ဖုန်းသံရှင်


         မြူးကြွလှုပ်ခတ်သော ဂီတ၏သာယာသံနှင့်အတူ ကြည်လင်ပြတ်သားသော သီချင်းသီဆိုသံ....၊    စည်းချက်ဟန်ညီ လှုပ်ရှားနေသော သဏ္ဍာန်နှင့် ချိုရွှင်ရယ်မြူးနေသော တီဗွီဖန်သားပေါ်မှ ချစ်စဖွယ်မျက်နှာလေးကို  မျက်တောင်မခတ် စူးစိုက်ငေးရီနေမိသော်လည်း အခါများစွာကလို စိတ်ဝင်စားမှု မပြင်းထန်တော့ပေ။ နှစ်လိုဖွယ် ညီညာ စည်းကျသော သံစဉ်များထက် စူးရှပြတ်တောင်းသော ဖုန်းခေါ်သံ တစ်ခုကိုသာ သူမ စိတ်စောတောင့်တ နေမိသည်။ 
ပြီးတော့.... ကြည်လင်ညံ့သက်သော အောင်မြင်သည့် အမျိုးသားသံ တသံ....။ ထိုအသံသည် ကာလ များစွာ အေးခဲငြိမ်သက်နေခဲ့သော  အိအိခင်၏ နှလုံးသားကို ညွတ်နူးနိုင်စွမ်း ရှိ၏။ နွေးထွေးနိုင်စွမ်းရှိ၏။
         အံ့သြစရာကောင်းလှစွာ...ထိုအသံကို စကြားကာစမှာပင် သူမ သဘောကျမိသွားခြင်း ဖြစ်လေသည်။  ထို့ကြောင့်လည်း သူမဆီဆက်သမျှ ဖုန်းသရဲများထဲမှ ထိုအသံပိုင်ရှင် တယောက်ကိုသာ လက်ခံစကားပြော မိခြင်း ဖြစ်သည်။
သူမက ဖုန်းဆက်၍ အီစီကလီဇာတ်ခင်းခြင်းမျိုးကို မုန်း၏။ ခပ်ရိရိလေသံများနှင့် မထိတထိ စကားလုံးများကို မနှစ်မြို့လွန်းသောကြောင့် သူမ ဖုန်းသရဲများကို ဝေးဝေးကရှောင်လေ့ ရှိခဲ့သည်။
         သို့သော်....လွန်ခဲ့သည့် တလခန့်က ညနေခုနစ်နာရီခွဲ တိတိတွင်ဆက်သော ဖုန်းထဲမှ စကားသံတစ်သံ သည် သူမ၏အာရုံများကို ဖမ်းစားသွားခဲ့သည်။ သူ့အသံသည် ယဉ်ကျေးသိမ်မွေ့၍ တည်ကြည်အေးမြ သလို ပြတ်သားလှိုက်လှဲလှသည်။
          “ အိအိခင်နဲ့ စကားပြောချင်လို့ပါ ခင်ဗျာ...”....ဟု သူက ဆိုလိုက်စဉ် အရင်ကလို အမျိုးသားအသံမို့ လိမ္မာယဉ်ကျေးစွာ ငြင်းပယ်လိုက်ဖို့ထက် သူ  ဘယ်သူဖြစ်မလဲ ဆိုတာကိုသာ စိတ်ဝင်စားသွားမိ၏။ သူ့အသံ က ကြားနေကျအသံများထက် များစွာ ရည်မွန်နွေးထွေးနေသည်။
          “ ဘယ်သူလို့ ပြောလိုက်ရမလဲဟင် ”
         သူက စဉ်းစားသလို ခေတ္တပြတ်တောက်သွားပြီးမှ....
           “ အိ မဟုတ်လား...ကို ပါ ”
                  သူမ အံ့သြငြိမ်သက် သွားမိ၏။ ခပ်ဖြေးဖြေးနှင့် ပိုင်နိုင်စွာပြောလိုက်သော သူ့အသံကြောင့် ဇဝေဇ၀ါဖြစ်သွားရသည်။ သူ့အသံသည် ကြားဖူးနေကျ ဖုန်းသရဲတစ်ယောက်၏ အသံမျိုးမဟုတ် ပါ။ ပေါ့ပျက်ပျက်နှင့် ခနိုးခနဲ့နိုင်သော       အသံမျိုးလည်း မဟုတ်။
           ‘ ဘယ်က ကို လဲ.. ´
           ‘  ကို...လေ ´
     စိတ်ညစ်ညူး ရှုပ်ထွေးသွားရ၏။ မျက်မှောင်ကို ခပ်ဖွဖွတွန့်ရင်း `ငါ့မှာ ကို လို့ခေါ်ရတဲ့ ချစ်သူတယောက် (ဒါမှမဟုတ်) သူငယ်ချင်းတစ်ယောက် မရှိတာ သေချာပါတယ်နော်....´ ဟု သူမဖာသာတွေးရင်း ရယ်ချင် စိတ် ဖြစ်သွားသည်။
သူမမှာ ဖုန်းဆက်ရလောက်အောင် ခင်မင်ရင်းနှီးသော ယောင်္ကျားလေးသူငယ်ချင်း တယောက်တလေမျှပင် မရှိပေ။
         `ဖုန်းမှားဆက်မိတာ ထင်တယ်... ´
           ` မဟုတ်ဘူး...ကို အိဆီကိုပဲ ဆက်တာပါ ´
           သူမစိတ်ကျဉ်းကြပ်လာ၏။ ဘာဆက်ပြောရမှန်း စဉ်းစား၍မရသလို ဖုန်းချပစ်လိုက်ဖို့ကိုလည်း သတိမေ့လျော့စွာ သူ့၏ ရည်မွန်သောအသံနှင့် သူမနှင့်မသိပဲ သူမဆီဖုန်းဆက်ခြင်းကိုသာ နားမလည်နိုင် ရှိနေသည်။ ထိုစဉ်မှာပင် သူက...
           ` အိ...ကိုယ် အိကိုချစ်တယ်´ ဟု လှိုက်လှဲသော အသံတမျိုးနှင့် ဆိုလိုက်၏။ သူမ လန့်ဖျပ်တုန်လှုပ်စွာ စကားပြောခွက်ကို အလျင်စလိုချလိုက်မိလေသည်။ ကြည့်စမ်း....။ ဘယ်လောက်များ ရဲတင်းလိုက်သလဲ ဆိုတာ...။
         သူမ ၀မ်းနည်းသလို ခံစားလာရပြန်သည်။ တစုံတရာကို နှမြောတသစိတ်ဖြင့် ပင့်သက်ကို အသာရှိုက်ရင်း ဒရင်းဘက်ပေါ်သို့ လျော့ရဲစွာ လှဲချလိုက်ရ၏။ ဒီလို တည်ငြိမ်အိနြေ္ဒရသော သူ့အသံမျိုးဟာ ဒီလိုစကားမျိုး ခပ်လွယ်လွယ်ပြောလိုက်သင့် သတဲ့လား။
         သူမ စိတ်ကုန်စွာ ခေါင်းခါယမ်းပစ်လိုက်မိသည်။ သူလည်း ဖုန်းသရဲတယောက်ပဲ ဖြစ်နေပြန်ပြီပေါ့။ ဒါဆို.... ယဉ်ယဉ်ကျေးကျေးရှိတဲ့ သူ့အသံကို အထင်ကြီးမလို ဖြစ်မိသွားတာ...သူမအမှားပေါ့။
         အရာရာကို ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ တွေးခေါ် ပြုကျင့်တတ်သော..၊ မိန်းကလေးများကို အထင်သေး ရိထေ့ချင်သော... လူငယ်လေး တယောက်အဖြစ် သူ့အသံကို ထင်ရက်စရာတော့ မရှိပါ။
         ထိုနေ့မှစ၍ နေ့စဉ်ရက်ဆက် အချိန်မှန်လာတတ်သော ဖုန်းထဲမှသူ့အသံသည် ဘယ်တော့မဆို သူ့၏သိက္ခာကို အရောင်တင်နိုင်စွမ်း ရှိနေ၏။ သူ၏ အသွင်သဏ္ဍာန်ကို ခန့်မှန်းရနိုင်ရန် စွမ်းအင်တမျိုး ပါရှိနေသည်ဟု သူမကထင်လေသည်။
         သူသည် အရပ်ရှည်ရှည်၊ တောင့်တင်းသောခန္ဓာကိုယ်နှင့် ယောင်္ကျားပီသသော သဏ္ဍာန်ရှိမည်ဟု သူမက   လိုရာဆွဲ တွေးနေမိသည်။ သူ့မျက်နှာသည် ချောမောမနေတောင်မှ မွန်ရည်ပြေပြစ်လိမ့်မည်။ သူတပါးကို မထီမဲ့မြင်ပြုတတ်သော ခပ်ထေ့ထေ့အပြုံးမျိုး သူ့နှုတ်ခမ်းမှာ မရှိနိုင်ဟုလည်း သူမက ယုံကြည်နေမိပြန်သည်။ သူ့မှာ နူးညံ့သော မျက်ဝန်းတစုံလည်း ရှိမည်မှာသေချာ၏။ သူ့စကားသံထဲတွင် နူးညံ့စိုလက်နေသော မျက်ဝန်းတစုံကို သူမမြင်နေရတတ်သည်။
         ဖုန်းထဲမှ သူ့အသံကို အခြေခံ၍ သူမသည် စိတ်ကူးဖြင့် ပုံဖော်ကြည့်မိသည်မှာ ညတိုင်းလိုလို ...၊ တွေးတောရန် အားလပ်ချိန်တိုင်းလိုလို ဖြစ်လာသည်။
         ထို့အပြင် သူမစိတ်ကူးထဲမှ ခန့်ထည်သိမ်မွေ့သော  နှစ်လိုဖွယ် ရုပ်ရည်ပိုင်ရှင်သည် သူမ သဘောကျ   နှစ်ခြိုက်သော စိတ်ကြိုက်ပုံစံ ဖြစ်နေပြီး သူမ၏ အိပ်မက်သခင်လည်း ဖြစ်နေလေသည်။
 xxxxxx
         ခပ်စူးစူးဖုန်းမြည်သံကြောင့် အတွေးလွန်နေသော သူမ ဆတ်ကနဲ တွန့်သွားကာ ရင်ထိတ်သွားရ၏။ ဖုန်းကိုချက်ချင်း ကောက်ကိုင်လိုက်မည်ဟု လက်ရောက်သွားပြီးမှ သတိရသွားသလို ခေတ္တစောင့် ဆိုင်း ငြိမ် သက်နေလိုက်သည်။  သူ့ဖုန်းကို စောင့်နေသည်ဟု သူထင်သွားမှာမျိုးလည်း သူမ မလိုလားပါ။
         ပြုံးစေ့စေ့ လှမ်းကြည့်လာသော မိခင်ဖြစ်သူအား ခပ်ရှက်ရှက်ရယ်ပြလိုက်ပြီး သူမမျက်နှာမှာ အနည်းငယ် ထူအမ်းလာသလို ခံစားနေရ၏။ သူမ၏ မိဘများက ခေတ်မှီပွင့်လင်းသော စိတ်ထားမျိုးရှိကာ သူမကိုလွတ်လပ်ခွင့် အပြည့်ပေးထားပြီး ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်ရန်သာ ဆုံးမတတ် သည်။ သူမထံလာသော ယောင်္ကျားသံဖြင့်  တယ်လီဖုန်းများအား ကိုယ်တိုင်ကိုင်မိလျက်နှင့် သူမက ဗြောင်ညာကာ လက်ခံစကားပြောလေ့ မရှိသည်ကိုပင် မိခင်က  ကြားထဲမှ အားနာနေ တတ်သူ ဖြစ် သည်။
         ခြောက်ကြိမ်မြောက် ဖုန်းခေါ်သံအပြီးတွင် စကားပြောခွက်ကို အသာမကာ `ဟလို´ ဟု ခပ်တိုးတိုး အသံ
ပြုလိုက်၏။
           `ဟလို...ဒေါ်မမခင် ရှိပါသလားရှင်...´
            သူမ စိတ်ပျက်ညစ်ညူးသွားရကာ နှာခေါင်းရှုံ့ပစ်လိုက်ရင်း...
           ` ဟုတ်ကဲ့...ခဏကိုင်ထားပါနော်....´
ဖုန်းကိုမကာ မိခင်ရှေ့တွင် ချထားပေးလိုက်ပြီး သူမနေရာ ဒရင်းဘက်ပေါ်သို့ လျော့ရဲစွာ မှီလှဲလိုက်ရသည်။ သူ့ထံမှ ဖုန်းကိုစောင့်ရခြင်းသည် သူမအတွက် အလွန်ရင်မောစရာကောင်းသလို...ရင်ခုန်ကြည်နူးခြင်း တမျိုးကိုလည်း ခံစားရစမြဲ ဖြစ်၏။
         ဖုန်းဆက်တိုင်းလည်း သူမက `ဟလို´...ဟု ထူးလိုက်သည်နှင့် သူက `အိမဟုတ်လား...´ ဟုသာ နေ့စဉ်
မပြောင်းမလဲ စကားစပြောတတ်သည်။ ထိုအခါ သူမကလည်း သူ့အသံကိုမှတ်မိနေလျက်နှင့် မသိဟန်ဆောင် ကာ `ဘယ်သူလဲ´ဟု ပြန်မေးမည်။ ထိုအခါ သူက `ကို...ပါ´ ဟု ပြောမည်။ ဒီလိုပြောရင်တော့ သူမငြိမ်သက် သွားကာ ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ယောင်နေဦးမည်။ သူက `အိကိုချစ်တယ်´ ပြောလိုက် မှ သတိဝင်ကာ အလန့်တဖျပ် ဖုန်းချပစ်လိုက်ရင်း  ရင်ခုန်နေမိဦးမည်။ ဤသည်မှာ မပြောင်းလဲနိုင် ခဲ့သော သူမနှင့်သူ့အကြားရှိ နေ့စဉ်ကျင့်ဝတ်တခုလို ရှိနေလေပြီ။
         ဒီတခါ ဖုန်းဆက်ရင် သူဘယ်သူလဲဆိုတာ မရရအောင် မေးမည်ဟု...သူမအားခဲထား တတ်သော် လည်း တကယ်တမ်းကျတော့ သူ့အသံကြားသည်နှင့် အရာရာမေ့လျော့ကာ ရင်ခုန်လှုပ်ရှားလွန်း ၍ ကြောင်နေမိတော့သည်။  တခါကတော့ `အိကိုချစ်တယ်´ ဟု သူပြောလိုက်သည်တွင် စိတ်လွတ်စွာ သူမနှုတ်ခမ်းမှ ခနိုးခနဲ့ရယ်သံ ထွက်သွားမိ၏။
သူ့အသံနှင့် စိတ်ကူးကြည့်မိသော သူ့သဏ္ဍာန်တို့ကို သူမ နှစ်သက်သဘောကျသော်လည်း ဖုန်းနှင့် ခပ်လွယ်လွယ် ချစ်စကားပြောခြင်းကိုမူ သူမ မနှစ်မြို့နိုင်ပါ။ သူ့အပေါ် ခင်တွယ်စိတ်ကတဖက် သူ့အပြုအမူကို မနှစ်မြို့စိတ်က တဖက်ဖြင့် သူဖုန်းဆက်တိုင်း အမြဲတမ်းလိုလိုပင် သူမ သတိလက်လွတ် ဖြစ်နေတတ်သည်။
         သူကတော့ တည်ငြိမ်စွာပင် `အိကသိတ်ချစ်ဖို့ကောင်းတာပဲ´ ဟုသာ ဘာမှမဖြစ်သလို ပြောခဲ့၏။ ထို့နောက်သူမသည် စိတ်မကောင်းစွာဖြင့် စကားပြောခွက်ကို အသာအယာ ချပစ်လိုက်တော့သည်။ ထို့နောက်တွင်မှ သူမသည် တစုံတရာကို မကျေမချမ်းစွာ ငိုချင်စိတ်ပြင်းပြနေရင်း.. နောက်တနေ့ သူဖုန်းဆက်မှ သူဘယ်သူလဲဆိုတာ မေးမယ်။ မေးလို့မရရင် `နာမည်လေးတောင်ပြောဖို့ သတ္တိမရှိတဲ့ လူတယောက်နဲ့ ကျွန်မစကားပြောဖို့ အကြောင်းမရှိပါဘူး..´လို့ ခပ်တည်တည်ပြောပြီး ဖုန်းချပစ်လိုက်မည် ဟု တွေးမိပြန်သည်။
  တကယ်တမ်းတွင်တော့ သူ့အသံကြားလိုက်သည်နှင့် ကြိုတင်စဉ်းစားထားသမျှ စကားအားလုံး မေ့လျော့ သွားကာ စိတ်ညှို့ခံရသူတစ်ယောက်လို ပြတ်တောင်းတောင်း စကားများကိုသာ ထုံးစံအတိုင်း ဆိုမိပြီး ယောင်ယမ်း၍ ဖုန်းချလိုက်မိစမြဲ ဖြစ်လေသည်။
'''''''''''''''
         မိခင်၏စကားသံကြောင့် ပံျ့လွင့်နေသော အာရုံများကို အလျင်စလို ဖြတ်တောက်စုစည်း၍ နားစွင့်ထားလိုက်ရ၏။
          `ဒေါ်စိုးနွယ်ဆီက ဖုန်းပါ အဖေကြီးရယ်...။ သားတော်မောင် အလုပ်ကနေ ခွင့်နဲ့ပြန်ရောက်နေပြီတဲ့။
အဲဒါ မနက်ဖြန်ကျရင် သားကိုခေါ်ခဲ့ပြီး အိမ်လည်လာခဲ့မယ်တဲ့လေ....။ ´  
         ကြီးစွာသော စိတ်ခြောက်ခြား တုန်လှုပ်မှုကြောင့် အာမေဋိတ်သံ ခပ်တိုးတိုးပင် လွှတ်ကနဲ ထွက်သွားရသည်။ ကြည်လင်နေသော စိတ်သည် ရုတ်တရက် ညစ်ညူးနောက်ကျိသွားရ၏။ မျှော်လင့်ချက် စိတ်တခုဖြင့် တက်ကြွနေသော သူမ၏ စိတ်ကူးယဉ်လေးသည် မရေမရာအတွေးများကြောင့်ေ၀၀ါးသေးနုတ် သွားရလေသည်။
         ဖုန်းသံတခုကို စောင့်မျှော်ရင်ခုန်ခွင့် သူမမှာ ပျောက်ဆုံးသွားတော့မည်လား။ အနှောင်အဖွဲ့တခုဖြင့် သူမ နှလုံးသားကို အကျဉ်းချထား ခံရတော့မည်လား။
         သက်မဲ့ ဓါတ်ပုံတခုမှလွဲ၍ တကြိမ်တခါမျှ တွေ့ဆုံနားလည်မှု လုံးဝမရှိသော.....၊ မည်သို့မျှ အဆက်အသွယ်ပြုလုပ် ရင်းနှီးမှုမရှိသော... သူစိမ်းယောင်္ကျားလေးတယောက်ကို မိဘချင်း ခင်မင်ရင်းစွဲ ရှိရုံမျှနှင့်၊ ဆရာဝန်တယောက်ဖြစ်ရုံနှင့် သူမ မျက်စိမှိတ် ခေါင်းညိတ်လိုက်သင့်မည်လား။
         သူမက တကြိမ်တခါမျှ နှလုံးသား မလှုပ်ရှားဖူးသော်လည်း နှလုံးသားခံစားမှု ကင်းမဲ့သော အိမ်ထောင်ရေးမျိုးကိုမူ မည်သို့မျှ မနှစ်မြို့နိုင်ပေ။
  `သမီးဖုန်းက မလာတော့ဘူး ထင်ပါတယ်။ မေမေတို့ စကားကောင်းနေတာနဲ့ အချိန်တောင် လွန်သွားပြီနော်.. ´    
   သူမလှဲလျောင်းနေသော ဒရင်းဘက်နံဘေးမှ ဖုန်းတင်သည့် စားပွဲလေးပေါ်သို့ ဖုန်းကိုပြန်ထားရင်း ပြောလိုက်သော မိခင်၏စကားကြောင့် နာရီကို အလျင်စလို ကြည့်လိုက်မိ၏။ ရှစ်နာရီနှစ်ဆယ်...။ သူဖုန်းဆက်နေကျ အချိန်ကို မိခင်ကတောင် မှတ်မိနေပြီဖြစ်သည်။
         ဖုန်းမလာတော့ဘူး ထင်ပါရဲ့......။ ရင်ထဲမှာ မောသွားရသည်။
                
    ဒီလိုသာဆိုရင်ဖြင့် အားမလိုအားမရစိတ်နဲ့ပဲ သူ့အတွက် သူမစိတ်ထိခိုက်ရင်း ဒီညမှာ အချိန်ဘယ်လောက်ကြာကြာ အိပ်ပျက်နေရအုံးမှာပါလိမ့်။ သူနဲ့သူမက ဒီ့ထက်ပို နီးစပ်လာဖို့တော့ဖြင့် မလွယ်။ သူမဘ၀မှာ အချစ်ဆိုတာကို ခံစားနားလည်ရဖို့ ကုသိုလ်ကံ ပါးလျားမွဲနုံလွန်းတယ် ထင်ပါရဲ့။

  '''''''''''''''''
         တကယ်တမ်း ဒေါ်စိုးနွယ်တို့ မိသားစု ရောက်လာသောအခါ စိတ်ညစ်ညူးမှုမှာ ညကလောက် မပြင်းထန်တော့ပေ။ ပေါ့ပါးကြည်လင်စွာ နှုတ်ဆက်ပြုံးရယ်နေနိုင်၏။ သူ့ကိုလည်း တည်ငြိမ်စွာ ကြည့်ပြီး ပြုံးပြနိုင်ခဲ့သည်။
         သူက ဓါတ်ပုံထဲမှာထက်ပင် ပို၍ ကြည့်ကောင်းနေလေသည်။ အေးအေးဆေးဆေး နေတတ်မည့်ပုံရကာ စကားမဆိုပဲ ပြုံး၍သာ ငြိမ်နေ၏။ မိဘတွေတွန်းပို့မှုဖြင့် ခြံထဲသို့ ပန်းပင်တွေပြဖို့ဆိုကာ ဆင်းလာချိန်အထိ သူနှင့်သူမတို့ တယောက်နှင့်တယောက် စကားမပြောဖြစ်ကြသေးပေ။
         ပိတောက်ပင်အောက်ရှိ ထိုင်ခုံတန်းလေးသို့ အရောက်တွင်မှ သူမက “ ထိုင်ပါအုံးလား ” ဟု ဧည့်ဝတ်စကားတိုပြတ်ပြတ်ကို ဆိုမိလေသည်။ သူက မငြင်းဆိုပေမယ့် ၀င်မထိုင်ဘဲ သူမနှင့် မျက်နှာချင်းဆိုင်မှာ ရပ်တန့်ပစ်လိုက်ကာ သူမကို စိုက်ကြည့်နေ၏။
         ပထမတော့.... သူမက သူ့ကို ရိုးရိုးသားသားပင် ပြန်ကြည့်နေမိသေးသည်။ သို့ပေမယ့်...သူ့အကြည့်က  ကြာရှည်ကာ ဝေေ၀ရီရီ ရှိလွန်းတာမို့ သူမ နည်းနည်း ရင်ဖိုရှက်ရွံ့လာကာ ခေါင်းငုံ့ချလိုက်ရတော့သည်။
      ` ကို...အိကို တကယ်ချစ်တာပါ.´
                      `   အို... ´
                 သူမ ရုတ်တရက် လန့်ဖျပ်ကာ နောက်သို့ ခြေနှစ်လှမ်းစာမျှ ဆုတ်မိသွားပြီး မော့ကြည့်လိုက်မိ၏။
         ဘယ်လောက်များ အံ့သြစရာကောင်းလိုက်သလဲ.....။
ခပ်ပြေပြေ ပြုံးနေသော နှုတ်ခမ်းတစ်စုံမှ သိမ်မွေ့နူးညံ့သော စကားသံသည် အမှန်တကယ်ပင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
            `သူ...သူ....ဒါဖြင့်.....သူပေါ့နော်...´
                 အံ့သြ၀မ်းသာစိတ်ဖြင့် ထစ်ငေါ့တုန်ရီစွာ အလျင်စလို ရောရောထွေးထွေး မေးလိုက်မိပြီးမှ သူမ ရှက်လန့်ကာခေါင်းငုံ့ချမိပြန်၏။ ထို့နောက် ချက်ချင်းပင် ခေါင်းပြန်မော့ကာ အဖြေကို သူ့မျက်နှာမှာ ဖွေရှာနေမိပြန်သည်။ သူက ဘာမှမပြောသေးဘဲ ပြုံး၍သာ ကြည့်နေလေသည်။
         အနီးကပ် ကြားလိုက်ရသော သူ့အသံသည် ညတိုင်းကြားနေကျ အသံပါးပါးထက် အနည်းငယ် ထူထဲပြည့်ဝ  သည်မှလွဲ၍ အခါများစွာကလို ကြည်လင်ညံ့သက် လှိုက်လှဲနေဆဲဖြစ်၏။ သူနှင့်သူမ၏ မိဘများ စကားပြောနေကြစဉ်က သူမကော်ဖီဝင်ဖျော်နေ၍ သူ့အသံကို မကြားလိုက်ရ။ ခုမှ သေချာကြားလိုက်ရပြီး အံ့သြတကြီး ဖြစ်နေရသည်။
           ` ကိုယ့်ကို အိ မှတ်မိတယ်လား.....ဒါဟာ ကိုယ့်အတွက် ၀မ်းသာစရာလားဟင်..´
                  ခေါင်းညိတ်လိုက်မိပြီးမှ အလျင်အမြန် ခေါင်းပြန်ခါလိုက်ရသည်။ ရင်ခုန်နှုန်းမြန်ဆန်ကာ လူကပါ ကတုန်   ကယင်ဖြစ်လာ၍ ခြေမခိုင်နိုင်တော့။ ခုံတန်းလေးပေါ် ထိုင်ချလိုက်ရ၏။
         သူက သူမ၏ ခေါင်းညိတ်ခေါင်းခါ အမူအယာကို ကြည့်ကာ ခပ်တိုးတိုးရယ်နေသည်။
             ` မန္တလးကနေ ဆက်ခဲ့ရတာပေါ့နော်...´
    `အင်း...မနေ့ညက မေမေတို့ရှိနေတာနဲ့ မဆက်လိုက်ရဘူး ´                                                                 
                 `  ဟင်...အန်တီနွယ်က..... ´
                       ` ဟုတ်တယ်...ဒါတွေ မေမေတို့ မသိသေးဘူး။ ပြောရမှာ နည်းနည်း ရှက်နေလို့...  ´
                  သူမ ပြုံးစေ့စေ့ဖြစ်သွားရပြီး သူ့ကို တချက်မော့ကြည့်လိုက်သည်။ သူကလည်း ရှက်ဟန်စွက်၍ ရယ်ကျဲကျဲ လုပ်နေလေသည်။ စိတ်ထဲမှာ သူနဲ့ရင်းနှီးလာကာ စကားပြောနေရခြင်းအတွက် လွတ်လပ်စွာ ပျော်ရွှင်လာရ၏။
  ` ကျွန်တော် အိကို မေမေစာရေးမှ သိရတာပေမယ့် မြင်ဖူးခဲ့တာ ကြာပါပြီ။          ဟိုး.....ကျောင်းနေတုန်း ကတည်းက...´
     `  ဟင်....အိတော့ သူ့ကို မသိပါဘူး။ ´
  ` ဟုတ်ပါတယ်။ ကျွန်တော်လည်း မသိခဲ့ပါဘူး။ မြင်ဖူးရုံတင်....အဲ...အမှန်ဝန်ခံရရင်....     အဲဒီမြင် ကတည်း က အိကို သဘောကျ စွဲလန်းနေခဲ့ရတာ....။ ဒါပေမယ့် ခုလို ပြန်ဆုံရမယ် လို့       မျှော်လင့်ချက် ကိုလည်း စွန့်လွှတ်ခဲ့တာ ကြာပါပြီ...။   ´
  `  အိ..နားမလည်ဘူး...´
   `ဒီလိုပါ...။ အိကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိန်းထဲက အီကိုကင်တင်းမှာ တစ်ခါ၊ သိပ္ပံကင်းတင်းမှာ          တစ်ခါ၊ တွေ့ခဲ့ဖူးတယ်။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကင်တင်းမှာထိုင်ရင်းပေါ့...။ ပထမတစ်ခါက           အမှတ်တမဲ့ပါ။ ဒါပေမယ့်...နောက်တခါတွေ့တော့ အိကို ကျွန်တော် ကောင်းကောင်းမှတ်မိနေတယ်။
အိသူငယ်ချင်းတွေနဲ့ စကားပြောရယ်မောနေတာကို ကျွန်တော် ငေးကြည့်နေမိလို့ သူငယ်ချင်းတွေကတောင်
    နောက်ခဲ့ကြသေးတယ်။ ဒါပေမယ့် အိ ဘယ်သူဘယ်ဝါဆိုတာ မစုံစမ်း မမေးမြန်းခဲ့မိဘူး။ ကိုယ်ကလည်း           ကိုယ့်စာတွေနဲ့ပဲ နပန်းလုံးနေရတာနဲ့ မိန်းထဲနဲ့ တခြားကျောင်းတွေကို ရောက်ခဲတယ်။
 နောက်....တော်တော်ကြာတဲ့အထိ အိကို ခဏခဏ သတိရနေတာနဲ့ ကိုယ်တို့ စာမေးပွဲပြီးလို့ အားနေတဲ့
  နေ့တွေမှာ လာရှာပေမယ့် မတွေ့တော့ဘူး။ ဘယ်သူဘယ်ဝါ ဘယ်အတန်းကမှန်း မသိဘဲရှာရတာ
ဘယ်လွယ်ပါ့မလဲဗျာ..။ ဒါနဲ့ပဲ ကျောင်းပြီးသွားခဲ့ပြီး ဇာတ်လမ်းကလည်း အစပျောက်သွားပြီ  အောက်မေ့နေ တာ.....   ´
  `မေမေဓါတ်ပုံလာပြတော့ အိမှန်းသိလိုက်ရပြီး ကိုယ်အရမ်းဝမ်းသာသွားခဲ့ရတယ်။  အိ ဖုန်းနံပါတ်ကိုရှာပြီး ကိုယ် ညတိုင်း ဖုန်းဆက်ခဲ့မိတယ်လေ....။ ကိုယ်ဘယ်သူဆိုတာ ပြောပြဖို့  အမြဲကြံစည်ထားခဲ့ပေမယ့် မပြောခဲ့မိဘူး။ ပြောရလည်း ခက်နေတယ်လေ။ ဒါကြောင့်....  ဒါနဲ့...အိ ကိုယ့်ကို လက်ခံနိုင်မယ် မဟုတ်လားဟင်....။ အိမှာ ချစ်သူ ရှိမနေပါဘူးနော်....  ´
  စကားပြောရိုးသား၍ တုံးတိတိနိုင်လှသော သူ့ကို စနောက်ချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့်...
       `ဟင့်အင်း....အိမှာ ချစ်တဲ့သူ ရှိတယ်။ ´
        ` ဗျာ...တကယ် ´
  ရုတ်တရက် နောက်သို့ ခြေလှမ်းဆုတ်ကာ သူတွေဝေသွား၏။ သူမကတော့ စိတ်ထဲမှာကြိတ်၍ ကျေနပ်
သွားသည်။ ဒီတခါ သူ့အလှည့်ပဲနော်...။ တို့ကို စိတ်ဆင်းရဲအောင် ညတိုင်းလုပ်ထားခဲ့တာတွေ သူပြန်လျော်ရမယ်။ သူ့ကိုလည်းနည်းနည်းတော့ စိတ်ဆင်းရဲအောင် ကြည်စားရမှာပဲ။
          မယုံကြည်ချင်သလို သူငေးနေရာမှ နာကျဉ်စွာ တချက်ရယ်၏။
       `အသဲကွဲတယ်ဆိုတာ ကျွန်တော် မယုံခဲ့တဲ့ဥစ္စာပဲ...။ ခုတော့...ကျွန်တော် ယုံပြီ။ ကျွန်တော်   နောက်ကျသွားပြီပေါ့နော်...´
                          `  အင်း...ဟုတ်တယ်။ တစ်လလောက်ပါ။ သူနောက်ကျခဲ့တာ......။ ´
                    `သြော်...သူ့ကို အိ ချစ်လိုက်တာ တစ်လလောက်ပဲ ရှိသေးတယ်လား ´
        ` သိပ်မဟုတ်သေးဘူး။ သူ့အသံ စကြားစကတော့ ဘယ်ဟုတ်ဦးမလဲ။ နဲနဲကြာလာတော့မှ သံယောဇဉ်
  ရှိလာတာ..... ´
  ` သူက ဘယ်သူတဲ့လဲ... ´
   စိတ်အားထက်သန်လွန်းလို့ မဟုတ်ပါဘဲ ၀တ်ကျေတမ်းကျေ လေသံ...၊ ဒါမှမဟုတ် စိတ်ပျက်အားလျော့သောလေသံဖြင့် သူက မေးလိုက်၏။ စိတ်မကောင်းဖြစ်နေသော သူ့ဟန်ပန်ကြောင့် သူမစိတ်ထဲမှာ သနားသွားရရင်း အချိန်သိပ်ကြာအောင်တော့ မညှင်းဆဲရန် ဆုံးဖြတ်လိုက်ရသည်။
          `သူက ဖုန်းသရဲလေး တစ်ယောက်ပေါ့...´
                             `ဗျာ...ဖုန်းသရဲ... ´
  ဇဝေဇ၀ါ အတွေးကြောင့် အူလည်လည် ဖြစ်သွားသော သူ့မျက်နှာသည် လွန်စွာမှ ကြင်နာဖွယ် ဖြစ်နေ သည်။
            ` သူက ဘယ်သူလဲဟင်...´
                         `  သူက ကို တဲ့...´

                `  ဟာ...အိ....ကို....ကို....´
  နံဘေးသို့ ဖြတ်ကနဲ ၀င်ထိုင်လိုက်သော သူ့ကြောင့် သူမလန့်ဖျတ်ကာ မတ်တတ်ရပ် လိုက်၏။ ပျော်ရွှင် သွားသော သူ့မျက်နှာကို ကြည့်ကာ ရင်ခုန်နွေးထွေးလာရပြန်သည်။ ဒီလိုကျတော့လည်း ဖူးစာကံဟာ သူမအတွက်တော့ သိတ်ကောင်း နေပါလားဟင်...။ စိတ်ညစ်ညူး ရှုပ်ထွေးနေခဲ့ရတာတွေဟာ ခုတော့လည်း ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်ကုန်ကြပြန်ပြီပေါ့။
         တွေ့တယ်မဟုတ်လား...။ သူ့အသံဟာ တည်ငြိမ်ယဉ်ကျေးတဲ့ လူကြီးလူကောင်းတယောက်ရဲ့ အသံမျိုးပါဆိုတာ...။
         ဘယ်သူဆိုတာ မပြောဘဲ ဖုန်းထဲမှ နောက်ပြောင်ကာ ချစ်စကားပြောခြင်းမျိုးကို မုန်းသောသူမအဖို့ ခုလို ဖုန်းသံရှင်တစ်ယောက်နှင့် ဖူးစာဖက်မိခြင်းမှာ လောကကြီးရဲ့ ကျီစားပြက်ရယ်ပြုမှု သက်သက်ပဲ ဖြစ်လိမ့်မည် ထင်၏။
ဘာပဲဖြစ်ဖြစ်....သူ့တယောက်ကိုတော့ မျက်နှာလိုက်စွာ ခွင့်လွှတ်ကျေနပ်လိုက်လေသည်။ အချစ်ဟာ မျက်နှာလိုက်တတ်သည်မဟုတ်ပါလား။
         သူမအတွေးနှင့် သူမ ပြုံးရွှင်လာကာ...
          ` အထဲဝင်ကြစို့ ´  ဟု သူ့ကို ပြောပြီး ရှေ့မှလျှောက်လာခဲ့၏။ သူကလည်း ဘာမှ စောဒကမတက်ဘဲ
သူမဘေးမှ ယှဉ်လျှောက်လာကာ ရှက်သွေးဖြန်းနေသော သူမမျက်နှာကို ငုံ့ကြည့်ပြီး ခပ်ရွှင်ရွှင် မျက်နှာထားနှင့် ရင်ခုန်ကြည်နူးစရာ စကားတစ်ခွန်းကိုသာ ဆိုလိုက်လေသည်။
           " ညကျရင်...ကို..ဖုန်းဆက်လိုက်မယ်နော်...။ "                                                  
''''''''''''''''''''
ဝေ(စီးပွားရေးတက္ကသိုလ်)
August, ၁၉၉၁...မြှားနတ်မောင်မဂ္ဂဇင်း

နှောင်ကြိုးငင် ပိုးဖလံ




 တောင်တစ်တောင်ကိုတော့ ကျော်ပြီးခဲ့ပြီ။ ဝေဟင်က ပျံသန်းပြီး ကျော်ခဲ့တာတော့ မဟုတ်ဘူးပေါ့။        တောင်ခါးပန်းက ပတ်ဖောက်ထားတဲ့ကားလမ်းလေးကနေ ကွေ့ပတ်ပြီး စီးတော်ဆိုင်ကယ်လေးနဲ့
ဖြတ်ကျော် လာခဲ့တာ။ ချိုင့်ကလေးတွေ၊ အနိမ့်အမြင့်လေးတွေ၊ ကျောက်စရစ်ခဲတွေနဲ့...။
ဘုရားစူး...ကတ္တရာလမ်း။
      ပတ်ဝန်းကျင်အသွားအလာကလည်း ကျဲပါးလွန်းတာမို့ လကမ္ဘာပေါ် ကိုယ်တစ်ယောက်တည်း အိပ်မက်ခရီးနှင်နေသလိုတောင် ထင်ချင်လာမိတယ်။
       အိပ်မက်ဆိုတာကတော့ အပြင်မှာ ကိုယ်စွဲလန်းလွန်းတဲ့အရာတွေကို တစ်ခါတလေ စိတ်အလိုလိုက်ပြီး ဖြစ်ချင်သလို ဖြစ်ကြည့်တာမျိုး မဟုတ်လား။ ဒါပေမယ့် ဆောင်းတွင်းအိပ်မက် ကျတော့လည်း ကိုယ် မလိုလားတာတွေ၊ ကိုယ်မထင်မှတ်တာတွေ၊ ကြောက်လန့်စရာတွေကို ကယောက်ကယက်နဲ့ အဆီအငေါ်မတည့် တွေ့ရတာမျိုးလေ။
     အခု ကျွန်တော့်အဖြစ်ကတော့ နွေလယ်ခေါင် ခြောက်အိပ်မက် မက်နေရသလိုပါပဲဗျာ။ လူတစ်ကို်ယ်နဲ့ ဘ၀နှစ်ခု တစ်ပြိုင်တည်း ရှင်သန်လှုပ်ရှားနေရတယ်။ တစ်ခုက နတ်ပြည်ဆို...၊ တစ်ခုက ငရဲပဲ။
တစ်ခုက မီးဆို...တစ်ခုကရေပဲ။ တစ်ခုက အပူဆို... တစ်ခုက အအေးပဲ။
      ဒါဆို အခုသွားရာလမ်းဟာ အအေးကနေ အပူဆီကိုကူးရာ နယ်ခြား။ နတ်ပြည်ကနေ ငရဲကို သွားရာလမ်းကြောင်း။ ငြိမ်းချမ်းအေးမြမှုကနေ ပူပြင်းလောင်မြိုက်မှုတွေဆီ ကျွန်တော်ပြန်လာခဲ့မိတာ။
  ပိုးဖလံကောင်ေးလတွေလိုပေါ့။ မီးမှန်းသိပေမယ့် တိုးဝင်ချင်တယ်။ ပူမယ်မှန်း သိပေမယ့် လောင်ကျွမ်းချင်တယ်။ ကျွန်တော်ဆိုတဲ့လူသားကတော့ ငွေရမယ်မှန်းသိနေတာမို့ ဒီလမ်းကို တောင်တွေကျော်ပြီး ဖြတ်ရဦးမယ်လေ။
                                                                   xxxxxxx

    “ မီး ကားမလိုချင်တော့ပါဘူး ဖေကြီးရယ်။ ပြန်မသွားပါနဲ့တော့နော်။ မီးတို့မှာ ဆိုင်ကယ်လေး ရှိသားပဲလေ နော”
     ငိုမဲ့မဲ့သမီးအသံလေးက ကျွန်တော့်ရင်ထဲမှာ တငွေ့ငွေ့လောင်ကျွမ်းနေတဲ့ ဝေဒနာမီးကိုလေပင့်ပေးလိုက် သလိုပဲ။ ချုံးပွဲချပြီးသာ ငိုလိုက်ချင်တော့တယ်။ ယောက်ျားတစ်ယောက်၊ အိမ်ထောင်တစ်ခုရဲ့ ဦးစီးဦးဆောင်တစ်ယောက် ဆိုတဲ့  တာဝန်အသိကသာ ထိန်းချုပ်မထားခဲ့ရင်... ကျွန်တော် ဒီနေရာကနေ လှည့်ပြန်ချင်နေပြီ။ ကျွန်တော် ဒီအခြေအနေကနေ ရုန်းထွက်ချင်နေပြီ။. ကျွန်တော် ရှေ့တန်းကနေ တပ်ဆုတ်ချင်နေပြီ။
     တစ်ခါမှ ခရီးဝေးမခွဲဖူးသေးတဲ့ ငါးနှစ်အရွယ် သမီးလေးက ဖအေကို လွမ်းလှပြီတဲ့လေ။
   ထူးထူးဆန်းဆန်း “ ကားစီးချင်တယ်။ ၀ယ်ပေးပါ..” လို့ မပူဆာစဖူး ပူဆာလိုက်တဲ့ သမီးလေးရဲ့စကားကြားရပြီး မကြာခင်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ငွေတော်တော် ရနိုင်မယ့် အလုပ်တစ်ခုက ပေါ်လာတယ်။
     ဘ၀မှာ အခွင့်အရေးတစ်ခုဟာ နှစ်ခါမလာဘူးတဲ့။ အခွင့်အရေးရတုန်း အမိအရဆုပ်ကိုင်နိုင်မှသာ
အောင်မြင်မှုကို လက်လှမ်းနိုင်မယ်။ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလိုက်ရင် အောင်မြင်မှုဆီ ဘယ်လှေကားနဲ့တက်မလဲ။
      ခက်တာက ကျွန်တော်နင်းတက်ရမယ့် လှေကားထစ်တွေက ကျွန်တော့်ရဲ့ယုံကြည်မှု၊ ခံယူချက်၊ ကိုယ်ကျင့်တရားတွေဆိုတာ ခပ်စောစောက ကျွန်တော်မသိခဲ့တာဘဲ။
    အတွေ့အကြုံမရှိခဲ့တာလေ။ ကျွန်တော့်ဝါသနာ၊ ဗီဇ၊ ကျွန်တော့်ရဲ့အသွေးအသားထဲ ကိန်းအောင်းနေတာက အနုပညာချင်ခြင်းတွေပဲ။ ကျွန်တော် စီးပွားကောင်းကောင်း မရှာတတ်ဘူး။ သံစဉ်စားသားတွေပဲ ရှာဖွေနေချင်တယ်။ ကျွန်တော် ငွေကြေးဂုဏ်ဓနတွေ မမက်မောဘူး။ ဂီတ၊ ကဗျာကိုပဲ ဖက်တွယ်ထားချင်တယ်။ ကျွန်တော် ရာထူးစည်းစိမ်တွေ မမြင်တတ်ဘူး။ ချစ်ခြင်းမေတ္တာကိုပဲ တန်ဖိုးထားချင်တယ်။
    ကျွန်တော် ကံကောင်းပါတယ်။ ဂုဏ် ပကာသန၊ စည်းစိမ်တွေ ဝေဆာအုံ့ဆိုင်းနေတဲ့ ပင်ယံထက်က ပန်းကလေးတစ်ပွင့် ကျွန်တော့်ရင်ခွင်ထဲ ကြွေကျသက်ဆင်းလာခဲ့တယ်။ အဲဒီပန်းကလေးက အနုပညာရနံ့တွေလည်း သင်းမွှေး၊ နားလည်မှုတွေလည်း ကြိုင်လှိုင်နေခဲ့သေးတယ်လေ။
    နှစ်ကိုယ်တူဘ၀ခရီးအစက ကျွန်တော့်တစ်သက်မှာ အပျော်ရွှင်ခဲ့ဆုံးအချိန်တွေပါ။ မောင်နှံတူစုံတွဲပြီး သံစဉ်တွေကြားမှာ ၀ဲပျံနေလိုက်ကြတာ။ ပန်းပေါင်းစုံကလည်း ထုံသင်း။ သက်တံ့ရောင်စုံကလည်း ဖန့်ဝင်းလို့ပေါ့။
     ကျွန်တော် ဦးဆောင်ကြိုးစားထားတဲ့ တီးဝိုင်းလေးပေါ်ကို စိတ်တူဝါသနာတူ ချစ်သူကို လက်တွဲ
ခေါ်တင်နိုင်ခဲ့တယ်။ ထမင်းမေ့ ဟင်းမေ့ သီချင်းတွေ ရေးကြဆိုကြရင်း၊ နယ်မြို့လေးက စတိတ်ရှိုးတိုင်းမှာ ပွဲတိုင်းကျော်ကြရင်း..၊ တီးဝိုင်းကရသမျှ အနုပညာကြေးတွေကို တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဘယ်သူမှ ခွဲဝေမယူကြဘဲ စေတီငယ်လေးတွေမှာ ထုံးသင်္ကန်းကပ်လှူကြတယ်။ တောရကျောင်းလေးတွေမှာ အလှူသွားလုပ်ကြတယ်။
  ပိုက်ဆံတစ်ပြားမှ မရတဲ့ အနုပညာအလုပ်တွေကို ပျော်ရွှင်တက်ကြွစွာလုပ်ရင်း စားဝတ်နေရေးအတွက် ငွေအနည်းအကျဉ်းရတဲ့ အလုပ်တစ်ခုကိုလည်း ၀တ်ကျေတမ်းကျေ လုပ်နေဖြစ်ခဲ့တယ်။ ယောက္ခမတွေ ပြန်မခေါ်မချင်းဘဲ ဆိုပါတော့။
    ငွေကြေး ပညာ ဂုဏ်ပကာသန ဘာတစ်ခုမှ မရှိဘဲ အနုပညာပိုးတွေသာ တရွရွထိုးနေတဲ့ ကျွန်တော်နဲ့ သဘောမတူတဲ့ အသိုင်းအ၀ိုင်းကလည်း ကြာကြာတော့ စိတ်မဆိုးနိုင်အားပါဘူး။ သမီးလေးးတစ်ယောက်တည်း ရှိတာ ဆိုတော့လေ။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ပြန်မခေါ်ခင်က နှစ်ယောက်တည်း ပျော်ရွှင်စွာ ရုန်းကန်ခဲ့ရတဲ့ ဘ၀ကို ပိုမက်မောတယ်ဗျာ။
     ဂုဏ်ဓနအသိုင်းအ၀ိုင်းထဲကို ၀င်ရပြီဆိုကတည်းက ကျွန်တော့်ခန္ဓာကိုယ်ထဲက အနုပညာပိုးတွေဟာ ပိုးသတ်ဆေးအမျိုးမျိုးနဲ့ တိုးတော့တာပေါ့။ ဘယ်ရှောင်နိုင်လိမ့်မလဲ။
  အသိအမှတ်ပြုလိုက်တဲ့ အသိုင်းအ၀ိုင်းထဲ ၀င်ခွင့်နဲ့ ထူထောင်ပေးတဲ့ စီးပွားတစ်ခု အတွက် ကျေးဇူးတရားတွေ က နာမည်ရစပြုနေတဲ့ ကျွန်တော့်တီးဝိုင်းလေးကို တဖြည်းဖြည်း သွေးအေးစေ ခဲ့ပြီလေ။ လူမှုဘ၀ ရပ်တည်ရေးအတွက် လောဘအပူမီးတွေဟာ တစ်ဖက်က အနုပညာစီးဆင်းမှု ကို အေးခဲစေခဲ့ပြီ။
    ကြင်သူကို တင်ဆောင်ရင်း တအိအိနင်းခဲ့ရတဲ့ စက်ဘီးလေးကနေ လိုရာခရီးချုံ့ အမြန်ဆောင်ကျဉ်းပေးနိုင်မယ့် ဆိုင်ကယ်လေးအဖြစ် ပြောင်းလဲနိုင်ဖို့အခါမှာ...၊ ယောက္ခမတွေ ၀ယ်ပေးထားတဲ့ ပျဉ်ထောင်အိမ်လေးကနေ သင့်တင့်လျောက်ပတ်တဲ့ တိုက်အိမ်လေးအဖြစ်ကို တိုးတက်စေတဲ့အခါမှာ..၊ နှစ်ကိုယ်တူဘ၀လေးကနေ ဆည်းလည်းလေးတွေ အိမ်မှာ ချိတ်ဆွဲလာချင်တော့ တဲ့အခါမှာ...၊ ပိုးသတ်ဆေးတွေဟာ တဖြည်းဖြည်း အဆင်မြင့်် ပြင်းထန်လွန်းလာတာမို့ ကျွန်တော်ပျိုးထောင်ခဲ့တဲ့ တီးဝိုင်းလေးကို ကျွန်တော်ကိုယ်တိုင်ပဲ ကျောခိုင်း လိုက်ရတော့တယ်။ ကျွန်တော်မရှိရင် ဦးဆောင်နိုင်တဲ့ အရည်အချင်းလည်း တစ်ယောက်မှ မရှိကြတာမို့ တစ်စစီ ပြိုကွဲသွားတဲ့ အနုပညာဖွဲ့စည်းမှုတစ်ခုဟာ သင်္ခါရရဲ့ ပြယုဂ်တစ်ခုပါပဲလေ။
     အဲဒီအချိန်မှာ ၀မ်းနည်းကြေကွဲမှုကို အာရုံစူးစိုက်မခံစားအားသေးတဲ့ ကျွန်တော်ဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ရုန်းကန်နေရပြန်သေးတော့ တရွရွထိုးခဲ့တဲ့ပိုးတွေ တစ်ကောင်မကျန်
သေကုန်ပြီလားတောင် ထင်မိတော့တယ်။
    ဂစ်တာအိုလေးလည်း ကြိုးပြတ်ဖုန်တက်ပြီး စတိုခန်းထဲက ချောင်တစ်ချောင်မှာ...။ ကျွန်တော်လည်း တစ်နေကုန် အလျဉ်မပြတ် အော်ဟစ်ဆူညံနေတဲ့ လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်ရဲ့
ငွေသိမ်းကောင်တာခုံပေါ်မှာ...။ လက်တွဲဖော်ကလည်း သားသမီးနှစ်ယောက်နဲ့ ကျောင်းပို့ကျောင်းကြို ကျူရှင်စုံတွေကြားမှာ...။
     မိသာစု လိုအပ်ချက် ငွေကြေးကို အလျင်စလိုရှာဖွေနေမိတဲ့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်ကျတော့ ရှာဖွေမတွေ့တော့ဘဲ ပျောက်ဆုံးနေခဲ့ရတယ်။ ဖြစ်ချင်တဲ့ဘ၀နဲ့ ဖြစ်နေတဲ့ဘ၀ နှစ်ခုကြားက တကယ်တမ်း နယ်နိမိတ် အနားသတ်ဟာ အစိမ်းရောင်ငွေစက္ကူလေးတွေပါလားလို့ ရင်နင့်နာကြည်းမိတော့တယ်။
                                                                    xxxxxxx

    ဆောက်လက်စအိမ်လေး တစ်ဝက်တစ်ပျက်မှာ ကျွန်တော့်လက်ထဲ ပိုက်ဆံပြတ်သွားတယ်။ အမှန်က မှန်းထားတဲ့ ကုန်ကျစရိတ်ထက် နှစ်ဆရှိမှ အိမ်ဆောက်သင့်တယ်ဆိုတာကို အချိန်လွန်မှ သိရတာလေ။
နှစ်ဖက်မိဘကိုလည်း ဒုက္ခမပေးချင်တာကြောင့် တိုးလိုးတန်းလန်းဖြစ်နေတဲ့ ဆောက်လက်စအိမ်ကို အပြီးသတ်နိုင်ဖို့ မိတ်ဆွေတစ်ယောက်ဆီက ခဏလှည့်ရတယ်။
    အိမ်အပြီးသတ်ပြီးခါမှ ဘဏ်မှာ ပေါင်လို့ရတဲ့ ပိုက်ဆံနဲ့ပြန်ဆပ်ရတာပေါ့။ ဘဏ်တိုတင် တစ်လတစ်သိန်း
နီးပါး ပေးရတာမို့ ကိုယ့်အိမ်ကိုကိုယ် တစ်လတစ်သိန်းနဲ့ အိမ်လခပေးနေနေရသလိုတောင် လင်မယားနှစ်ယောက်ပြောပြီး ရယ်မောမိသေးတယ်။
     စားနိုင်သောက်နိုင် အတိုးပေးနိုင်လောက်တဲ့ ၀င်ငွေရှိပေမယ့် ပေးရတဲ့အတိုးကလည်း မနည်းလှတော့
စုငွေကျန်ဖို့ကြိုးစားရင်း လတိုင်း ကျွန်တော်တို့လင်မယား ရင်မောရတာပါပဲ။ သားနဲ့သမီး ကျောင်းစရိတ်
ကတင် လူတန်းစေ့ မျက်နှာမငယ်စေဖို့ လိုအပ်ချက်ဘယ်လောက်ကြီးတာ မိဘတိုင်းအသိလေ။ အရောင်းအ၀ယ်ကောင်းတဲ့လမှာ စုမိတဲ့ငွေလေး နည်းနည်းပါးပါးဟာ အရောင်းအ၀ယ်ပါးတဲ့လမှာ အသုံးစရိတ်ထဲ ပါသွားပြန်ရော။
    ဒီလိုနဲ့ လေးငါးနှစ်လောက်ကြာလာတော့ အတိုးပေးနေရတဲ့ အကြွေးလေးသာမရှိခဲ့ရင် ကားစီးနိုင်နေပြီလို့ တွက်တွက်ပြီး သက်ပြင်းတွေသာ ကျိတ်ကျိတ်ချရတဲ့ အကြိမ်တွေလည်း များခဲ့ပေါ့။
    အဖြစ်က လမ်းလျှောက်စက်ပေါ် လမ်းလျှောက်နေမိသူလိုပဲ။ ဘယ်လိုကြိုးစားရုန်းပေမယ့် နေရာမရွေ့ဘဲ
လူကသာ ခြေကုန်လက်ပန်းကျလာတယ်။ ခရီးက ရှေ့ကို မတိုးဘူးဖြစ်နေတယ်။
    ဒီအချိန်မှာပဲ ညီမလေးနဲ့ အိမ်ထောင်ကျတဲ့ ယောက်ဖတော်သူရဲ့ ကူညီစောင်မမှုတစ်ခုဟာ ကျွန်တော့်ဘ၀အတွက် လှေကားထစ်လေးတစ်ခု ဖြစ်လာခဲ့တယ်။
     လောကကြီးရဲ့ ကံကြမ္မာကျီစားမှုက ရယ်တော့ရယ်ချင်စရာပါ။ မြန်မာစာ အဓိကနဲ့ ဘွဲ့ယူပြီး သီချင်း ကဗျာရေး၊ ဂစ်တာတီးတဲ့ ကျွန်တော်က ကန်ထရိုက်လုပ်ရမတဲ့။ ဆောက်လုပ်ရေး  အတွေ့အကြုံဆိုလို့
ကိုယ်ပိုင်တိုက်အိမ်လေးတစ်လုံးပဲ ဦးဆောင်ဆောက်ဖူးတဲ့သူက ရထားလမ်းဖောက်ရာမှာ   ရေကျော်ခုံးကျော်တံတားလေးတွေ ကန်ထရိုက်ရခဲ့တယ်။
     ကျွန်တော်နေထိုင်ရာမြို့လေးရဲ့ တစ်ဖက်ကမ်း၊ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဘက်တောင်လေး တစ်လုံးနှစ်လုံးလောက် ကျော်ပြီးရင်ရောက်ပြီ။ ရထားလမ်းအသစ်ကြီးဖောက်ဖို့ မြေဖို့ထားတဲ့ တာပေါင်ကြီးဘေးက လယ်ကွင်းတွေထဲမှာ ကျွန်တော်နဲ့ပန်းရန်ဆရာရော၊ အကြမ်းသမားရော၊
ဆယ်ယောက်ကျော်တပ်စုကလေး စခန်းချဖို့ရောက်သွားတော့ နွေဦးရာသီ။ ဆောင်းပန်းချီတောင် မပြယ်ချင်တတ်သေးဘူး။ လယ်ကွင်းတွေကတော့ ပပ်ကြားအက်အက်စပြုနေပြီ။
      အတွေ့အကြုံမရှိတဲ့သူဆိုတော့ စရိတ်စကဖိစီးပြီး အမြတ်မကျန်မှာကိုဘဲ ကျွန်တော် အလွန်အမင်း
ပူပင်နေမိတယ်။ ကန်ထရိုက်စလုပ်ပြီဆိုတာနဲ့ နီးစပ်ရာမိတ်ဆွေတချို့ကလည်း ဘယ်သူကဖြင့် ဘာကန်ထရိုက်ယူလိုက်တာ၊ ဘယ်လောက်ရှုံးသွားတာ၊ ဘယ်လိုထိသွားတာ စသဖြင့် သတိပေး သတင်းလေးတွေကိုလည်း လူသတင်း လူချင်းဆောင်လာကြတာကိုး။
     ညီမလုပ်တဲ့သူကတော့ အားပေးရှာပါတယ်။
     “ ကိုကြီးရေ... စီးပွားရေးသမား လုပ်ငန်းရှင်တွေ မမြတ်ဘူး ညည်းတာ အလကား။ လိုချင်သလောက် အမြတ်မရလို့ပြောတာ။ ရှုံးတယ်ပြောရင် မှန်းသလောက်မကိုက်လို့။ မဆိုးပါဘူးဆိုရင် ထင်တာထက် ပိုပိုက်သွားလို့သာမှတ်။ တွေဝေမနေနဲ့။ ဆက်သာလုပ်..” တဲ့။
     နောက်တန်းက ညီမက တွန်းအားကောင်းပေမယ့် အလယ်တန်းက လက်တွဲဖော်က ဆီမထိုးသလို၊ ရှေ့တန်းတက်ရမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ဆီမလိုက်ဘဲ တွန့်ဆုတ်တွေဝေစွာနဲ့ပေါ့။
                                                                      xxxxxx
      ဘာပဲဖြစ်ဖြစ်...မရဲပေမယ့် ကျွဲပြဲတော့စီးမိခဲ့ပြီ။
      ကိုယ်ဆောက်ရမယ့်တံတား ဧရိယာကိုကြည့်လိုက်တော့ ကိုယ့်အိမ်ထက်တောင်ကြီးနေသေးတယ်။ အင်ဂျင်နီယာရုံးက ချပေးလိုက်တဲ့ စကေးကို တိုက်တစ်လုံးဆောက်ဖူးတဲ့ အတွေ့အကြုံရယ်၊ အများပြည်သူ
ခရီးလမ်း ဖြောင့်ဖြူးစေဖို့ဆိုတဲ့ စေတနာရယ်၊ နောက်တန်းက ညီမလေးပံ့ပိုးပေးလိုက်တဲ့ ရင်းနှီးငွေရယ်၊ အိမ်ဆောက်တုန်းက ပန်းရန်အဖွဲ့ရယ်...၊ လက်တွဲပြီး ရှေ့ဆက်ချီတက်ခဲ့ကြတယ်။
    ပန်းရန်အဖွဲ့နဲ့ပဲ အတူတူ မြေစိုက်တာပေါ်လင်တဲလေးထိုးပြီး အတူနေ၊ အတူစား၊ ၀ါးကပ်လေးခင်းပြီး အိပ်ခဲ့ရတာတောင် တစ်လကျော်ခဲ့ပြီ။ နေ့ပူညချမ်း တပေါင်းလထဲမှာ နေ့လယ်ခင်းဆိုရင် ရထားလမ်းနဲ့ နီးစပ်ရာကားလမ်းပေါ်မှာ၊ နေရှိန်ပြင်းပြင်းအောက်မှာ စီးတော်ဆိုင်ကယ်လေးနဲ့ ကျွန်တော်။
လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေကအစ သောက်၊ သုံး၊ ချိုးဖို့ ရေအဆုံး... လိုအပ်ချက်အားလုံး ဆိုက်ထဲရောက်အောင် အချိန်နဲ့အပြိုင် ပြေးလွှားရတယ်။
     အချိန်ချုံ့နိုင်မှ စရိတ်သက်သာမှာဆိုတော့ အချိန်နဲ့အမျှ ကျွန်တော့်စွမ်းဆောင်အားကို ပိုမြှင့်ပြီး အသုံးပြုခဲ့ရတာပေါ့။ စိတ်ကူးထဲမှာ၊ ပါးစပ်ဖျားမှာ လွယ်ကူတဲ့ကိစ္စမှန်သမျှဟာ လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းလှတဲ့ ကျွန်တော့်စခန်းမှာ ထင်ထားတာထက် လေးငါးဆ ခက်ခဲပင်ပန်းလှပါတယ်။ အနုပညာသမားဖြစ်ချင်တဲ့ ကျွန်တော်ဟာ ဘ၀တိုက်ပွဲကို ခပ်ကြမ်းကြမ်းချီတက်နေရတဲ့အဖြစ်မှာ အံဝင်ခွင်ကျ ဘယ်လိုလုပ်ရှိမလဲဗျာ။
     နေ့လယ်ခင်းဆို ပူလွန်းလို့ နေစရာမရှိတဲ့ လယ်ကွင်းပြင်ကြီးထဲမှာ ချွေးတွေမတရားထွက်ပေမယ့်
ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်ရင် ချွေးမထွက်ခဲ့ဖူးလို့တောင် ထင်ရလောက်အောင် တိုက်တဲ့လေက
ခြောက်သွေ့ကြမ်းတမ်းလွန်းတယ်။ ညကျတော့လည်း သစ်ပင် အကာအကွယ်မရှိပြန်တော့ အကာအရံ
မလုံတဲ့တဲထဲမှာ စောင်ခြုံအိပ်ပေမယ့် အရိုးစိမ့်နေအောင် အေးပြန်ရော။
     တစ်တောင်လောက် ဇိမ်ခံမွေ့ရာအထူကြီးနဲ့ အိပ်နေကျတော့မဟုတ်ပေမယ့် ၀ါးကပ်ပေါ်ခင်းထားတဲ့ ဂွမ်းကပ်ပါးပါးလေးက ခိုးလိုးခုလုနဲ့မို့ မိုးလင်းရင် ကိုင်အရိုက်ခံထားရသလို တစ်ကိုယ်လုံးနာကျင် ကိုက်ခဲ
နေတယ်။ ဒါပေမယ့် သူတို့တောင် နေနိုင်သေးတာ၊ ကျွန်တော်လည်း ယောက်ျားပဲ ဆိုပြီး အားတင်းရတာပေါ့။
     တစ်ယောက်နဲ့တစ်ယောက် စကားအကောင်းပြောရင်တောင် အဆဲလေး အတိုင်းလေးနဲ့မှ ပြောဆိုတတ်
တဲ့လူစုကြားမှာ ဘယ်လိုပဲ တည်တည်ခန့်ခန့်နေပေမယ့် ကာလရှည်လာတော့ ဇာတိကပြလာကြတယ်။
     ညရောက်ရင် နီးစပ်ရာရွာထဲ ခဏလည်ရင်း သောက်လာလား သောက်လာရဲ့၊ တစ်ယောက်နဲ့တစ်ယောက် အခန့်မသင့်ရင် ဓားတကိုင်ကိုင်နဲ့ ကြိမ်းမောင်းလား ကြိမ်းကြရဲ့၊ အလုပ်ထဲမှာလည်း ကျွန်တော်မှရပ်ကြည့်မနေရင် နည်းနည်းလေးကွယ်တာနဲ့ ထိုင်နေလားနေကြရဲ့။
      ဒီလိုလူစုနဲ့အတူ ငွေများများလည်း ဆောင်မထားရဲတော့ လေးငါးရက်တစ်ခါလောက် အိမ်ပြန်ပြီး
ငွေယူရတယ်လေ။ မိသားစုခင်တဲ့ ကျွန်တော့်အတွက်ကတော့ အကွက်ပေါ့။ ဒီလိုပြန်ရမှလည်း အလွမ်းပြေတယ်။ အကြောင်းမရှိ အကြောင်းရှာပြီးလည်း ပြန်မိတယ်။
     ကျွန်တော့်လိုပဲ ပန်းရန်အဖွဲ့ကလည်း အကွက်ချောင်းနေတာ။ ကျွန်တော်ပြန်မယ့် အချိန်ကိုပေါ့။ ဒါကို ကျွန်တော်ကလည်းသိတယ်။
     တံတားအောက်ခြေကို ကျောက်လောင်းတာ တစ်ရက်နဲ့ညတစ်ဝက် ကြာသွားတယ်။ ပင်ပန်းနေတဲ့ ပန်းရန်အဖွဲ့ကို တစ်ရက်အနားပေးပြီး ကိုယ်ထည်အုတ်စီတာက ပန်းရန်အဖွဲ့အတွက် ထမင်းစားရေသောက်
ဖြစ်သွားပြီဆိုတော့ ကျွန်တော်လည်း ပြန်ဖို့ပြင်တယ်။
     စခန်းနဲ့အိမ်က ဆိုင်ကယ်နဲ့ခပ်သွက်သွက်မောင်းသွားရင် သုံးနာရီလောက်ပဲကြာမယ်။ အိမ်မှာ တစ်ရက်နားပြီး ပြန်လာရင် စခန်းမှာ ကျွန်တော်မရှိမယ့်ရက်က နှစ်ရက်။ တစ်ရက် အုတ်စီတာ ဘယ်နှစ်လွှားပြီးတယ်၊ ဘိလပ်မြေအိတ် ဘယ်လောက်ကုန်တယ် ဆိုတာကို အဖွဲ့ခေါင်းဆောင် ပန်းရန်ဆရာနဲ့ စံချိန်ယူထားလိုက်တယ်။ ဘိလပ်မြေအိတ်တွေ ထိန်းသိမ်းဖို့လည်း ကျွန်တော့်တပည့် လူယုံကောင်လေးတစ်ယောက်ကို ချန်ထားခဲ့တယ်။ ဂရုစိုက်ကြည်ဖို့လည်း မှာထားရတယ်။ ဟုတ်တယ်လေ။ စခန်းမှာ တန်ဖိုးအရှိဆုံးက ဘိလပ်မြေပဲ။ ပန်းရန်အဖွဲ့တွေ မျက်စောင်းထိုးနေတာလည်း ဒီဘိလပ်မြေပဲ။
     ကျွန်တော်က အတွေ့အကြုံမရှိတဲ့ ကန်ထရိုက်တာဆိုပေမယ့် ဒီလောက်တော့လည်း မအသေးပါဘူး။ အိတ်အရေအတွက်ကို သေချာရေ။ တပည့်ကိုလည်း သူတို့ လာညှိရင်တောင် မပါဖို့သေချာစည်းရုံး။ ကိုယ့်ဘက်က လုံခြုံအောင်လုပ်ပြီးမှ မြှုံးလွတ်ငါးလို အငမ်းမရပြန်ခဲ့တော့တယ်။
     ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်ဟာ နှောင်ကြိုးမိနေသူပါပဲ။ မိတာမှ ကျွန်တော့်
ခြေနှစ်ချောင်းမှာ တစ်ချောင်းကိုတစ်ကြိုးစီ ချည်မိနေတာ။ ရှေ့ကို ဇောနဲ့ လှမ်းလိုက်တဲ့ ခြေလှမ်းရဲ့
နောက်မှာ ကျန်ခဲ့တဲ့ခြေကို နှုတ်သိမ်းဖို့ကျတော့လည်း တုံ့နှေးနေပြန်တယ်။
      မိသားစုကို တွေ့ချင်စိတ်နဲ့ အလုပ်ကို စိတ်မချစိတ်ဟာ နှောင်ကြိုးနှစ်ခုလို အားပြိုင်ဆွဲခံနေရတော့ ကျွန်တော် တော်တော်တုန်လှုပ်သွားတယ်။
      သီချင်းလိပ်ပြာလေးတွေ လယ်ပပ်ကြားအက်ထဲမှာ ညှိုးရော်ခြောက်သွေ့နေတာတောင် ကျွန်တော် မမြင်တော့ဘူးလေ။
                                                               xxxxxxx
     “ မေ ငွေမမက်လို့မှ ကို့နောက်လိုက်ခဲ့တာပါ။ ငွေလိုချင်မှဖြင့် ငွေပေါတဲ့သူကို ရွေးမှာပေါ့။
မေက ငွေထက် အချစ်ကို တန်ဖိုးထားခဲ့ပေမယ့် မေ တန်ဖိုးထားခဲ့တဲ့ ချစ်သူက ခုတော့ ငွေကိုပိုမက်သွားပြီ။
ငွေနောက်ပဲ လိုက်ချင်နေပြီ။
     “ ရပ်လိုက်ပါတော့။ ဒီဇာတ်လမ်းကို ဒီမှာတင် ရပ်လိုက်ပါတော့။ ခုချိန်နောက်ဆုတ်ရင် မီသေးတယ်။ အလွန်ဆုံး ရှုံးရင် ဂဏန်းခြောက်လုံးပေါ့။ ဒီလောက်တော့ ကျွန်မတို့ခံနိုင်ပါသေးတယ်။
      “ ကိုက ဘယ်သူ့ကို ကြောက်နေတာလဲ။ ဘယ်သူ့ကိုမှ ထည့်စဉ်းစားမနေစမ်းပါနဲ့။ ပျော့ညံ့တယ်လို့ အပြစ်ပြောမယ့်သူတွေ၊ ဇွဲမရှိဘူးလို့ ကဲ့ရဲ့မယ့်သူတွေ၊ ဒါလေးများလို့ နှာခေါင်းရှုံ့မယ့်သူတွေ။ တကယ်က
ငါလုပ်နိုင်တယ်လို့ပြချင်လို့ ကိုတောင့်ခံနေတာ မေသိသားပဲ။ ကိုဟာ သက်သက်မဲ့ ဒုက္ခခံပြီး လောဘ
ကြီးနေတာ။ လူအထင်ကြီးစေချင်တဲ့ အတ္တတစ်မျိုးဝင်နေတာ။
    “ ဒီငွေတွေကို ကျွန်မအတွက် ရှာနေတယ်ဆိုရင်တော့ ခုချက်ချင်းရပ်လိုက်ပါ။ ကျွန်မ ဘာမှမလိုချင်ဘူး”
     ကျွန်တော့် ပါရမီဖြည့်ဖက်ဟာ တော်လေး၀၀င်မဟုတ်သလို ကျွန်တော်ကလည်း ဘုရားအလောင်း မဟုတ်လေတော့ နားလည်မှုတွေ အမြဲနေရာတကျ မရှိနိုင်ပါဘူး။ မေ့ရင်ထဲက ဝေဒနာနဲ့ ကျွန်တော့်
စိတ်ရင်းစေတနာကြားမှာ နားလည်မှုတစ်ခုခု အံချော်လမ်းလွဲနေခဲ့တာ ရင်အနာခဲ့ရဆုံးပါ။
    “ ကို့အတွက်ဆိုလည်း ဒီအလုပ်ကို မလုပ်ဘူး။ မေ့အတွက်လည်း လုပ်စရာမလိုမှန်းသိတယ်။ ခုလက်ရှိဘ၀က ကိုတို့နှစ်ယောက်တည်းမှ မဟုတ်တာဘဲမေရယ်။ ကို့သားနဲ့သမီးအတွက်  ငွေများများ
ရမယ့် ဒီအလုပ်ကို  ကိုလုပ်သင့်တယ်လို့ အားတင်းပြီး လုပ်ရတာပါ။ ကို့အတ္တအတွက်လည်း မဟုတ်ပါဘူး။
ကို့အောင်မြင်မှုအတွက်လည်း မဟုတ်ပါဘူး။
     ကိုတို့နှစ်ယောက်တည်းသာဆို ပိုက်ဆံမချမ်းသာရင်နေ ကို့ဝါသနာ ဂီတနဲ့ကဗျာကိုပဲ ကို ဖက်တွယ်ထား
မှာပါ၊ ဇွတ်တရွတ် မိုက်ရူးရဲမဆန်ချင်စမ်းပါနဲ့ကွယ်။ ဘဏ်မှာ တိုက်ပေါင်ထားတဲ့အကြွေးတွေ ကြေချင်လို့မှ
ဒီအလုပ်ကို စခဲ့မိပြီ။ လုပ်ငန်းအရင်းအနှီးအတွက် ချေးထားရတဲ့ငွေပါ ထပ်အကြွေးတင်ရင် အတိုးဆပ်ရင်းနဲ့ပဲ ကြွေးရင်းဆပ်နိုင်တဲ့ဘ၀ ပိုဝေးသွားမှာပေါ့။ ကလေးတွေကို အကြွေးအမွေပေးတဲ့ မိဘတော့ မဖြစ်ပါရစေနဲ့ မေရယ်....”
    တကယ်တော့ နားလည်မှုခေါင်းပါးလွန်းလို့ ပေါက်ကွဲနေရတာမှ မဟုတ်ဘဲ။
ကျွန်တော်ပင်ပန်းတာကို မကြည့်ရက်တာရော၊ တစ်ခါမှမခွဲခွာဖူးလို့ ဝေးကွာနေရတဲ့ခံစားချက်တွေ ပြင်းထန်တာရောကြာင့် မေ စိတ်လှုပ်ရှားနေတာမှန်း ကျွန်တော်ကတော့ နားလည်ပါတယ်။
      ကျွန်တော်ကရော ရင်မနာတတ်ဖူးတဲ့လား။ ဇနီးနဲ့သားသမီးကို ခင်တွယ်တတ်လွန်းလို့တောင် ဟိုး အရင်ကတည်းက ဘယ်လောက်ပဲ ငွေကြေးအခက်အခဲကြုံကြုံ၊ မိတ်ဆွေအသိထဲက နိုင်ငံခြား အလုပ်ထွက်လုပ်တဲ့ သတင်းတွေ ဘယ်လောက်ကြားကြား...
     “ မေ ကို့ကို နိုင်ငံခြားလွှတ်ပြီး အလုပ်လုပ်ခိုင်းဖို့တော့ ဘယ်တော့မှ မပြောပါနဲ့နော်။ ကို မေနဲ့ ကလေးတွေကို မခွဲနိုင်ဘူး။ မြန်မာပြည်ထဲမှာပဲ ဘယ်လောက်ပင်ပန်းပါစေ၊ လုပ်ပါ့မယ်...”
     “ အို အဲဒါတော့ စိတ်သာချ။ ကိုသွားမယ်ဆိုရင်တောင် မေက မလွှတ်သေးဘူး...”
     အဲဒီလို ကျွန်တော်တို့မောင်နှံက ရှေ့သွားနောက်လိုက် ညီခဲ့ကြတာပါ။
                                                                xxxxxxx
      အလုပ်စခန်းကိုပြန်တဲ့ တောင်ပတ်လမ်းလေးက ကျွန်တော့်ဘ၀ရဲ့ခရီးလမ်းလိုပဲ။ ခပ်ဆင်ဆင်တူတယ်။
ဝေဟင်က လေယာဉ်နဲ့သာကျော်ရမယ်ဆိုရင် ဒီခရီးက အနီးလေးပဲပေါ့။ ချိုင့်ဗလပွ တောင်ပတ်လမ်းကနေ
ဆိုင်ကယ်လေးနဲ့ဆိုတော့ ခရီးက မနီးချင်ဘူး။
     ဒီကြားထဲ အိမ်ပြန်ခရီးမဟုတ်ဘဲ အလုပ်ပြန်ခရီးဆိုတော့ ပိုဝေးတော့တယ်လေ။
     သားနဲ့သမီးရဲ့ မျက်ရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ အဖေလုပ်သူကို တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ လက်လေးတွေက ခုထိ ကျွန်တော့်နှလုံးသားကို ဆုပ်ဆွဲထားသလိုပဲ။
      ဘယ်လောက်ပဲ နှောင်ကြိုးတွေက ခြေတုံ့ဆွဲထားပေမယ့် အိမ်ထောင်ဦးစီး ယောကျာ်းသား
တစ်ယောက်ရဲ့တာဝန်ဆိုတဲ့ အသိကလည်း အလုပ်စခန်းရှိရာကို တွန်းပို့နေတယ်။
     နောက်ထပ် တံတားတွေ ကန်ထရိုက်ထပ်ရဖို့ အခွင့်အရေးနဲ့ မိသားစု စီးပွားရေးပြေလည် တိုးတက်ဖို့လမ်းတွေ ရှေ့မှာ ပွင့်နေတာ အားရစရာ မြင်နေရပြီလေ။ အစားအသောက်အနေအထိုင် ပင်ပန်းဆင်းရဲတာကတော့ ကျွန်တော် ယောက်ျားပဲ ခံနိုင်ရမှာပေါ့။
    အလုပ်သမားထိန်းချုပ်ရေး၊ လိုအပ်တဲ့ပစ္စည်းမျိုးစုံ ရရှိရေး စတဲ့ အခက်အခဲမျိုးစုံကလည်း ကျွန်တော် ယောက်ျားပဲ၊ စွမ်းဆောင်နိုင်ရမှာပေါ့။
     ဒါပေမယ့် မိသားစုကို လွမ်းတဲ့စိတ်ကတော့ ဘယ်တော့မှ နေသားကျသွားမှာ မဟုတ်ဘူး။ ဒါကလည်း တောင်လေးတစ်လုံး နှစ်လုံးလောက်ကျော်ပြီး ဧရာဝတီမြစ်ကူးတံတားပေါ်ကို ဖြတ်လိုက်ရင်
ရောက်နိုင်တာပဲ။ ဒီလိုပဲ ဖြေတွေးရမှာပေါ့။
    အင်း...တံတားလေး နှစ်စင်း သုံးစင်းလောက်တော့ အားတင်းပြီး ကြိုးစားလုပ်လိုက်ပါ့မယ်လေ။
ပြီးခဲ့ရင်တော့ ပိုးသတ်ဆေးအပြင်းစားတွေ မိထားတဲ့ ကျွန်တော်ဝါသနာလေးတွေကို ဆေးပြန်ကုရဦးမယ်။
မိသားစုအတွက် တင်နေတဲ့ အကြွေးလေးကြေပြီးရင် ကျန်တဲ့ငွေလေးနဲ့ ကျွန်တော့်သီချင်းတွေ ဒီမိုခွေလေး
သွင်းထားရမယ်။
     ကျွန်တော် ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ တီးလုံးခွေလေးက ဘယ်မှာ သိမ်းထားမိတာပါလိမ့်။
     ကျွန်တော့်ရေးလက်စ ကဗျာလေးရော။ ဘယ်စာအုပ်ကြားမှာ ညှပ်ထားတာပါလိမ့်။
     အမှန်တော့.... ကျွန်တော့်ဝိညာဉ်က သီချင်းတွေ ကဗျာတွေမှာပဲ ပူးကပ်နေတာပါဗျာ။ ကျွန်တော့်လက်တွေက ဂစ်တာနဲ့ ကလောင်ကိုင်ပြီး သီချင်းကဗျာတွေပဲ ဖန်တီးသင့်တာပါ။ ဘာဆိုင်လဲ။
ကန်ထရိုက်တာဘ၀နဲ့ ကျွန်တော်နဲ့။
     ကဗျာဆရာ၊ သီချင်းရေးဆရာ မင်းဇံကျော်ပဲ ဖြစ်ချင်တာ။ ကန်ထရိုက်တာ မင်းဇံကျော်ဆိုတာ ကျွန်တော်မှမဟုတ်တာ။
     ဒါပေမယ့်လေ... ကျွန်တော့်ဘ၀ဖြစ်စဉ်က ရထားကြီးစီးလာတာဆိုရင် ဒါဟာ လမ်းဘူတာလေးတစ်ခု
ပေမို့  ခေတ္တခဏတော့ ဖြတ်သန်းခိုဝင်ရမယ်ပေါ့။ ကျွန်တော် ရည်ရွယ်ခုတ်မောင်းလာခဲ့တဲ့ လမ်းဆုံးဘူတာကတော့....။
    ဟော...တွေးရင်း မောင်းရင်း ကျွန်တော့်အလုပ်စခန်းလေးကိုတောင် လယ်ကွင်းတွေကြားထဲမှာ လှမ်းမြင်နေရပြီ။ ဟိုကောင်တွေ အလုပ်မှ လုပ်နေကြရဲ့လားမသိဘူး။ ပန်းရန်အဖွဲ့ရဲ့ တစ်နေ့စားစရိတ်နဲ့
လုပ်အားခက နည်းတာမဟုတ်ဘူး။ မခိုမကတ်လုပ်ကြမှ စရိတ်မထောင်းမှာ။
    ဘိလပ်မြေအိတ်တွေရော။ ကုန်ရမယ့်အရေအတွက်ထက် ပိုလျော့နေပြီလား။ အခိုးများခံနေရပြီလား မသိဘူး။ ဒီနားတစ်ဝိုက်မှာက လျှိုလေးတွေ ချိုင့်လေးတွေအပေါသား။ တစ်ယောက်တစ်အိတ် ထမ်းသွားပြီး
တစ်နေရာရာမှာ ၀ှက်ထားလိုက်ရင် တော်ရုံရှာမတွေ့နိုင်ဘူး။ နီးစပ်ရာရွာလေးတွေကို တဖြည်းဖြည်းချင်း
ရောင်းစားလို့ရတယ်။
     ပန်းရန်ဆိုတာက အလုပ်ရှင်ကန်ထရိုက်တာကို ဘယ်လိုဖဲ့ရမလဲလို့ ချောင်းနေကြတဲ့ကောင်တွေ။ တိုက်ဆောက်တုန်းကတောင် အလုပ်သိမ်းအပြန် ထမင်းဘူးထဲ ဘိလပ်မြေတို့ သံချောင်းတို့ ထည့်ခိုးတာ
မိဖူးသေးတယ်။ ဘယ်ကောင်မှ ယုံရတာမဟုတ်ဘူး။ သူခိုးချည်းပဲ။ ဘယ်သူမှမကောင်းဘူး။ အလကားကောင်တွေ။
    သူများသာပြောနေတာ။မထူးပါဘူးလေ။ ကျွန်တော်ကရော...။ ကန်ထရိုက်တာဆိုတာကရော...။
     တော်ပြီ။ အတွေးလွန်ရင် အကုသိုလ်များတယ်။ ဒီတံတားတစ်စင်းပြီးရင် ရတဲ့အမြတ်နဲ့ ကျွန်တော်ရေးထားတဲ့ သီချင်းလေးတွေ ခွေလုပ်ဖို့စီစဉ်ရမယ်။ နိုင်ငံကျော် သီချင်းရေးဆရာကြီးဖြစ်ရင် ကန်ထရိုက်တာအလုပ် လုပ်စရာမလိုတော့ဘူးပေါ့။ သီချင်းတွေကြားထဲမှာပဲ ပျော်ချင်တယ်။ အုတ်တွေ၊ သဲတွေ၊ ဘိလပ်မြေတွေနဲ့ လောဘဇောတွေ ထွေးလုံးနေရတဲ့ဘ၀ကို မုန်းတယ်။
      ဟာ....အတွေးလွန်နေလိုက်တာ...။ နီးလာမှ သေချာကြည့်မိတယ်။ ဘိလပ်မြေအိတ်အထပ်ကြီးက
တော်တော်လျော့နေပါလား။ ဒီနှစ်ရက်နဲ့ ဒီလောက်ကုန်စရာမှ အကြောင်းမရှိတာ။
ဒီကောင်တွေ.... တောက်...။
     ကျွန်တော့် စိတ်ကူးယဉ်သီချင်းလေး ကြိုးပြတ်ဂစ်တာနဲ့အတူ မဆလာမွှေအိုးထဲ ထိုးကျသွားတော့တယ်။
                                                                 xxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
မဟေသီမဂ္ဂဇင်း....( စက်တင်ဘာလ၊ ၂၀၀၈)

အလင်းထောင့်ရောင်ပြန်


အမှောင်ထဲမှာ တုတ်ကောက်လေးတစ်ချောင်းကို အဖော်ပြုပြီး တရွေ့ရွေ့ကျောခိုင်း ပျောက်ကွယ်သွား တဲ့ ဖေဖေ့သဏ္ဍာန်ကို ငေးကြည့်နေရင်း ကျွန်မရင်ထဲမှာ တောင်းပန်သံတွေ ပဲ့တင်ထပ်နေမိတယ်။
ခွင့်လွှတ်ပါဖေဖေ။ သမီးကိုခွင့်လွှတ်ပါ။ ဖေဖေ့အပေါ်မှာ သမီးမနောကံနဲ့ ပြစ်မှားနေမိသမျှ၊ မကျေမနပ်ဖြစ်နေ မိသမျှ၊
စိတ်ခုနေမိသမျှ.. သမီးကိုခွင့်လွှတ်ပါ။ ကံသုံးပါးထဲမှာ မနောကံဟာ အပြစ်အကြီးဆုံးလို့ စာအုပ်ထဲမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။တကယ်တမ်းကျတော့ လူမသိသူမသိပြစ်မှုမို့ လူတိုင်းလိုလို မနောကံကို အလွယ်တကူ ကျူးလွန်ရဲကြတာပါ။
   ကျွန်မကလည်း ကိုယ့်အပြစ်ကို ကိုယ်သိပေမယ့် စိတ်အလိုကိုလိုက်ပြီး ကျူးလွန်ခဲ့မိတယ်။ ကျူးလွန်မိနေမှန်း သိသိရက်နဲ့လည်း မရပ်နိုင်အောင် မောဟတွေ ပိတ်ဖုံးနေခဲ့မိတယ်။
      ဒီညသာ ဖေဖေ ကျွန်မဆီကို ရောက်မလာခဲ့သေးရင် ကျွန်မဟာ...ဘယ်အချိန်ထိများ ငရဲတွေ ယူနေမိမလဲ။ အတ္တတွေကို ပြုစု အရောင်တင် နေမိမလဲ။
     ဖေဖေ့မျက်နှာကို မြင်လိုက်ရမှ မောဟအမှောင်တွေဟာ နောင်တအဖြစ် ပြောင်းသွားပြီး မျက်ရည်တွေက ဆေးကြော ဖယ်ရှား သွားတော့တယ်။
     ကျေးဇူးတင်ပါတယ် ဖေဖေ။ သမီးကို အပြစ်တစ်ခု အချိန်မီရပ်အောင်၊ အလွန်ကိုမှ လာခဲလှတဲ့ သမီးရဲ့အိမ်ကလေးကို ဒီည ရောက်လာခဲ့တဲ့အတွက် ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။
       xxxxxxxx
     "ကဲ..အိမ်ကတော့ သစ်သားအိမ်လေးပဲ။ တိုက်ကလေး ဆောက်နိုင်အောင်တော့ မင်းတို့ဖာသာ ကြိုးစားကြပေတော့...."
      တကယ်တော့ ကျွန်မတို့ အိမ်ကလေးက ကျွန်မမိဘတွေ နေတဲ့အိမ်နဲ့ လမ်းကွေ့တချိုးစာ လောက်ပဲ ဝေးတာပါ။ ဒါပေမယ့်  ဒလာချင်ရင်အနီးလေး မလာချင်ရင် ခရီးဝေးဒ ဆိုသလိုပါပဲ။ ကျွန်မအိမ်ထောင်ကျစက မကြာခဏ အိမ်ကိုရောက်လာတတ်တဲ့ ဖေဖေဟာ ကျွန်မရဲ့မောင်နှစ်ယောက် အိမ်ထောင်အသီးသီး ကျသွားပြီးနောက်ပိုင်း ကျွန်မအိမ်ကို တဖြေးဖြေး အလာကျဲရင်းကနေ နောက်ပိုင်းဆို မေ့သလောက်ရှိအောင်ကို မလာတော့ပါ ဘူး။ ဖေဖေ အသွားဆုံး နဲ့ ခြေဦးအလှည့်ဆုံးကတော့ သူ့သားငယ်လေးအိမ်ကိုပါပဲ။
     သားအကြီးက မိဘတွေနဲ့ တအိမ်တည်းအတူနေတာမို့ ဖေဖေသွားစရာ လည်စရာဆိုလို့ ကျွန်မနဲ့ မောင်အငယ်ဆုံးအိမ် နှစ်အိမ်ပဲ ရှိတာလေ။ ဖေဖေ့အိမ်ကဆိုရင် မောင်ငယ့်အိမ်က ကျွန်မအိမ်ထက် ငါးဆလောက်ဝေးပါတယ်။
     ဘယ်လောက်ပဲ ဝေးပေ့စေ။ ဖေဖေဟာ တနေ့တခေါက်တော့ အနည်းဆုံး သူ့သားငယ်အိမ်ကို သွားဖြစ်အောင်သွားတတ်တယ်။ မောင်လေးအိမ်မှာ လုပ်စရာရှိတာလေးတွေ ကူညီလုပ်ကိုင်ပေးပြီးရင် အရင်တုန်းကတော့ ကျွန်မအိမ်ဖက်ကနေ လှည့်ပြန်ပြီး ခဏတဖြုတ် ဝင်တတ်ပါတယ်။ တခါတလေ ကျွန်မတို့ အလုပ်ရှုပ်နေတာတွေ့ရင် နှုက်မဆက်ပဲ အသံတိတ်လှည့်ကြည့်ပြီး ဆက်လျှောက်သွားတတ်တာ.... ခပ်လှမ်းလှမ်းရောက်မှပဲ မြင်ရတတ်ပြန်တယ်။
     ဒီလိုနဲ့ တဖြေးဖြေး....ဖေဖေ ကျွန်မတို့လမ်းထဲကကို ဖြတ်မပြန်တော့ပါဘူး။ မေမေကတော့ ကျွန်မအိမ်ကို မကြာခဏ လာလည် တတ်တော့ ဖေဖေ့သတင်းကို မေးရပါတယ်။ သူ့သားငယ်အိမ်ကိုတော့ အမြဲသွားကြောင်းသိရတော့ ' အော်....ဖေဖေ လမ်းလျှောက်ရတာ ပင်ပန်းတယ် တူပါရဲ့....ခရီးချုံ့ပြီး ကျွန်မဆီ လှည့်မဝင်တော့ဘူး....  ' ပေါ့။
     ဒီလိုတွေးပြီး ကျွန်မစိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ မောင်လေးဆီတော့သွားပြီး ကျွန်မဆီမဝင်လို့ မကျေနပ်တာလည်း မရှိဘူး။ မနာလိုလည်း မဖြစ်ဘူး။ မောင်နှမသုံးယောက်ထဲမှာ ကျွန်မက အကြီးဆုံးဆိုတော့ မောင်နှစ်ယောက်ကို ဦးစားပေးတတ်လာခဲ့တဲ့ အကျင့်က ငယ်ငယ်ကတည်းက အရိုးစွဲနေပြီ။ ကျင့်သားရနေပြီလေ။
      "နင့်မောင်ဟာ...တနေကုန် အလုပ်ရှုပ်နေတာ....။  ငါတို့မှုာ သူနဲ့စကားပြောခွင့် ရဖို့တောင် သူ့မျက်နှာကို တကြည့်ကြည့်နဲ့            ချောင်းနေရတယ်။ သူ့လုပ်စာသာ စားနေရရင် နေစရာတောင် နေရာရှိမှာ မဟုတ်ဘူး... "
      မေမေကတော့ သူ့အိမ်မှာ အဆင်မပြေသမျှ၊ မကျေနပ်သမျှ ကျွန်မဆီမှာ ရင်ဖွင့်လေ့ရှိတယ်လေ။ သူ့မှာကလည်း စကားများများ ပြောစရာ ရင်ဖွင့်စရာဆိုလို့ ကျွန်မတယောက်ပဲ ရှိတာကိုး။
    "နင့်အဖေ ဝယ်ကျွေးတဲ့ ပြောင်းဖူးစားလိုက်လို့ သူ့သားတွေ ထမင်းမစားတော့တာတဲ့။ စည်းကမ်းမရှိ လျှောက်စားရကောင်းလားလို့ ကလေးတွေကို ရိုက်တယ်လေ။ မြေးလေးတွေက ခု ငါတို့ဘာကျွေးကျွေး မစားကြတော့ဘူး။ ငါတို့နှစ်ယောက် တဖြေးဖြေး အဖော်မဲ့ပြီး စိတ်ဓါတ်ကျအောင် လုပ်နေတာ ...  "
      မေမေ ဒီလိုပြောတော့ ကျွန်မ စိတ်မကောင်း ဖြစ်ရပါတယ်။
        "ဒါဆိုလည်း မကျွေးနဲ့ပေါ့ မေမေရယ်...။ သက်တောင် သက်သာသေးတယ်။ နို့မို့ဆို အိမ်ဖော်မရှိပဲ မေမေ့မှာ သူတို့စားဖို့ ခေါက်ဆွဲပြုတ်ရတာနဲ့ လိုက်ခွံ့ရတာနဲ့ စားပြီးသားပန်းကန်တွေ ဆေး ရတာနဲ့...ပင်ပန်းပါတယ်။ မီးဖိုချောင်ကိစ္စတွေ မေမေ့ကို မလုပ်စေချင်လို့မှ သမီးထမင်းချိုင့် ပို့ပေးနေတာ ကို....။ ကောင်းတဲ့ဖက်ကတွေးပြီး စိတ်သက်သာသလို နေစမ်းပါမေမေရာ...။"
     "အဲဒါပဲ..အိမ်ဖော်မရှိရတာလည်း သူတို့ကြောင့်ပဲ။ ကိုယ့်အဖေအမေကို ချက်ပြုတ်ကျွေးဖို့နေနေသာသာ သူတို့နဲ့မတည့်တာနဲ့   ငါ့အလုပ်သမားကို နင့်မောင်ပဲ အလုပ်ထုတ်ပစ် လိုက်တာလေ...."
       မေမေ့ရင်ဖွင့်စကားတွေဟာ ကြားရရင်တော့ သူတို့အခြေအနေတွေ တော်တော်ပြင်းထန်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့်  တကယ်တမ်း ကျွန်မ မိဘအိမ်သွားလည်တဲ့အချိန် လေ့လာကြည့်တော့ သူတို့ အချင်းချင်း ဆက်ဆံရေးက ဒီလောက်တော့ မဆိုးလှပါဘူး။ ကျွန်မကိုရင်ဖွင့်ရလို့ မေမေ့မှာ အတေးအမှတ်မရှိတော့ပဲ စိတ်ဆိုးပြေသွားပုံရတာမို့ အတိုင်တည်ခံ ဖြစ်ရတာကိုပဲ ကျေနပ်ရပြန်ပါတယ်။
      xxxxxxxxx
     "ဖိုးဖိုးနဲ့ဖွားဖွားက ဖိုးဝလေးကိုတော့ တော်တော်ချစ်တယ် မေမေရဲ့...။ ဖိုးဖိုးကြီးကဆို ထမင်းလိုက်ခွံ့တာတဲ့။ ခြံတပတ်လုံး လှည့်ပြေးနေတဲ့ ဖိုးဝကို ထမင်းပန်းကန်ကြီးကိုင်ပြီး မြေးရေ.. .မြေးရေ... နဲ့ အော်အော်ပြီး လိုက်ရှာနေတာ....။ သားတို့ကိုတော့    ဒီလိုမဟုတ်ပေါင်...။ ဖိုးဝလေးက ကံကောင်း တယ်နော် မေမေ.. "
      သားက ဆယ်နှစ်ဆိုတော့ ကလေးပဲရှိသေးတာလေ။ သူ့စိတ်ထဲက ခံစားချက်ကို မဖြေသိမ့်တတ်သေးဘူး။ မမြိုသိပ်နိုင်သေးဘူး။ ဒီတော့..အမေကို တိုင်တည်ရှာတယ်။ သူ့အဖိုးအဖွားက ကျွန်မမောင်အလတ် က မွေးတဲ့သား ကို ပိုချစ်နေတယ်လို့ ထင်နေရှာတယ်တူပါရဲ့။
"သားရယ်..သားက အားလုံးထဲမှာ မြေးဦးပါ။ သားကို အချစ်ဆုံးဖြစ်ခဲ့ကြတာ အမှန်ပဲ။     အတူတူနေ တဲ့ မြေးကျတော့ လက် ပွန်းတတီးပိုရှိတာပေါ့။ ငယ်လည်းငယ်ကြတာကိုး...."
      "အမယ်...သားညီမလေးက ဖိုးဝထက်ပိုငယ်ပါတယ်နော်။  အတူတူနေလို့ ပိုချစ်တာဆိုရင်တော့ ဖိုးဖိုးနဲ့ဖွားဖွားကို သားတို့   အိမ်မှာ ခေါ်ထားကြရအောင်လေ....နော်...မေမေ...နော်..."
     "ဟုတ်တယ်...ဟုတ်တယ်မေမေ..။ မီးကိုလည်း ဖိုးဖိုးနဲ့ဖွားဖွားက သိတ်မချစ်ကြသလိုပဲ။"
 အသက်ငါးနှစ်ပဲရှိသေးတဲ့ ကျွန်မသမီးအငယ်လေးကလည်း သူ့အကို မနာလိုအူတိုဖြစ်ပြီး ပြောနေတာတွေကို မျက်မှောင်လေးကျုံ့ပြီး နားထောင်နေရာက တွေးတွေးဆဆလေး ဝင်ပြောလာပြန်ပါတယ်။
      "သြော်....သားကလဲကွယ်...ညီမလေးပါ အထင်တွေလွဲလာအောင် လျှောက်ပြောနေပြန်ပါပြီ။ အဲလို မနာလိုဖြစ်နေတာတွေ      မေမေမကြိုက်ဘူးကွာ။ သားကမြေးအကြီးဆုံးဆိုတော့ နားလည်မှုရှိဖို့လိုတယ်။
 လူဆိုတာ သည်းသည်းလှုပ် ချစ်တဲ့သူတွေ ဝိုင်းနေတိုင်း ကောင်းတယ်မထင်နဲ့။ ဘေးမှာအမှီတွေ သိတ်များနေရင် စိတ်ဓါတ်က အလိုလို ပျော့ညံ့ချင်သွားရော...။ ကိုယ့်စိတ်ကိုယ် ခိုင်ခိုင်မတ်မတ် ရပ်တည်စမ်းပါသားရာ..။ မေမေ့ကို ကြည့်ပါလား...။ မေမေ့အမေက မောင်အကြီးကို ပိုချစ် တယ်။ ဖေဖေက မောင်အငယ်ကို ပိုချစ်တယ်။  ဘယ်သူ့ အချစ်ဆုံးမှ မဖြစ်လည်း မေမေကိုတော့ မချစ်ပဲလည်း မနေပါဘူး..."
   ပြောသာပြောရတယ်။ ကျွန်မရင်ထဲကတော့ သားကို စာနာစိတ်နဲ့ နေလို့မကောင်းလှတော့ပါ။ မြေးဦးဖြစ်လို့ အဖိုးအဖွားရဲ့ အချစ်ဦးကိုရပြီးကာမှ နောက်ထပ်သုံးလေးနှစ်အကြာမှာ ထပ်တိုးလာတဲ့ မောင်အလတ်ရဲ့ သားက နှစ်ယောက်၊ ကျွန်မရဲ့သမီးငယ်က တစ်ယောက်၊ မောင်အငယ်ရဲ့ သမီးလေးက တစ်ယောက် ဆိုတော့...သားမှာက ပြိုင်ဖက်တွေ များလာပြီလေ။
  "ဖိုးဖိုးနဲ့ဖွားဖွားက သားငယ်ငယ်တုန်းက သားကိုသိတ်ချစ်တာနော်။ လူလေး..လူလေး..နဲ့ခေါ်တာ...။ ခုတော့ ဖိုးဝကိုပိုချစ်သွားပြီ"
     ဆွတ်ဆွတ်ကျင်ကျင် ပြောတတ်တဲ့ သားရဲ့စကားတွေ ကြားရပါများတော့လည်း ကျွန်မအသဲက မမာနိုင်တော့ဘူး။ ကိုယ်တိုင်တုန်းက ခိုင်မတ်နိုင်ပေမယ့် ကျွန်မသွေးသားလေးတွေကျတော့ ကျွန်မရဲ့အတ္တက ပုတ်အနှိုးခံရသလိုပဲ။ ရင်ထဲမှာ တဖျဉ်းဖျဉ်း ဖြစ်စပြုလာပြီလေ။
   ဖေဖေဟာ ငယ်ငယ်တုန်းက မောင်နှမတွေထဲမှာ ကျွန်မကို အချစ်ဆုံးလို့ ထင်ခဲ့မိသေး တယ်။ မေမေက မောင်အလတ်ကို မွေးပြီးကတည်းက သိသိသာသာ ပိုသည်းလွန်းတော့ ကျွန်မကလည်း မေမေနဲ့ ခပ်ခွာခွာ ရှောင်ဖယ်ဖယ်နေမိတယ်။
  ဖေဖေကသာ ကျွန်မနဲ့ စာဖတ်ဝါသနာ ပါတာချင်းလည်းတူတော့ စာအကြောင်းပေ အကြောင်းလေးတွေ ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ ရင်းနှီးမှုပိုတယ် ထင်ခဲ့တယ်လေ။ စာတော်တဲ့ ကျွန်မကို ကျောင်းစာတွေ ဂရုတစိုက် ကြပ်မတ်သင်ပေးခဲ့တယ်။ အဖေနဲ့သမီး ဆက်သွယ်မှုဟာ အမေနဲ့သမီး ဆက်ဆံရေးထက် ပိုနွေးထွေးခဲ့တယ်။ ပိုစည်းလုံးခဲ့တယ်။ ပိုနီးစပ်ခဲ့တယ်။ ဒါဟာ....ကျွန်မ ခံစားချက်ပေါ့နော်။
 ဒါပေမယ့်...ကျွန်မပညာတပိုင်းတစနဲ့ အိမ်ထောင်ကျသွားကတည်းက ဖေဖေဟာ ကျွန်မကို တော်တော် စိတ်နာတယ် ထင်ပါရဲ့။ အိမ်လေးတလုံး ဝယ်ပေးပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ကြိုးစားကြ ဆိုပြီး သားမက်ရဲ့ အရည်အချင်းကို စောင့်ကြည့်နေခဲ့တယ်။
 ကျွန်မ ရွေးချယ်ခဲ့တဲ့သူကလည်း နှလုံးသားတခုသာ ရှေ့တန်းတင်ခဲ့တာ။ တည်ကြည်ဖြောင့်မတ်ရုံ ကလွဲ ရင် ငွေကြေးဥစ္စာ မပြည့်စုံ ရှာပါဘူး။ ဒီတော့..လင်မယားနှစ်ယောက် စီးပွားရေး ကြပ်တည်းမှုအောက် မှာ မြုပ်ချည်ပေါ်ချည်နဲ့ပေါ့။ ကြိုးစားရုန်းကန်တယ် ဆိုပေမယ့် ဒီခေတ်ဒီအခါမှာ သုညကနေတစ်ရာ ဖြစ်ဖို့ ဆိုတာ......။ သကြားမင်းကြီး နားကင်းတဝင်းဝင်းနဲ့ ဆင်းလာတာသာ မြင်ချင်မြင်ရမယ်။
ထားပါတော့လေ...။ သုညကနေ တစ်ရာမဖြစ်တောင် တစ်..နှစ်..သုံး..လေး..... တစ် ဆယ်လောက်တော့ ဖြစ် လာ ပြီပေါ့။
ပျဉ်ထောင်အိမ်လေးကနေ တိုက်ကလေးတော့ ဖြစ်လာပါပြီ။ အသင့်အတင့် ဝင်ငွေလေးတော့ ရှိလာပါပြီ။ ကားမစီးနိုင်ပေမယ့် ဆိုင်ကယ်လေးတော့ စီးနိုင်နေပြီ။ ပတ်ဝန်းကျင်မှာလည်း လုပ်ရည်ကိုင်ရည်ရှိတဲ့ သမာဓိရှိတဲ့ လူရည်မွန်တယောက် ဖြစ်လာပါပြီ။        
      ဒါပေမယ့် သမီးရှင်ဖခင်ရဲ့ မျက်စိထဲမှာတော့ သားမက်က သားမက်ပါပဲ။ ကိုယ်တိုင်လောက်မပြောနဲ့ သားတွေလောက်ကို တော်တယ်မထင်ပါဘူး။ ထင်လည်း ဘယ်တော့မှ ချီးကျူးမှာမဟုတ်ပါဘူး။ ဒါဟာ ယေဘူယျအားဖြင့်တော့ သဘာဝပဲထင်ပါရဲ့။
 xxxxxxxxxxx
"နင့်အဖေဟာ အသက်ကြီးလာလေ ပိုဂွတိုက်လာလေပဲ သိလား။ ထီလာရောင်းတဲ့ ကောင်လေးဆီက သူထီဝယ်နေတာ....။  ငါလည်းဘာရယ်မဟုတ်ပါဘူး။ သူ့နားသွားရပ်လိုက်မိတယ်။ အပြစ်လာမပြောနဲ့။ နင့်အတွက်မဟုတ်ဘူး။ ငါ့သားငယ်လေး  ဆင်းရဲနေတာ မကြည့်ရက်လို့ ပေးမလို့ထိုးနေတာ..ပေါက်ရင် နင်ရော နင့်သားသမီးတွေရော တကောင်မှမပေးဘူး...တဲ့လေ..... ဟို ချွေးမကဖြင့် သူ့တို့အိမ်သွား ရင်တောင် နှုတ်မဆက်ပဲ မမြင်ချင်ယောင် ဆောင်ချင်ဆောင်နေတာ..."
      မိဘတွေဟာ ဆိုးတဲ့သားသမီးကို ပိုချစ်တယ်ဆိုတာ တကယ်လားမသိဘူးနော်။ မနာလိုလို့ ပြောတာတော့ မဟုတ်ဘူး။ ဖေဖေဟာ သူ့သားအငယ်ကောင်ကို ကြီးလေ...ဆိုးလေ...ပိုပို ချစ်လာသလိုပဲ။
        "မနေ့ကလည်း မနက်စောစော လမ်းထလျှောက်ရင်း ဈေးနားရောက်တော့ မြင်းခွာရွက်တွေ ဝယ်လာတယ်လေ။   ငါက အိမ်မှာ ပုစွန်ခြောက်၊ မြေပဲကအစ ဆီချက်တွေဘာတွေလည်း အဆင်သင့်မ ရှိတော့ စိတ်တိုတာပေါ့။  မြင်းခွာရွက်တွေ နင့်သမီးဆီ ပို့ပေးလိုက်မယ်။ သူ့ဆီမှာ ပစ္စည်းစုံတယ်။ ကူမယ့်သူလည်းပေါ တယ်လို့..ပြောမိတယ်။       နင်မလုပ်ချင်ရင် ထားလိုက်။ ချွေးမကို လုပ်ခိုင်းလိုက် မယ်တဲ့။ တော်တော်လေး အားကိုးနေတာလေ..."
     ကျွန်မ တကယ်စိတ်မကောင်း ဖြစ်သွားရပြီ။ ဖေဖေဟာ ချွေးမကိုမှ သမီးထက် ပိုအားကိုးချင်နေတာကိုး။
      သမီးလုပ်တဲ့သူကတော့ တနေ့တနေ့ အဖေဘာစားချင်မလဲ။ ဟင်းခွက်များ နည်းနေမလား။ အသားဟင်းတွေများ ထပ်နေပြီလား။ ဖေဖေ သက်သတ်လွတ်စားတဲ့ နေ့ဆိုလည်း မမေ့ရလေအောင် သတိထား။
    အစပ်ဆိုလို့ အရောင်တင်လေးတောင် မစားနိုင်တဲ့ဖေဖေ စားနိုင်အောင် မိဘတွေဆီ ထမင်းဟင်းစပို့ကတည်းက အိမ်က လူတွေလည်း ဟင်းဖြူဖတ်ဖြူလျော်တွေပဲ လိုက်စားရ။ ကျွန်မယောက်ျားကလည်း ကြည်ကြည်ဖြူုဖြူ ကျေကျေနပ်နပ်။ မြေးတွေကလည်း အဖိုးအဖွားကို ထမင်းဟင်းပို့ရလို့ ပျော်ရွှင် ကျေနပ်နေကြ။ တကယ်လည်း ကျွန်မ ဂုဏ်ယူ ပျော်ရွှင်ပါတယ်။
  ဖေဖေနဲ့မေမေဟာ ငွေကြေးပြည့်စုံတယ်။ ကျန်းမာရေးလိုက်စားတဲ့ သူတွေမို့လို့ လည်း ရောဂါ ကင်းဝေးတယ်။လင်မယားနှစ်ယောက် တပိုင်တနိုင် ဆေးခန်းလေးဖွင့်ပြီး ဝင်ငွေရှိနေတုန်းပဲ။
      သားသမီးတွေကို အိမ်တယောက်တလုံး ပေးနေနိုင်တဲ့အပြင် ဒီအရွယ်ထိ ဘယ်သားသမီးဆီကမှ ကန်တော့ငွေ(ထောက်ပံ့ငွေ) ကိုလက်မခံသေးဘူး။ စိတ်ဓါတ်သိတ်ကြံ့ခိုင်တာ။
   ဒီလိုမိဘတွေကို ချက်ပြုတ်ကျွေးမွေးခွင့်ရတာ ကျွန်မကံကောင်းတာ မဟုတ်ဘူးလား။ အိမ်ဖော်မရှိတာတောင်မှ မေမေက ကိုယ်တိုင် ချက်ဦးမယ်ဆိုပြီး စိတ်မလျှော့ချင်သေးဘူး။ မနည်းတောင်းပန် ပြီး ထမင်းပို့ခွင့် တောင်းထားရတာ..။
     ဒီကြားထဲ နေ့စဉ်ဝတ္တရားတခုကို ပျော်ပျော်ကြီး ထမ်းဆောင်နေရင်း တနှစ်လောက်ရှိကာမှ တရက် ထမင်းပို့ဖို့ တော်တော် နောက်ကျ သွားတယ်။ ဖေဖေက ဟိုးအရင်ကတည်းက ထမင်းကို အချိန်နဲ့စားတာ။ နောက်ကျလို့ မရဘူး။ ဖြစ်ချင်တော့ အဲဒီနေ့က တော်တော်အလုပ် ရှုပ်သွားပြီး တချက် သတိလစ်သွားတယ်။ မေမေ ဖုန်းလှမ်းဆက်ချိန်ထိ ဟင်းတခွက်က ဒယ်အိုးထဲမှာ မကျက်တကျက် ဖြစ်နေသေးတယ်။
     "ဒီနေ့ အလုပ်နည်းနည်း များလို့ပါ မေမေရေ...။ ခုပဲ ပို့လိုက်တော့မယ်နော်။ မေမေတို့ ဗိုက်ဆာနေရောပေါ့။"
"ငါကရပါတယ်။ ကိစ္စမရှိပါဘူး။ နင့်အဖေက စိတ်တိုတတ်တယ်။ သိတယ်မဟုတ်လား...."
     "ရှင်....ဟုတ်ကဲ့..ဟုတ်ကဲ့။ ခု ချက်ချင်း ပို့လိုက်မယ်မေမေ..."
       ကျွန်မ အရမ်း စိတ်ထိခိုက်သွားရပြီ။ ငိုလည်းငိုချင်သွားတယ်။ စိတ်ဓါတ်လည်း တော်တော်ကျ သွားရ တယ်။
ဖေဖေက စိတ်တိုတတ် တယ်တဲ့။ အဲဒီစကားတခွန်းဟာ ကျွန်မရင်ထဲမှာ ပဲ့တင်ထပ်နေတော့တယ်။
       ဖေဖေဟာ ကျွန်မတယောက်တည်းအပေါ်မှာပဲ စိတ်တိုတတ် နေတာပဲနော်။
      ကျွန်မ အံ့သြမိတယ်။ ဝမ်းလည်း တော်တော်နည်းတယ်။ လိမ္မာတဲ့သမီးဖြစ်ဖို့ ကျွန်မမျှော်လင့် ကြိုးစားပေမယ့် ဖေဖေဟာ ဆိုးတဲ့မသိတတ်တဲ့ သားနဲ့ချွေးမတွေကိုပဲ ကြောက်ပြီးချစ်ပုံရတယ်။ အလိုက်သိတဲ့ ရိုသေကျိုးနွံတဲ့ ကျွန်မတို့ မိသားစုကိုကျတော့ နိုင်ချင် ပစ်ပယ်ချင်တာပဲ။ ကျွန်မရင်ထဲမှာ တစစ်စစ် နာလာတတ်ပြီ။ သားနဲ့သမီးရဲ့ မနာလိုသံလေးတွေနဲ့ ခံပြင်းစကားလေးတွေကို သနားစာနာ တတ်လာပြီ။ သူတို့လည်း သူ့တို့အရွယ်နဲ့သူတို့ ခံစားချက်လေးတွေ ရှိနေမှာပဲ။
     ရိုသေယဉ်ကျေးတဲ့ သားမက်ကိုကျတော့ ချီးမကျူးပဲ နေနိုင်သလောက် စကားမပြောပဲနေ တဲ့ ချွေးမတွေ ကို အောက်ကျခံပြီး စကားလေး တပြုံးပြုံးနဲ့ လိုက်လိုက်ပြော တဲ့ ဖေဖေ့မျက်နှာကို မြင်ယောင်ပြီး ငိုချင်လာတယ်။ သနားလည်းသနားတယ်။ရင်လည်းနာတယ်။
     ဖေဖေဟာ ငယ်ငယ်က ကျွန်မကို အချစ်ဆုံးပါ။ ဘာလို့ ခုကျတော့ ကြီးလေတင်းမာလေ...။ ကျွန်မကို ပစ်ပယ်ချင်ရတာလဲ။
လိမ္မာတဲ့သူမို့ ဖိနှိပ်ချင်တာလား။ ပျော့ပျောင်းတဲ့သူမို့ နိုင်ချင်တာလား။ လိမ္မာသိတတ်ရင် ပိုချစ်ရမှာ မဟုတ်ဘူးလား ဖေဖေရယ်။
     ကျွန်မ ငယ်ငယ်ကတည်းက ကိုယ့်စာကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူပြီး စာတော်လိမ္မာတဲ့ ကလေးပါ။
ကျွန်မဘဝမှာ မိဘကို ဒုက္ခပေးမိတာဆိုလို့ အိမ်ထောင်စောစော ကျသွားတာတခုပဲ ရှိတာပါ။
      အဲဒီနောက်ပိုင်းလည်း မိဘတွေ စီစဉ်ပေးတဲ့အိမ်မှာနေ...၊ ညွှန်ပြပေးတဲ့ အလုပ်လုပ်။ လင်မယားနှစ်ယောက်စလုံး သူတို့ဆန္ဒကို    တခါမှ ကလန်ကဆန် မလုပ်ကြဘူး။ ကျွန်မဆုံးဖြတ်ထားတာက မိဘမကြိုက်တာကို ဘဝမှာတခါ ကျူးလွန်ပြီးပြီမို့ ကျန်တဲ့အချိန်မှာ မိဘကျေနပ်မှုကိုပဲ ရှေ့တန်းတင်မယ်ပေါ့။ ကျွန်မယောကျာ်းကလည်း နားလည်သဘောတူပေးတယ်လေ။
  xxxxxxxxxxxx
      "ဖိုးဖိုးကြီးလာတယ် မေမေရေ...ဖိုးဖိုးကြီးလာတယ်..."
      သမီးလေးရဲ့ ဝမ်းသာအားရ အော်လိုက်သံကြောင့် ကျွန်မ အံ့သြသွားရတယ်။ ညကြီးမိုးချုပ် ဖေဖေ ဘာဖြစ်လို့ပါလိမ့်ပေါ့။
မလာတာကြာလှပြီဖြစ်တဲ့ ကျွန်မအိမ်ကို လာတော့လည်း ညမိုးချုပ်ကြီးကျကာမှ......။
     " ဖေဖေ...တယောက်တည်း လမ်းလျှောက်လာတာလား။ သမီးတို့လမ်းက မီးမလာတော့ မှောင်မည်းနေ တာ...။    ဓါတ်မီးမပါဘူးလား ဖေဖေ။"
     " အေး...ဓါတ်မီးလေးက လက်ညှစ်လေးဆိုတော့ တဂျစ်ဂျစ်မြည်ရင် နင့်မောင်ငယ်လမ်းထဲ က ခွေးတွေက ဟောင်ချင်ကြတာနဲ့...ဓါတ်မီးမယူဖြစ်တာ ကြာပြီ။ ဒီမှာလေ...ဖိုးဝလေး ကျောင်းကပွဲက ဓါတ်ပုံတွေ....လာပြတာ...."
     " သြော်...ဖိုးဖိုးကြီးက သူ့မြေးဓါတ်ပုံတွေ လာကြွားတာကိုး..."
      မအောင့်နိုင် မအည်းနိုင် ခနဲ့သလိုထွက်လာတဲ့ သားအသံကြောင့် ကျွန်မကသားကို အသာလက်တို့ပြီး တားလိုက်ရပါတယ်။  
     ' ဖိုးဖိုး....ဖိုးဖိုး...မီးလည်း ကျောင်းကပွဲက ဓါတ်ပုံတွေရပြီ။ မီးက ထူးချွန်ဆုလည်း ရသေးတယ်။ ဖိုးဝက ရဘူး....'
  "ဟား..ဟား...ဟား...ငါ့မြေးက တော်လိုက်တာကွာ။ ပြပါဦး ဖိုးဖိုးကို....။ မင်းဖွားဖွားက မြေးလေးဓါတ်ပုံတွေ လည်း ရလောက်ပြီ။  ကြည့်ချင်တယ် ဆိုလို့ ဖိုးဖိုးက လာယူပေးတာ...."
      ဟော...ကျွန်မ ပြုံးမိတယ်။ အဲဒါ ဖေဖေ့ရဲ့စိတ်ဓါတ်ပဲ။ သူကြည့်ချင်တာကို သူမဟုတ်သလို...။ သူချစ်တာကို မချစ်သလို...။ သူ့ကိုယ်သူ စိတ်ပြတ်သားသလို၊ စိတ်မာသလို...ဟန်ဆောင်တတ်တာဟာ ဖေဖေ့အကျင့်ပဲ။
      " ဖိုးဝလေးက ကတတ်သားပဲ။ ဓါတ်ပုံတွေကလည်း လှလိုက်တာနော်..."
        သြော် ...ကျွန်မယောက်ျားကတော့ ယောက္ခမကြီးအကြိုက် လိုက်ပြောနေပြန်ပါပြီ။ သူက စိတ်ရင်းအမှန်တိုင်း ပြောတာဖြစ်ပေမယ့် ကျွန်မကတော့ ရှိလက်စ မကျေနပ်တဲ့ ဓါတ်ခံလေးက ကြွလာပြီး စိတ်ထဲက အငေါ်တူးမိတယ်။
       "ဒီကောင်က အိမ်မှာ ကပြခိုင်းရင် ဘယ်တော့မှ ကမပြဘူး။ သားသားကတာမြင်ရင် ဖိုးဖိုးမျက်လုံးပြူးသွားမယ် လို့ချည်း ကြွားတာကွ။ ဒီမှာလေ...ဒီပုံမှာ..မင်းပန်းကောက်တဲ့ဟန် လုပ်နေတာ မဟုတ်လားလို့ ငါကပြောလိုက်တော့ ဒီကောင်အံ့သြသွားတာ....။    ဖိုးဖိုး ဘယ်လိုလုပ်သိလဲတဲ့။ အမှန်က ငါက မှန်းပြောလိုက်တာ...မှန်သွားတော့ ဒီကောင်လန့်သွားတာပေါ့...."
        ရယ်ရွှင်ကြည်နူးနေတဲ့ ဖေဖေ့အသံနဲ့ ဖေဖေ့မျက်နှာကြောင့် ဖေဖေ့ရဲ့ သံယောဇဉ် အတိမ်အနက်ကို ကျွန်မ ခန့်မှန်းမိသွားပြီ။ သားအချစ် မြေးအနှစ်ဆိုတာ သိတ်မှန်တဲ့ စကားပါလား။ မြေးလေးတွေဟာ အဖိုးအဖွားရဲ့ စိတ်ပျိုကိုယ်နုဆေး တလက်ပါလား။
     "ဟား..ငါ့မြေးမလေးကလည်း တယ်တော်ပါလား။ သချာင်္ထူးချွန်ဆုရတယ် ဟုတ်လား။ မြေးက မင်းအမေနဲ့တူတာကိုး။ မြေးမေမေ ငယ်ငယ်ကလည်း သချာင်္သိတ်တော်တာ..။ အတန်းတိုင်းမှာ စာမေးပွဲတိုင်း သချာင်္ကတော့ တစ်ရာအပြည့်ချည်းပဲ...."
     ဖေဖေ့ နောက်ကြောင်းပြန်စကားကြောင့် ကျွန်မမျက်ခုံးပင့်သွားရပြီ။ ဖေဖေဟာ စကားမပြော ချင်ရင်လည်း အလျဉ်း၊ ပြောမိရင်လည်း တယောက်တည်း ရေပက်မဝင်အောင် သူပြောချင် တာသူ စွတ်ရွတ်ပြီး အလွန်စကားများတတ်တာမို့ပါ။
     "နင်မှတ်မိသေးလား ခိုင်ခိုင်။ တတိယတန်းတုန်းက နင်မရတဲ့ သချာင်္ပုစ္ဆာတပုဒ်ကို ငါ ဆေးခန်း လူနာကျနေလို့ မပြလိုက်ရတာ...။ စာမေးပွဲမစစ်ခင် ဆယ်မိနစ်အလိုမှ ကျောင်းကိုလိုက်လာပြီး စာရွက်လေးနဲ့ လာတွက်ပြတာလေ...။
     အဲဒီပုစ္ဆာ စာမေးပွဲမှာ ပါလာတာ ကွက်တိပဲကွာ။ အဲဒီနှစ် နင်ပထမရတာပဲလေ။"
      ကျွန်မ အံ့သြသွားတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က အဖြစ်ကို ဖေဖေပြန်ပြောနေတာပါလား။ အဲဒါ..ကျွန်မအကြောင်းလေ..။  
သူဂုဏ်ယူ ကျေနပ်ခဲ့ရတဲ့ အကြောင်းပေါ့။ ကျွန်မ ဖေဖေ့ကို သိတ်အားကိုးတွယ်တာခဲ့ရတဲ့ အချိန်တွေပေါ့။ ကျွန်မရဲ့ ငယ်ဘဝတွေလေ.....။ ဖေဖေဟာ ကျွန်မရဲ့ သူရဲကောင်းပဲ။
     "အင်း...ဒီပုံလေးက ငါ့မြေးမေမေ ငယ်ငယ်ကနဲ့ တူလိုက်တာ။ မြေးလေးမေမေ ငယ်ငယ်ကလည်း အကသိတ်ဝါသနာပါတာ.. ကျောင်းကပွဲဆို သူရှေ့ဆုံးကပဲ..၊ ကလိုက်တာလည်းကွေးလို့..။ဖိုးဖိုးကြီးတို့မှာ အလုပ်မအားတဲ့ကြားက လိုက်လိုက်ကြည့်ရတာပေါ့.."
     ဖေဖေဟာ သူမြေးမဓါတ်ပုံတွေ ကြည့်ရင်း ကျွန်မအကြောင်းတွေ တတွတ်တွတ်ပြောနေတာ...။ ဘယ်သူ့မှလည်းဂရုမစိုက်ဘူး။
     " မြေးလေးက စာတော်တော့ ဆက်ကြိုးစားနော်။ ကြီးလာတဲ့အခါ ဆရာဝန်မကြီးဖြစ်အောင်လုပ် ကြားလား။ မြေးမေမေလို    အရေးကြီးတဲ့ နှစ်ကျကာမှ ဗွေထမဖောက်နဲ့.."
     "အို...ဖေဖေကလည်း သမီးကြိုးစားခဲ့တာပါပဲ..."
       ကျွန်မက ကလေးတွေရှေ့ မလုံလဲတာနဲ့ မိုးကြိုးပစ်မှာစိုးပြီး ထန်းလက်နဲ့ ထကာမိပါတယ်။ အဲဒါ ကျွန်မအမှားပါ။
ဖေဖေဟာ ဘယ်ကတည်းက ပြောချင်လာတာကို အောင့်အည်းထားရတယ် မသိဘူး။
      " ဘာ ကြိုးစားတာလဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာလေ။ သမီးက ဘက်စုံတော်ချင်တာတဲ့။ ဆယ်တန်း အရေးကြီးကာမှ စာတွေရေး ကဗျာတွေရေး၊ ရည်းစားကထားနဲ့ စိတ်လေနေတာလေ။ ငါကပြောတယ်။ ဒီ ကင်မရာအကြောင်းကို    မချန်ခဲ့ပါနဲ့ဆိုတာ...မှတ်မိလား...ဖိဆစ်မှာလေ..။"
      ကျွန်မ ဖေဖေ့ကို လန့်သွားရတယ်။ ဖေဖေ မှတ်မိလှချည်လား။ ကျွန်မကို စိတ်နာနေတာလား။
      "မချန်ခဲ့ပါဘူး ဖေဖေရယ်...။ ဖေဖေ ရောကုန်ပြီ..."
    " တော်စမ်းပါခိုင်ခိုင်...။ တခြားဟာတွေသာ ရောချင်ရောမယ်။ ဒါတော့ ငါကောင်းကောင်း မှတ်မိတယ်။ နင်ကဒီတပုဒ်ပဲ ချန်ခဲ့မှာဆိုပြီး ပိုင်အောင်မကျက်ခဲ့ဘူး။ အဲဒီအပုဒ်ပဲ ရွေးစရာမရှိပါလာတော့ နင်အမှတ်လျော့တော့တာပေါ့။ နာလိုက်တာဟာ..   ငါးမှတ်နဲ့ ဆေးတက္ကသိုလ်ကို လွဲရတာ...။ အဲဒီအပုဒ်သာ ပိုင်ရင် ခုချိန် နင်ဆရာဝန်ဖြစ်ပြီ..."
     ကျွန်မ စောဒက မတက်ချင်တော့ပါဘူး။ ဖေဖေက တကယ့်ကို ခံစားချက်အပြည့်နဲ့ ပြောနေတာပါ။
    "ကဲ...ဒီဓါတ်ပုံတွေ မြေးလေးဖွားဖွားကို ပြဖို့ ယူသွားမယ်နော်။ ဖိုးဖိုးပြန်ပြီဟေ့..."
      ပြောချင်တာ ပြောပြီးသွားတော့ ဖေဖေက သူ့ထုံးစံအတိုင်း ဆိုင်းမဆင့်ဗုံမဆင့် ကောက်ကာငင်ကာ ထပြန်သွားပါတော့တယ်။
ပါးစပ်အဟသားလေးနဲ့ ကျွန်မကို ပြူးကြည့်နေတဲ့ ကျွန်မယောကျာ်းကိုသာ ပုခုံးနှစ်ဖက် ဟန်ပါပါတွန့်ပြ လိုက်ရင်း ကျွန်မရယ်လိုက်မိပါတယ်။ ဒါပေမယ့် အမြင်အာရုံတွေ မွဲသီလာနေတာ မျက်ရည်တွေကြောင့်လို့ ဘယ်သူမှ မမြင်စေချင်တာမို့ ကျွန်မ တဖက်ကိုမြန်မြန် လှည့်လိုက်ရပါတော့တယ်။
xxxxxxxxxxx                         
       မနက်စောစော ဈေးကိုသွားရင်း ဖေဖေ့အတွက် ဓါတ်မီးကောင်းကောင်း တလက်ဝယ်ဖို့ စတိုးဆိုင်တခုကို ဝင်လိုက်ပါတယ်။
    "ဓါတ်ခဲဖိုးတွေ ဈေးကြီးလွန်းတော့ လက်ညှစ်ဓါတ်အားဖြည့်ရတဲ့ ဓါတ်မီးလေးတွေ ခေတ်စားနေတာကြာပြီ။ ခုနောက်ပိုင်းအသစ် ထပ်ပေါ်တဲ့ ခရစ်စတယ်ဓါတ်မီးကတော့ မီးလင်းအားလည်း ပိုကောင်းတယ်။ အသံလည်း မမြည်ဘူး။ ဓါတ်ခဲလည်းမလိုဘူး။        မီးလာတဲ့အချိန် လျှပ်စစ်အားသွင်းထားလိုက်ရုံပဲ..။ အရမ်းအဝယ်လိုက် တာ..။ "
          အရောင်းစာရေးလေးရဲ့ ကြော်ငြာက ကျွန်မကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါတယ်။
      " တော်တော်လင်းတယ်နော်...။ အော်...မီးလုံးလေးတွေ အလယ်မှာ ဒိုင်းမွန်းပုံထည့်လုပ်ထားတာကိုး။ ဒါကြောင့် ဘေးမှာပါ       ရောင်ပြန်ဟပ်လို့ ထောင့်တွေလိုဖြစ်နေတော့ အလင်းပြန်ပြီး ပိုလင်းတာထင်ပါရဲ့.... "       အင်း...ဒီ ဓါတ်မီးလေးဆို ဖေဖေကြိုက်မှာပဲ။ သူ့သားအိမ်ကို ညဖက်တွေသွားတဲ့အခါမှာ ယူသွားဖို့ အဆင်ပိုပြေမယ်လေ။ လက်ညှစ်ဓါတ်မီးလို အသံမမြည်တော့ ခွေးလည်းမဟောင်တော့ဘူးပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ကျွန်မပြုံးမိတယ်။
       ညကသာ ဖေဖေ ကျွန်မအိမ်ကို ရောက်မလာခဲ့ရင် ကျွန်မလည်း အလင်းရောင်ကောင်းကောင်း ရဦးမှာမဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ် ကြိုးစားဖြေသိမ့်နေတဲ့ အတွေးတွေကလည်း လင်းတလှည့် မှုန်တလှည့်နဲ့လေ။
       ဖေဖေပြောလိုက်တဲ့ စကားတွေကို ကြားရကာမှ ဖေဖေ့စိတ်၊ ဖေဖေ့ ခံစားချက်ကို နားလည်သွားရတယ်။
       ဖေဖေ သွားချင်တဲ့ သားသမီးဆီသွား...၊ ပြောချင်တဲ့ စကားတွေပြော ပြီး နေချင် သလိုသာနေ ပါ။ ဖေဖေ့စိတ်ထဲမှာ သားသမီး သုံးယောက်နဲ့ မြေးငါးယောက်စလုံးဟာ ဘယ်နေရာမှာပဲ ထားထား.... အားလုံးကတော့ ရင်ပတ်ထဲမှာဆိုတာ သမီးသိသွားပြီလေ။  
       သမီးပျော်သွားပြီ ဖေဖေ။ သမီး ကျေနပ်သွားပြီ။ ကျေးဇူးတင်ပါတယ်။ 
       ခရစ်စတယ်ဓါတ်မီးလေးဟာ ထောင့်တွေအများကြီးပါတော့ အလင်းပြန်အားကောင်း သလိုပဲ။ ဖေဖေ့ ရင်ထဲမှာ သားသမီးနဲ့ မြေးတွေအားလုံးဟာ တထောင့်စီမှာ သူ့နေရာနဲ့သူ ရှိနေကြတာမို့ ကိုယ့်နေရာ ကိုယ့်ထောင့်လေးကနေ ပဲ ဖေဖေ့မေတ္တာတွေ ကို ရောင်ပြန်ဟပ်ပေးနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား။
       ဖေဖေ့ကို ဓါတ်မီးလေးတလက် သမီး လက်ဆောင်ကန်တော့မယ်။ လက်ညှစ်ဓါတ်မီးထက် အလင်းပိုတဲ့ ခရစ်စတယ်ဓါတ်မီးလေး....။                                            
  xxxxxxxxxxx        
                                                                                     ဝေ(စီးပွားရေးတက္ကသိုလ်)
                                                                    ရွှေအမြုတေမဂ္ဂဇင်း( ရွှေအသစ်) ဒီဇင်ဘာလ၂ဝဝ၈

အငွေ့ပြန် ပင်လယ်



အခန်း-၁-

မင်္ဂလာနံနက်ခင်း

ဟုတ်ကဲ့...ဂွတ်မောနင်းပါဗျာ။
စာရေးကြီး တစ်ယောက်တည်းလား။ ကြိုဆိုပါတယ်ဗျာ။ ကြိုဆိုပါတယ်။
ခုလို ကျွန်တော့်လက်ဖက်ရည်ဆိုင်လေး ' ဂွတ်မောနင်း ' ဆိုပြီးနာမည်တွင်ခဲ့ရတာ၊ လူစည်ကားလာရတာ၊ စာရေးကြီးတို့လို ဖောက်သည်တွေက ကင်ပွန်းတပ်ခဲ့၊ အားပေးခဲ့ကြလို့ပါ။
ကျွန်တော်က ဆိုင်ရှင်ပီပီ ဘယ်လောက်ဖော်ဖော်ရွေရွေနဲ့ လာသမျှလူတိုင်းကို ' ဂွတ်မောနင်း 'လို့ နှုတ်ဆက်တတ်ပေမယ့် ဆိုင်းဘုတ်တောင် တင်မထားခဲ့တဲ့ဆိုင်လေးကို ဖောက်သည်တွေက ' ဂွတ်မောနင်း ' လို့ အမည်မတွင်စေခဲ့ရင် ကျွန်တော့်ဆိုင်လေး အမည်နာမ ပညတ်တစ်ခုတောင် စွဲခဲ့မှာမဟုတ်ပါဘူး။
ပြီးတော့ ချောင်ကျကျရပ်ကွက်ထဲက မြေကွက်လပ်ပေါ်မှာ တဲထိုးပြီးဖွင့်ရတဲ့ ပေစုတ်စုတ် ဆိုင်လေးကို ဖောက်သည်တွေကသာ အားမပေးခဲ့ရင် ကျွန်တော်က လက်ဖက်ရည်ကို ဘယ်လောက်ကောင်းအောင် စေတနာနဲ့ဖျော်ဖျော် လူသိများစည်ကားခဲ့မယ် မထင်ပါဘူး။
စာရေးကြီးတို့လို ဖောက်သည်ကောင်းတွေရဲ့ နှုတ်၏စောင်မခြင်းကြောင့်လည်း ကျွန်တော့်ရဲ့ခပ်မွဲမွဲဆိုင်ကလေးက ' ဂွတ်မောနင်း ' ဆိုပြီး နာမည်လည်းတွင်၊ လက်ဖက်ရည်ကောင်းကြောင်း၊ ဆိုင်ရှင်ဖော်ရွေကြောင်းလည်း သတင်းမွှေးခဲ့ရတာပါ။
‘ဒါကြောင့်လည်း ကိုယ့်ကျေးဇူးရှင်ဖောက်သည်တွေကို ဖြည့်ဆည်းပေးချင်လို့ မနက်စာကို လက်ဖက်ရည်နဲ့တွဲစားလို့ရမယ့် ပလာတာ၊ စမူဆာ၊ အီကြာကွေးတို့ကိုပါ တွဲရောင်းပေးတာပါ။ မုန့်ဟင်းခါးနဲ့အသုတ်စုံကိုလည်း မိန်းမကိုတပိုင်တနိုင်လေး လုပ်ရောင်းပေးဖို့ ပြောထားသေးတယ်။
မြေကွက်လပ်က ခပ်ကျယ်ကျယ်၊ သစ်ပင်ရိပ်ကလည်းကောင်းတော့ အေးအေးလူလူ ထိုင်စကားပြောချင်၊ စာဖတ်ချင်တဲ့သူတွေလည်း လက်ဖက်ရည်သောက်ရင်း စားစရာလေးပါ စုံစုံလင်လင်ရတော့ အဆင်ပြေတာပေါ့။
သြော် .ဒီမြေကွက်လား။ ယောက်ဖပိုင်တဲ့မြေပါဗျာ။
ကျွန်တော် မိန်းမရကာစ အလုပ်မရှိဘဲယောင်ချာချာဖြစ်နေတော့ ယောက်ဖက သူအကြွေးနဲ့သိမ်းထားရတဲ့ မြေကွက်လေးရှိတယ်။ နေရာအကွက်အကွင်းကတော့ သိတ်မကောင်းဘူး။ စီးပွားရေးလုပ်လို့လည်း မဖြစ်လောက်ဘူး။ လူနေရုံလောက်တော့ဖြစ်တယ်။ လင်မယားနှစ်ယောက် တည်းဆိုတော့ နေဖြစ်ရုံတဲလေးထိုးပြီး သွားနေချင်နေပေါ့ကွာ..ဆိုတာနဲ့၊ နေစရာရှိပြီးရော၊ နောက်မှ အလုပ်ရှာမယ် စဉ်းစားပြီး ရောက်လာခဲ့တာ။
လူပျိုတုန်းကတော့ အစ်မနား ကပ်နေရတာ အကြောင်းလားဗျာ။ မိဘမရှိတော့တဲ့ ဒီမောင်တစ်ယောက်ကို အစ်မကလည်း ပစ်မထားရက်မှန်း ယောက်ဖကနားလည်ရှာပါတယ်။
ဒါပေမယ့် မိန်းမရလာတော့ အစ်မအိမ်မှာ ကြာကြာနေလို့ မကောင်းတော့ဘူး။ သမီးယောက်မချင်းကလည်း ကြာလာတော့ ဟိုချိတ်ဒီချိတ်နဲ့ ငြိချင်လာတယ်။ အစ်မကလည်း မောင်ကိုသာ ကြည်ဖြူ မှာပေါ့။ ယောက်မနဲ့တော့ ရေရှည်မှာ ကြာကြာဘယ်အစေးကပ်မှာလဲ။
ဒါကြောင့် ကျွန်တော်တို့လည်း ဒီမှာလာနေပြီး ဆိုင်လေးဖွင့်ကြည့်တာ။
ယောက်ဖကတော့ အောင်မြင်တဲ့စီးပွားရေးသမားပီပီ မြို့ထဲကနေရာကောင်းတွေမှာ သူ့လုပ်ငန်းတွေ အများကြီးပါ။ ဒီလိုချောင်ဂလောင်ထဲကမြေကတော့ ဘာစီးပွားမှလုပ်မရလို့လည်း ဒီတိုင်းပစ်ထားတာကြာလှပေါ့။ သူ့ဖောက်သည်တစ်ယောက် အကြွေးမပေးနိုင်ဘဲ မြေကွက် ထိုးအပ်သွားလို့သာ ယူထားရရှာတာ။ အစ်မကလည်း ကျွန်တော့်ကိုအပြီးပေးမယ့်ပုံမျိုး ပြောပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ယောက်ဖကျေးဇူးကြောင့် ဒီနေရာလေးမှာ အခြေချခွင့်ရပြီး၊ တစ်ဝမ်းတစ်ခါး လက်ဖက်ရည်ဆိုင်လေး ဖြစ်မြောက်လာတာလည်း အားပေးကြတဲ့ စာရေးကြီးတို့လို ဖောက်သည်တွေကြောင့်ပါ။
ကျေးဇူးတင်ပါတယ်ဗျာ။ ကျေးဇူးပါ။
xxxxx
အခန်း-၂-
တောက်ပသော နေ့လည်

ကြွပါ ကြွပါ စာရေးကြီးခင်ဗျာ။ ဂွတ်အားဖတားနွန်းပါ။
ထိုင်ပါ။ ဘာသုံးဆောင်မလဲခင်ဗျ။
ဟာ...သူဌေးလို့တော့ မခေါ်ပါနဲ့ဗျာ။ မဟုတ်ရပါဘူး။
ဆိုင်လေး ရောင်းကောင်းလာရတာ စာရေးကြီးတို့လို ဖောက်သည်ကောင်းတွေ ကျေးဇူးကြောင့်ပါ။ ကျွန်တော့်ဘဝကို ကျွန်တော်မမေ့ပါဘူး။ လက်ဖက်ရည်လည်း ကိုယ်တိုင်ဖျော်တုန်းပါပဲ။ စားပွဲလည်း အားရင်ဝင်ထိုးတုန်းပါ။
မိန်းမကတော့ ကောင်တာပဲထိုင်နိုင်တော့တယ်လေ။ အသုပ်တွေ၊ မုန့်ဟင်းခါးတွေတော့ လူငှားနဲ့ပဲ လုပ်ရတော့တာပေါ့။
ဟုတ်ကဲ့။ မုန့်တွေတော့ တော်တော်စုံစုံလင်လင် လုပ်ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ တောင်းဆိုမှု၊ အားပေးမှုတွေကြောင့်ပေါ့ဗျာ။
ဆိတ်စွပ်တို့ နံပြားတို့ပါ ရောင်းပေးပါတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ထမင်းဖြူရောပေါ့။
ဒီနေရာလေးက ချောင်ကျပေမယ့် သစ်ရိပ်လေးကောင်းတော့ နေ့လည်ပိုင်းရော၊ ညနေပိုင်းပါ ဆက်ထိုင်ချင်တဲ့သူတွေရှိတာနဲ့ ညနေစောင်းထိ ဆက်ဖွင့်ဖြစ်တယ်လေ။
ကျွန်တော် တော်လို့မဟုတ်ပါဘူး။ ဝိုင်းဝန်းဖေးမ အားပေးကြတဲ့သူတွေကြောင့်ပါ။
ပေးရတဲ့ပိုက်ဆံနဲ့တန်အောင်လို့ စေတနာပါပါ ဂရုတစိုက် ချက်ပြုတ်ရောင်းချပေးပါတယ်။ ကိုယ့်ဆိုင်က မြို့အစွန်ချောင်ကျကျဆိုတော့ မြို့ထဲကဆိုင်တွေထက် ဈေးသက်သာပြီး စားကောင်းမှလည်း တကူးတကလာအားပေးတဲ့သူတွေကို ကျေးဇူးတုန့်ပြန်ရာရောက်မှာ မဟုတ်လား။
ဖောက်သည်အားလုံးက ကျွန်တော့်ကျေးဇူးရှင်တွေပါ။
ကျေးဇူးပါဗျာ။ ကျေးဇူးပါ။
xxxxxx
အခန်း-၃-
သာယာတဲ့ ညနေ
ဟော စာရေးကြီးပါလား။ ဂွတ်အီးဗနင်းပါဗျာ။
ထူးထူးဆန်းဆန်း ညနေပိုင်းကြီးရောက်လာပါလား။
သြော် ဟုတ်ကဲ့။ ဒီလို မိတ်ဆွေတွေ ကျွေးမွေးစရာရှိတိုင်း ကျွန်တော့်ဆိုင်လေးကို အားပေးဖို့ သတိတရခေါ်လာတာ ကျေးဇူးတင်ပါတယ်။
စဉ်ဆက်မပြတ်အားေးပးတဲ့ ဖောက်သည်တွေကြောင့်ပဲ ကျွန်တော့်ဆိုင်လေးရှင်သန်နေရတာပါ။ ခုဆို ညဖက်ပါထိုင်ချင်တဲ့သူ ရှိလာတော့လည်း ညဖက်ပါဖွင့်ပေးရတယ်လေ။
ဖောက်သည်တွေက နေ့ရောညပါအားပေးနေတော့ အဖျော်ဆရာတစ်ယောက်တော့ ခေါ်ထားရတာပေါ့ဗျာ။ ဒါပေမယ့်ကျွန်တော်က ဘဝမမေ့ပါဘူး။ ကိုယ်တိုင် ဝင်ဖျော်တုန်း၊ စားပွဲလည်း ဝင်ထိုးတုန်းပါ။
မိန်းမကတော့ သမီးလေးမွေးပြီးကတည်းက ကောင်တာတောင်မထိုင်နိုင်တော့ပါဘူး။ သမီးကျောင်းပို့ကျောင်း ကြိုကိစ္စရယ်၊ ဆိုင်အတွက် ဈေးဝယ်ရတာနဲ့တင် ဆိုင်ကယ်ပေါ်ကဆင်းရတယ်ကို မရှိပါဘူးလေ။
ဟာ ကားဝယ်စီးနိုင်တဲ့အခြေအနေ မရှိသေးပါဘူး စာရေးကြီးရယ်။ အဲလောက်လည်း အထင်မကြီးပါနဲ့။ ဒီမြေလေးကို ယောက်ဖဆီကဝယ်နိုင်အောင် ပိုက်ဆံစုနေရတာပါဗျာ။
ဟုတ်ကဲ့။ မိတ်ဆွေတွေကလည်း ပြောပါတယ်။ မြို့အစွန်ဆိုပေမယ့် ကျွန်တော့်ဆိုင်လေး အလုပ်တော်တော်ဖြစ်လာတော့ ဒီနားတစ်ဝိုက်ကမြေဈေးတောင် နည်းနည်းတက်လာသလိုပဲတဲ့။
ယောက်ဖက သူမလိုချင်လို့မှ ပစ်ထားတဲ့မြေပါ။ ဈေးတော့မတင်လောက်ပါဘူး။
ဟုတ်တော့ဟုတ်တယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ဂယက်နဲ့ သူဌေးတွေက သူတို့စီးပွားအခံတွေ သိပ်အလုပ်မဖြစ်တော့ ဘယ်သူအလုပ်ဖြစ်သလဲ လိုက်ကြည့်နေတာ။ အလုပ်ဖြစ်တဲ့ သူများစီးပွားတွေဖက် မျက်စေ့ကျနေတာဆိုတော့ ယောက်ဖမြေကွက်လည်း မျက်စောင်းထိုးချင်ထိုးနေမှာပဲ။
ကိစ္စမရှိပါဘူး။ အစ်မတစ်ယောက်လုံးလည်း ရှိနေတာပဲ။ သူစိမ်းမှမဟုတ်တာ။ ဈေးပိုပေးတဲ့သူ ကိုတော့ ယောက်ဖကျော်ပြီး မရောင်းလောက်ပါဘူး။
ကျွန်တော်ကလည်း ယောက်ဖကျေးဇူးတွေရှိထားတော့ သူအြေ<ွကးနဲ့သိမ်းထားတဲ့ အရင်းဈေးထက် ပိုပိုသာသာပေးပြီး ဝယ်ရမှာပေါ့။
ကျေးဇူးတွေရှိပါတယ်ဗျာ။ ဒီလိုဆိုင်လေးနဲ့ လူတစ်လုံးသူတစ်လုံးဖြစ်လာရတာ။ ယောက်ဖရော..၊ စားသုံးသူတွေရော...။
ကျေးဇူးပါ။ ကျေးဇူးပါ။
xxxxxx
အခန်း-၄-
အလင်းပျောက် ည

ဟယ် စာရေးကြီး။ မျက်စေ့လည်လာတာလား။ မတွေ့တာတောင် ကြာလှပြီနော်။ နေတော့ကောင်းတယ်မဟုတ်လား။
ညဖက်ဆို ကျွန်တော့်ဆိုင်က နည်းနည်းမှောင်တယ်ဗျာ။
မလာတာ ဘယ်လောက်ကြာကြာ ခုလိုရောက်လာရင်ပဲ ကျွန်တော်က ဝမ်းသာလှပါပြီ။ ဖောက်သည်ဟောင်းတွေဆိုတော့ ဘယ်မေ့မှာလဲဗျာ။ ကိုယ့်ကျေးဇူးရှင်တွေပဲ။
ကျွန်တော့်ဆိုင်လေး ' ဂွတ်မောနင်း ' ဆိုပြီးအမည်တွင်ခဲ့တာ၊ မနက်ပိုင်းလေးတင်ရောင်းရာကနေ နေ့လည်၊ ညနေနဲ့ ညအထိ တဖြည်းဖြည်းတိုးချဲ့လာနိုင်အောင် အားပေးခဲ့ကြတာ၊ စာရေးကြီးတို့လို ဖောက်သည်ကောင်းတွေကြောင့်ပါ။
စိတ်မကောင်းတော့ မဖြစ်ပါနဲ့ စာရေးကြီးရယ်။
ချစ်ကောင်းသီချင်းလေးထဲကလိုပေါ့။ ' အားကြီးတဲ့သူတွေသာ အသက်ရှင်...၊ အားနည်းတဲ့သူ မရှင်နိုင်ဘူး..' ဆိုသလိုဘဲလေ။
လောကမှာ ငွေအင်အားကြီးတဲ့သူတွေသာ အလုပ်ဖြစ်တဲ့စီးပွားရေးမှန်သမျှကို အုပ်စိုးပိုင်ဆိုင်ကုန်ကြတာပါပဲ။ သူတို့က ဝင်ငွေအလျော့မခံနိုင်တော့ လက်ရှိစီးပွားရေးသိတ်မကောင်းတာနဲ့ သူများဖြစ်နေ တဲ့အလုပ်ကလေးကို ငွေနဲ့ဖိပြီးလက်ဝါးကြီးအုပ်ပစ်လိုက်တာပေါ့။
ကျွန်တော်က ဘဝမမေ့ပါဘူး။ အစကတည်းက ကိုယ်တိုင်ဖျော်၊ ကိုယ်တိုင်စားပွဲထိုးခဲ့ရတဲ့ ဆိုင်လေးဆိုတော့ ခုလို ဒုံရင်းပြန်ဖြစ်သွားတော့လည်း ရောက်လာသလောက် စားသုံးသူလေးကိုပဲ ကိုယ်တိုင်ဖျော်ရောင်းနေတာပေါ့ဗျာ။ စားလောက်သောက်လောက်တော့ရှိပါတယ်။
ရပါတယ်ဗျာ။ စာရေးကြီးတို့မလာဖြစ်တာလည်း ကျွန်တော်နားလည်ပါတယ်။ ခေတ်ကလည်း ပကာသနခေတ်ဖြစ်နေတာကိုး။
လက်ဖက်ရည်ဆိုင်ဆိုလည်း မနက်ပိုင်းထက် ညပိုင်းကို ဘော်လုံးပွဲပြနိုင်တဲ့ဆိုင်မှ လူပိုဝင်တာကိုး။
အို...စာရေးကြီးကို အပြစ်မပြောပါဘူး။ ဟုတ်တာပေါ့။ စာရေးကြီးလစာနဲ့ တစ်နေ့ လက်ဖက်ရည်ဆိုင် ဘယ်နှစ်ခါထိုင်နိုင်ပါ့မလဲ။
တစ်ခါပဲထိုင်နိုင်ရင် ဘော်လုံးပွဲလေးပါ ကြည့်လို့ရမယ့်ဆိုင်ရွေးမှာပေါ့။ သဘာဝကျပါတယ်ဗျာ။
ကျွန်တော်က မြဝတီလေး မြန်မာ့အသံလေးသာပြနိုင်တဲ့ ရိုးရိုးတီဗွီလေးပဲ ရှိတာကိုး။
ခေတ်ရေစီးကြောင်းက ဖိုက်မူဗွီကနေ မြစ်ကြောင်းပြောင်းလာတာ ခုဆို တာတာတို့ စကိုင်းနက်တို့တောင် ရောက်ကုန်ကြပြီ။ကျွန်တော့်လိုဆိုင်လေးက ဘယ်အမှီလိုက်နိုင်ပါ့မလဲဗျာ။
ဟုတ်တယ်။ ဒီဖက်ပြောင်းလာပြီးကတည်းက အရောင်းအဝယ်မကောင်းတော့တာ။ အစတုန်းကတော့ ဖောက်သည်ဟောင်းတွေထဲက အမာခံတချို့လိုက်လာကြသေးတယ်။ နောက်ပိုင်းတော့ ဟိုဖက်ဆိုင်က လူထုကြားထဲ တစိမ့်စိမ့်နစ်နေပြီဖြစ်တဲ့ လောင်းကစားဝါသနာအိုးတွေ အကြိုက် ဘော်လုံးပွဲပြ ဖို့ ဂြိုလ်တုစလောင်းတွေလည်းတပ်ပေးရော၊ တဖြေးဖြေး ဟိုဖက်ရောက်သွားတာပါပဲ။
စာရေးကြီးတို့လို အမာခံဖောက်သည်တစ်ချို့ဘဲ ဖျောက်ဆိပ်သဘောမျိုး ဟိုဖက်သွားလိုက် ဒီဖက်လာလိုက်နဲ့ အားပေးကြတာ။
တချို့ကလည်း ကျွန်တော့်ဆိုင်နေရာမှာ ခမ်းခမ်းနားနားဆိုင်ကြီး ဆောက်နေ၊ ပြင်ဆင်နေတာကို ကျွန်တော့်ဆိုင် တိုးချဲ့နေပြီထင်ပြီး
မုဒိတာတွေ ပွားနေကြတာတဲ့။ ဟိုဖက်လမ်းမှာ ကျွန်တော် ဆိုင်ပြောင်းဖွင့်ထားမှန်း တော်တော်နဲ့မသိကြဘူး။
သိလာတော့လည်း ခမ်းခမ်းနားနားဆိုင်ကြီးမှာ စမတ်ကျကျထိုင်ချင်မှာပေါ့။
လက်ဖက်ရည်ရော အစားအသောက်ရော အရသာကတော့ ကျွန်တော့်ဆိုင်ကို မမီဘူးလို့ပြောတာပါပဲ။ ဒါပေမယ့် လူဆိုတာကလည်း ခက်သားလားဗျာ။
ပလတ်စတစ်ခုံ အဟောင်းလေးတွေထက်စာရင် ကျယ်ကျယ်လွင့်လွင့် လေးခန်းတွဲတိုက်ကြီးထဲက ဆိုဖာခုံတွေပေါ်မှာ ဘော်လုံးပွဲကို လက်မငါးဆယ်ကျော် တီဗွီကြီးနဲ့ကြည့်ရမှာလေ။ လျှာပေါ်က အရသာထက် မျက်စေ့ပသာဒက ပိုစွဲဆောင်နေတာကိုး။
စလောင်းတပ်ဖို့ဆိုတာကလည်းဗျာ။ ကျွန်တော်က စေတနာကိုသာ ရေဒါဖွင့်ပြီးဖြန့်ကျက်ထားနိုင်တာ။ အသပြာကတော့ မရှိပါဘူး။
မြေဝယ်ဖို့ စုထားတဲ့ငွေလား။ ဒီဆိုင်ခန်းလေး စပေါ်တင်လိုက်ရတာ ကုန်ပြီကောဗျာ။
ပင်လယ်ရေဆိုတာကလည်း ခပ်မကုန်အောင် ကျယ်ပြောတယ်ဆိုပေမယ့် နေရှိန်ပြင်းရင် အငွေ့ပြန်တတ်တဲ့သဘောကတော့ နိယာမပဲကိုးဗျ။ အခိုးအငွေ့ဆိုတာကလည်း အမြင့်သာတက်ချင်တာလေ။
ကိုယ်ခပ်လိုက်တဲ့ ခွက်ထဲကရေက အငွေ့ပြန်သွားလို့ ခပ်သလောက်ရေမပါတော့လည်း ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေက အငွေ့ပြန်တတ်တဲ့ပင်လယ်ကြီးကို ငေးကြည့်နေရုံပဲပေါ့ဗျာ။
ဟုတ်ကဲ့ ပြန်တော့မယ်လား။ ခုလို သတိတရ ရောက်လာဖော်ရတဲ့ စာရေးကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှိပါတယ်ဗျာ။ ကျေးဇူးရှိပါတယ်။
ဂွတ်နိုက်နော် စာရေးကြီး ဂွတ်နိုက်။
သြော် ဒါလား။ ခင်ဗျား မအံ့သြနဲ့ စာရေးကြီးရေ။ ယောက်ဖက ဈေးပိုပေးနိုင်တဲ့သူကို ရောင်းလိုက်တာ မဟုတ်ဘူးဗျို့။
သူကိုယ်တိုင် ကျွန်တော့်ကိုဖယ်ခိုင်းပြီး ဆိုင်ထဖွင့်လိုက်တာ။
အစ်မရင်းခေါက်ခေါက်ကလည်း ယောကျာ်းကိုတားဖို့နေနေသာသာ ယောက်မကို ဆိုင်ကယ်တကြွကြွနဲ့မို့ ကြည့်မရလို့တဲ့လေ။
မောင်ကိုတော့ ခေါ်ရှာပါတယ်။ သူ့ဆိုင်မှာ အချိန်မရွေး မန်နေဂျာလာလုပ်လှည့်ပါတဲ့။
xxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်) September, 2011...Beauty Magazine

မောဟရဟတ် တစ်ပတ်အလွန်




' အဲဒါ....သားကောင်မလေးပဲ မွန်လေး '
ပြောလိုက်တဲ့ 'သူ' ကတော့ ပေါ့ပေါ့ပါးပါး လေသံဖြစ်အောင် ကြိုးစားထားပုံ ရပေမယ့် ကြားရတဲ့ မွန့်နားထဲမှာ
စေးပျစ်တဲ့ ချော်ရည်စီးကြောင်းတစ်ခု ဖြတ်စီးသွားတယ် ထင်မိတယ်။
ပါးပြင်တစ်ဝက်ကျော်အောင် ကာဆီးထားတဲ့ ဦးထုပ်ဝိုင်းကြီးနဲ့ နေကာမျက်မှန်တပ်ထားတဲ့ မွန့်ကို ကောင်မလေးက မြင်သွားရင်တောင် ရုတ်တရက် ဘယ်သူမှန်း မသိနိုင်တာက သေချာပါတယ်။ ဒါပေမယ့်....ဘာမှန်းမသိတဲ့ ကြောင့်ကျမှုတစ်ခုကြောင့် မောင့်ကိုယ်လုံး အရိပ်နောက်မှာ အသာ ပုန်းကွယ်လိုက်မိတယ်။
ကြည့်စမ်းပါဦး။ သင်္ကြန်မဏ္ဍပ်ထဲက ပိုက်ကိုယ်စီကိုင်ထားတဲ့ ရောင်စုံကောင်မလေးတွေကြားမှာ ထင်းထင်းကြီး ပေါ်လွင်နေတဲ့ ပါးကွက်ကြားကြီးနဲ့ ကလေးမကို....။ တီးလုံးသံနဲ့အတူ စည်းချက်ညီ ရှေ့နောက်ယိမ်းထိုးပြီး ကနေလိုက်တာ....။ မြင်ရတဲ့ မွန့်ရင်ထဲမှာ မဏ္ဍပ်က ဖွင့်ထားတဲ့ အနောက်တိုင်းတီးလုံးလိုပဲ....။ ရင်တွေပြည့်ပြီး မချိမဆန့် ခံစားနေရတယ်။
တမင်ပေါ်လွင်အောင် လုပ်ထားပုံရတဲ့ ပါးကွက်ကြီးနဲ့ဆန့်ကျင်ဖက် စပို့ရှပ်ပွပွ..။ ဒူးခေါင်းပေါ်မတတ် တိုအောင်ဝတ်ထားတဲ့ ထမီနဲ့ ဒေါက်ချွန်ချွန် ကြိုးသိုင်းဖိနပ်....။
သနပ်ခါးနဲ့ အဝတ်အစားဟာ မျက်လုံးထဲမှာ ဘယ်လိုမှ တသားထဲမကျနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် အားလုံးထဲမှာ ထင်းနေတယ်။ ဒါ....သားရဲ့ ကောင်မလေးတဲ့။ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က.... ' ကလေးမ အင်္ကျီကလည်း ပါးလိုက်တာကွယ်...'..လို့ ပြောခဲ့ဖူးတဲ့ မောင့်မေမေ့ အသံကို ဖြတ်ကနဲ သတိရလိုက်မိတယ်။
မပြောမိစေရဘူး။ ဘဝင်မကျတဲ့ လေသံမပြောနဲ့ မနှစ်မြို့တဲ့ စိတ်ကို မဝင်စေရဘူး။ ဘာဖြစ်လဲ။ ခေတ်ဆန်တာဟာ စာရိတ္တကို မပေါ့ပျက်စေဘူးဆိုရင် ပြီးတာပဲ မဟုတ်လား။
ဒါပေမယ့် မွန်က သားကို နို့နံ့တောင် မစင်သေးဘူး ထင်နေတာ။ မနက်ကတင် အမေ့ရင်ခွင်ထဲ ခေါင်းတိုးပြီး ပါးကို တရွှတ်ရွှတ် မွှေးသွားသေးတယ်။ သူက ချစ်သူတောင် ရှာနေပြီတဲ့လား။ ထွေလီဆန်းပြားစိတ်တွေ ဝင်နေပြီလား။ မိဘရင်ခွင်ကို စွန့်ခွာပြီး မိန်းမယူဖို့တောင်စဉ်းစားနေပြီပေါ့။
ဒါဆို မွန်က မကြာခင် မြေးတွေဘာတွေ ချီရတော့မှာပေါ့လေ။ ဘုရားရေ....မွန် အဘွားဖြစ်ရတော့မှာလား။
ယောင်ယမ်းပြီး ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိတော့ ဇာအင်္ကျီလက်ပြတ် ဝတ်ထားတဲ့ ကိုယ်လုံးလေးက ရေစိုစိုကြားမှာ
လန်းဆတ်နေတုန်းပဲ။
အသက်နှစ်ဆယ်မှာ မွေးခဲ့တဲ့သားက ခုချိန် အမေနဲ့ အတူတွဲ လမ်းလျှောက်သွားရင် မောင်နှမလားလို့တောင် ထင်ကြရတာ။ သားကပဲ ဆယ့်ခုနစ်နှစ်အရွယ်နဲ့ မလိုက်အောင် ထွားကျိုင်းလွန်းတာလား။ မွန်ကပဲ နုပျို အရွယ်တင်တာလား။
ဘာပဲဖြစ်ဖြစ်....အသက်သုံးဆယ့်ရှစ်နှစ် အရွယ်ဟာ အဘွားဖြစ်ဖို့အတွက် အဆင်သင့် မဖြစ်သေးတာကတော့ မွန့် အလွန်မဟုတ်နိုင်ပါဘူးနော်။ ဒါဆို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကာလတစ်ခုက...' ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွား မဖြစ်ချင်သေးဘူးနော်...'
....လို့ စသလို နောက်သလိုနဲ့ အတည်ပြောခဲ့တဲ့ မောင့်မေမေရဲ့စကားတစ်ခွန်းဟာ တွေးမိတိုင်း နာကျည်းစရာ၊ အခွင့်ကြုံတိုင်း စကားနာထိုးစရာ၊ ကာလတစ်ခု ရှည်ကြာလာတဲ့အထိ တေးမှတ်စရာ မဖြစ်သင့်ဘူးပေါ့။
မောင်နဲ့ စချစ်ခဲ့စဉ်က မွန်တို့နှစ်ယောက် အသက်က ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။
မောင့်မေမေရဲ့ အပြောကို တဆင့်ပြန်ကြားရတော့ မွန် နှာခေါင်းရှုံ့မိခဲ့တယ်။ အဲဒီအချိန် မောင့်မေမေအသက် ဘယ်လောက်ရှိနိုင်မလဲ။
ပြန်စဉ်းစားကြည့်လိုက်တော့ အသက်လေးဆယ်ကျော်ဆိုတာ သိတ်မှ မကြီးသေးတာပဲ။ သူလည်း အဘွားလို့ အခေါ်ခံဖို့ ဘယ်အဆင်သင့် ဖြစ်ပါ့ဦးမလဲ။
ဒါပေမယ့် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်....။ ရည်းစား ပူပူနွေးနွေးရကာစမှာ ဒီလို စကားကြားရတော့ နားထဲ ငရုတ်ရည် လောင်းခံရသလိုပဲ။ ရှက်စိတ်နဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရတယ်။ ဘယ်သူကရော ခုချက်ချင်း ယူမှာမို့လဲ။
မောင့်ကိုချစ်စိတ်ကသာ ပြင်းထန်ခိုင်မြဲမနေခဲ့ရင် မောင့်မေမေရဲ့ စူးရဲတောက်ပတဲ့ မျက်လုံးအကြည့်တွေကို ရင်မဆိုင်ချင်တာနဲ့ပဲ မွန် နောက်ဆုတ်မိမှာ။ ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့ စူးရဲတဲ့ အကြည့်အောက်မှာ ချွေးမ အရွေးမခံချင်မိတဲ့ မွန့်စိတ်ဓါတ်ကရော....
တလွဲမာနများ ဖြစ်နေမလား မသိ။

xxxxxxxxxxxxx
မွန်က ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွားဖြစ်ရမှာ ကြောက်စိတ်ကို ဖွင့်မပြောမိအောင် မြိုသိပ်နိုင်ခဲ့ပေမယ့် သားကတော့ အသက် နှစ်ဆယ်ကျော်ကျော်နဲ့ မိန်းမ ခိုးပြေးလာပါတယ်။ ဒီတော့လည်း.....ရင်ထဲက နှမြောဝမ်းနည်းစိတ်ကို ကြိုးစားဖြေသိမ့် ရတော့တယ်လေ။
မိခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို မိခင်တစ်ယောက် ကိုယ်တိုင်ဖြစ်လာမှ အလုံးစုံနားလည်စာနာ တတ်မယ်ဆိုတာ တကယ်ပါ။
သားကိုမမွေးခင် ကိုယ်ဝန်ကြီးနဲ့ကတည်းက မေမေ့ကိုစာနာတတ်နေပြီ။ သားကိုမွေးပြီးပြီးချင်း မေမေ့ကို စိတ်ထဲက လက်အုပ်ချီမိုး ကန်တော့မိပြီ။ သားကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ရင်း မေမေ့ရဲ့ ပူပင်သောက ချစ်ဇောအဟုန်ကို ကိုယ်တွေ့ခံစား ကျေးဇူးတင်တတ်ခဲ့ပြီ။
ဒါပေမယ့်...သား ချစ်သူထားနေပြီ ဆိုမှ မောင့်မေမေကို ဖြတ်ကနဲ သတိရသွားခဲ့တယ်။ မွန့်ဘဝထဲမှာမောင်နဲ့ အိမ်ထောင်ကျပြီး ကတည်းက အမေနှစ်ယောက် ဖြစ်သွားခဲ့တာ....။ သားမွေးပြီး တလျှောက်လုံးလည်း ကိုယ့်အမေကိုပဲ အမှတ်ထင်ထင်ရှိပြီး မောင့်မေမေရဲ့ ကဏ္ဍကို ခပ်မှိန်မှိန် မေ့လျော့နေမိခဲ့တယ်။ ခု...သား မိန်းမယူတော့မယ်ဆိုမှ မောင့်မေမေရဲ့ ကဏ္ဍက မွန့်ရင်ထဲမှာ ဆလိုက်ထိုးပြလိုက်သလို ထင်း လင်းလာတယ်။
သားကိုနှမြောစိတ်က မိခင်တိုင်း အတူတူပဲနေမှာ....။ အဲဒီ နှမြောစိတ်ရဲ့ ရိုက်ခတ်မှု ကို မြိုသိပ်ထိန်းချုပ် နိုင်စွမ်းတော့ အထူအပါးကွာကြလိမ့်မယ်။
မောင်နဲ့မွန် ခိုးပြေးကြတော့ ချစ်သူသက်တမ်း ငါးနှစ်နဲ့ အသက်နှစ်ဆယ် ရှိကြပါပြီ။ အဲဒီတုန်းက ကိုယ့်ကိုယ်ကို
ငယ်တယ် မထင်ခဲ့ပေမယ့် ခုအချိန် ပြန်တွေးကြည့်တော့မှ ငယ်သေးသလိုပါပဲလား။
လူကြီးတွေ စိတ်ဆိုးပြေလောက်တဲ့ အချိန်.....အရင်ဆုံး မောင့်မေမေဆီ မွန်တို့နှစ်ယောက် ရောက်သွားတော့ အံ့သြဖို့ကောင်းလောက်အောင် မောင့်မေမေ ပြောတဲ့စကားက မွန် ခုထိ မမေ့နိုင်ခဲ့ဘူး။
နှစ်ယောက်စလုံး ကိုယ့်မိဘဆီမှာကိုယ် ဟန်မပျက် ပြန်နေကြပြီး ကျောင်းပြီးဖို့ နှစ်နှစ်လိုတာကို ဆက်တက်ဖို့ရယ်၊ ကျောင်းပြီးသွားမှ မောင့်မိဘတွေ လုပ်ငန်းတစ်ခု ငွေပေါ်မှာနဲ့ အံကိုက်ပဲမို့ မွန့်ကို သူကိုယ်တိုင်တောင်းရမ်းပြီး သေချာ မင်္ဂလာဆောင်ပေးချင်တာရယ်။
ချိုချိုသာသာ နားထောင်ကောင်းအောင် ပြောတာပါပဲ။ ဒါပေမယ့် မွန့်နားထဲမှာ ခါးလှတယ်။ ရင်ထဲမှာလည်း နာလှတယ်။
ပတ်ဝန်းကျင်အားလုံး သိပြီးသားကို မွန်က ဘယ်လိုမျက်နှာနဲ့ အိမ်ပြန်နေရမှာလဲ။ မောင်နဲ့လည်း ဘယ်လို ခွဲနိုင်တော့မလဲ။
သူမို့ မစာမနာ ပြောရက်တယ်လို့လည်း နာကျည်းမိတယ်။
ဒါကြောင့် ကိုယ့်အလှည့်ကျရင် ဒီလို အပြုအမူမျိုး ပြောဆို ဆောင်ရွက်မိခြင်း ကင်းအောင် သတိကြီးကြီးထားခဲ့တယ်။
သားရဲ့ မိန်းကလေးကို ဘယ်လို စကားတစ်ခွန်းနဲ့မှ မခံစားစေချင်ဘူး။ မွန့်ရင်ထဲက မနှစ်မြို့တာ နှစ်မြို့တာထက် သားရဲ့ဆန္ဒကိုပဲ ဦးစားပေးခဲ့တယ်။ သားရဲ့ရင်ထဲက မြတ်နိုးမှု သေချာရင်ပြီးရော.....။
' သားတို့နှစ်ယောက်ကို မေမေကိုယ်တိုင် မင်္ဂလာဆောင်ပေးပါ့မယ်....'
ကိုယ့်တုန်းကလို မင်္ဂလာမဆောင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက် အဖြစ် တစ်သက်လုံး သိမ်ငယ်မနေစေချင်ဘူး။ ကိုယ်ပိုင်စီးပွားရေး အောင်မြင်လာတဲ့အခါ ငွေဘယ်လောက်ရှိလာပါစေ။ မင်္ဂလာဆိုတာ ပြန်ဆောင်ချင်လို့မှ မရတာ။ မိဘတွေက ကြည်ကြည်ဖြူဖြူ မဆောင်ပေးရင် ကလေးတွေမှာ မျက်နှာငယ်ရတယ်။ နာကျည်း သိမ်ငယ်ရတယ်။ အထူးသဖြင့် မိန်းမသားဖက်က ပိုခံစားရတယ်။
မွန့်တုန်းကလည်း ပညာမစုံခင် ကြင်ယာစုံချင်မိလို့ နှစ်ဖက်မိဘတွေ မကြည်ဖြူကြတဲ့ကြားထဲ မောင့်မေမေရဲ့
စီမံမှုကိုလည်း မလိုက်နာနိုင်ခဲ့တော့ မင်္ဂလာ မဆောင်ပေးခဲ့ဘူး။ ငွေကြေးချို့တဲ့ တဲ့ အသိုင်းအဝိုင်းလည်း မဟုတ်ပါပဲနဲ့ တမင်ကပ်ဖဲ့သလို ဖြစ်လာတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက်လည်း အမြင်တွေ မကြည်လင်ကြတော့ဘူး။ ဟိုဖက်ကပြောရင် တစ်မျိုး၊ ဒီဖက်ကပြောရင် တစ်မျိုး။ ဟိုဖက်က ပြောရင်လည်းခေါင်းညိတ်၊ ဒီဖက်က ပြောရင်လည်း ခေါင်းမခါရဲနဲ့.... ရူးမတတ် ဗျာများခဲ့ရတဲ့ အချိန်တွေဟာ သိပ်ပူလောင်ခဲ့ပါတယ်။
ငါ့အလှည့်ကျရင် ဒီလို မဖြစ်စေရအောင် ရှောင်ကြဉ်မယ်လို့ သံဓိဋ္ဌာန်ချထားခဲ့တဲ့အတိုင်း အထစ်အငေါ့မရှိ မွန် သဘောထား ကြီးပေးခဲ့တယ်။ မိဘတွေနဲ့ အတူနေရတဲ့ မလွတ်လပ်တဲ့ ထောင်ကျခံရသလို အိမ်ထောင်မျိုး မဖြစ်စေခဲ့ဘူး။ သားကို ချစ်လွန်းလို့ မျက်စေ့အောက်မှာပဲ ထားချင်ပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ အိမ် သပ်သပ်ခွဲ နေစေခဲ့တယ်။
အိမ်ထောင်ရှင်ဘဝရဲ့ လွတ်လပ်သာယာမှုကို ထိပါးတဲ့သူဟာ အမေမွန် မဖြစ်စေရဘူး။ မွန့်ချွေးမဖြစ်ရတာ ကံကောင်းစေရမယ်။ မွန်မရခဲ့ဖူးတဲ့ သာယာချမ်းမြေ့ခြင်းတွေ ရစေရမယ်။ မွန် မပိုင်ဆိုင်ခဲ့ရတဲ့ စိတ်သဘော ပြည့်ဝတဲ့ ကြင်နာခြင်းတွေ ရစေရမယ်။ အို....နောက်ဆုံးကွယ်....အမေရင်းတစ်ယောက် ထပ်ရသလိုကို ဖြစ်စေရမယ်။

xxxxxxxxxxx
အဘွားဖြစ်ရမှာ တိတ်တခိုး လန့်နေခဲ့တဲ့ အဘွားတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များ ရှိမလဲ မသိဘူးနော်။ မြေးဦးလေးမျက်နှာ တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးရတဲ့ အခါမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွားဖြစ်ရမှာ တွေးကြောက်ခဲ့မိတာကို သတိရပြီး ပြုံးမိတယ်။
မြေးကို ချစ်မြတ်နိုးစိတ်အောက်မှာ ဇရာကို အာခံချင်တဲ့ ဝိုးတဝါးစိတ်တွေ ပျော်ဝင်စီးမျောသွားပြီ။
' သားအချစ် မြေးအနှစ် ' ဆိုတဲ့ အနှစ်သာရထဲမှာ အဘွားတိုင်းရဲ့ အတ္တမာနတွေ ဒီလိုပဲ အရည်ပျော် စိမ့်ဝင်သွားခဲ့တာ ဖြစ်ရမယ်။
လေးဆယ်ကျော်ရုံလေးမှာ အဘွားမွန် ဖြစ်ခဲ့ရပေမယ့် မြေးလေးရဲ့ မပီကလာအသံနဲ့ ' ဘွားရေးညွန် ' လို့ခေါ်သံက နားဝင်မှာ စိမ့်အီနေတာကလား။ ဒီလိုချစ်ဖို့ကောင်းတဲ့ မြေးလေးရမယ်ဆိုတာ ကြိုခံစားတတ်ခဲ့ရင် ဘယ်သူကများ ' ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွား မဖြစ်ချင်ဘူး '.....လို့ ပြောပါတော့မလဲ။
မွန် သားကို မွေးပြီးတော့လည်း မောင့်မေမေဟာ သူ့မြေးကို အင်မတန် ချစ်ရှာတယ်။ အတ္တကြီးတယ်လို့ ခပ်ရေးရေး ထင်ချင်ခဲ့တဲ့ မွန့်ရဲ့ မောင့်မေမေအပေါ် အမြင်ဟာလည်း မြေးအပေါ် နှစ်ပြီးချစ်တာ၊ အနွံတာခံတာ မြင်ရတော့ အရောင်လွင့်ချင်သလို ဖြစ်သွားရတယ်။
ဒါပေမယ့် ' ဘယ်အဘွားကို ပိုချစ်သလဲ ' လို့ ဘယ်သူ့ရှေ့မှ မရှောင်ပဲ မေးတတ်တာ....။ သူ့ကို ပိုချစ်တယ် ပြောမှ
သဘောကျတတ်တာ....။ မွန် အလုပ်များလို့ မေမေ့အိမ် သားကို သွားထိန်းခိုင်းထားရင် ဟိုဖက်အဘွားအိမ်ချည်းပဲ လွှတ်ထားရ
ကောင်းလားလို့ မွန့်ကို ရန်လုပ်တာ....။ သူ့ကိုမှ သားက အစစအရာရာ ဦးစားပေးပြီး ချစ်စေချင်တာ.....။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ တခြားသူတွေနဲ့အပြိုင် သားရဲ့စိတ်ကို စိုးမိုးပိုင်ဆိုင်ချင်တာ....။
ဘွားမွန်ကတော့ ဒီလို မဖြစ်စေရဘူး။
' တားက ဘွားရေးညွန်ထက် ဘွားဂျီးတိန်းကို ပိုချစ်တယ်ဂျ....'
ဒီလိုများ မြေးလေးကပြောရင် ဘွားမွန်က ဟက်ဟက်ပက်ပက် ရယ်မိတာပဲ။ ကလေးဆိုတော့ စည်းကမ်းနည်းနည်း တင်းတဲ့ ဘွားမွန်ထက် ဟိုဖက်က ဘွားသိန်းကို ပိုချစ်မှာပေါ့။ ဘယ်ဖက် အဘွားကိုပဲချစ်ချစ် မြေးရဲ့ ချစ်တွယ်စိတ်ဟာ မြေးရဲ့စိတ် အရိုးခံအတိုင်း နှောင်ဖွဲ့မှုကင်းကင်း လွတ်လပ်စေရမယ်။ ဖြားယောင်းမှုကင်းကင်း ရှင်းသန့်စေရမယ်။ ဟိုဖက်အဘွား ဒီဖက်အဘွား အပြိုင်နယ်လုမှုကြားမှာ မြေးလေး စိတ်မကျဉ်းကျပ်စေရဘူး။
ဘွားမွန်ထက် ကြင်နာနိုင်မယ်၊ ဖြည့်ဆည်းနိုင်မယ်၊ အနွံတာခံနိုင်မယ်ဆိုရင် မြေးက ဘယ်သူ့ကိုပိုချစ်ချစ် ဘွားမွန်ကကျေနပ်တယ်။

xxxxxxxxxxx
' အဖေကြီးရေ....ကလေးတွေဆီက စာလည်းမလာတာ ကြာလှပေါ့။ နေမှကောင်းကြရဲ့လား မသိဘူး။
ရှေ့အပတ် ကျုပ်တို့ အလည်သွားရအောင်နော်....'
လောကီလူ့ဘဝ ယန္တရားကြီးမှာ လည်ရင်းပတ်ရင်း အလုပ်တာဝန် ဝတ္တရားတွေနဲ့ သားတို့မိသားစုက တနယ်တကျေး ရောက်သွားတော့လည်း ဒေါ်သစ်သစ်မွန်က အဝေးကနေ မေတ္တာပို့ပြီး မျှော်လွမ်းရသူပေါ့။
တစ်ခါတစ်လေ နှစ်ပေါက်တဲ့အထိ သားတွေသမီးတွေ မြေးတွေကို မတွေ့မမြင်ရတဲ့အခါ အဘိုးအဘွား နှစ်ယောက်စလုံး နေမထိ ထိုင်မသာနဲ့....။ ကိုယ့်ဆီ သူတို့ လာမလည်နိုင်တဲ့အခါ ကိုယ်က သူတို့ဆီ လိုက်တွေ့ရတော့တယ်။
ဘာပဲဖြစ်ဖြစ် အလွမ်းပြေ မြင်ချင်တွေ့ချင်တာသာ အဓိက မဟုတ်လား။ သူကလာလာ ကိုယ်ကသွားသွားပေါ့။
သား၊ သမီးနဲ့ မြေးတွေက အတူလာနေဖို့ ခေါ်ကြပေမယ့် ကိုယ့်မိသားစုနဲ့ကိုယ် ဟန်ချက်ညီ လှုပ်ရှားရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာ အဘိုးကြီးအဘွားကြီးနှစ်ယောက် ဘယ်နေရာ ဝင်ကူညီရမယ်မှန်း မသိ....၊ ဘယ်ချောင်ကပ် နေရမယ်မှန်း မသိနဲ့လည်း ဝင်မရှုပ်ချင်တော့ပါဘူး။ သားနဲ့သမီး အိမ်ထောင် ကိုယ်စီကျကာစ ကတည်းက နေလာခဲ့ရင်လည်း အဟုတ်သားလေ။
အတူတူနေမယ်လို့ စိတ်ကူးထားတဲ့ သမီးလေးက တပြည်ရပ်ခြားက လူနဲ့မှ ဖူးစာဖက် ဖြစ်လာခဲ့တဲ့အခါ...၊ သမီးနောက်လည်း တပြည်တနိုင်ငံကို မလိုက်ချင်။ နေသားကျပြီးသား သားဆီလည်း အနေအထားပြောင်းပြီး စိတ်ကျဉ်းကျပ်ကြမှာ စိုးလို့ မသွားချင်နဲ့....။
တော်သေးတာက အဘိုးကြီး အဘွားကြီး နှစ်ယောက်လုံး ဆိုးဆိုးရွားရွား ရောဂါရယ်လို့ မရှိ၊ ကျန်းမာကြတာပဲ။
ရှယ်ယာဝင်ထားတဲ့ ကုပ္မဏီလေးကလည်း ပုံမှန်ဝင်ငွေလေး ကောင်းနေတယ်လေ။ ဘယ် သားသမီးဆီကမှ လက်ဖြန့်စရာမလိုပဲ ကိုယ်ကတောင် မြေးတွေကို မုန့်ဖိုး ဖောဖောသီသီ ပေးနိုင်တဲ့ကံက နည်းတဲ့ အိုဇာတာ ကောင်းမှုလား။
ဒါပေမယ့်.....နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ မရှိတော့ရင်လို့ တွေးမိတိုင်း အားငယ်လှပ်ဟာသွားတဲ့ စိတ်ဟာ ဘာနဲ့မှ မတူအောင် ပြင်းထန်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေကို သားသမီးတွေက သိုင်းသိုင်းဝန်းဝန်းနဲ့ နွေးထွေးဖေးမဖို့ အသင့်ဆုံးအချိန်ပဲ ဆိုတာသိရှိခံစားလာရတော့ ဖြတ်ကနဲ လန့်သွားမိတယ်။ အမေနဲ့အဖေ့ကိုရော၊ ယောက္ခမကြီးတွေကိုရော သတိရသွားပြီလေ။
အဖေနဲ့အမေကတော့ မောင်လေးမိသားစုနဲ့ တစ်သက်လုံး နေသွားတာမို့ ပူစရာမလိုပေမယ့် ယောက္ခမကြီးနှစ်ယောက် ဘယ်လို နေထိုင်ခဲ့ပါလိမ့်လို့ ခုမှ တွေးမိတယ်။ မောင်အပါအဝင် သားသမီး သုံးယောက်လုံးက တနယ်တကျေးစီ ရေကြည်ရာမြက်နုရာ နေထိုင်ကြတဲ့အခါ အဘိုးကြီးအဘွားကြီးနှစ်ယောက်ထဲ ရန်ကုန်မြို့လယ်က တိုက်ခန်းကျဉ်းထဲမှာ ဘယ်လောက် အထီးကျန်လိုက်ကြမလဲ။
သားသမီးတွေ အလုပ်ကိစ္စရှိလို့ ရန်ကုန်ရောက်လာတဲ့ အခါတိုင်း သုံးရက်ကိစ္စဆိုရင် ငါးရက်လောက်ကြာအောင်၊
ငါးရက်ကိစ္စဆိုရင် တစ်ပတ်လောက်ကြာအောင် အတင်းဆွဲထားတတ်ကြတာ.....။ ဟိုတုန်းကတော့ စိတ်ရှုပ်မိတယ်။
ငါ့အလှည့်ကျ ဒီလိုမလုပ်မိစေရဘူးလို့ တွေးထားတဲ့အတိုင်း ဒီအရွယ်ရောက်လာတော့ အထီးကျန်လှတဲ့ စိတ်ကို
အတင်းချိုးနှိမ်ပြီး.....' သားရယ်.....ပြန်တော့မယ်လား....'.....လို့ ပြောမိရင်တောင် ကိုယ် အရှိန်သတ်ပြီး မနည်း တံတွေးမြိုချရတယ်။
အော်.....ငါ ငယ်ငယ်က လူကြီးဘဝကို ကိုယ်ချင်းစာနိုင်ဖို့ ဒီ့ထက်မက ကြိုးစားသင့်တာပဲ။ ကိုယ်တိုင်အသက်ကြီးမှ လူကြီးတွေ ရင်ထဲက ခံစားချက်ကို တိတိကျကျ ခံစားတတ်တာပါလား..... လို့လည်း နောင်တရမိတယ်။
တကယ်က.... ဘဝရဲ့ ဆည်းဆာချိန်ဆိုတာ..... လွမ်းမောစရာကြီးပါလား....။

xxxxxxxxxxxxx
ဘဝရဲ့ နေဝင်ချိန်ဆိုတာ ကိုယ်တကယ် ရောက်လာတဲ့အခါ တရားထုံးတွေကို ဘယ်လိုပဲ နှလုံးမူထားပေမယ့်
ရောက်လာကြတဲ့ သားနဲ့သမီးရဲ့ လက်တွေကို ဆုပ်ကိုင်ထားရတာကိုက အားရှိလိုက်တာ....။ တရားစခန်းတွေမှာ အကျင့်ရပြီးသားပေမယ့် မသေခင် သားသမီးနဲ့ မြေးတွေကို မြင်ချင်မိသေးတာ...၊ အဘွားမွန်လည်း ပုထုဇဉ်ပဲကိုး။
အမေ့အသက်ကို မမီလိုက်တဲ့ အဘွားမွန်ခင်ပွန်းရဲ့ ပူဆွေးသောကကို ဘေးကနေ မြင်ခဲ့ဖူးပေမယ့် မသေခင် သားမျက်နှာ မမြင်လိုက်ရတဲ့ ယောက္ခမကြီးရဲ့ ရင်တွင်းခံစားချက်ကို ခုမှ အသနား ပိုနေမိတယ်။
ဘဝတစ်လျောက်လုံး ယောက္ခမကြီးနဲ့ နှိုင်းယှဉ်ပြီး သူ့လိုမလုပ်ဘူး၊ သူ့လို မဖြစ်စေရဘူး..လို့ အရာရာကို ပြုမူကျင့်ကြံခဲ့တာ..။
နေ့တစ်နေ့နဲ့ ဥပမာတင်ရရင်..... ကလေးဘဝ လို့ဆိုရမယ့် အာရုဏ်ဦးအချိန်လေးပဲ အပူကင်းပြီး ကြည်လင်သန့်စင်ခဲ့တယ်။
အရွယ်လေး ရောက်လာသလို နေလေးပွင့်လာတာနဲ့ နွေးထွေးလာလိုက်တာ...။ နေမြင့်လေ ပူနွေးလာလေ...။
ဘဝရဲ့ မွန်းတည့်ခါနီးအချိန် သုံးဆယ်ကျော်မှာ အတ္တအပူလှိုင်းတွေဟာ အစပျိုး အရှိန်ယူနေခဲ့တယ်ပဲ ဆိုပါစို့။
မွန်းတည့်ချိန် လေးဆယ်ကျော် အရွယ်မှာတော့ မောဟတွေဟာ အရှိန်ညီးညီး တောက်ပြောင်နေခဲ့ပြီ။
ငါးဆယ်ကျော် မွန်းလွဲချိန်ဟာလည်း တစ်ခါတစ်လေ အခန့်မသင့်ရင် မွန်းတည့်ချိန်လို ပူလောင်ချင်သေးတာပဲ။
ခြောက်ဆယ်ကျော် ညနေစောင်း ဆည်းဆာရိပ် သန်းလာမှ အပူရှိန်လျော့ပြီး လေပြေလေးတွေ သုတ်ဖြူးလာတတ်တာမဟုတ်လား။
ခုနစ်ဆယ်ကျော် ညနေချမ်း နေဝင် အမှောင်ရောက်လာတော့ နေ့တစ်နေ့ရယ် ကုန်ပြန်ပေါ့.....လို့ သံဝေဂ စိတ်ကလေးနဲ့ တရားရလာချိန်မှာ....ဒေါ်သစ်သစ်မွန်ဆိုတဲ့ ပညတ်တစ်ခုဟာ မောဟရထားကြီးစီးလာမိတာ..၊ တစ်နေ့တာကုန်ပြီမို့ နောက်ဆုံးဘူတာကို ဆိုက်ရောက်ရတော့မယ်လေ။
ဒီအချိန်မှာ နိုင်ငံခြားကရောက်လာတဲ့ သမီးငယ်လေးမျက်နှာဟာ မွန်းတည့်ချိန်နေတစ်စင်း လို တောက်ပထိန်ညီးနေတာ ကို ဒေါ်သစ်သစ်မွန်များ သတိထားမိခဲ့ရင်....။
ဒါပေမယ့် ဘယ်သူမှ သတိမထားမိသလို သမီးကိုယ်တိုင်လည်း သူ့ကိုယ်သူ မသိရှာပါဘူး။
ဒီလိုသာ လူတိုင်းကြိုတွေးတတ်ခဲ့ရင် အသက်ရှင်စဉ်ကာလပတ်လုံးမှာ ဒေါသ၊ လောဘ၊ မောဟတွေကို ဖက်တွယ်ထားရဲ ပါတော့မလား။

xxxxxxxxxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်) နိုဝင်ဘာလ ၂ဝဝ၈ ...ပေဖူးလွှာမဂ္ဂဇင်း