။
ကလေးမလည်း အကျင့်ဆိုးပျောက်သလောက် ရှိနေပြီမို့ အရင်လို ကြိုးခဏခဏ ပြတ်စရာမလိုတော့။ ခဏခဏပြန်ဆက်ရသည့် စိတ်ပင်ပန်းမှုလည်း မရှိနိုင်တော့သည်မို့ ဆက်ထုံးတွေ အဆုံးသတ်ပြီဟု စိတ်အေးရပါသည်။
xxxxxx
သို့ပေမဲ့ သံယောဇဉ်ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့ခြင်းဟု သေချာလာသည့်တစ်နေ့မှာတော့ အဲသည်နွယ်ကိုဖြတ်ဖို့ သူမ ကြိုးစားရတော့သည်။ သည့်ထက်ပို၍ နှောင်ဖွဲ့လို့မကောင်းနိုင်သော အခြေအနေတစ်ခုက ဖြုန်းကနဲ ရောက်ရှိလာ၏။
ယခင်ကတည်းက ရှိနေခဲ့သည်လား။ သူမတို့အိမ် ရောက်ပြီးကာမှ တစ်နေရာရာက ကူးလေသည်လားတော့ မသိ။ ကလေးမမှာ တီဘီပိုးရှိနေမှန်း သိလိုက်ရသည့်နေ့က သူမတို့တစ်အိမ်သားလုံး သက်လုံးပုံအတွက် စိတ်ပူပန်ကာ လန့်ဖျပ်သွားခဲ့ရသည်။
ကလေးမ၏ တီဘီပိုးက သလိပ်စစ်ချက်အရ အခြားသူများကို ကူးစက်နိုင်သောအဆင့်မှာ ရှိနေသည်တဲ့။
မိုးဥတု ရက်တစ်ရက်မှာ ကလေးမကို အိမ်နှင့်နီးသည့် စတိုးဆိုင်တစ်ခုကိုလွှတ်ပြီး လိုအပ်တာလေး သွားဝယ်ခိုင်းလိုက်စဉ် မိုးမိခဲ့ရ၏။ မထင်မှတ်ဘဲ အဆုတ်အအေးပတ်ပြီး အဖျားကြီးခဲ့သည်။ အဖျားကျတော့လည်း ချောင်းဆိုးက အချိန်တော်တော်ကြာသည်အထိ မပျောက်ခဲ့။ လချီလာတော့ င်္သကာမကင်းဖြစ်လာပြီး ဓါတ်မှန်ရိုက်၊ သလိပ်စစ်၊ လုပ်ကြည့်လိုက်တော့ အဖြေကမကောင်း။ ကလေးမအတွက် ပူပန်နေရာမှ သက်လုံးပုံအတွက်ပါ သောကကူးသွားရသည်။
ခုခေတ်မှာ တီဘီရောဂါအတွက် ငွေမကုန်ဘဲ ဆေးကုနိုင်သည်ဆိုပေမဲ့ ကူးစက်နိုင်သည့်အဆင့်ရှိ ပိုးအရေအတွက် တွေ့ထားရသော ရောဂါရှင်တစ်ယောက်နှင့် သမီးလေးကို လက်ပွန်းတတီးနေစေဖို့က...၊ တော်တော် စဉ်းစားရကြပ်လှပါသည်။
သူမ အတ်္တကြီးလွန်းနေပြီလားဟု အကြိမ်ကြိမ်တွေးပြီး စိတ်ကိုပြင်ဖို့ကြိုးစားလည်း မရပါ။ အကယ်၍ ရောဂါပိုးရှိသူက ပုံပုံဆိုလျှင်...၊ သမီးလေးအလွန်ခင်တွယ်သည့် စုစုကို ကူးမည်စိုးကာ ပြန်လွှတ်ပါမည်လား။ အကယ်၍ စုစုသာ သမီးအရင်းဆိုလျှင်ရော...၊ ပုံပုံလေးကို ကူးမည်စိုးကာ တခြားတစ်နေရာကို ပို့ထားရက်မည်လား။
ဟင့်အင်း...။
ခုခေတ်ကြီးမှာ ဆေးတွေက သိတ်အစွမ်းထက်နေပါပြီ။ ဆေးသောက်လိုက်လျှင် မကြာခင်ပျောက်သွားမှာ..။ ပြီးတော့ စုစုဆိုသည်က သမီးလေးသက်လုံးပုံကို ကယ်တင်ရာမှာ သူ့အသက်ကိုပင် မငဲ့ခဲ့သည့် သာဓကရှိဖူးသူ။ ကျေးဇူးသိတတ်သူလေး။
သူမတို့လို လူကြီးလူကောင်းတွေက သူ့ကျေးဇူးကို သည်လောက်တောင် ပြန်မသိတတ်နိုင်လျှင် ရှက်စရာ..။ အယောင်ဆောင် လူကြီးလူကောင်း အဖြစ် သူမပုံရိပ်ကို သူမ မမြင်ချင်ပါ။
သူမအတ်္တနှင့် သူမအဇ်္ဈတ်္တ၊ တိုက်ပွဲတွေ ပြင်းထန်လှ၏။
သို့ပေမဲ့ ရန်ကုန်အိမ်ဆိုသည်ကလည်း ကျဉ်းကျဉ်းလေး..။ ကလေးမလေးနှင့် သမီးပုံပုံကို မည်သို့ပင် ခပ်ခွာခွာထားစေဦး။ အခန်းကျဉ်းထဲမှာ ရှူသွင်းရှူထုတ်နေသည့် လေတွေကရောနှောကာ ရှောင်နိုင်မည်မထင်ပါ။ သည်ကြားထဲ သမီးကို တရွှတ်ရွှတ်နမ်းတတ်သည့် ကလေးမအကျင့်ကိုလည်း ပြတ်ပြတ်သားသား တားမြစ်ရဦးမည်။ သမီးအတွက် ပြင်ဆင်ထားသည့် အစားအသောက်များကို စုစု လုံးဝမထိရ။
အရင်လို ပြင်ဆင်သယ်ယူပေးတာမျိုးပင် လုပ်ခွင့်မရှိတော့ပါ။ သယ်လာနေတုန်း ချောင်းဟန့်မိတာ၊ ရှူထုတ်လိုက်သည့်လေတွေ အစားအသောက်ပေါ်က ဖြတ်သန်းသွားမှာမျိုး... လုံးဝမဖြစ်ပါ။
အိမ်မှာ စုစုရှိနေခြင်းသည် အန်္တရာယ်ရှိသောအရာတစ်ခုကို ရှောင်ရှားနေရသကဲ့သို့ သမီးလေးပုံပုံကို ဟိုရွှေ့သည်ရွှေ့လုပ်နေမိ၏။
ဟို၊သည်အတွေးများနှင့် စိတ်ရှုပ်ထွေးနေစဉ် ဖျတ်ခနဲ အလင်းတစ်ချက် နန်းမြအေးခေါင်းထဲတွင် လက်သွားချိန်မှာတော့ သူမစိတ်အေးသွားရတော့သည်။
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေတစ်ခု သူမဖန်တီးယူနိုင်ရမည်ပေါ့။
ပုံပုံလေးကို ကျောင်းပို့လိုက်တော့မည်။ သမီးလေးအသက်က သုံးနှစ်ကျော်ခဲ့ပြီဆိုတော့ လမ်းထိပ်က ပုဂ်္ဂလိကကျောင်းတစ်ခုမှာ ထားလိုက်လျှင်ရနေပြီလေ။ သည်လိုဆိုလျှင် ကလေးနှစ်ယောက်တွေ့ချိန် အလွန်ပင် နည်းသွားလိမ့်မည်မဟုတ်လား။
သူမ၏ အစီအမံများကို မိဘနှစ်ပါးက မကန့်ကွက်သော်လည်း ဘ၀င်ကျပုံတော့ သိတ်မပေါ်ပါ။ ၀င်မကန့်ကွက်သည်ကတော့ သူတို့လည်း သမီးနှင့်စုစု သံယောဇဉ်ကို မျက်ဝါးထင်ထင် မြင်ထားရသည်ကိုး။
သို့ပေမဲ့ ရောဂါရှိသူတစ်ယောက်ကို သမီးလေးနားမှ ဖယ်ထုတ်ရမည်မှာ မိခင်တစ်ယောက်၏တာဝန်ဟု သေချာပေါက် တွက်ထားပြီးသော ခင်ပွန်းသည်ကတော့ အံ့သြနေ၏။ သူကတော့ အဝေးရောက်နေသူမို့ ကလေးမနှင့် သမီးတို့ကြားက သံယောဇဉ်ကြိုးကို ကြားသာကြားဖူးသူလေ။ လက်တွေ့သိထားသော အဘိုး၊ အဘွားတွေထက်တော့ ပို၍လှုပ်ခတ်ပေလိမ့်မည်။
“ သမီးလေးက သိတ်ငယ်လွန်းသေးတယ် နန်းရယ်။ ရောဂါကူးသွားခဲ့ရင် ဆေးသောက်ရတာကအစ ဒဏ်ပိသွားနိုင်တယ်နော်...”
“ လောလောဆယ် သမီးကိုစစ်ကြည့်တာတော့ ဘာသံသယမှမရှိဘူး မောင်။ မကူးစက်အောင်တော့ သတိထားရမှာပေါ့ကွယ်..”
ပြောသာပြောရသော်ငြား သူမလည်း ပူပန်မိသည်ပါပဲ။
သမီးက နုနယ်လှသည့်အရွယ်လေး။ ၀၀တုတ်တုတ်၊ ထွားထွား ကျိုင်းကျိုင်းဆိုလျှင်လည်း တော်ဦးမည်။ ခုတော့ သမီးလေးက လူပုံကလည်း နွဲ့နွဲ့သေးသေးလေးဆိုတော့...။ ကူးစက်သွားလျှင်တောင် ချုံးချုံးကျသွားနိုင်သည့် အနေအထားမျိုး။
သို့ပေမဲ့ စုစုကြည့်လိုက်တော့လည်း သနားစရာ၊ မျက်လုံးကလယ်ကလယ်လေးနှင့်။
နေမကောင်းသည့်ရက်များမှာတောင် သူ့ကို အသုံးမ၀င်တော့ဘူးဆိုကာ ပြန်ပို့မည်စိုး၍ တားနေသည့်ကြားမှ အလုပ်တွေ ထလုပ်ပေးနေသေး၏။
တီဘီကိုလည်း သူနားမလည်။ အဆုတ်ရောဂါကိုလည်း သူမသိ။ ခံစားရသည့်ဝေဒနာကိုလည်း သူမဖြုံ။ သူသိသည်က သူ့ဒေါ်ကြီးအိမ်ကို မပြန်လိုခြင်းသာ။ သူနားလည်ထားသည်က အိမ်ရှင်ကျေနပ်အောင် အလုပ်လုပ်မပေးနိုင်လျှင်၊ ခိုးဝှက်လိမ်ညာလျှင် ပြန်ပို့မည်ဆိုသည်ကိုသာ။ သူအလေးထားသည်က သက်လုံးပုံလေးနှင့် ဝေးရမည်ကို စိုးရွံ့သည်သာ....။
xxxxxx
နန်းမြအေး တိတ်တခိုးပူပန်နေမိသော အချိန်တစ်ခုကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်ကတော့ စောလွန်းနေသည်လား မပြောတတ်။
တစ်ဦးတည်းသော သမီးလေးမို့ အသက်ပုံ၍ ချစ်ရပါသောသမီးလေး..။ တစ်ဦးတည်းသော မြေးလေးမို့ အဘွားကိုယ်တိုင် ချစ်စနိုးနာမည်ပေးထားသော သက်လုံးပုံလေး...။ အဖျားကြီးပြီး ဆေးရုံတက်ရသည်အထိ ဖြစ်လာတော့ တစ်အိမ်သားလုံးလည်း ဗြောင်းဆန်ကာ သမီးအဖေပါ နယ်မှအမြန်လိုက်လာရတော့၏။
တစ်ရာ့သုံး၊ တစ်ရာ့လေး... အဖျားက ခပ်တင်းတင်းနှင့် နှစ်ရက်သုံးရက်ကြာသည်အထိ မကျခဲ့ပါ။ ပထမ တစ်ရက်နှစ်ရက်က အိမ်မှာသာ မိသားစုဆရာဝန်နှင့်ပြကာ ဆေးတိုက်ရုံဖြင့် အရင်လို ပျောက်မည်လားဟု ထင်မိ၏။ သမီးကလည်း ကလေးပီပီ အဖျားဒဏ်ကိုမမှု။ ဆော့ကစားနေတုန်း၊ သွက်လက်နေတုန်း။
နှစ်ရက်နေလို့မှ အဖျားမကျဘဲ မျက်ဖြူလန်ကာ တက်သွားသည့်အခါမှာတော့ တစ်အိမ်သားလုံး ရင်ဘတ်ဖိကာ ဆေးရုံပြေးရတော့သည်။
ပထမတော့ ငှက်ဖျားလား၊ သွေးလွန်တုပ်ကွေးလား၊ သံသယမျိုးစုံဖြင့် သွေးတွေ ဖောက်စစ်ကြ၏။ သမီးကို စောင့်ကြည့်ရ၏။
သွေးတစ်ခါလာဖောက်တိုင်း သမီးကအော်၊ အဘွားကငို၊ အကြောကလွဲနှင့်..။ သမီးလေးလက်မှ အပ်နှင့်ပိုက်တန်းလန်းကိုလည်း မကြည့်ရက်နိုင်။ သွေးအဖြေ တစ်ခါထွက်လာတိုင်း ဘာရောဂါများ ဖြစ်လေမလဲလို့ တထိတ်ထိတ်နှင့်၊ ဆရာဝန်များ ဆရာမများကို တကျည်ကျည်လည်း မေးမိရ၏။
နောက်ဆုံး... ဘာမှ ထွေထွေထူးထူး လက်္ဒဏာမပြဘဲ တဖြည်းဖြည်း အဖျားပြန်ကျသွားတော့မှသာ အားလုံးရင်ထဲမှ အပူလုံးကြီးလည်း ကျသွားရတော့သည်။
ဆေးရုံမှ လေးငါးရက်သည် တစ်ကမ်္ဘာမက ကြာသည်ဟုထင်မိကြ၏။ စိုးရိမ်စိတ်များ၊ ပူပန်သောကများ၊ သနားစိတ်များနှင့် အပြင်းထန် အလောင်မြိုက်ဆုံး အချိန်များပင်။ အရွယ်နှင့်မလိုက် ပင်ပန်းရရှာသော သမီးလေးအတွက် တစ်မိသားစုလုံး စကားပင်ဟဟ မပြောနိုင်ကြ။ ဆေးရုံမှ လေးငါးရက်ကြာပြီး အိမ်ပြန်ခါနီးချိန်မှာတော့ နဂိုကမှ သေးသေးသွယ်သွယ် နုဖတ်ရသည့်သမီးလေးက ပိုးဟတ်ဖြူလေးလို ဖျော့တော့တော့သာ ကျန်တော့သည်။
ဆရာဝန်ကလည်း ကိုယ်ခံအားနည်းနေသေးသည့် အချိန်မို့ ဘေးမှရောဂါတွေ ၀င်မလာစေရန် အထူးကြပ်မတ် ဂရုစိုက်ရမည့်အကြောင်း အသေအချာမှာကြားပါသည်။ ကျောင်းကိုလည်း မပို့ရန်၊ ရောဂါရှိသူများနှင့်လည်း မနီးစပ်စေရန်၊ လူထူထပ်သောနေရာများသို့ ခေါ်မသွားသေးရန်၊ အအေးမမိစေရန်၊ အပူမရှပ်စေရန်....။
သမီးအတွက် ပူပန်ရသည်နှင့်၊ သမီးနားမှ တစ်ဖ၀ါးမခွာဘဲ အိမ်တောင်မပြန်ဖြစ်သည့်နှင့်...၊ အရာရာကို မေ့လျော့နေမိသော နန်းမြအေးသည် အိမ်ပြန်ရောက်ခါမှ ကလယ်ကလယ် မျက်ဝန်းကြောင်တောင်လေးကို ဖြတ်ကနဲ သတိရသွားတော့၏။
“ မောင် စုစုရော .... မတွေ့ပါလား..”
“ ကြီးကြီးဆီ ပြန်ပို့ထားလိုက်တယ် နန်းရေ။ သမီးလေး ဆေးရုံကဆင်းလာရင် သူနဲ့ အတူနေလို့မှ မဖြစ်တော့တာ...။
ဆရာဝန်ကပြောတယ်လေ။ ကိုယ်ခံအားနည်းနေချိန်မှာ အပြင်ကရောဂါတွေ ၀င်လွယ်တယ်တဲ့...”
ရုတ်တရက် ဟာသွားသောရင်ကို အရေးတယူမပြုအားသေးဘဲ သမီးများကြားသွားပြီး ဂျီကျလာမည်လား အကဲခတ်ရသေး၏။ သမီးက သူ့အဖေစကားကို မကြားလိုက်သည်လား။ သူ့ဖာသာသူပင် အနိုင်နိုင်မို့ ပတ်ဝန်းကျင်ကို အကဲမခတ်နိုင်လောက်အောင် အင်အားချိနဲ့ နေသည်လား။ ပိန်ကပ်ကပ်ခန်္ဒာကိုယ်လေးက ပွေ့ချီထားသော သူမရင်ခွင်တွင်းမှာ အသက်ရှူသံပြင်းပြင်းနှင့်မှေးစင်းကာ ဖိုလှိုက်နေလေသည်။
သူမကလည်း သည်အရေးကိစ်္စကို နောက်အေးအေးဆေးဆေးမှ စဉ်းစားနိုင်ပါမည်။
လောလောဆယ် သူမအတွေးထဲမှာ သမီးလေးသာကြီးစိုးနေ၏။ ပိန်ကပ်နေသော ဖြူဖျော့ဖျော့ သမီးငယ်လေးအား ပြန်လည်ထူမတ်လာအောင် ပြုစုပျိုးထောင်ရန်အတွက် သူမ အားစိုက်ရဦးမည် မဟုတ်လား။
အတ်္တက ဖြတ်ချလိုက်သည့် တစ်နေ့မှာတော့ အခါခါဆက်ခဲ့ရသည့် ကြိုးတစ်ချောင်း...။
အဆုံးသတ် ပြတ်တောက်သွားတော့မည်လား မသိပါ။
xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
ရွှေအမြုတေမဂ္ဂဇင်း၊ ၀တ္ထုရှည် စ/ဆုံး
နိုဝင်ဘာလ၊ ၂၀၁၃
ဒီနေ့... သူ ဘာဖြစ်နေသလဲ မသိပါ။
ရင်ထဲမှာ ဟာတာတာနှင့် သက်ပြင်းတွေကိုသာ အကြောင်းမဲ့ ရှိုက်ငင်မှုတ်ထုတ်နေမိသည်။ သူ့စိတ်အစဉ်သည် ပစ်္စုပ်္ပါန်နှင့်လွတ်ကင်းကာ ဦးတည်ရာမဲ့နေသလို ခံစားနေရ၏။
မျှော်လင့်ချက်များ ကင်းမဲ့နေသလို...။ ဆန်္ဒများကလည်း ခမ်းခြောက်နေသလို...။ လက်တွေ့ဘ၀မှလည်း ထွက်ပြေးချင်သလို...။
ထိုစဉ်ခဏ... ရုတ်တရက် ကြဲပက်လိုက်သလို ဖြာကျလာသော မိုးမှုန်လေးများနှင့်အတူ အဖြူအစိမ်းလေးများ လမ်းပေါ်သို့ စီးဆင်းလာပုံမှာ သတိလက်လွတ်ငေးနေမိသော သူ၏စိတ်ကို လေအဟုန်စီးစေလိုက်သလို ငြိမ့်ကနဲ၊သိမ့်ကနဲ သိမ်းကြုံးဆွဲငင်သွားလေသည်။
အဖြူအစိမ်း အရောင်တွဲက သူ့ကို တောက်ပစွာ ညှို့ငင်၏။
အေးမြသည့် မိုးမှုန်များက သူ့ကို အတိတ်သို့ နူးညံ့စွာ ဆွဲခေါ်နေ၏။
သူ၏စိတ်သည်လည်း ပုထုစဉ်ပီသစွာ လက်ရှိအခြေအနေကို မေ့လျော့လိုသည့်ဆန်္ဒဖြင့် တဖြေးဖြေး... ပစ်္စုပ်္ပါန်ကမ်းမှ ခွာလေတော့၏။
xxxxxx
မိုးဥတု၏တစ်နေ့မှာပင် မိုးကို သူ စတွေ့ခဲ့ခြင်းဖြစ်လေသည်။
“ ဟေ့ကောင် အဲဒါ မင်းလိုပဲ တို့ကျောင်းကို ဒီနှစ်မှပြောင်းလာတဲ့ ဇွန်မိုးပွင့် တဲ့ကွ။
ဒါပေမဲ့ သူက ကျောင်းသူအသစ်တော့မဟုတ်ဘူး။ မနှစ်ကကိုးတန်းတစ်နှစ်ပဲ ရန်ကုန် လသာ(၂)မှာ ဘော်ဒါသွားနေခဲ့ပြီး ဒီနှစ်ပြန်လာတာ။ စာလည်းတော်တယ် ဟေ့ကောင်။ တို့ကျောင်းမှာတော့ သူလည်းတစ်ပါးပဲ။ ဆရာဝန်သမီးတဲ့ကွ။ မာနကခပ်ကြီးကြီးရယ်...”
စတွေ့တွေ့ချင်းမှာပင် တစ်စုံတစ်ရာသော ထူးဆန်းမှုကို သူ ခံစားမိ၏။
သူမ မှုန်နေအောင်မလှပါ။ သို့ပေမဲ့ သူ့ရင်တွေခုန်နေသည်။
သူမက သူ့ကိုမကြည့်။ ဘယ်သူ့ကိုမှလည်း မကြည့်။ သူတို့အတန်းရှေ့မှ ခေါင်းလေးခပ်မော့မော့ဖြင့် ဖြတ်လျှောက်သွား၏။
ဆံပင်က တိုကပ်နေသည်မှာ သူတို့ယောကျာ်းလေးတွေ နီးပါးပင်။ မျက်ရစ်မပါသော မျက်လုံးလေးနှင့် သူမသူငယ်ချင်းကို မျက်လုံးလေးပြူးပြူးပြီး စကားပြောသွားသည်မှာ ချစ်စရာ။
တကယ်တော့ သူမနှင့်အတူပါလာသော ကောင်မလေး၏အကြည့်တွေက သူ့မျက်နှာဆီ တရစ်ဝဲ၀ဲရှိနေသောလည်း သူမကတော့ မိန်းကလေးတွေပါးစပ်ဖျားမှာ အလွန်နာမည်ကြီးနေသည့် သူ့ကို မသိသလိုပါလား။
“ မေစပယ်ကတော့ မင်းကိုလာကြည့်တာဖြစ်မယ်ကွ။ ဒါပေမဲ့ သူနဲ့အဖော်ပါလာတဲ့ မိုးပွင့်ကဖြင့် မင့်များ မရှိသလိုပါပဲကွာ။ သိပုံလည်းမရပါဘူး။ မျက်လုံးတောင် ဝေ့ကြည့်ဖော်မရဘူး။ ခု သူနဲ့စကားပြောသွားတာက စာတော်အုပ်စုထဲက ကောင်မလေးတွေလေ။ သူက ဟိုးတုန်းကတည်းက ဒီအုပ်စုနဲ့အတူ အေခန်းမှာနေနေကျ။ ဒီနှစ်တော့ ကျော်ငးသူသစ်ပြန်ဖြစ်ပြီး အသစ်တွေထားတဲ့အခန်းထဲ ရောက်သွားတာနေမှာ...”
ဘေးမှ သူငယ်ချင်းက သူလည်း မမေးဘဲနှင့် အခမဲ့ကြော်ငြာဝင်နေလေ၏။
ခု သူနေသည့်ကျောင်းက စာတော်သူတွေ (အဆင့်တစ်မှ တစ်ဆယ်ထိ)ကို အေခန်းမှာစုထားပြီး ကျောင်းသားသစ်တွေကို စီခန်းမှာ ကျောင်းသားဟောင်းများနှင့်အတူ ရောနှောထားလေ့ရှိ၏။ ချွင်းချက်အဖြစ် သူတစ်ယောက်သာ ကျောင်းသားသစ် ဖြစ်သော်လည်း ကျောင်းလိုက်အပ်ပေးသော သူ့ဘကြီးက ပညာရေးမှူးဖြစ်နေ၍ အတော်ခန်းမှာ ထည့်ပေးလိုက်ပုံရသည်။
နို့မို့ဆို သူမနှင့်သူ အတန်းတူပေဦးမည်။ တစ်တန်းထဲသာဆို သူမ၏ မျက်လုံးပြူးလေးနှင့် စကားပြောဟန်ကို မကြာခဏ မြင်ခွင့်ရနိုင်မည်။ သူ့အား မမြင်သလို ဝေ့၍ပင်မကြည့်သော သူမကို အသာခိုးကာ ငေးလို့ရဦးမည်။ သူမ၏ ခပ်တည်တည် ခပ်မော့မော့ မျက်နှာပေးလေးကို သူ သဘောကျနေပြီ။
ထိုခဏ၌ သူသည် ကျောင်းလိုက်အပ်ပေးသော ဘကြီးကိုပင် ငြိုငြင်ချင်သလိုဖြစ်လာ၏။
ငယ်စဉ်ကတည်းက မိန်းကလေးများအတွက် တစ်ခါဖူးမျှ မလှုပ်ရှားတတ်သော သူ့စိတ်သည် အံ့သြချင်စရာကောင်းစွာ အတွေးများဆန်းသစ်စပြုလေလျှင် သူ့ကိုယ်သူ မလုံမလဲစိတ်နှင့် ခေါင်းကိုသာ ခါယမ်းမိလေတော့သည်။
xxxxxx
မထင်မှတ်ဘဲ ပါးချိုင့်လေးတစ်ဖက်ကို မြင်လိုက်ရချိန်တွင် သူ့ရင်ထဲ၌ ပန်းတစ်ခင်းလုံး ပွင့်နှင့်နေသည်မှာ တစ်မျှော်တစ်ခေါ်ကြီးပင် ကျယ်ပြန့်နေပြီမှန်း သိလိုက်ရ၏။
အဲသည်နေ့မနက်က ကျောင်းတက်ခေါင်းလောင်း ထိုးပြီးကာစ...။
ပထမဦးဆုံး စာသင်ချိန်အစမှာ အတန်းပိုင်ဆရာမနှင့်အတူ ခပ်တည်တည်မျက်နှာလေးက သည်တစ်ခါတော့ ခေါင်းလေးငုံ့ကာ ကချင်လွယ်အိတ်အနီလေးလွယ်လျက် သူတို့အခန်းထဲ ၀င်လာခဲ့၏။
အတန်းထဲတွင် ကျောင်းသူ၊ ကျောင်းသားများ တစ်ခြမ်းစီခွဲထိုင်ကြရာ စာတော်သည့်အုပ်စုမှ မိန်းကလေး ခြောက်ယောက်ကို သူတို့ယောကျာ်းလေးခုံတန်း၏ ရှေ့ဆုံးခုံတွင် အတန်းပိုင်က နေရာပေးထားလေသည်။ ဆရာမက သူမကိုလည်း ထိုခုံမှာပင် ၀င်ထိုင်စေလေလျှင် သူ့ရှေ့တည့်တည့် ကျောင်းသူခြောက်ယောက်၏အလယ်၌ သူငယ်ချင်းများက သူမကို နေရာပေးကြလေ၏။
သူမက တခြားကျောင်းသူတွေလို အင်္ကျီဖြူကို ဒီဇိုင်းဆန်းဆန်းချုပ်မထားဘဲ ရင်ဖုံးခါးတို လက်ထောက်လေးဖြင့် ရိုးရိုးယဉ်ယဉ်လေးဝတ်ထားရာ ပုံစံအစုံချုပ်ဝတ်လေ့ရှိသော သည်လိုနယ်မြို့ကျောင်းလေးမှာ တမူထူးခြားနေပေလိမ့်မည်။
သူ့အတွက်ကတော့ အခြားသူများနှင့် ပိုလို့ကွဲပြားစရာ၊ သတိထားမိစရာ ပေါ်လွင်သည်က သူမအလှ၊ သူမအဆင်အပြင်ကြောင့် မဟုတ်။ သူမထက် ချောသောလှသော မိန်းကလေးများစွာ သူတွေ့ဖူးခဲ့ပြီး သူရှေ့မှာ မူရာမာယာမျိုးစုံဖြင့် ညိုမြလုပ်တာလည်း ကြုံဖူးခဲ့ပြီ။ သူနေထိုင်ခဲ့ရာ မန်းမြေမှာ သူက ယောက်ျားလေးကျောင်းတွင် နေသည်ဆိုသော်လည်း သူ့ညီမနေသည့် မိန်းကလေးကျောင်းက ရင်ဖုံးဖြူနှင့်ထမီစိမ်းကို ကျောင်းဝတ်စုံသတ်မှတ်ထားသည့် စံပြကျောင်း..။
တကယ်တမ်း သူမက သူ့အတွက် အများနှင့်အတူ ထူးခြားနေသည်မှာ....
“ မင်းဇံကျော်ဆိုရင် ကောင်မလေးတိုင်း အိနြေမရ ရှိတ်ကြတာချည်းဆိုပေမဲ့ ဇွန်မိုးပွင့်ကတော့ ခပ်တည်တည်ပဲဗျ။
ကိုယ်တော့ သူ့ကိုခိုက်သွားပြီ မောင်...”
ဘေးမှ သူငယ်ချင်း ပြောလည်းပြောစရာပင်။ သူ ဒီကျောင်းကို ပြောင်းလာပြီးနောက် စွံလိုက်ပုံက ကျောင်းဆင်းကျောင်းတက် ခေါင်းလောင်းမထိုးခင်အထိ အတန်းရှေ့မှာ ချောင်းပေါက်မတတ် မိန်းကလေးတွေ ကော်ရစ်တာပြည့်နေတတ်ခြင်းဖြစ်၏။
ဖြစ်ချင်တော့ သူကလည်း ထိုတစ်လောက နာမည်ကြီးလာသည့် တက်သစ်စမင်းသားနှင့်မှ အတော့်ကိုသွားဆင်နေသည်ဆိုလား။
မြီးကောင်ပေါက်မလေးတွေ မင်းသားကို အားပေးကြမ်းပုံက သူတောင် မင်းဇံကျော်နာမည်ပျောက်ကာ မင်းသားနာမည်ကိုသာ အလွယ်အခေါ်ခံရသည်အထိ။
သည်လောက် သည်းသည်းလှုပ်သည့် မိန်းကလေးများထဲ သူမ မပါခြင်းမှာ သူမက ထိုမင်းသားကို မကြိုက်သူမို့များ ဖြစ်နေမလားဟု သူတွေးနေမိလေသည်။
xxxxxx
“ မင်းသား.. မင်းသား..” “ လိုက်... လိုက်...” ဆိုသည့် စီစီညံညံအသံတွေကြောင့် လန့်ဖျပ်ကာ စာအုပ်ဘီရိုတစ်ခုနောက် သူ ၀င်ပုန်းနေတော့ ဆိုင်ရှင်ကပင် တအံ့တသြနှင့်... “ မင်းက စွံလှချည်လားကွ...” ဟု ရယ်ကျဲကျဲ ဆိုလေ၏။
“ ဟားဟား.. ဒီကောင်းက ကံကောင်းတာပါဗျာ။ ဒီမင်းသား နာမည်တက်ချိန်နဲ့ သွားတိုးလို့ပါ။ နို့မို့ဆို ဒီကောင် ကျွန်တော့်ကို မကျော်နိုင်ပါဘူး....”
သူငယ်ချင်းက သူ့လက်မောင်းကို ခပ်ဖွဖွထိုးရင်း ချစ်စနိုးစနောက်နေသော်လည်း သူကဖြင့် တကယ့်ကို ချွေးပျံနေသည်ပါ။
ဝရုန်းသုန်းကားနှင့် မိန်းကလေးအုပ်စု သူရှိနေသည့်စတိုးဆိုင်ကို မျက်စေ့မှောက်ကာ ကျော်သွားမှ သူတို့တတွေ ဆိုင်ရှေ့မှ စက်ဘီးစီးကာ ထွက်လာခဲ့ရ၏။
“ ကြုံ.. မကြုံဖူးပေါင်ဟယ်။ သူက ဘာမို့လို့ မိနိုင်တို့က ဒီလောက်အသည်းအသန် ထလိုက်ရတာလဲ။
ငါ့မှာ ယောင်တောင်ပေါင်တောင် အလန့်တကြားမို့သာ ထထွက်လာမိတာ။ မှာထားတဲ့အကြော်တောင် မယူရသေးဘူး။
ဘာမှန်းလည်း မသိဘူး။ ရှက်စရာလည်းကောင်းတယ်။ ကောင်ေးလတစ်ယောက်နောက်ကို ကောင်မလေးတစ်သိုက်က တရုန်းရုန်းလိုက်နေတာများ ပြောရင် ဘယ်သူယုံမှာလဲ။ ခေတ်ပြောင်းပြန်ကြီး...။ ဟင်း...”
“ ဘုရားရေ... အမလေး သူတို့လိုက်တဲ့သူက ငါတို့နောက်ရောက်နေပါလား..ဟဲ့ မေစပယ်.. ငါ သေချင်တယ်နော်... ရှက်လိုက်တာ... ရှက်လိုက်တာ.. မြန်မြန်နင်း... မြန်မြန်နင်း....”
ပထမတော့ ခပ်ရှရှအသံလေးက နားထောင်ကောင်းသည်မို့ အာရုံစိုက်မိခြင်း...။ နောက်တော့ သူ့ကိုပြောနေတာပါလားလို့ အံ့သြခြင်း...။ ပြီးမှ ဖြတ်ကနဲ လှည့်အကြည့်..၊ မျက်လုံးချင်းအဆုံ..၊ အံ့သြရှက်လန့်သွားသည့် ပန်းသီးနီနီလို သူမမျက်နှာ...။
စက်ဘီးနောက်ကယ်ရီယာမှ သူမက ရှေ့မှစက်ဘီးနင်းနေသည့် သူငယ်ချင်းမခါးကိုဖက်ရင်း မျက်နှာကိုကွယ်ကာ ဖွက်ထားသည်မှာ နောက်သို့ပြန်လှည့်မလာတော့။
“ ချစ်ဖို့ကောင်းလိုက်တာကွာ..”
“ ဘာလဲ ဟေ့ကောင်။ မင်းခိုက်နေပြီလား...”
သူငယ်ချင်း၏အမေးကို သူ မဆိုင်းမတွခေါင်းညိတ်လိုက်မိသည်မှာ ထိုအချိန်မှစ၍ သေသည့်တိုင် ဘယ်တော့မှ နောင်တမရနိုင်ဟုပင် သူယုံကြည်ခဲ့မိ၏။
“ ဒါဖြင့် မင်းလိုက်မယ်ပေါ့...”
“ အင်း...”
သူငယ်ချင်း၏ နောက်ထပ်အမေးကိုလည်း သူ ရဲရင့်လိုက်ပြန်သည်။
“ တစ်ခုတော့ရှိတယ်ကွ။ သူက စာကြမ်းပိုးဆိုတော့ ရည်းစားထားပါ့မလား။ မသေချာဘူးနော်။ တော်ကြာ ကောင်မလေးတွေ ၀ိုင်းနေတဲ့ကြားက မင်းရွေးလိုက်တဲ့သူက မင့်ပြန်မကြိုက်ရင် အလကားအောက်နေဦးမယ်။ ကောင်မလေးတွေကလည်း ဟားမယ်။ မင်းကိုမုန်းနေတဲ့ ကောင်မလေးတွေရဲ့ ကောင်တွေလည်း ၀မ်းသာမယ်။ နည်းနည်းပါးပါးလည်း အရင် တီးခေါက်ကြည့်ပါဦး..”
“ အချစ်မှာ အောက်တယ် မရှိပါဘူးကွာ။ ကိုယ့်စိတ်ကိုယ်သေချာဖို့သာ အဓိကပါ။ သူပြန်ကြိုက်မကြိုက်က သူ့ကိစ်္စ။ ငါ့စိတ်ထဲ သူဟာ ငါ့ဖူးစာရှင်လို့ သေချာနေတာက ငါ့ကိစ်္စ...”
သည်လို သူ သေချာစွာပြောရဲသည်မှာ သူငယ်ချင်းမသိသေးသည့် အချက်တစ်ချက်ကို သူ ရှာဖွေတွေ့ရှိထားလို့မှန်းတော့ သူ မပြောဖြစ်ခဲ့။ သူ့နှလုံးသားထဲတွင်တော့ ရှေ့ဆုံးခုံတန်းမှ ဖွင့်ထားသော ကွန်ပါဗူးအဖုံး ပြောင်လက်လက်လေးထဲကနေ ခိုးခိုးကြည့်နေတတ်သည့် ခပ်တည်တည်၊ခပ်စူးစူး မျက်ဝန်းလေးများကို ဘယ်တော့မှမေ့မည် မဟုတ်ပါ။
xxxxxx
“ ဟိတ်.. ဘယ်ကောင်မလေးကို ခိုးကြည့်နေတာလဲဖေဖေ။ မေမေနဲ့တိုင်လိုက်ရမလား...”
ရုတ်တရက် အနားကပ်ကာ အော်လိုက်သော သမီးအသံကြောင့် တကယ်ပင် လန့်ဖျပ်ကာ တုန်သွားသောသူ့ကိုကြည့်ပြီး သမီးက တဟားဟား ရယ်နေ၏။
သည်တော့မှ သမီးကို ကျောင်းလာကြိုနေခြင်းပဲဟု ကျောင်းရှေ့မှ အဖြူအစိမ်းလေးတွေမြင်ပြီး အတွေးလွန်နေသော သူ့ကိုယ်သူ သတိဝင်တော့သည်။
“ ဖေဖေ... ဒီမှာ သမီးကွန်ပါဗူးလေး အဖုံးပြုတ်သွားလို့..။ သူငယ်ချင်းက သမီးကွန်ပါဗူးအဖုံးဖွင့်ထားတုန်း အတင်းလုပြီး မှန်လုပ်ကြည့်တာ..။ ဆွဲရင်းလုရင်းကနေ အဖုံးပြုတ်သွားတာ...။ သူက ပြန်လျော်ပေးမယ်တဲ့...”
“ အော်.. သမီးရယ် မလျော်ခိုင်းပါနဲ့။ ပြန်တပ်လို့ရပါတယ်။ ဖေဖေလုပ်ပေးမှာပေါ့။ ပေး ပေး...”
သူလှမ်းယူလိုက်သော သမီးလက်ထဲမှ ကွန်ပါဗူးအဖုံး ပြောင်လက်လက်လေးက သူကို လှောင်နေသလိုလို...။
“ မောင် ဘယ်တော့မှ မိုးကို မပြောဘူးလို့ ဆုံးဖြတ်ထားတာ...။ မိုးက မောင့်အချစ်ကို မယုံဘဲကိုး။ မိုးကို မောင့်နောက်လိုက်တဲ့ ကောင်မလေးအုပ်စုထဲကလို့ ဘယ်တုန်းကမှ မောင် အထင်မသေးဖူးသလို၊ လွယ်လွယ်ရလို့ ဆွတ်ခဲ့တဲ့ အလိုက်သင့်ပန်းလည်း မဟုတ်ဘူး။ မိုးတည်ကြည်တာ၊ တခြားမိန်းကလေးတွေလို မလှုပ်ခတ်တာကိုပဲ မောင်က ကြိုက်ခဲ့တာ။ မိုးမေးလွန်းလို့သာ ကွန်ပါဗူးထဲက မိုးအကြည့်သူခိုးလေးတွေ မောင်သိတယ်လို့ ပြောပြမိတာ။ ဒါ မိုးကိုနှိမ်တာမှမဟုတ်ဘဲ။
ဘာဖြစ်လဲ။ ကိုယ်ချစ်တဲ့သူကို ခိုးကြည့်တာ။ မိုးကို တစ်ခါမှ မကဲ့ရဲ့ခဲ့ပါဘူး။ မောင်လည်းကြည့်တာပဲ။ မိုးရဲ့နောက်ကနေ တစ်နေကုန် တစိမ့်စိမ့်ကြည့်နေတာ။ မောင်က မိုး မောင်တို့အခန်းထဲ ပြောင်းမလာခင်ကတည်းက အခန်းရှေ့ကို သူငယ်ချင်းနဲ့ လာကတည်းက စကြိုက်သွားတာ။ မောင်ကတောင် မိုးထက် ပိုစောသေးတယ် မိုးကိုချစ်နေတာ...”
“ အို... ဒါကြောင့်လည်း အခန်းရှေ့ ပထမအကြိမ် သူငယ်ချင်းနဲ့ အဖော်လိုက်လာကတည်းက မောင့်ကို မိုးမကြည့်တာ။ သူ့ကိုယ်သူများ ကောင်မလေးတိုင်း ကြိုက်လိမ့်မယ်ထင်ပြီး ဘ၀င်မြင့်နေတဲ့လူမျိုးကို မုန်းတာအရမ်းပဲ သိလား...”
“ ဟောဗျာ.. ဒါဖြင့် မောင့်ကို ဘာလို့လက်ခံခဲ့သေးလဲ...”
“ ဟင်း... သူက ညှို့မျက်လုံးကြီးတွေနဲ့ လူကို စိုက်စိုက်ကြည့်ပြီး ချစ်အောင်လုပ်တာကိုး...။ သိတ်မုန်းတာပဲ.. ဟွန်း...”
“ ဟားဟားဟား...”
နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်သော သူမစကားကြောင့် အော်ရယ်ရင်း သူမမျက်ရည်တွေ သုတ်ပေးလိုက်မိသော်လည်း သူ့စိတ်ထဲတွင် မွန်းကြပ်နေတုန်းပင်။ သူတို့နှစ်ယောက် ချစ်သူသက်တမ်းခုနစ်နှစ်အတွင်းမှာလည်း မိုး၏ ထိုသိမ်ငယ်စိတ်က မကြာခဏပေါက်ကွဲစေသော ဗုံးတစ်လုံးပမာ။
သူမက သူ့လောက်မချောကြောင်း၊ သူ့လောက် နာမည်မကြီးကြောင်း၊ သူမက စလိုက်တယ်ထင်ပြီး သူက အလိုက်သင့် ပါလာတာဖြစ်ကြောင်း၊ သူမကို သူမချစ်သလောက်မချစ်ကြောင်း၊ တန်ဖိုးမထားကြောင်း၊ သူမကစချစ်တယ်ထင်ပြီး သနားတာမျိုးဆိုလျှင် လက်မခံနိုင်ကြောင်း၊ သူငယ်ချင်းတွေနောက် လိုက်မိတာကို သူ့နောက်လိုက်တယ်ဆိုပြီး အထင်သေးရင်ဖြင့် လုံးဝလက်မခံနိုင်ကြောင်း....။ သူမ၏ အားငယ်စိတ်က မာနအဖြစ်ရုန်းကြွလာကာ၊ အမောက်တထောင်ထောင်၊ ရန်လိုစိတ်တရှူးရှူးဖြင့် မကြာခဏ ပြဿနာလုပ်လေတော့၏။
အဆုံးသတ်တွင်တော့ သူက ချော့မော့ကာ မျက်ရည်သုတ်ပေးရသူ..။ သူမက နှုတ်ခမ်းစူကာ တရှုံ့ရှုံ့ဝမ်းနည်းမဆုံးသူ...။
ခုဆို သူတို့နှစ်ယောက် ဘ၀တစ်သက်စာ ချစ်ပန်္နက်ရိုက်ပြီးသည့်တိုင်အောင်လည်း သည်ပြဿနာက မရိုးနိုင်သေး။ အကြောင်းတိုက်ဆိုင်ပြီဆို အစဆွဲထုတ်လာကာ တဂျီဂျီတဂျောင်ဂျောင် တရှုံ့ရှုံ့နှင့် သူမက ဇာတ်ကြောင်းလှန်မြဲ။ သူကလည်း မွန်းကြပ်ပေမယ့် အလျှော့ပေးကာ မျက်ရည်သုတ်ပေးသူ ဖြစ်ရမြဲ။
ပိုဆိုးသည်က အသက်ကြီးလာလေ ဘယ်မိန်းမနှင့်မှ စိတ်မချနိုင်တော့ခြင်းပင်။ ဘယ်လောက်ရုပ်ဆိုးသည့် မိန်းမဖြစ်စေ၊ သူနှင့်မှ စကားလေးနည်းနည်း အပေးအယူတည့်မိသည်နှင့် ကွိုင်ရှာလေတော့၏။ တစ်ခါတစ်ရံ မသိမသာဆိုသော်လည်း၊ တစ်ချို့ကိစ်္စတွေမှာ တစ်ဖက်လူက အကင်းပါးသူဖြစ်လျှင် အလွန်မျက်နှာပူစရာကောင်းတာမျိုး ကြုံရသည်။
သူမကြောင့် သူ့အလုပ်များလည်း မကြာခဏ အထစ်အငေါ့ဖြစ်ရပေါင်းများပြီ။ သူက လူတကာနှင့်ဆက်ဆံနေရသည့် ကျူရှင်ဆရာ။ တပည့်မတွေနှင့်လည်း သင်ကြားရေးမှာ ဘယ်လိုမှ ကင်းလို့ရသည်မဟုတ်။
သူမက မျက်မှောင်တကြုံ့ကြုံ့နှင့် သူ့ကို အရိပ်ကြည့်နေသမျှ၊ ကွိုင်လိုက်ရှာနေသမျှ၊ သူ့မှာ စာသင်ရတာပင် စိတ်မဖြောင့်နိုင်။
ခုမနက်လည်း ကျူရှင်လာအပ်သည့် တပည့်သစ်၏အမေက အာဝဇ်္ဖန်းရွှင်လွန်းသည်ဆိုကာ တပျစ်တောက်တောက် လုပ်နေသည်နှင့် သူ့စိတ် မွန်းကြပ်လာကာ နားညည်းသက်သာရန် သမီးကျောင်းကြိုဖို့ အစောကြီးထွက်လာမိခြင်းဖြစ်၏။
ငယ်ငယ်ကတော့ အချစ်ကို တမြတ်တနိုးရင်ခုန်ခဲ့မိသည်။ တစ်ခါတစ်ရံတော့လည်း အချစ်ဟာ မီးလိုပူလှချည့်ဟု ငြီးငြူချင်ပေမဲ့လည်း ပိုးဖလံမျိုးမို့ မီးကိုတိုးဝင်ခဲ့မိသေးသည်ပဲ။
ကိုယ်တိုင် မီးထဲမှာ လောင်ကျွမ်းရသည့်အခါမှာတော့ ရုန်းထွက်ဖို့ကြိုးစားမိမြဲ...။ သို့ပေမဲ့....
“ ဟယ်.. ကြည့်စမ်း ဒီသားအဖနှစ်ယောက် မိုးဖွဲထဲမှာ ဒီအတိုင်းပြန်လာကြပြီ။ ထင်သားပဲ။
မောင်က ထီးယူသွားမှာမဟုတ်ဘူး လို့..။ သမီးကလည်း ထီးအမြဲမေ့တဲ့သူ။ ဒီသားအဖနှစ်ယောက် လိုက်လည်းလိုက်ပါတယ်။
လာ လာ.. မြန်မြန်လေး အ၀တ်လဲ။ မိုး နှစ်ယောက်စလုံးကို ခေါင်းတွေခြောက်အောင် သုတ်ပေးမယ်။ ပြီးရင် မိုးမိလာမဲ့ သူတွေအတွက် ကော်ဖီပူပူလေးသောက်ရအောင် အဆင်သင့်ဖျော်ထားတယ်။ မောင်ကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော်လေးပါ ကြော်ပေးထားတယ်။ စားမယ်မဟုတ်လား မောင်...”
“ အင်း ကောင်းတာပေါ့မိုးရယ်။ ပူလွန်းလို့ မိုးရေထဲထွက်မိတာ...။ ခု အအေးပတ်မှာစိုးတော့လည်း အပူပြန်သောက်ရမှာပေါ့။ ဒါမှ အပူအအေးမျှသွားမှာ...”
အတွေး လက်စမသတ်သေးသော သူက ခပ်ရွဲ့ရွဲ့စိတ်ဖြင့် တမင်တကာ စောင်းပြောလိုက်မိသော်လည်း သူမက သတိထားမိပုံမပေါ်။ တဘက်တစ်ထည်ကို သယ်ဆောင်ကာ ဆင်မယဉ်သာခြေလှမ်းများဖြင့် လှုပ်လီလှုပ်လဲ့ လျှောက်လာလေ၏။
ထို့နောက် ချစ်သူဘ၀တုန်းကထက် သုံးလေးဆမျှရှိသောခန်္ဓာကိုယ်မှ လက်ဖောင်းဖောင်းကြီးတစ်စုံသည် ဆိုးဆေးများနှင့် ဓာတ်မတည့်သဖြင့် တစ်ခေါင်းလုံးနီးပါး ဖြူဖွေးနေသော ငွေရောင်ဆံပင်များအား တယုတယ ပွတ်သုတ်ပေးနေတော့သည်။
အချစ်သည် ပူလောင်သည်ဆိုသော်လည်း....
တစ်ခါတစ်ရံ၌ ချွင်းချက်တော့ ရှိစမြဲ....။
xxxxxx
ဝေ ၊စီးပွားရေးတက္ကသိုလ်၊
September, 2013
Fashion Image Magazine
မြင်ကွင်း၏ အလွန်
ဒီနေ့ အိမ်ကလူကြီး ကြည့်ရတာ ဂဏာကိုမငြိမ်ဘူးလို့ ဒေါ်သစ် ခံစားမိနေတယ်။ ပြတင်းပေါက်က တရုပ်ကပ်မှန်တွေကို ဟလိုက်စိလိုက်နဲ့ အပြင်ကို ချောင်းချောင်းကြည့်နေတာ ဘယ်နှကြိမ်ရှိနေပြီလဲ။ ခဏနေ သူထိုင်နေကျ ဒရင်းဘက်လေးမှာ လာလှဲနေလိုက်၊ ခဏနေ ပြတင်းပေါက်နား ထသွားလိုက်၊ တရုပ်ကပ်မှန်ကို ဟလိုက်၊ လည်ဆန့်ပြီး အပြင်ကို ချောင်းလိုက်၊ မှန်ကို အသာလေးပြန်စေ့လိုက်၊ ပြတင်းပေါက်နဲ့ ဒရင်းဘက်ဆီ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်၊ ဒရင်းဘက်ပေါ် ခဏလှဲလိုက်။
အဲလိုနဲ့ သံသရာအပြန်ပြန် လည်နေတော့တာပဲ။
ဒေါ်သစ်က မီးဖိုထဲမှာ ချက်ပြုတ်နေရင်း ဧည့်ခန်းထဲဝင်မကြည့်ပေမဲ့ သူ့ကို မျက်စေ့ထောင့်ကနေ ရိပ်ကနဲရိပ်ကနဲ မြင်နေရတယ်။ မြင်တယ်ဆိုတာထက် စိတ်နဲ့ အလိုလိုသိနေတာဆိုရင် ပိုမှန်မလားပဲ။ ပေါင်းလာတဲ့နှစ်ကပဲ ရွှေရတုကျော်ခဲ့ပြီဆိုတော့ ဘယ်အရိပ်မြင်ရင် ဘယ်ပုံဆင်တော့မယ်ဆိုတာ မသိဘဲရောနေမလား။
ဒါ သူ တစ်ယောက်ယောက်ကို ချောင်းနေတာ။ စိတ်ထဲကနေ အကြံတစ်ခုခုထုတ်နေတာ။ ပတ်ဝန်းကျင်ကို မသိမမြင်စေချင်လို့ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ။ တစ်စုံတရာလှုပ်ရှားဖို့အတွက် ခိုးချောင်ခိုးဝှက်စောင့်နေတာ။ ဒေါ်သစ် သိတာပေါ့။
ဒီလိုအခြေအနေမျိုးဆိုရင် သူကလည်း ဒေါ်သစ်ကို ဘယ်တော့မှ အသိပေးတိုင်ပင်လေ့မရှိဘူး။ ကြိတ်ကြံတာ။ ဒေါ်သစ်ကလည်း နောကြေနေပြီ။ ဘာဖြစ်တော့မယ်ဆိုတာ သိရက်နဲ့ မသိချင်ယောင်ဆောင်ပေးနေရတဲ့ ခပ်ညံ့ညံ့မျက်လှည့်ပွဲ တစ်ခုလိုပဲ။
ဒါပေမဲ့ ပရိသတ်ကလည်း များများစားစား မရှိရှာပါဘူး။ သူရယ်ကိုယ်ရယ် နှစ်ယောက်တည်းသာကျန်ခဲ့တဲ့ အစည်းပြေမိသားစုထဲမှာ သူ့ရဲ့ထာဝရပရိသတ်က ဒေါ်သစ်တစ်ယောက်ကလွဲရင် ဘယ်သူများရှိသေးလို့လဲ။
xxxxxx
(၁)
“ ကလေးလေးကကွာ တို့မြေးလောက်ပဲ ရှိလိမ့်ဦးမယ်။ နို့စို့ကလေးလေးကို နေပူကျဲကျဲကြီးထဲ နောက်ထပ် ခေါ်မလာပါနဲ့တော့လို့ ကတိတောင်းလိုက်ရတယ်။
သူကလည်း နောက်ရက်တွေမှာ ဒီဘ၀မျိုးနဲ့ သူ့ကိုမမြင်စေရဘူးလို့တော့ ပြောရှာသား။ သနားပါတယ်ကွာ...”
ဦးချစ်စကားကို ဒေါ်သစ်က ခေါင်းတညိတ်ညိတ်နဲ့ အင်း လိုက်နေပေမယ့် နှုတ်ခမ်းကတော့ အောက်ဖက်ကို ခပ်ကွေးကွေးရယ်။
ဒီလူကြီးကိုက အမှတ်မရှိတာပါ။ ဒါနဲ့ဆို ဘယ်နှခါရှိပြီလဲ။ ပြီးရင် သူပဲ စိတ်နာကျင်ရဦးမယ်။ ကိုယ်ရည်ရွယ်တာတခြား၊ သူတို့လုပ်ပစ်တာကတခြား။
“ ကဲပါရှင် ဘယ်လောက်ပါသွားပြီလဲသာ အရင်ပြောပါ..”
စိတ်မရှည်သလို ဒေါ်သစ်လေသံကြောင့် ဦးချစ်က သက်ပြင်းကို ခပ်သာသာချလိုက်ပြီးမှ..
“ သာဓုသာ ခေါ်စမ်းပါမိန်းမရာ။ မင်းမလည်း စိတ်ကိုဖြတ်သင့်တဲ့နေရာမှာ မဖြတ်ဘူး။ ကိုယ်လှူပြီးရင် ကိုယ့်ပစ်္စည်းမှ မဟုတ်တော့ဘဲ။ သူ့ပစ်္စည်းဖြစ်သွားပြီ။ သူ့ဖာသာ ဘာလုပ်လုပ်ပေါ့။ ကုသိုလ်စိတ်ကို အကုသိုလ်ဖြစ်အောင် မလုပ်ချင်ပါနဲ့ကွာ.. ”
“ အင်းပါရှင်။ သာဓု သာဓု သာဓုပါတော်။ ပြီးမှသာ ရှင် ပတ်ပြေးနေရမှာ ကျုပ်ကမြင်ယောင်လို့ပါ။ အိမ်ထဲဝင်ပုန်းနေတာတောင် လုံခဲ့လို့လား...”
ဦးချစ်က ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းသာချနေတာမို့ ဒေါ်သစ်လည်း နေ့လည်နေ့ခင်း တစ်ရေးတစ်မော မှေးဖို့သာ ဟန်ပြင်တော့တယ်။ အသက်အရွယ်ထောက်လာတော့ ငယ်ငယ်တုန်းကလို တစ်နေကုန် ခြေညောင်းလက်ဆန့်တောင်မလုပ်ဘဲ လားလား လားလားနဲ့ နေမရတော့ဘူး။ မီးဖိုထဲ ခပ်ကြာကြာရပ်ရင်တောင် ခါးကကိုက်လာပြီ။ ဒူးကနာလာပြီ။ လင်မယားနှစ်ယောက်စာ ထမင်း၊ဟင်းလေးချက်ပြီးရင်ပဲ လူက ညည်းစီစီဖြစ်နေပြီ။
ကိုယ်တောင် ဒီလိုဖြစ်နေမှတော့ ကိုယ့်ထက်ဆယ်နှစ်နီးပါးကြီးတဲ့ အိမ်ကလူကြီးခမျာလည်း တစ်နေ့တစ်နေ့ စာသင်ရတာ အာတွေညောင်းရုံမက သွားရလာရနဲ့ ကိုယ်တွေလက်တွေလည်း ညောင်းညာကိုက်ခဲနေရှာမှာပဲ။ အသက်က ခုနစ်ဆယ်ကျော်လို့ အဖိုးကြီးပဲဖြစ်နေပြီဟာကိုး။
အင်း.. အသက်ကြီးလို့သာ အဖိုးကြီးလို့ဆိုရတာ။ သူလုပ်နေရတဲ့အလုပ်က အဖိုးကြီးတစ်ယောက်လို အငြိမ်းစားဘ၀တော့ မဟုတ်ရှာပါဘူး။ ငယ်ငယ်တုန်းကလို အားနဲ့မာန်နဲ့တော့ မသင်နိုင်ရှာပေမယ့် ဒီသင်တန်းလေးတွေနဲ့ပဲ လင်မယားနှစ်ယောက်
ခုရွယ်ထိ စားလောက်ရုံမက သားမြေးတွေကိုတောင် ထောက်ပံ့နေနိုင်သေးတာလေ။
ဟိုတစ်လောကတော့ အရွယ်ကောင်းစဉ်က လုပ်ဖော်ကိုင်ဘက်ဖြစ်ခဲ့တဲ့ ဆရာဟောင်းတစ်ယောက်နဲ့ ပြန်တွေ့တော့ ဦးချစ်ရဲ့သင်တန်းလေးကိုကြည့်ပြီး အံ့သြနေတယ်။
“ ခင်ဗျားဗျာ.. ဒီအရွယ်ရောက်နေပြီ။ ဘုရားတရားနဲ့ အေးအေးမနေဘဲ ဘာလို့လောဘတွေ ကြီးနေသေးတာတုန်း။ ကိုယ့်ပညာကို လိုချင်တဲ့သူတွေ ရှိနေသေးတယ်ဆိုပြီး ဂုဏ်ယူမနေနဲ့ဗျ။ ဒီအချိန်မှာ ဂုဏ်တွေ၊ ငွေတွေထက် အရေးကြီးတာက ရိက်္ခာ။ သံသရာခရီးအတွက် ကိုယ်သယ်သွားရမယ့် ရိက်္ခာထုပ်ကို ပြင်ဆင်ထားသင့်တာ...”
“ အင်း မိတ်ဆွေကတော့ ပြောအားရှိတာပေါ့။ သားသမီးတွေက ကျေးဇူး တစ်ကြော့တောင်ပြန်ဆပ်ကုန်မှကိုး။
ကျုပ်မှာတော့ သံသရာကြွေးက တော်တော်ထူခဲ့တယ် ထင်ပါရဲ့ဗျာ။ ခုထိ မြင်တဲ့အတိုင်းပါပဲ...”
အဲဒီတုန်းက ဦးချစ်ပြန်ပြောလိုက်တဲ့အသံ လေးလေး၊ဆွေးဆွေးကြီးကို ဒေါ်သစ် ခုထိမမေ့နိုင်သေးဘူး။
xxxxxx
(၂)
“ မိဘကျေးဇူးဆပ်ချင်တာများ အင်္ဂလိပ်စာအဓိကနဲ့ မာစတာရအောင်လုပ်ပြီး အဖေ့စာသင်ဝိုင်းတွေ အမွေဆက်ခံလို့ရပါတယ် သားရယ်။ နိုင်ငံခြားမှာ ကျောင်းတက်တယ်ဆိုတာ အရမ်းချမ်းသာတဲ့ သူဌေးသားတွေမှ လုပ်နိုင်တာပါ။ ဘ၀ကို လက်တွေ့ကျကျသာ
လျှောက်လှမ်းစမ်းပါကွာ။ တက်္ကသိုလ်မှာ ကျူတာလုပ်လည်း ဂုဏ်မငယ်ပါဘူးကွ။ အဖေ့သင်တန်းမှာ အုပ်ချုပ်ရင်း ဆရာလုပ်တော့လည်း ပိုက်ဆံရပါတယ်ကွ။ အဓိကက ဘယ်မှာပဲဖြစ်ဖြစ် ကြိုးစားချင်စိတ်ရှိဖို့နဲ့ ဇွဲရှိဖို့ပါ ငါ့သားရ...”
“ ဟာ အဖေကလည်း အဖေ့ကျူရှင်လေးက သူဌေးမဖြစ်နိုင်ပါဘူးဗျာ။ သားက သူဌေးဖြစ်ချင်တာ။ သားသူငယ်ချင်းလို အမေရိကားမှာ ကျောင်းတက်ရင်း အလုပ်လုပ်ချင်တာ။ အဖေတို့ခေတ်တုန်းကလို သူဌေးသားမှ နိုင်ငံခြားသွားပြီးစာသင်နိုင်တဲ့ခေတ် ကုန်သွားပြီအဖေရ။ တောကလူတွေတောင် မြို့မတက်တော့ဘူး။ နိုင်ငံခြားတန်းထွက်ပြီး အလုပ်လုပ်တဲ့ခေတ်ရောက်နေပြီ။
အစပိုင်းသာ အဖေတို့ကုန်ရမှာပါ။ နောက်ပိုင်း သားအလုပ်ရတော့ ကျောင်းစားရိတ်လောက်တဲ့အပြင် အဖေတို့ကိုပါ ပို့ပေးနိုင်ဦးမှာ..”
“ ဘာ... အမေရီးက။ အမလေးလေ အဲလောက်အဝေးကြီးကို မလွှတ်နိုင်ပါဘူးတော်။ ဘယ့်နှယ် ကျုပ်မှာ ဒီသားလေးတစ်ယောက်တည်း မွေးထားတာ။ ရန်ကုန်မှာကျောင်းတက်မယ် ဆိုရင်တောင် တားဖို့ကြံနေတဲ့အမေကို ဘာမှလည်းမတိုင်ပင်ကြပါလား။ ဒါ ဘာသဘောလဲ သားချို၊ ဟင်...”
အဲဒီတုန်းက ဦးချစ်တို့သားအဖ အချီအချပြောနေသံကို ကြားလိုက်တဲ့ဒေါ်သစ်လည်း ကိုရီးယားကားကြည့်နေရာကနေ ထလာပြီး ပြာပြာသလဲ ၀င်ကန့်ကွက်လိုက်မိသေးတယ်။
“ ဟာ အမေကလည်းဗျာ။ ဘာမှမသိဘဲနဲ့ ၀င်ပါပြန်ပြီ။ သားက မိဘကျေးဇူးဆပ်ဖူးချင်လို့ပါဗျ..”
တကယ်လည်း အဲဒီ “ မိဘကျေးဇူးဆပ်မယ် ” ဆိုတဲ့ စကားလုံးတွေနဲ့ပဲ သူလုပ်ချင်တာကို လုပ်ခွင့်ရတဲ့အထိ ဦးချစ်ရဲ့သားက ဒေါ်သစ်ရဲ့အတွင်းပစ်္စည်းတွေကို နှိုက်ထုတ်သွားခဲ့တာပါပဲ။
ဒါပေမဲ့ သားဆန်္ဒကိုဖြည့်ဖို့ ဦးချစ်နဲ့အပေးအယူ အရင်လုပ်ခဲ့တာပေါ့။
“ ဆယ်တန်းအောင်ရုံ ဆယ်ကျော်သက်ကလေးနဲ့တော့ ရေခြားမြေခြားမှာ အလုပ်လုပ်ဖို့၊ ကျောင်းနေဖို့ ဘယ်လိုမှစိတ်မချနိုင်ဘူး။ ခွင့်လည်းမပြုနိုင်ဘူး။ ဒီတော့ မိဘဆန်္ဒကို မင်းအရင်ဖြည့်။ ပြီးရင် မင်းဆန်္ဒကို တို့တွေဖြည့်မယ်..”
“ အဖေ ကတိတည်နော်။ ပြီးတော့မှသာ ဟိုဟိုဒီဒီ အကြောင်းပြပြီးလမ်းမလွှဲနဲ့..”
“ ငါ ယောကျာ်းပါကွ..”
ဒီလိုနဲ့ပဲ မိဘတွေဆန်္ဒအတိုင်း သားက ကိုယ့်မြို့ကတက်္ကသိုလ်မှာပဲ အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရအောင်ယူခဲ့သလို၊ ဦးချစ်တို့ကလည်း ကတိအတိုင်း သားသွားချင်လှတဲ့ အမေရိကားကိုသွားဖို့ ခွင့်ပြုရတော့တာပေါ့။
အမှန်တော့ တက်္ကသိုလ်တက်ရင်းကနေ ချစ်သူရလို့ပဲဖြစ်ဖြစ်၊ စိတ်ပြောင်းသွားလို့ပဲဖြစ်ဖြစ်၊ အစီအစဉ်ပျက်လေမလားလို့ အဖေနဲ့အမေက မျှော်လင့်ခဲ့မိတာ ၀န်ခံရမှာပါ။ ဒါပေမဲ့ ချစ်သူရည်းစားကလည်း တစ်ယောက်ရလိုက် ကွဲသွားလိုက်၊ တစ်ယောက်တွေ့လိုက် အဆင်မပြေလိုက်နဲ့ပဲ ဘွဲ့သာရသွားတယ်။ စိတ်ကလည်း မပြောင်းဘူးပဲတဲ့။
ဘာပဲဖြစ်ဖြစ် အသက်ကလည်း နှစ်ဆယ်ကျော်ပြီဆိုတော့ သူ့ကိုယ်သူထိန်းနိုင်ပြီလို့လည်း ဦးချစ်က ဒေါ်သစ်ကို နှစ်သိမ့်ရပြန်တာပေါ့။ သွားခါစကတော့ တက်ကြွစိတ်နဲ့မို့လားမသိဘူး။ သားကိုယ်တိုင်လည်း အခက်အခဲတွေ့ပေမဲ့ မညည်းညူဘဲ ကြိုးစားကျော်ရှာ သေးတယ်။ အလုပ်မရသေးခင် ငွေပို့ပေးနေရတဲ့ ဒေါ်သစ်ကလည်း ထုခွဲစရာရှိနေသေးသရွေ့ “ သားအတွက် ”
ဆိုတဲ့ မေတ်္တာစိတ်နဲ့ အံခဲရှာသေးတယ်။
နောက်တော့ ထုခွဲစရာလည်းကုန်ရော ဦးချစ်ကို ခပ်စောစောကျူရှင်မပြခဲ့တာဘဲ နောင်တရရတော့မလိုလိုနဲ့ အပြစ်တင်တော့တာပဲ။
“ ကျောင်းမှာ စာသင်ရင်းကျူရှင်ပြစားတဲ့ ဆရာတွေအများကြီး ရှိရဲ့သားနဲ့။ ရှင်က အတွေးခေါင်ခဲ့တာကိုး။ တကယ်နာမည်ကြီးပြီး အသင်အပြကောင်းလှချည့်လို့ ကျူရှင်ပေးဖို့တောင်းဆိုကတည်းကသာ သင်တန်းဖွင့်ခဲ့ရင် ရှင့်မိတ်ဆွေ ဆရာကျော်အောင်လို ကျိကျိတက်နေပြီပေါ့။ ခုတော့ ပင်စင်ယူပြီးမှ ကျူရှင်ထဖွင့်တော့ တလင်းထဲ ကောက်သင်းကောက်သူလို အစေ့အောင်အနှံကောင်းတွေက ရိတ်သိမ်းသူတွေထဲပါသွားပြီ။ ကိုယ်က ကျန်ကောက်...”
“ တော်ပါတော့ကွာ။ ခုလည်း မင်းကို အိမ်တစ်ဆောင် မီးတစ်ပြောင်တော့ ထားနိုင်ခဲ့တာပဲမဟုတ်လား...”
“ အိမ်က အခွံပဲကျန်တော့တယ်လေ။ သားလိုသမျှကို ဘာနဲ့ထပ်ပေးမလဲ။ အိမ်ရောင်းပေးရမလား...”
ဒေါ်သစ်ရွဲ့နေမှန်း သိပေမယ့် ဦးချစ်ရင်ထဲမှာတော့ သားသမီးဆန်္ဒကို အစွမ်းကုန်မဖြည့်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်သွား ရတယ်။ ဒါပေမဲ့ ၀န်ထမ်းဘ၀မှာ အပြင်ကျူရှင်ဖွင်ဖို့ ငြင်းဆန်ခဲ့တာကိုလည်း သူ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။
xxxxxx
(၃)
“ ခုမှ နောင်တရနေလို့လည်း ကုန်သွားတဲ့ပိုက်ဆံတွေက ပြန်ရလာမှာမဟုတ်ဘဲနဲ့။ ပြောမနေပါနဲ့တော့အေ။ အစကတည်းကသာ ဖရဲသီးရောင်းမယ့်အစား ကြွေးဆပ်လိုက်တာကမှ ကြွေးကျေသွားဦးမယ်။ ဒါနဲ့များ ဘာလို့ ဖရဲသီးလေးရောင်းချင်တယ်လို့ ပလီစိချောက်ချက် လျှောက်ပြောရသလဲကလေးမရယ်...”
ဘုန်းကြီးအမှု ရွာပတ်ခံနေရတဲ့ ဒေါ်သစ်လည်း ကိုယ့်သားဘ၀ကိုတောင်မှ ကိုယ်မကယ်တင်နိုင်ဘဲ တခြားသူတွေကို ကယ်တင်ရှင်လမ်းပြ လုပ်ချင်နေတဲ့ အိမ်ကလူကြီးကိုပဲ စိတ်တိုမိတော့တယ်။
သူစေတနာလွန်ပြီး ကယ်တင်လိုက်တဲ့ လမ်းဘေးက တောင်းရမ်းသူကလေးမက ဖရဲသီးကို တကယ်ရောင်းဖြစ်ရဲ့လားမသိပေမဲ့ ဒေါ်သစ်အိမ်ကိုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး အရင်းပြုတ်လို့ ပိုက်ဆံလာချေးနေပြီလေ။
“ နေစမ်းပါဦး ညည်းကို ဒီအိမ် ဘယ်သူညွှန်လိုက်တာတုန်း။ ငါ့ယောကျာ်းပိုက်ဆံပေးတုန်းက အိမ်ရှေ့ထွက်ပေးတာမှမဟုတ်ဘဲ..”
ဟိုတစ်ရက်က ဦးချစ်အိမ်ရှေ့ကိုချောင်းနေတာ တော်တော်ကြာပြီးနောက်မှ ဦးထုပ်လေးဆောင်းပြီး သုတ်သုတ်သုတ်သုတ်နဲ့ ထွက်သွားခဲ့တာ။ ကောင်မလေး လမ်းထိပ်ကျော်မှ နောက်ကလိုက်သွားပြီး ဟိုးဘက်တစ်လမ်းကျော်မှ ပိုက်ဆံလည်းလှူ၊ ဖရဲသီးရောင်းဖို့ စတီဘန်းပါ ကိုယ်တိုင်ဝယ်လှူခဲ့တာ။ ဒေါ်ချစ်ကို အိမ်ပြန်ရောက်မှ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြပြီး သာဓုခေါ်ခိုင်းခဲ့တာ။
အိမ်မသိစေချင်လို့ ဒီလိုလုပ်ခါမှ ကလေးမက ဘယ်လိုလုပ် သိသွားရတာပါလိမ့်။
“ ဒါကတော့ ဒေါ်လေးရယ်။ ဘဘကြီး ဒီနားတ၀ိုက်က ထွက်လာမှန်းသိလို့ ကျွန်မလည်း တစ်အိမ်ပြီးတစ်အိမ် အကူအညီလိုက်တောင်းရင်း စုံစမ်းကြည့်တာပေါ့...”
“ ဘဘကြီးစေတနာကောင်းတာ လမ်းထိပ်အိမ်ကတော့ တော်တော်ချီးမွမ်းလိုက်သေးတာ ဒေါ်လေးရဲ့။ သူ့တူမလေးတောင် နှစ်လုံးကြွေးနဲ့ အဖမ်းခံရမလိုဖြစ်တုန်းက ဘဘကြီးတို့ကကူညီဖူးကြောင်း၊ လမ်းထိပ် ကွမ်းယာဆိုင်က ကလေးမလေးရဲ့အမေ အသည်းအသန်ဖြစ်တုန်းကလည်း ဆေးရုံတက်ဖို့ ငွေထုတ်ပေးတဲ့အပြင် အသုဘစရိတ်၊ ရက်လည်ဆွမ်းစရိတ်တွေပါ ထုတ်ပေးခဲ့ကြောင်း၊ နောက်ပြီး....”
“ အမလေး တော်ပါတော့ဟယ်။ ငါတို့က သူဌေးမဟုတ်ပါဘူး။ ဆရာအိုရဲ့ သင်တန်းလေးကလည်း ငွေသိပ်မ၀င်တော့ဘူး။ အရင်က သူ အလှူလုပ်ခဲ့သမျှတွေက မီးခိုးကြွက်လျှောက်မဆုံးလို့ သူ့ခမျာ အရင်လိုအိမ်ရှေ့ထွက် မလှူဝံ့တော့တာသာ ကြည့်။ ခုဆို ပေးချင်စိတ်ဖြစ်ရင်တောင် ကိုယ့်အိမ်ရှေ့မပေးရဲဘူး။ အိမ်မသိအောင် ခုလိုပဲ ခပ်လှမ်းလှမ်းရောက်မှ နောက်ကလိုက်ပေးရဲတာ။
ဘယ်နေရာမဆို အတိုင်းအတာရှိတယ်ကလေးမရဲ့။ စေတနာရှိပေမယ့် အဲဒီစေတနာက ကိုယ်တစ်ပိုင်တစ်နိုင် ပြတ်နိုင်တဲ့အတိုင်းအတာမှ ကုသိုလ်ကောင်းကောင်းရတာ။ မနိုင်ဝန်ထမ်းပြီး လှူတော့လှူလိုက်ပါရဲ့။ လှူပြီးခါမှ ဒေါသဖြစ်ရ၊ နောင်တရရ၊ စေတနာပျက်ရ၊ ဆိုရင် ကုသိုလ်ကတစ်ပဲ၊ ငရဲကတစ်ပိဿာဖြစ်ရော။
ဒီတော့ သူလှူထားတာကို စေတနာပျက်အောင် နောင်တရရအောင် မလုပ်ပါနဲ့။ အဲဒီငွေတွေ ဘာလုပ်ပြစ်ပြစ် သူမသိစေနဲ့တော့။ ထပ်လည်းမတောင်းနဲ့တော့။ သူ့စေတနာကို ဒီမှာတင် တစ်ခန်းရပ်ပေ့စေတော့...ဟုတ်ပြီလား...”
ပြောသာပြောရတာ။ ကလေးမက နားလည်ရဲ့လားမသိပါဘူး။ ဒေါ်သစ်ပြောသမျှကို မျက်လုံးကြောင်တောင်နဲ့ ကြည့်နေရာကနေ ဒေါ်သစ်ပေးတဲ့ငါးရာတန်ကို ဇတ်ကနဲဆွဲယူပြီး လှည့်ထွက်သွားတယ်။ အစက တတွတ်တွတ်နဲ့ ဘဘကြီးရဲ့စေတနာကို သိဒ်္ဓိတင်နေခဲ့တဲ့ နှုတ်ခမ်းအစုံက ခုတော့ဖြင့်မဲ့လို့လေ...။
xxxxxx
(၄)
“ အလှူဆိုတာ စေတနာသုံးတန်ပြဌာန်းပြီး လှူတတ်မှ အကျိုးရှိတာရှင်မရဲ့။ အကျိုးမျှော်ကောင်းတယ်တော့ မဟုတ်ဘူးပေါ့လေ။ လှူပြီဆိုကတည်းက နိဗ်္ဗာန်အတွက်အထောက်အပံ့အဖြစ်သာ အာရုံပြုလှူသင့်တာကိုး...”
ခုတစ်လော အသက်ကြီးလာလေ သင်တန်းချိန်တွေ လျှော့ပစ်လာရတဲ့ ဦးချစ်တစ်ယောက် ဟိုးအရင်ကလို အပေးအကမ်းတွေ သိပ်မရက်ရောနိုင်တော့ဘူး။ အရင်ကဆို ၀င်ငွေလေးကလည်း သိတ်မဆိုးတော့ အိမ်ရှေ့မှာတွေ့သမျှ ဒုက်္ခသည်တွေ (အထူးသဖြင့် သက်ကြားအိုနဲ့ ရင်ခွင်ပိုက်ကလေးအမေတွေ) ကို ဆေးဖိုးဝါးခလိုတယ်ဆိုတိုင်း ဦးချစ်ကလှူလေ့ရှိတယ်။
အဲလိုလှူပြီးရင်လည်း နောက်ပိုင်းသတင်းကို ဦးချစ်က နားမစွင့်တတ်ဘူး။ ဒေါ်သစ်က ကြားလာတဲ့သတင်းတွေ လာပြောရင် လည်း သူ့စေတနာပျက်ရမှာစိုးလို့ မပြောဖို့ဟန့်တတ်တယ်။ ဥပမာ ဆေးခန်းပြဖို့ပေးလိုက်တဲ့ငွေကို ချဲကြွေးဆပ်လိုက်တာမျိုးပေါ့။
ဒါပေမဲ့ နောက်ပိုင်းတော့ မကြာခဏအိမ်ထဲထိဝင်ပြီး အတင်းအလှူခံတာမျိုးတွေ ကြုံရတော့တာပဲ။ တစ်ခါတလေ လက်ထဲ ငွေတကယ်မရှိလို့ မပေးနိုင်ရင် သူတို့ကပဲ ကိုယ့်ကို ရန်လိုချင်ကြသေးတာ။ ဟိုလူ့တော့ပေးပြီး ဒီလူ့မပေးရကောင်းလားဆိုပြီး ရန်တွေ့တတ်သေးတာ။
ဦးချစ်ကလည်း ငွေတွင်းရှိတာမှမဟုတ်ဘဲ။ လခစား သင်တန်းဖွင့်ထားတဲ့သူဆိုတော့ လကုန်ခါနီးဆိုရင် ဘိုင်ပြတ်တာပေါ့။
တစ်ခါကဆို ကလေးမတစ်ယောက်က လူမမာအမေအိုအတွက် ဆေးဖိုးလိုတယ်ဆိုလို့ ငွေသုံးထောင်လှူလိုက်တာ။ သုံးလေးရက်နေတော့ ဆေးရုံတင်ရမယ်ဆိုပြီး ငွေတစ်သောင်း။ နောက်သုံးလေးရက်နေတော့ ဆုံးရှာပြီဆိုပြီး ငိုယိုတောင်းလို့ သဂြိုလ်စရိတ် ငွေတစ်သောင်း။
နောက်သုံးလေးရက်ရောက်ပြန်တော့ အမေအို့ရဲ့ ကျန်ခဲ့တဲ့လူမမယ် ကလေးလေးအတွက်ဆိုပြီး လက်ဖြန့်လာပြန်ရော။
“ တော် တော် တော်။ နင့်ပုံပြင်က ဆုံးမှာမဟုတ်တော့ဘူး။ ငါ့စေတနာကတော့ ဆုံးပြီ..” လို့ ဦးချစ်လည်း အဆုံးသတ်လိုက်ရတော့တယ်။ ငွေမပေးနိုင်တော့ မျက်စောင်းထိုးပြီး ခြေဆောင့်သွားရုံမက ဘေးပတ်ဝန်းကျင်မှာလည်း အမနာပစကားတွေ သွားပုပ်လေလွင့် လွှင့်လိုက်သေးတာ။
အဲဒီကတည်းက ဦးချစ်လည်း ပေးချင်ကမ်းချင်စိတ်ဖြစ်ရင်တောင် သံသရာမရှည်အောင်၊ စေတနာမပျက်ရအောင်၊ တစ်ခါတည်းနဲ့ အပြတ်ဖြတ်ရတော့တာလေ။ အိမ်ရှေ့မှာလည်း မပေးကမ်းရဲတော့ဘူး။ ပတ်ဝန်းကျင်သိအောင်လည်း မလှူဒါန်းရဲတော့ဘူး။
ဟိုတစ်နေ့ကလည်း နို့စို့ကလေးလေးကို ရင်ခွင်ပိုက်ပြီး အိမ်ရှေ့နားမှာ ပိုက်ဆံထိုင်တောင်းနေတဲ့ မိန်းမတစ်ယောက်ကိုမြင်တော့ ဦးချစ် မြေးလေးကို သတိရမိတယ်။
ဒါနဲ့ အဲဒီမိန်းမထသွားလို့ လမ်းထိပ်ရောက်မှ နောက်ကနေလိုက်ပြီး “ ဒီဘ၀ကလွတ်အောင် ကူညီပေးမယ်ဆိုရင် နင်ဘာအလုပ်လုပ်ချင်လဲ..” လို့မေးတော့... “ ဘဘကြီးရယ် သူများတွေလို ဖရဲသီးစိတ်လေး၊ မြေပဲပြုတ်လေး ရောင်းချင်တာပေါ့..” တဲ့။ ဒါနဲ့ပဲ အရင်းဘယ်လောက်ကျမလဲဆိုတော့ ငါးထောင်လောက်ဆိုရပါပြီ။ ဒါပေမဲ့ စတီးလင်ပန်းကတော့ ဈေးကြီးသတဲ့။ ဦးချစ်လည်း ကလေးမကို ဈေးထိပ်မှာစောင့်ခိုင်းပြီး ကိုယ်တိုင် စတီးလင်ပန်း လေးထောင်တန်တစ်ချပ် ၀ယ်ပေးလိုက်သေးတယ်။
“ နင် ဒီဘ၀က လွတ်အောင်၊ ကျွတ်အောင် ရုန်းတော့နော်။ ကလေးလေးရဲ့ ရှေ့ရေးကလည်းရှိသေးတယ်။ နောက်တစ်ခါ နင့်ကို ဒီဘ၀မျိုးနဲ့ မမြင်ချင်တော့ဘူး။ ငါ့ကိုကတိပေးပါ...” ဆိုတော့ ပေးလိုက်တဲ့ကတိတွေဆိုတာ ရွှန်းရွှန်းကို ဝေနေတော့တာ။
အဲဒီနောက်ပိုင်း တော်တော်ကြာတဲ့အထိ အိမ်ရှေ့နားမှာမတွေ့ရလို့ ၀မ်းသာမယ်မှကြံရုံရှိသေး။ လပြည့်နေ့က ဘုရားကြီးကို မရောက်တာကြာလို့သွားတော့ လှေကားရင်းမှာ ဆောင့်ကြောင့်ကလေးနဲ့ ခေါင်းကိုငုံ့လို့။ ကလေးလေးကလည်း ရင်ခွင်ထဲမှာ နို့စို့လျက်တန်းလန်း။
ကလေးမကပဲ မမြင်ယောင်ဆောင်တာလား။ သူကပဲ မမြင်ချင်ယောင်ဆောင်မိသလား။
သေချာတာကတော့ ဘယ်သူ့ဘယ်သူမှ ဘာစကားမှ ပြောစရာမရှိခဲ့ဘူး။
xxxxxx
ဒီမနက်မှ ဒေါ်သစ်က ဘာစိတ်ကူးရတယ်မသိဘူး။
“ နို့စို့ကလေးလေးနဲ့ မိန်းမကို ရှင်တွေ့မိသေးလား ကိုချစ်...” တဲ့။
“ ဟေ.. အေး.. အိမ်ရှေ့လာတာတော့ မတွေ့မိဘူးကွ။ ဈေးလှည့်ရောင်းနေမှာပေါ့။ မင်းရော တွေ့လို့လား...”
ဦးချစ်က ဒေါ်သစ်ကို မျှဝေပေးထားတဲ့ ကုသိုလ်စိတ်လေး ညှိုးသွားမှာစိုးတော့၊ ညာရာလည်းမကျအောင် မယုတ်မလွန်အဖြေကို ပေးလိုက်တယ်။
ဦးချစ်အမေးကို ဒေါ်သစ်ကလည်း မဆိုင်းမတွ...
“ ကျုပ်လည်း လမ်းပေါ်တွေမှာတော့ မမြင်မိဘူး။ အရိပ်တစ်ခုခုမှာ ဈေးထိုင်ရောင်းနေမှာပေါ့...” တဲ့။
သိပ်မကြာပါဘူး။ ဦးချစ်ကလည်း တရုတ်ကပ်မှန်ပြတင်းလေးကနေ အပြင်ကို ဟိုကြည့်ဒီကြည့် တချောင်းချောင်းနဲ့။
ဒေါ်သစ်ကလည် ပြုံးမဲ့မဲ့လုပ်ရင်း ခေါင်းလေးညိတ်လို့...။
xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
Treasure land Magazine, စက်တင်ဘာလ, ၂၀၁၃
တိမ်မင်ခိုးနှယ် ပြောင်းလဲလွယ် (ရသစာတမ်း)
သည်အမျိုးသမီးကို မြင်လိုက်ရတော့ နဂိုက မခက်ထန်တတ်သော ကျွန်မ၏စိတ်နှလုံးပင်လျှင် တင်းကနဲ အပေါ်ကြောမာခဲသွားရ၏။
စကားကို တိုပြတ်ပြတ်ပြောတတ်သော၊ မေးတစ်ခွန်းဖြေတစ်ခွန်း မဖော်ရွေလှသော၊ အမေးအမြန်းထူလာလျှင် ၀ယ်မှာမို့လားဆိုသည့် မျက်နှာပေးနှင့် မဖြေချင့်ဖြေချင် အကြောမာလှသော... သည်မိန်းကလေးမျိုးကို အရောင်းစာရေးခန့်ထားသည့် ဆိုင်ရှင်ကိုလည်း အံ့သြလှ၏။
သည်လိုဆိုရင်ဖြင့် ဘာလို့ ဒီဆိုင်ကိုသွားနေရသေးလဲ။ ၀ယ်စရာဈေးဆိုင် ဒီလောက်ရှားပါးနေလို့လားဟု မေးချင်စရာပင်။
ဈေးဆိုင်ကတော့ မရှားပါ။ သို့ပေမယ့် ဈေးနှုန်းမှန်ကာ ဆက်ဆံရေးကောင်းသည်ကတော့ ရှားပါသည်။
ကျွန်မတို့မြို့ကလေးမှာက စတိုးဆိုင်တွေပေါလှသော်လည်း လူကြည့်ကာ ရောင်းဈေးလက်တမ်းပြောသောဆိုင်၊ ဈေးနှုန်းကပ်ထားသော်လည်း တခြားဆိုင်တွေထက် အမြဲတမ်းဈေးကြီးနေသောဆိုင်၊ ဈေးမှန်သော်လည်း ဆက်ဆံရေးဆိုးသောဆိုင်၊ နှုတ်ချိုလှသော်လည်း လက်တိုလှသောဆိုင်၊ နှုတ်ချိုဈေးမှန်သော်လည်း ပစ္စည်းမမှန်ဘဲ ကန့်သတ်ရက်လွန်နေသော အစားအစာ၊ အရည်အသွေးမမီသော ပစ္စည်းတို့ကို မျက်စေ့လှည့် ရောင်းချတတ်သောဆိုင်.....၊ စသည် စသည်ဖြင့် အားနည်းချက်၊ အားသာချက်တို့ကို ချိန်ထိုးကြည့်လိုက်တော့ ခြေဦးလှည့်ချင်စရာဆိုင်က သိတ်မရှိလှတော့။
ကျွန်မကတော့ဖြင့် လူအတော်များများ၏ သဘောထားအတိုင်းသာ ဈေးပိုပေးရင်ပေးရပေ့စေ၊ ၀ယ်သူကို တလေးတစားဆက်ဆံသည့် ဆိုင်ကိုသာ ရွေးချယ်လေ့ရှိပါသည်။
သို့ပေမယ့် တစ်ခါတရံတော့လည်း ကျွန်မတို့သည် မချစ်သော်လည်း အောင့်ကာနမ်းရသည့် အဖြစ်မျိုးတွေ ဘ၀မှာ အခါများစွာ ကြုံတွေ့တတ်ကြသည်ပဲ မဟုတ်လား။
အခါတစ်ပါးမှာတော့ ကျွန်မအလိုရှိသော ပစ္စည်းတစ်ခုက ထိုသို့သောဆိုင်မှာမှ ရှိနေခဲ့၏။
ပထမတစ်ခါတုန်းကတော့ အဲသည်ဆိုင်လေးကို ဆက်ဆံရေးဆိုးသည်၊ ကောင်းသည် မသိသေး။ ဆိုင်ထဲဝင်သွားသည်နှင့် နွေးထွေးသော ကြိုဆိုမှုမရှိသည်ကိုသာ သတိထားမိသည်။
မျက်နှာထားဆိုးဆိုးနှင့် မိန်းကလေးတစ်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ကာသာ အေးစက်စက် ကြည့်နေခဲ့၏။
သည်လိုပုံစံနှင့် အရောင်းစာရေးမျိုးတွေကို ဆိုင်ရှင်ကိုယ်တိုင်မကြီးကြပ်သော ဆိုင်တွေမှာ တွေ့ဖူးလှပြီမို့ ကျွန်မကလည်း ၀ယ်လိုသည့်ပစ္စည်းကိုသာ ရောင်းသူဝယ်သူ အသံတူစွာ ခပ်တည်တည်ပင်မေးလိုက်သည်။
မိန်းကလေးက “ အင်း.. အဲ ” ပင် တစ်ခွန်းမှ တုံ့ပြန်သံမဟပါ။ ကျွန်မကိုကျောခိုင်းကာ နောက်ပြန်လှည့်သွားေးတာ့ နည်းနည်းတောင် ကြောင်သွားရ၏။ နောက်တော့မှ ရှိုးကေ့စ်တွေနောက်ထဲကို ၀င်သွားကာ ဘီရိုတံခါးကိုဖွင့်ပြီး ကျွန်မမေးသည့်ပစ္စည်းကို ကောင်တာတစ်ခုပေါ်တင်လိုက်သည်။
“ ဘယ်လောက်လဲ...” ဟုမေးတော့ ဈေးနှုန်းတစ်ခုကို တုံးတိတိပင်ဖြေ၏။ တချို့ဆိုင်များမှာလို ပစ္စည်းကိုညွှန်းဆိုပြီး ဖွယ်ဖွယ်ရာရာ ၀ယ်ချင့်စဖွယ်စကားတို့ကို မပြော။
ပစ္စည်းကိုကောက်ကိုင်ကြည့်တော့ ကျွန်မလိုချင်သည့်ပစ္စည်း အမှန်ပင်။ ဈေးနှုန်းကလည်း မများလှပါ။ သို့ပေမဲ့ ဈေးတော့ကပ်မထား။
သည်တော့ ကျွန်မကလည်း ၀ယ်သူတို့သဘာဝအတိုင်း ထုံးစံမပျက် “ ဈေးလျှော့ပါဦး...” ဟု ဆိုမိ၏။
သူမက ကျွန်မကို တစ်ချက်မျှပင် စွေမကြည့်ဘဲ သူ့ပစ္စည်းကို ဖျတ်ခနဲ ကောက်သိမ်းလိုက်တော့သည်။
ရုတ်တရက် သွေးကြောများပြောင်းပြန်စီးကုန်သလား။ မျက်နှာတစ်ခုလုံး တရှိန်းရှိန်းထူပူကာ အငွေ့တလူလူထွက်လာသလို ဖျဉ်းကနဲ စိတ်ခုသွားမိရ၏။
ဝယ်သူကိုအထင်သေးလှကာ မ၀ယ်နိုင်ရင်ပြန်တော့ဟု နှင်နေသည့် သူမအမူအရာက အလွန်ပင် ရိုင်းပြလှသည်လေ။
ဘာလုပ်ရမည်ဟုပင် ချက်ချင်းစဉ်းစားမရ။ သူမလိုပင် ရောင်းသူဝယ်သူ နောက်ထပ်အသံတူအောင် ဆတ်ကနဲ ခြေဆောင့်ကာ ထွက်သွားရမည်လား။ အတွင်းခန်းမှာထိုင်နေသည့် ဆိုင်ရှင်ကိုပင် အော်ခေါ်ကာ တိုင်တန်းလိုက်ရမည်လား။
ကျွန်မ ကလေးမဆန်ချင်ပါ။
ရိုင်းပြသောအရောင်းစာရေးမလေး တစ်ယောက်နှင့်အပြိုင် လိုက်ရိုင်းရမှာကိုလည်း ရှက်ပါသည်။
သည်တော့ လူမသိသူမသိ ထောင်ထလာသော မာနကို ကိုယ့်ဖာသာ အသာဖိချကာ... “ ကဲ ကဲ.. အဲဒါကိုပဲယူမယ်...” ဟု အောင့်သက်သက်ဖြင့်ပင် ၀ယ်ယူလာခဲ့ရလေ၏။
စက်ရုပ်ဆန်စွာပင် သူမကလည်း ၀ယ်ယူမည့်ပစ္စည်းကိုထုတ်ပိုးပေးကာ ငွေချေပြီးထွက်လာတော့ ကျွန်မကလည်း အဲသည်ဆိုင်လေးကို နောက်တစ်ခါ ဘယ်တော့မှထပ်မလာဟု ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့လိုက်မိပါသေးသည်။
xxxxxx
ဒုတိယအကြိမ် သည်ဆိုင်လေးကို ထပ်ရောက်လာရခြင်းမှာ ကျွန်မ အရေးတကြီးလိုချင်သည့် ပစ္စည်းတစ်ခုက ကုပ္မဏီပိတ်သွားပြီမို့ မြို့ကလေးရှိ ဆိုင်တိုင်းမှာပြတ်သွားပြီး ထိုတစ်ဆိုင်မှာသာ အနည်းငယ်ကျန်တော့သည်ဟု သတင်းရပြန်သောကြောင့်ဖြစ်သည်။
ကြားကာလ အတန်ငယ်ခြားသွားပြီမို့ အရင်ကချခဲ့မိသော ဆုံးဖြတ်ချက်ကလည်း ကာလရွေ့လျောသွားကာ မေ့သလိုဖြစ်နေခဲ့ပြီ။
ထိုဆိုင်ကို သွားမည်ဟန်ပြင်တော့ ထိုဆိုင်မှ အရောင်းစာရေးမ၏ မျက်နှာကြောက ဖျတ်ခနဲတော့ ရေးတေးတေးပေါ်လာသား။
သို့ပေမယ့် လိုချင်ဇောကများနေတော့ မျက်နှာသေကြီးကို ဆက်တွေးမနေအားတော့။
ကိုယ်က ပိုက်ဆံပေး၍၀ယ်မည့်သူပဲလေ။ အလကားတောင်းမှာလည်း မဟုတ်။ သူက မဖော်ရွေတော့လည်း ကိုယ်ပါ လိုတိုရှင်း...။ ၀ယ်ချင်ရာကိုပြော ၀ယ်။ ပစ္စည်းထုတ်ပေးတော့ ပိုက်ဆံရှင်းပြီး ပြန်ရုံပေါ့။ အလာပသလာပ မပြောရတော့ အချိန်တောင် အကုန် သက်သာသေး..၊ မဟုတ်လား။
ခက်သည်က မြန်မာပီပီ ကိုယ်တိုင်ကဖော်ရွေပြုံးရွှင်စွာ နှုတ်ဆက်ချင်သလို သူများကကိုယ့်ကို ဖော်ရွေတာကိုလည်း သဘောကျချင်ပြန်၏
မတတ်နိုင်ပါ။ သူကတင်းမှတော့ ကိုယ်ကလည်း ကင်းရပေတော့မည်။
တကယ်တမ်း ဆိုင်ထဲသို့ ခြေလှမ်းဝင်ဝင်ချင်းမှာပင် ကျွန်မကိုမြင်တော့ ဖောက်သည်ကောင်းတစ်ယောက်ကို မြင်ရသည့်ပမာ သူမမျက်နှာက ၀င်းပပြုံးရွှင်သွား၏။
“ ဟော မမ ... ဘာလိုချင်လို့လဲရှင်...”
အလို...။ ကျွန်မနားကိုတောင် ကျွန်မ မယုံချင်။ ကျွန်မ လူများမှားနေသလား။
အသစ်ပြောင်းထားသော အရောင်းစာရေးကို ယခင်မိန်းကလေးဟုပင် ကျွန်မအထင်မှားနေလေသလား။
သူမမျက်နှာကို ကျွန်မသေသေချာချာ သတိထားကြည့်ပါ၏။ အသက်နှစ်ဆယ်ပတ်လည်လောက်...၊ နဖူးမောက်မောက်၊ မျက်လုံးပြူးပြူး၊ နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူ။
သို့ပေမဲ့ ပြုံးရွှင်နွေးထွေးနေတော့ နှစ်လိုဖွယ်ကောင်းလိုက်ပါဘိ။ အသက်ဝင်နေသော မျက်လုံးများက အရင်လိုမှုန်မှိုင်းမနေဘဲ တောက်ပနုပျိုနေလေသည်။
အရင်မိန်းကလေးတော့ အရင်မိန်းကလေးပါပဲ။ ခုတစ်ခါတွေ့ရသည်က ကြည်သာချမ်းမြရှိလှပါ၏။ လောက၏အလှတရားဆိုတာ ဘာလဲလို့ သူမရှာဖွေတွေ့ရှိသွားလေပြီလား။
သူမက ရွေးချယ်စရာမလိုဘဲ သေချာပေါက်ဝယ်မည့် ဈေးဝယ်သူကိုတောင် ဖွယ်ဖွယ်ရာရာစကားများဖြင့် မိတ်ဖွဲ့နေပြန်သေးသည်။
ကျွန်မကလည်း ဈေးနှုန်းမကပ်ထားသောဆိုင်မို့... “ လျှော့ဦးမလား ညီမ...” ဟု အကျင့်ပါစွာ ဈေးဆစ်လိုက်မိသေး၏။
ပြီးမှ.. “ အော် ငါ့နှယ်.. အမှတ်မရှိရန်ကော..” ဟု အတိတ်က ဒေါသဖြစ်ဖွယ် အပြုအမူကို သတိရမိတော့သည်။
အံ့သြစရာကောင်းစွာ သူမက ပြုံးပြုံးရွှင်ရွင်ဖြင့်ပင် အတွင်းခန်းမှဆိုင်ရှင်ကိုတောင် အခွင့််တောင်းခြင်းမပြုဘဲ ငွေပမာဏအနည်းငယ် ဆိုပေမယ့် ရောင်းသူလည်းမနစ်နာ၊ ၀ယ်သူလည်း စိတ်ချမ်းသာစေမည့် အနေအထားတစ်ခုကို ပါးနပ်စွာလျှော့ပေးလိုက်၏။
“ မမက ၀ယ်နေကျဖောက်သည်ပဲ။ လျှော့ပေးရမှာပေါ့...” ဟုပင် ပြောလိုက်သေး။
သူမ၏ ဖော်ရွေမှုတွင် စကားဖောင်ဖွဲ့ရင်း မထင်မှတ်ဘဲ ရည်ရွယ်မထားသည့် ပစ္စည်းတချို့ကိုပါ ကျွန်မ၀ယ်မိသွားသေးသည်။
သည်လိုဆိုတော့လည်း အရင်တစ်ခါက အပြုအမူကို ကျွန်မနားလည်ပေးနိုင်သွားပြီ ဖြစ်၏။ ဤဆိုင်လေးသို့ အရင်တစ်ခေါက် လာခဲ့တုန်းက သည်မိန်းကလေး စိတ်ညစ်စရာတစ်ခုခု ကြုံထားရချိန်ဖြစ်ပေလိမ့်မည်။ ဆိုင်ရှင်၏အဆူအပူကို မတရားသဖြင့် ခံထားရချိန်လည်း ဖြစ်နိုင်သလို အိမ်တွင်းရေးပြဿနာတစ်ခုခု တက်နေ၍လည်း ဖြစ်နိုင်သည်ပဲ။
သို့တည်းမဟုတ် ချစ်သူနှင့်စိတ်အခန့်မသင့် ဖြစ်နေချိန်၊ ငွေရေးကြေးရေး အကျပ်အတည်း၊ ကျန်းမာရေးအားနည်းချက်၊ လူမှုရေးအခက်အခဲ။ အိုး... လူ့ဘ၀မှာ စိတ်ညစ်စရာ ဒုက်္ခတွေကလည်း အများကြီးပဲမဟုတ်လား။
ဘာပဲဖြစ်ဖြစ် သူမ၏ စိတ်ရင်းအမှန်လေး သာသာယာယာရှိချိန်မို့ ဈေးဝယ်ရသည်မှာ ကိုယ်က ပိုက်ဆံပေးရသည့်တိုင် စိတ်လက်ရွှင်ပြရှိလှသည်လေ။
သည်လိုဆိုပြန်တော့ ကျွန်မတို့လမ်းထိပ်မှ ထာဝစဉ် မျက်မှောင်ကြုံ့ထားသော၊ စတိုးဆိုင်လေးတစ်ခု၏ ဆိုင်ရှင်ဦးလေးကြီးကို သတိရမိ၏။ သူကတော့ သူ့ဆိုင်သို့ နေ့လာလာ၊ ညလာလာ၊ လာသမျှဈေးဝယ်သူကို အဲသည်မျက်နှာပုပ်ကြီးနှင့်သာ အမြဲဆက်ဆံတတ်၏။
သည်ကလေးမလို စိတ်ညစ်စရာကြုံရမှသာမဟုတ်။ ဆယ့်နှစ်ရာသီ အချိုးမပြောင်း။ တစ်ခါတရံပင် ကြည်လင်သောမျက်နှာကို မတွေ့ရ။ သူ့ဆိုင်က လမ်းထိပ်တင်မို့ လွယ်လွယ်ကူကူ ၀ယ်ချင်လျှင်တောင် သူ့မျက်နှာကြီးမြင်ရမှာ စိတ်ညစ်သည်နှင့် နည်းနည်းဝေးသည့်ဆိုင်ကို ရောက်သွားရမြဲ။
သို့ပေမယ့် သူကလည်း သူ့မိတ်ကလေးနှင့်သူတော့ ရပ်တည်နိုင်သားပင်။
သူ့ဆိုင်ကလေးမှာ ၀ယ်သူကလည်း ခပ်ကျဲကျဲဆိုသော်လည်း ရှိတော့ရှိနေသည်ပါပဲ။
မည်သို့ပင်ဆိုစေ အမြတ်ပိုပေးလျှင် ပေးရစေဦး။ ဖော်ရွေသောဈေးသည်ကိုသာ ရွေးချယ်ချင်သူ ကျွန်မကတော့ လမ်းထိပ်ဆိုင်ကို အရေးပေါ်ကိစ္စမှလွဲ၍ ခြေဦးလှည့်လေ့မရှိခဲ့ပါ။
xxxxxx
သိတ်မကြာခင်ကာလတစ်ခုမှာ ဖြစ်ပါသည်။
အိမ်မှာ ပစ္စည်းတစ်ခု ၀ယ်စရာရှိလာတော့ ကျွန်မက ဘယ်ဆိုင်မှာဝယ်ဝယ် ရနေသော ပေါများသည့်ပစ္စည်းဖြစ်ပါလျက် ထိုမိန်းကလေးဆိုင်ကိုမှ ရွေးချယ်မိပြန်၏။
ဈေးမှန်သည်ကတစ်ကြောင်း၊ ဒုတိယအခေါက်မှာတုန်းက ဖော်ရွေကာ စကားအစပ်တည့်လှသည်က တစ်ကြောင်း၊ သည်ဆိုင်လေးကို ခရီးနည်းနည်းလှမ်းသော်လည်း သတိတရနှင့် ခြေဦးလှည့်မိသည်။
ဆိုင်ထဲသို့လှမ်းဝင်ဝင်ချင်း မျက်လုံးပြူးလေးနှင့် တန်းပြီးအကြည့်ချင်းဆုံသည်မို့ ကျွန်မက ရယ်ပြလိုက်၏။
သည်တစ်ခါလည်း ကျွန်မ အံ့သြရပြန်ပါပြီ။
သူမက ခံစားမှုမဲ့သော ပြူးကြောင်ကြောင်မျက်လုံးတစ်စုံဖြင့် အေးစက်စက်ကြည့်နေလေတော့ ရယ်မလိုဟန်ပြင်ဆဲ ကျွန်မပါးစပ်ကြီးက ပြဲလျက်နှင့်ဟကာသာ တိုးလို့တန်းလန်း...။
ကျွန်မကပဲ အသက်ကြီးလာလို့ မှတ်ဥာဏ်ချို့ယွင်းကာ အမှတ်မှားလေသလားဟုပင် ဇဝေဇ၀ါ။
စက်ရုပ်ဆန်သော သူမနှင့် စက်ရုပ်ဆန်စွာ အရောင်းအ၀ယ်လုပ်နေရင်း ကျွန်မအတွေးများကလည်း နောက်ပြန်ဆွဲလျက် ကိုယ့်ကိုယ်ကိုပင် မသင်္ကာချင်။
ရုပ်တူသည့် ညီအစ်မနှစ်ယောက်ကိုပင် ကျွန်မက တစ်ယောက်တည်းထင်ကာ မှားနေလေသလား။
ကြားကာလ သိတ်မကြာဟု ထင်သော်လည်း ကျွန်မကပဲ သူမနှင့်ဆက်ဆံရေးကို အကောင်းဆုံးဖြစ်ချင်စိတ်ကြီးကာ အမှတ်မှားလေသလား။
ဟိုတစ်ခေါက်က ပြုံးရွှင်စွာဆက်ဆံသည်ကရော ဟုတ်မှဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုပင် ပုံမှန်စိတ်အနေအထား ရှိမရှိ သံသယဖြင့် စစ်ဆေးမိရသေး၏။
သည်လောက်ကိစ္စလေးကိုတော့ စိတ္တဇဖြစ်လောက်အောင် စွဲလန်းစရာလည်း မရှိလှပါပဲနှင့်လေ။
ခက်ပဲခက်ရချည်ရဲ့။ သူမက မရူးလျှင် ကျွန်မကပဲ ရူးရတော့မည်မဟုတ်လား။
သည်တစ်ခါ ၀ယ်ယူခြင်းကိစ္စပြီးဆုံး၍ ဆိုင်ကလေးကို ကျောခိုင်းမိစဉ်မှာတော့ နောက်တစ်ခေါက်ထပ်လာပြီး အဖြစ်မှန်ကို အကဲခတ်ချင်စိတ်ပင် မရှိတော့ပေ။ သည်တစ်ခါလည်း သူမ စိတ်ညစ်နေရချိန်မို့ဟု နားလည်မပေးချင်တော့။ စိတ်ညစ်ချိန်မို့ဆိုလျှင်လည်း ကိုယ်ရေးကိုယ်တာနှင့် အလုပ်တာဝန်ကို အမြဲတမ်းရောထွေးချင်နေသည့် စိတ်ထားမျိုးကို သည်းခံမပေးချင်တော့။
တကယ်တော့ ကျွန်မတို့အတွက် ပုံမှန်ဆက်ဆံရေးတစ်ခုသည် အကြိမ်ကြိမ်အခါခါဖြင့် နေသားကျနေပြီဆိုလျှင်သာ အေးစက်သောမျက်နှာပုပ်ကြီးကိုလည်း ဥပက္ခာပြုနိုင်သွားမည် ထင်ပါသည်။ ဥပမာ လမ်းထိပ်မှ ဦးလေးကြီးဆိုင်မှာ ဈေးဝယ်သူတွေ ရှိနေသေးသလိုမျိုးပေါ့။
တစ်ခါတရံ အကောင်းဆုံးကိုသာ မျှော်လင့်ချင်သော လူ့သဘာဝအရ တင်းမာသော မျက်နှာထားကြီး ပျော့ပြောင်းချိုသာလာသည်ကိုတော့ မြင်ချင်မိသည်သာပေပဲ။
သို့ပေမယ့် တစ်ခေါက်ပျော့ပြောင်းလိုက်၊ နောက်တစ်ခေါက်ကျ မာထန်လိုက်၊ နောက်တစ်ခါတော့ အေးစက်လိုက်၊ နောက်တစ်ခါ နွေးထွေးလိုက်နှင့် မူမမှန်သော ဆက်ဆံရေးကိုတော့ ဘယ်လူသားမှ ကြုံတွေ့ချင်ကြမည် မထင်ပါ။
အရူးနှင့်တွေ့ရသလို ငိုရမလို၊ ရယ်ရမလို...၊ အစိုးမရသော ခံစားချက်တွေနှင့် မည်သူကများ ကြုံဆုံချင်ပါမည်နည်း။
ခုမှ သည်မိန်းကလေး၏ဆိုင် ဘာကြောင့် ဈေးဝယ်သူပါးရသည်ကို ကျွန်မသိရပေပြီ။ ကျွန်မရောက်သွားတိုင်း ဈေးဝယ်သူ ဘယ်တော့မှ မရှိ။ ဖုန်တလောလောဖြင့် ပစ္စည်းတွေဟောင်းနွမ်း။ တစ်မြို့လုံးပြတ်သွားသည့်ပစ်္စည်းကို သူ့ဆိုင်မှာမှ ကျန်နေသည်ဆိုသည့် အချက်၏ လျှို့ဝှက်ချက်ကို ကျွန်မသိသွားရသည်။
နောက်တစ်ခါသွားလျှင် နွေးထွေးပျူငှာချင် ပျူငှာနိုင်ပေမယ့် အရူးလုပ်လှသည့် သည်လိုဆိုင်မျိုးကို သွားမည့်အစားတော့ လမ်းထိပ်မှ မပြောင်းလဲသော မျက်နှာထားမာမာဆီကိုသာ ခြေဦးလှည့်ချင်မိပါတော့သည်။
စင်စစ် ကျွန်မတို့သည် အခြေအနေတစ်ရပ်ကို ယဉ်ပါးလာသည့်အခါ ဥပက္ခာပြုနိုင်လာသော်လည်း လှည့်စားခံရသလို အကြိမ်ကြိမ် အပြောင်းအလဲများလှသော မတည်ငြိမ်ခြင်းမျိုးကိုတော့ စိတ်ကုန်ခမ်းကြသည်သာဖြစ်ပါသည်။
ကျွန်မ ထိုဆိုင်လေးကို ဘယ်တော့မှ သွားမည်မဟုတ်တော့ပါ။
xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
July, 2013... ပင်းယမဂ္ဂဇင်း
Subscribe to:
Posts (Atom)




