ကြည်နူးမျက်ရည်






မျက်ရည်ဆိုတာ...

ဝမ်းနည်းမှုတစ်ခုတည်းအတွက်
အထိမ်းအမှတ် မဟုတ်ပါဘူး
ခံပြင်းလွန်းတဲ့ အခါ...
ဒေါသထွက်တဲ့ အခါ...
စိတ်လှုပ်ရှားလွန်းတဲ့ အခါ...
ကြောက်လန့်အားငယ်မိတဲ့ အခါ...
အခါများစွာမှာ
မျက်ရည်သင်္ကေတ စိုက်ထူဖူး။

အမေ့ရဲ့ မျက်ရည်
ပါးထက်မှာစိုတာ ကြာပြီပေါ့
သားအပြန်ကို မျှော်ရင်းနဲ့...။
အဖေ့ရဲ့ မျက်ရည်
အံတင်းခံခဲ့တာ နှစ်ရှည်ပေါ့
သမီးအတွက် မချိတဲ့ရင်နဲ့...။
ချစ်သူရဲ့ မျက်ရည်
စောင့်မျှော်မောရတာ ကမ္ဘာချီပေါ့
ယုံကြည်မိသူရဲ့ တမ်းမက်ခြင်းနဲ့...။
ပြည်သူတွေ မျက်ရည်
ပင်လယ်လျှံခဲ့တာ အလီလီပေါ့
ငြိမ်းချမ်းရေးအတွက် အားတင်းရင်းနဲ့....။

ဖြုန်းဆို...
မျက်ရည်သုတ်မယ့် လက်တစ်စုံ
မေတ္တာတော် အဟုန်နဲ့
နှလုံးသားတွေကို စာနာပေးခဲ့....

ခုတော့...
အပြုံးပန်း တဝေေ၀
ပါးမို့မို့ထက်တွေမှာ
တလက်လက် ကျက်သရေပြည့်စုံစွာနဲ့
တလိမ့်လိမ့်စီးလာပြန်တာက...
ကြည်နူးမျက်ရည်။

ဝေ
13-1-2012

2 comments:

  1. အင်မတန်မှ နှစ်သက်လွန်းတာမို့ လှိုက်လှိုက်လှဲလှဲကြီး bravoလုပ်ခဲ့ပါတယ်ဆရာမရေ....။ ခံစားချက်တွေက တိုက်ဆိုင်လိုက်ကြတာနော်။ အကုန်လုံး နီးပါး ဒီလိုပဲ ခံစားရမယ်ထင်ပါရဲ့။

    ReplyDelete
  2. ခုတော့...
    အပြုံးပန်း တဝေေ၀
    ပါးမို့မို့ထက်တွေမှာ
    တလက်လက် ကျက်သရေပြည့်စုံစွာနဲ့
    တလိမ့်လိမ့်စီးလာပြန်တာက...
    ကြည်နူးမျက်ရည်။

    အားလုံး တူညီတဲ့ ကြည်နူးမျက်ရည်တွေ ဝေခဲ့ရတဲ့နေ့တစ်နေ့ပါပဲ မမဝေ...။

    ReplyDelete