ထွက်ပေါက်မဲ့ ထောင်ချောက်


မည်သည့် အကြပ်အတည်းပဲဖြစ်ဖြစ် ထွက်ပေါက်တစ်ခုတော့ ရှိရမည်ဟု သူမ ယုံကြည်ခဲ့ဖူးလေသည်။ အဘယ်မျှ ခက်ခဲသည့်မေးခွန်းဖြစ်ပါစေ။ အဖြေကတော့ ရှိရမည်။ မည်မျှနက်နဲသည့် ပုစ္ဆာဖြစ်စေ။ ညီမျှခြင်းတစ်ခုတော့ ချနိုင်ရပါမည်။
သူမ၏ ပြဿနာ အခက်အခဲသည်လည်း တစ်နေ့တော့ ဖြေရှင်းရန် (သို့မဟုတ်) ရင်ဆိုင်ရန် နည်းလမ်းတစ်ခု ပေါ်လာရမည်ဟု သူမ မျှော်လင့်ခဲ့ဖူးလေသည်။ သို့ပေမယ့် ထိုပြဿနာ၏ထွက်ပေါက်သည် သူမ မထင်မှတ်သော ထောင့်တစ်နေရာမှ သူမကို အလဲထိုးမည့် အဖြစ်မျိုးဟုတော့ သူမ မတွေးခဲ့မိပါ။
xxxxxxxxxxx
' မြရွက်စိမ်းတော့ ဆုံးရှာပြီ...' ....ဆိုသည့် သတင်းစကားသည် မီးတောင်မြုံထိပ်ဝကို အနီးကပ်ငုံ့ကြည့်နေတုန်း ပေါက်ကွဲလွင့်စင် ခံလိုက်ရသကဲ့သို့ တဒင်္ဂတော့ ရူးသွပ်သွားရ၏။ ' ဘာရောဂါနဲ့လဲ...ဘာကြောင့်လဲ...'...ဆိုသည့်အမေးကို သူမက မမေးရဲပေမယ့် သတင်းပေးသူကတော့ တာဝန်ကျေစွာ ဖြေသွားခဲ့လေသည်။
' ကိုရဲနောက်ကို လိုက်သွားတဲ့ ဒုတိယမြောက် မိန်းကလေးပေါ့ဟာ...'
' ဘုရား...ဘုရား....ဘုရား ကယ်ပါ...'
အဖြေက ဘေးလူကြားလျှင် မပြည့်စုံသလိုထင်ရပေမယ့် သူမကတော့ ရင်နှင့်ရင်း၍ နားလည်ခဲ့ရသူလေ။ ဒါဆို...ကိုရဲက ရှေ့မှဦးဆောင်သူပေါ့။ မြရွက်စိမ်းက ဒုတိယဆိုတော့...။ ပထမတစ်ယောက် ရှိနေခဲ့သေးသည်ပေါ့။
ဤမရဏခရီးသွား မီးရထားတွဲကြီး၏ ခေါင်းတွဲသည် ကိုရဲဟုဆိုပါလျှင် ခေါင်းတွဲနောက်မှ ပထမလိုက်သူသည် သဲစုပိုင်။
ဒုတိယသည် မြရွက်စိမ်း။ နောက်ထပ်လိုက်မည့် တတိယမြောက်ကရော...။ ချောထက်ခင်ဆိုသည့် သူမလား။ ဒါမှမဟုတ် ကိုရဲ၏
မြောက်များလှစွာသော ချစ်သူရည်းစားတွေထဲက ဘယ်သူလဲ....။
သည်လိုတွေးမိတော့နာကျည်းစိတ်ဖြင့် အော်ရယ်ပစ်ချင်လာကာ ကြောက်စိတ်နည်းနည်း လျော့သွားသလိုရှိရ၏။
သို့ပေမယ့် ချောထက်ခင်ဆိုသော သူမ၏ဖြစ်တည်မှုကို သတိဝင်မိတော့ ထူပူရှိန်းဖိန်းကာ စိုးစိတ်တွေက ငယ်ထိပ်မှ ခန္ဓာကိုယ်အနှံ့
အရှိန်ပြင်းစွာ ဖြန့်စီးသွားတော့သည်။
' မေမေ...မေမေ...သမီးကို ကယ်ပါအမေ...'
ကန္တာရအလယ်မှ ရေဆာသူလို သူမငိုညည်းချင်ပေမယ့် မဖွင့်အံရဲသည့် အဖြစ်မို့ ပို၍လောင်မြိုက်လှပါပြီ။ လောကအလယ်မှာ သူမက တစ်ယောက်တည်းမဟုတ်။ အသိုင်းနှင့် အ၀ိုင်းနှင့်...၊ မိဘဆွေမျိုး မောင်နှမသားချင်းများနှင့်...၊ ဂုဏ်သရေရှိ မိသားစု...၊ မြို့မျက်နှာဖုံး..၊ ပညာတတ်...၊ ဆွေကြီးမျိုးကြီး...။
ဒါတွေအားလုံးသည် သူမအတွက် ခုလိုအခြေအနေမျိုးမှာ ဘာအထောက်အကူမှ မပေးနိုင်သည့်အပြင် နောင်တဆိုသည့် အထုပ်အပိုးကိုသာ သူမရင်ထဲတွင် ပို၍လေးလံစေလေပြီ။ သူမတစ်ယောက်တည်းဆိုလျှင် ကိုယ့်အပြစ်ကိုယ်ခံရမည်မို့ ထိတ်လန့်သော်လည်း
သူမ နောင်တမရချင်ပါ။ သို့ပေမယ့် သူမကိုယ်သူမထက် အမေ့ကိုသတိရသည်နှင့် အလွန်အမင်း တုန်လှုပ်ရပါသည်။
အမေ့သမီးဖြစ်ရသည်ကို အမြဲတမ်းဂုဏ်ယူခဲ့ရသော ဘ၀မှသည် သူမ၏ပြစ်မှုတစ်ခုကြောင့် အမေ့သမီးဖြစ်ရတာ နောင်တရခဲ့ပြီ။
သူမအတွက်မဟုတ်။ အမေ့အတွက်သာ ဖြစ်ပါသည်။
သမီးများအတွက် အမြဲဂုဏ်ဝင့်ခဲ့သော အမေသည် သူမအတွက် ဂုဏ်ပျက်ရတော့မည်။ သမီးများ၏ ဂုဏ်သိက္ခာကို အမြဲဆယ်ယူကာကွယ်နိုင်ခဲ့သော အမေသည် သူမကြောင့် သိက္ခာကျရတော့မည်။ သမီးချောငါးယောက်၏ မိခင်အဖြစ် မာနတံခွန်လွှင့်ထူခဲ့သော အမေသည် အငယ်ဆုံးသမီးကျမှ ခေါင်းမဖော်ဝံ့အောင် အရှက်ရတော့မည်။
အမေ တသက်လုံး ဂုဏ်ယူပြုံးရွှင်နေသည်ကိုသာ မြင်ချင်ပါသည်။ အမေ တသက်လုံး မော်ကြွားနိုင်အောင်သာ စွမ်းဆောင်ချင်ပါသည်။ အမေ့ဂုဏ်သရေကို ညှိုးနွမ်းထိခိုက်အောင် သူမ စိတ်ကူးနှင့်သော်မှ မကြံစည်ရက်ခဲ့ပါ။ သို့သော်...........။
အမှားတစ်ခုသည် ဖျက်မရတော့လျှင်တောင် ပြင်ဆင်ခွင့်တော့ ရှိသင့်သည်။ ခြေရာထင်ကျန်မည် ဆိုလျှင်တောင် နောက်ဆုတ်ခွင့်တော့ ရှိသင့်သည်။ သို့ပေမယ့် ကျွံမိသည့်ခြေတစ်လှမ်းသည် ဆုတ်ခွင့်မရှိလောက်အောင် သူမလျှောက်ခဲ့မိသောလမ်းက
သာမာန်လမ်းမဟုတ်ဘဲ နွံလမ်းဖြစ်နေခဲ့သည်။ တစ်လှမ်းချင်း နစ်ဝင်စေခဲ့သောနွံလမ်း....။
နွံမှန်းသိလျက် စုံရပ်လိုက်သော်လည်း နောက်မဆုတ်သာအောင် တအိအိကျွံဝင်နေသော...နွံ။
တခါသာ ကျွံဖူးသော်လည်း နှုတ်မရတော့သည့် ခြေတစ်လှမ်းသည် သူမကို အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့သည်။
xxxxxxxxxx
ရည်းစားများတာ မပြစ်မဟုတ်။ တွဲကြည့်မှ၊ အနီးကပ်ဆက်ဆံကြည့်မှ၊ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး တဘ၀လုံးလက်တွဲဖို့အတွက် နောက်ဆုတ်သင့် ဆုတ်ရမည်။ ရှေ့တိုးသင့် တိုးရမည်။ တစ်ယောက်နှင့်တစ်ယောက် ညှိကြည့်ရမည်။
သူမ သည်လို ကြွေးကြော်ခဲ့ဖူးသည်။ ခုခေတ်မှာ..၊ ကမ္ဘာရွာခေတ်မှာ..၊ အိုင်တီခေတ်မှာ...ယဉ်ကျေးမှုတွေက ပွင့်လင်းလွန်းလာပြီ။
မိနစ်အနည်းငယ်အတွင်း အင်တာနက်ပေါ်ကနေ ကမ္ဘာ့အရှေ့၊ အနောက်၊ နိုင်ငံစုံ ချိတ်ဆက်နိုင်နေပြီ။ မည်သူကမှ တစ်သက်တစ်ချစ်တို့၊
ရည်းစားဦးက အိမ်ထောင်ဦးတို့ မကြွေးကြော်ကြတော့။ ဘယ်ရည်းစားကို အချစ်ဆုံးလဲ ဆိုတာမျိုးတောင် အလုပ်ရှုပ်ခံပြီး မေးမနေကြတော့။
တွဲကြည့်သည်။ ချစ်ကြည့်သည်။ ပွင့်လင်းစွာ သွားလာကြသည်။ သဘောချင်းမတိုက်ဆိုင်၊ အဆင်မပြေလျှင် သွား..နောက်တစ်ယောက်။လက်ဖက်ရည်ဆိုင် ထိုင်သည်။ အိမ်အလည်ခေါ်သည်။ ကျောင်းအတူသွားသည်။ အသိုင်းအ၀ိုင်းနှင့်သိပ်ကီးမကိုက် ပြန်လျှင် နား...နောက်တစ်ယောက်။
ပတ်ဝန်းကျင်ကလည်း သိပ်မပြောကြတော့။ အိမ်ကလည်း သိတ်မဝေဖန်တော့။ လက်ချင်းချိတ်တာ၊ ဆိုင်ကယ်နောက်ထိုင်လိုက်တာ၊ သိတ်အဆန်းတကြယ် မဖြစ်ကြတော့။ ပတ်ဝန်းကျင်အမြင်ရော လူနေမှုပုံစံရော ပြောင်းလဲသွားကြပြီ။
သူမ အစ်မတွေခေတ်တုန်းကတောင် ဒီလိုမဟုတ်ခဲ့။ ယောကျာ်းလေး သူငယ်ချင်းရယ်လို့ သိပ်မထားကြ။ ရည်းစားကိုလည်း ခိုးကြောင်ခိုးဝှက် ထားကြရသည်။ စကားရပ်ပြောတာကို မြင်လျှင်တောင် ပတ်ဝန်းကျင်က ကဲ့ရဲ့တင်းဆိုချင်သည်။ မိဘမောင်ဘွား သိသွားလို့ကတော့ ထွက်ခွင့်ပါမစ် ပိတ်ခံရမည်။ အိမ်တွင်း အကျယ်ချုပ်ကျမည်။ ရည်းစားတစ်ယောက် ပျက်ဖူးလျှင်ပင် မိန်းမဆိုး စာရင်းဝင်သွားပြီ။ နှစ်ယောက်သုံးယောက်များ ပြောင်းဖူးသွားလျှင် ဘယ်ယောကျာ်းလေးရှင်ကမှ တန်ဖိုးမထားချင်ကြတော့။
သူမ အစ်မအကြီးဆုံးတုန်းက အပျိုပေါက်ရောက်ရောက်ချင်း ရည်းစားထားတတ်ပြီမို့ အမေ တော်တော် စိတ်ညစ်ခဲ့ရဖူးသည်။
' သမီးရယ်...မိန်းကလေးဆိုတာ အနေအထိုင် အင်မတန်ဆင်ခြင်နိုင်လွန်းမှ တန်ရုံကျတာ။ အမေတို့ငယ်ငယ်တုန်းက ရည်းစားမပြောနဲ့၊ ယောကျာ်းလေးသူငယ်ချင်းတောင် မထားကြဘူး။ ကောင်လေးတွေရှေ့ဆို အော်ဟစ်ရယ်မောဖို့ နေနေသာသာ ပြီတီတီတောင် မပြုံးဝံ့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အိနြေ္ဒဘယ်လောက် ရှိသလဲဆိုတာ ကြည့်ပြီး သတ်မှတ်ကြတာ။
ပေါ့ပေါ့တန်တန်နေတဲ့ မိန်းကလေးဟာ ပေါ့ပေါ့တန်တန် ယောကျာ်းမျိုးနဲ့ပဲ ညားရတာပဲ...'
သူမကတော့ ညီအစ်မငါးယောက်မှာ အငယ်ဆုံးဖြစ်ပြီး အစ်မကြီးနှင့်ဆို ဆယ်နှစ်ကျော်ကွာသည်မို့ အဲဒီတုန်းက ငါးနှစ်အရွယ်လေးသာ ရှိသေးသည်။ သို့ပေမယ့် အမေ့ဆုံးမစကားတွေက မမကြီးလက်ထက်မှသည် သူမအရွယ်ရောက်သည့် တိုင်အောင် ငါးလီငါးခါ မရပ်မနား ပြောနေရသည်မို့ နားကတော့ ယဉ်နေပါပြီ။
အမေ့ဆုံးမစကား မရပ်နားရတာလည်း မပြောနှင့်လေ။ ညီအစ်မငါးယောက်က နှစ်နှစ်ကြီး နှစ်နှစ်ငယ် အပြိုင်းအရိုင်း အပျိုဖြစ်လာကြတော့ အမေရွတ်နေကျ ဂါထာတွေ...အငယ်ဆုံး သူမလက်ထက်ကျတော့ သူမက အလွတ်ရွတ်ပြနိုင်နေပြီ။ သမီးငါးယောက် ကလည်း တစ်ယောက်တစ်မျိုး မရိုးအောင် ဇာတ်လမ်းစုံ ပေးနိုင်ကြသည်။
မမကြီးက ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားလို့ စိတ်ညစ်ရလှပြီ အမေက ထင်နေတာ....။ မမလတ်ကျတော့ ရည်းစားတွေ မှိုလိုပေါက်ရုံတင်မက ဆေးသမားတစ်ယောက်ကို တန်းတန်းစွဲဖြစ်နေလို့ မနည်းခွဲယူရပြန်သည်။ မမလေးကလည်း အားကျမခံ ရည်းစားတင်မက အချစ်တော်ပါ ထားလိုက်သေးသည်။ မမငယ်ကျတော့ သူများထက်ထူးအောင် ယောကျာ်းလေးချစ်သူ မထားပဲ ယောကျာ်းလျာမလေး တစ်ယောက်နှင့် တတွဲတွဲဖြစ်ပြန်သည်။ အမေက မိန်းမချင်းမို့ အရေးမကြီးပါဘူး ဆိုပြီး စိတ်မပူပဲ လွှတ်ထားမိတော့ အမေဗျာများရပြီ။
ယောကျာ်းလျာနောက် လိုက်ပြေးသွားလို့ လိုက်ရှာရသည်။ အတင်းခွဲရသည်။လူကြားမကောင်းသည့် ကိစ္စကို ကောင်းအောင် ဖုံးဖိရသည်။
ဘာပဲဖြစ်ဖြစ် အမေကတော့ တကယ် စံနမူနာပြုလောက်သည့် အမေပါ။ သမီးတွေ ဘယ်လိုကတိမ်းကပါး လုပ်လုပ်၊ တည့်မတ်အောင် ထိန်းနိုင်သူ။ သမီးတွေ လမ်းဘေးချော် လျှောက်နေလျှင်လည်း ချော့တစ်ချည် ချောက်တစ်လှည့်ဖြင့် လမ်းကြောင်းပေါ်
ဆွဲတင်နိုင်သူ။ ဘယ်လောက်ပဲ အမှားတွေဖြစ်ခဲ့၊ လုပ်ခဲ့၊ အမေက သမီးများရှေ့မှ မားမားရပ်ကာ ပဲ့ပြင်ကာကွယ်ခဲ့သူ ဖြစ်လေသည်။
အမေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆို...၊ သူမအစ်မ လေးယောက်စလုံး တစ်ယောက်မှ အမှားမကင်းခဲ့ကြပေမယ့် မထော်မနန်း တစ်ယောက်မှ မဖြစ်ကြ။ လင်ကောင်းသားကောင်း ကိုယ်စီရလို့ ထည်ထည်ဝါ၀ါ နေနိုင်ကြသူချည်း။
မမကြီးက ငယ်ငယ်ရွယ်ရွယ် ရည်းစားထားပေမယ့် အမေ ဆုံးမပဲ့ပြင်တာ ဘယ်လောက်ကောင်းသလဲဆို...၊ နှစ်ယောက်စလုံးကို
ခေါ်ပြီးတော့ သြ၀ါဒပေး နားချတာ....။ အဲဒီ ငယ်ရည်းစားလေးကိုယ်တိုင် စာတွေအရမ်းကြိုးစားပြီး ဆရာဝန်ဖြစ်လို့...။ မမကြီးကတော့ ဥာဏ်သိတ်မကောင်းတာမို့ ရိုးရိုးဘွဲ့လေးရပြီး ခုဆို ဆရာဝန်ကတော်ကြီး ဖြစ်လို့...။
မမလတ်ကိုလည်း ဆေးသမားကောင်လေးနဲ့ အတင်းခွဲ။ အကြမ်းနည်းမရတော့ အမေက နှလုံးရောဂါသည်းပြီး ဆေးရုံတွေဘာတွေရောက်...။ မျက်ရည်တွေတွေကျပြီး သမီးကိုဖက်ငို...။ မမလတ်လည်း အမေ့အသက်နဲ့တော့ ဆေးသမားကို လဲတော့တာပေါ့။
အမေပေးစားတဲ့ သူဌေးသား လူရိုးကြီးတစ်ယောက်နဲ့ ညားသွားလိုက်တာ...။ ခုတော့ မာစီးဒီးကားကြီးကို ကိုယ်တိုင်မောင်းပြီး ခန့်လို့ကြော့လို့...။ အမေ့ကိုလည်း ကျေးဇူးတွေ တင်လို့...။
အချစ်တော်တွေနဲ့ ရှုပ်လိုက်သေးတဲ့ မမလေးကျတော့ အမေက သိပ်ပင်ပင်ပန်းပန်း မစည်းရုံးရပါဘူး။ သူကိုယ်၌က မမလတ်နဲ့အပြိုင်အဆိုင်မို့ ဟိုတစ်ယောက်က မာစီးဒီးမောင်းရင် သူကလည်း လင်ခရူဆာကို မျက်စပစ်ချင်သူဆိုတော့ အမေ တစ်ချက်ခုတ်လိုက်တာ နှစ်ချက်ပြတ်သွားတာပေါ့။
ယောကျာ်းလျာချစ်သူ မမငယ်ကိုတော့ အမေ တော်တော်လက်ကုန်ဖွင့် လိုက်ရသေးသည်။ သို့ပေမယ့် အမေ့လိမ္မာပါးနပ်သောဖျောင်းဖျမှုကိုတော့ နောက်ဆုံး မလွန်ဆန်နိုင်။ ရိုးအချမ်းသာသော လူပျိုကြီးတစ်ယောက်နှင့် တင့်တောင့်တင့်တယ် အဆင်ပြေသွားတာပါပဲ။
အမေ့ကို ချီးမကျူးပဲ မနေနိုင်သည်မှာ ဤအချက်ပဲဖြစ်သည်။ အမေရှာပေးသော သားမက်တွေက ပြည့်စုံသင့်တင့်သလောက်ရိုးသားအေးဆေးကြသည်။ အမေ့သမီးများကို မေတ္တာစစ်နှင့် မြတ်နိုးကြသည်။ အလိုလိုက်ကြသည်။ တစ်ယောက်မှ စိတ်သဘောထား
သေးသိမ်သူ မပါကြပေ။ သမီးတွေ၏ အတိတ်ကို တူးဆွရန်လုပ်မည့်သူလည်း တစ်ယောက်မှမပါ။ အေးချမ်းပျော်ရွှင် ချစ်ခင်နေတာသာ တွေ့ရတော့ သူမက အမေ့ကို လေးစားရပြန်သည်။
ရှေ့မှ အစ်မများကို စံပြမြင်နေရတော့ သူမ ဘယ်လောက်ပဲ ခေတ်ဆန်၊ ရည်းစားများပေမယ့် အမေ့ဆီမှာ သူမရှေ့ရေးကို ပွင့်လင်းစွာ အပ်နှံထားလိုက်တော့သည်။
' သမီးက နမူနာလေးခု ရှိပြီးသားမို့ အမေသဘောတူတဲ့ သူကိုပဲ ယူမှာပါအမေရဲ့။ ခု...တွဲနေတဲ့သူတွေထဲက
အမေသဘောကျ မီးစိမ်းပြမှ သမီးကလည်း လက်တွဲမှာ...'
ခေတ်ကာလကလည်း ပြောင်းလာသလို သူမကလည်း သည်လိုပွင့်လင်းထားတော့ အမေက သူမ နေတာထိုင်တာ၊ သွားတာလာတာကို အစ်မတွေတုန်းကလောက် မချုပ်ချယ်ခဲ့။ ခေတ်မီပွင့်လင်းတာနှင့် သိက္ခာမဲ့ကလက်တာ ခွဲခြားတတ်ဖို့ကိုတော့ အမြဲသတိပေးတတ်သည်။ လက်တွဲဖော် အစစ်အမှန်ကို အနီးကပ်ရွေးချယ်သည် ဆိုသော်လည်း ယောကျာ်းတစ်ကာအပေါ် အရူးလုပ်
ဖျံကျသည့် မိန်းမလည်မဖြစ်အောင်တော့ သတိပေးသည်။ ရန်ငြိုးထားခံရလောက်အောင် မပွေလီဖို့ကိုလည်း သတိထားခိုင်းသည်။
သူမ အနေအထိုင် အသွားအလာကိုလည်း အမေက မျက်ခြေတော့ အပြတ်မခံပါ။ ဘယ်သွားသည်၊ ဘယ်လာမည်၊ ဘယ်သူနှင့်၊ ဘယ်အချိန်..ဆိုတာ အမေ့ကို အသိပေးပြီး စည်းနှင့်ကမ်းနှင့် သွားလာရသည်။ ဘယ်တုန်းကမှ ပြီး..ပြီးရော လွှတ်မထားခဲ့ပါ။
သို့ပေမယ့် သူမကပဲ လည်လွန်းသည်လား။ အမေကပဲ သူမကို ယုံလွန်းသည်လား။ ဘာပဲဖြစ်ဖြစ် ပြဿနာ၏ အဓိကတရားခံမှာ
သူမသာဖြစ်ပါသည်။ အမေက အပြစ်မဲ့သလောက် သူမက အမေ့ယုံကြည်မှုကို စော်ကားမိ၍ ကံကြီးထိုက်ခဲ့သူသာ ဖြစ်ပါသည်။
xxxxxxxxxx
မီးကို ပူမှန်းသိလျက်နှင့် ကစားချင်ခဲ့သူမှာ သူမသာဖြစ်လေသည်။ ကိုရဲကို အိမ်ထောင်သည်မှန်း သိလျက်နှင့် နောက်မဆုတ်ဘဲ အရွဲ့တိုက်တွဲမိခြင်းသည် နှုတ်မရမည့် ခြေတစ်လှမ်းကို စမ်းလိုက်ခြင်းပင်ဖြစ်သည်။
သူငယ်ချင်း မိတ်ဆက်ပေးစကတော့ နယ်မှကျောင်းလာတက်သော ကိုရဲသည် လူပျိုကျောင်းသားယောင် ဆောင်နေခဲ့သေးသည်။
ရုပ်ချော ငွေပေါသည့် မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေသူ...။ မျက်နှာများပေမယ့် သူမကိုတော့ အလေးထားသူ...။ သူမဆီက လက်ထပ်ခွင့်ရလျှင် အရှုပ်ထုပ်အားလုံးကို စွန့်မည်ဟု ဂတိပေးသူ...။ သူမနှင့် သူငယ်ချင်းအဆင့်သာသာ ချစ်သူရည်းစားမရောက်တရောက် ဖြစ်လာကာမှ သူ့သတင်းက သိုးသိုးသန့်သန့် ထွက်လာ၏။ သို့ပေမယ့် မသေချာသေး။
သူမက ခပ်ခွာခွာ ရှောင်ဖယ်ဖို့ ဆုံးဖြတ်ပြီးစမှာ နယ်မှ ကိုရဲ၏မိန်းမဆိုသူက ပြူးတူးပြဲတဲ ရောက်လာပြီး သူမကို အကြောကြီးနှင့်
ရန်တွေ့တော့သည်။ သည်မှာတင် သူမ၏တလွဲမာနက လမ်းကြောင်းပြောင်းသွားစေခဲ့၏။ ခပ်ရိုင်းရိုင်း ခပ်စွာစွာ ကိုရဲမိန်းမ စကားများကြောင့် အမြင်ကတ်ကတ်နှင့် ကိုရဲကို တမင်ဆက်တွဲနေဖြစ်သည်။ ကိုရဲကလည်း ဆယ်ကျော်သက် စိတ်ကစားချိန်မှာ မှားယွင်းခဲ့မိသည့် သူ၏အိမ်ထောင်သည်ဘ၀ ဒုက္ခများအကြောင်း သနားစရာကောင်းလောက်အောင် ပြောတတ်သည်။ နယ်မှကျောင်းလာတက်သူမို့ သူ့ကို
အိမ်ထောင်သည်မှန်းလည်း မည်သူကမှ မသိ။ စွာလွန်းသော မိန်းမတစ်ယောက်လက်မှ ကယ်တင်ဖို့ သူမကို တကျီကျီအဖြေတောင်းသည်။
သူမက သည်လိုလူမျိုးနှင့် သူမအသိုင်းအ၀ိုင်း...၊ ဘယ်လိုမှ ဆက်စပ်မရမှန်းသိသည်မို့ အစောကတည်းက စိတ်မှာပြတ်ပြီးသား။
အထူးသဖြင့် သမီးများအတွက် အမြဲဂုဏ်တက်လိုသော အမေနှင့် ဒီလိုသားမက်မျိုးမှာ မတန်ရာ။ စိတ်ထဲမှာ ဝေးဝေးက ရှောင်ပြီးသား။
သို့ပေမယ့် ကိုရဲမိန်းမကိုတော့ ပညာနည်းနည်း ပေးလိုသေးသည်နှင့် ကြိုးရှည်ရှည်ဖြင့် ကိုရဲကို လှန်ထားလိုက်သည်။
သည်အတောအတွင်း ကိုရဲသတင်းတွေက ပိုလို့မွှေးလာသည်။ လက်ရဲဇက်ရဲ၊ ဆေးသမား၊ မြာပွေသူ၊ လက်ရှိအိမ်ထောင်ပင်မက နယ်မှာပင်
လက်ညှိုးထိုးမလွဲ ရှုပ်ပွေသူ၊အမျိုးကောင်းသမီးလေးတွေကို ဖျက်ဆီးသူ၊ သမီးလေးတစ်ယောက် ရှိပါလျက်နှင့် သမီးချင်း မစာနာတတ်သူ..။
သတင်းပေါင်းစုံလာပြီး သူမ စိုးထိတ်စွာ ခြေလှမ်းနုတ်ဖို့ အပြင်မှာပဲ ထောင်ချောက်ထဲ အပိတ်ခံလိုက်ရလေပြီ။ သူမကိုယ်သူမလည်လွန်းလှပြီ ထင်နေပေမယ့် လည်နေသည့်ဂျင်ထိပ်ကိုမှ ထုံးတို့သူကလည်း ကျွမ်းကျင်ပိုင်နိုင်လှသည်။
ဘာပဲဖြစ်ဖြစ် ပန်းကလေးက ညှိုးနွမ်းခဲ့ရပေမယ့် မကြေမွသေးသည်မို့ အားတင်းနိုင်သေးသည်။ ခေတ်ကာလကို အကာအကွယ်ယူပြီး မာန်ဆယ်နိုင်သေးသည်။ အမေ့အရိပ်ကိုခိုပြီး အေးခွင့်ရှာနိုင်ဦးမည်။ သူမက သည်လို စိတ်ဖြေတွေးမိသည်။
သူမက နောင်တမျှင်းမျှင်းနှင့် စိတ်မရှင်းတရှင်း ကြိုးစားရှင်သန်နေစဲမှာ ကိုရဲက မြင်ကွင်းထဲမှ ဖြတ်ကနဲပျောက်သွားပြီး မကြာမီမှာပင် မပြန်လမ်းကို မြန်းသွားပြီဖြစ်ကြောင်း သတင်းဆိုး ရောက်လာတော့သည်။ရောဂါကတော့ ခေတ်အစားဆုံး မဏရလက်တံရှည် (.....)။
xxxxxxxxxx
လိပ်ပြာကပဲ မသန့်သည်လား။ စိတ်ကပဲ လန့်နေသည်လား မသိ။ ခန္ဓာကိုယ်မှာ အဖုအပိန့်လေးထွက်လာလျှင်ပင် ရင်မှာထိတ်လှသည်။ ရေယုန်လား။ ယားဖုလား။ ရိုးရိုးလား။ ဆန်းဆန်းလား။ တစ်ယောက်တည်း ကြိတ်ပြီး ဗျာဆိုက်ရပြီ။ ဘယ်လောက်ပဲ ခေတ်ဆန်သည်ပြောပြော ဒီကိစ္စကိုတော့ လူသိရှင်ကြား အဖြစ်မခံရဲ။ တခြားလူမပြောနှင့်။ အမေ့ကိုတောင် အသိမပေးရဲ။ နှစ်ယောက်တည်း
သိသည့် ကိုရဲကလည်း ရှေ့မှသွားနှင့်ပြီမို့ အသည်းတထိတ်ထိတ် စိုးရွံ့လှသည်။
သူမကပဲ စိုးရိမ်စိတ်လွန်ကဲ နေသည်လားမသိ။ ခုတလောမှာမှ မျက်နှာပေါ်မှာပေါက်သည့် ၀က်ခြံကအစ အရင်ကနှင့်မတူ။
ပျင်လိုက်ထွက်လာသည့် ၀က်ခြံလိုလို အပိန့်လေးတွေက တော်တော်နှင့် ပျောက်သည်မရှိ။ သည်ကြားထဲ အအေးလေး နည်းနည်းမိသည်နှင့် နှာစေးပြီ။ နေထိုင်မကောင်း မအီမသာဖြစ်ပြီ။ အသက်ရှူမ၀ ဆို့ကြပ်နေတတ်သည်။ လူက ကျန်းမာရေးမကောင်းသလို စိတ်ကလည်း ထိုင်းမှိုင်းစိုးထိတ်ကာ ဆောက်တည်ရာမဲ့နေသည်။
အမေကတောင်...' သမီးလေး ခုတလော အပြင်လည်း သိတ်မထွက်ပဲ ခြေငြိမ်လှချည်လား...'...လို့ မေးလှပြီ။ အိပ်မပျော် ထိတ်လန့်နေရသည့် ညတွေများပြီမို့ ခန္ဓာကိုယ်ကလည်း မော်ဒယ်ဂဲလ်ဖြစ်နေပြီ။ တချူချူတချာချာနှင့်မို့ ခဲအို ဆရာဝန်ဆီလည်း ချောင်းပေါက်လောက်ပြီ။ ကြာတော့ လိပ်ပြာမလုံလှသည်မို့ တော်ရုံနေထိုင်မကောင်းတာကို အမေမသိအောင် ကြိတ်မှိတ်နေရတော့သည်။
သည်လို အကြပ်အတည်းကြားမှ ထွက်ပေါက်တစ်ခုကိုတော့ သူမ သည်းသည်းထန်ထန် တောင့်တမိပါသည်။ မိဘဂုဏ်သိက္ခာကိုလည်း မထိခိုက်၊ အမေလည်း စိတ်ဆင်းရဲနာကျင်မှု မရှိစေရအောင် သိမ်မွေ့ပိရိသော ထွက်ပေါက်တစ်ခုရဖို့ နေ့စဉ်နှင့်အမျှ တောင့်တနေ ရသည်။ အပြစ်ရှိသည်က သူမသာမို့ ပြစ်ဒဏ်ကို သူမတစ်ယောက်သာ ခံယူသင့်သည် မဟုတ်ပါလား။ မဆိုင်သည့် သူမ၀န်းကျင်မှ လူများကို သူမကြောင့် ဂုဏ်သိက္ခာ မညှိုးနွမ်းစေချင်ပါ။ အထူးသဖြင့် အမေသာ အဓိကဖြစ်ပါသည်။
သူမကိုယ်သူမ အဆုံးစီရင်ခြင်းမျိုး မိုက်မဲသည့် လုပ်ရပ်ကိုတော့ သူမ ဘယ်တုန်းကမှ စိတ်မကူးခဲ့မိ။ နောက်ထပ် ဘယ်လို
အမှားမျိုးမှ မကျူးလွန်လိုတော့။ သူမက ဘ၀မှာ တစ်ကြိမ်တစ်ခါ မှားမိသည်နှင့်ပင် လုံလောက်လွန်းခဲ့လေပြီ။
ဒါဖြင့် မိဘတွေမသိအောင် အိမ်မှတိတ်တဆိတ် ထွက်ပြေးဇာတ်မြှုပ်လိုက်ရမည်လား။ သူမကို မည်သူမှမသိသည့် အရပ်ဒေသတစ်ခုမှာ အကျိုးပြုလုပ်ငန်းတစ်ခုခု ၀င်လုပ်ရင်းနှင့်လေ။ သူမမှာ အချိန်ဘယ်လောက် ကျန်သေးသည်တော့ မသိ။ မသေခင်မှာတော့
လောကကြီးအကျိုးကို တစ်ခုခုတော့ သယ်ပိုးလုပ်ဆောင် ပေးသွားချင်သေးသည်လေ။
xxxxxxxxxx
မထင်မှတ်သော ထောင့်တစ်နေရာမှ အလဲထိုးမည့် အခြေအနေမျိုးနှင့် သူမအတွက် ထွက်ပေါက်တစ်ခု ပေါ်လာမည်ဟုတော့ ဘယ်တုန်းကမှ သူမ မတွေးခဲ့မိပါ။
အလွန်ထက်မြက် တက်ကြွသော၊ သမီးများအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပေးနိုင်သော၊ အမြော်အမြင် ကြီးမားလှသည့် အမေ့ဦးနှောက်မှာမှ သည်လိုရောဂါ ဖြစ်လာခဲ့သည်တဲ့လေ။ ကင်ဆာဆိုတာ...လူ့ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ အဆန်းတကြယ်ရောဂါ
မဟုတ်ပေမယ့် ဦးနှောက်ကင်ဆာ ဆိုတာကိုတော့ သူမကပဲ ဗဟုသုတ နည်းလေသလား။ အဖြစ်နည်းလှသည် ထင်မိပါသည်။
အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ... ကင်ဆာဖြစ်ချင်စရာ အစိတ်အပိုင်းတွေက အများကြီးရှိပါလျက်နှင့် အမေက ဦးနှောက်ကင်ဆာတဲ့...။
ထွက်ပေါက်တစ်ခု ပြင်းပြင်းထန်ထန် သူမတောင့်တနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် အမေ ရုတ်တရက် မူးလဲခဲ့လေသည်။
အားလုံးက ဦးနှောက်သွေးကြောပြတ်မှာကို စိုးရိမ်ခဲ့ကြပေမယ့် စီတီစကင်က ဦးနှောက်အကျိတ်ဆိုသဖြင့် အရေးပေါ်ခွဲစိတ်ကာ အကျိတ် ထုတ်ရမည် ထင်ကြပြန်သည်။ သို့ပေမယ့် နောက်ထပ်စစ်ဆေးမှုများ လုပ်အပြီး...၊ ကင်ဆာအမြစ်များက ပံျ့နှံ့နေပြီမို့ နှစ်လခန့်သာခံတော့မည်ဟု ဆရာဝန်များက လက်လျော့လိုက်လေသည်။
အဖြစ်အပျက်က မြန်လွန်းလှသည်မို့ သူမတို့ တစ်မိသားစုလုံး မယုံကြည်နိုင်အောင် စိတ်ထိခိုက်ရ၏။ ချမ်းသာကြွယ်ဝသည့် သမီးများက ငွေဘယ်လောက်ကုန်ကုန် အမေ့ကိုကုမည် ဆိုပေမယ့် သည်ရောဂါက ငွေမီသော်လည်း အချိန်မမီသော ရောဂါ...။
သတိအလွန်ကောင်းသော အမေက နောက်ပိုင်းမှာ မကြာခဏ သတိမေ့တတ်လာသည်။ မှတ်ဥာဏ်တွေ ချို့ယွင်းကာ ကိုယ့်ကိုယ်ကိုပင် တစ်ခါတစ်ရံ မမှတ်မိတတ်။ တစ်ချက်တစ်ချက် သတိကောင်းနေပြန်လျှင်တော့ အမေဖတ်နေကျ မဂ္ဂဇင်းစာအုပ်တွေ သူမက စာအုပ်ဆိုင်မှာ သွားငှားပေးရသည်။ အမေက သူမတို့ငယ်ငယ်ကတည်းက စာအလွန်ဖတ်သည်။ ၀ယ်စုထားသည့် စာအုပ်တွေကလည်း အိမ်မှာ ဘီရိုကြီးနှင့် နှစ်လုံးအပြည့်..။
သို့ပေမယ့် ခုလို ရောဂါဖြစ်လာတော့ စာဖတ်များလျှင် ခေါင်းကိုက်သည်တဲ့။ အမေ မဖတ်နိုင်တော့ အမေဖတ်ချင်သည့်စာအုပ်များကို သူမက ဖတ်ပြရသည်။ တခါတလေကျတော့လည်း အမေက သူ့ရောဂါကိုသူ ရိပ်မိနေသလိုပင်။
' သမီး...စာအုပ်စင်ထဲက ပေါ်လီယာနာစာအုပ်ကို ပြန်ရှာပြီး ဖတ်ပြစမ်းပါကွယ်...'
အမေ အခေါက်ခေါက်အခါခါ ဖတ်ပြီးသား။သူမတို့ညီအစ်မကိုလည်း ဖတ်ကြည့်ခိုင်းပြီးသား။ အမေ ဘာလို့ ထပ်ဖတ်ခိုင်းတာလဲ။
သူမကတော့ အမေ သူ့ကိုယ်သူ သိနေလို့လား။ သူမအဖြစ်ကို ရိပ်မိနေလို့လားဆိုပြီး လိပ်ပြာမလုံလှပါ။
တခါတလေတော့လည်း ရောဂါပြင်းထန်လာလျှင် စာအုပ်ဖတ်ဖို့ နေနေသာသာ ဘာကိုမှ မသိတော့သူတစ်ယောက်လို အမေငူငူကြီး နေတတ်သည်။ ဒီလိုအချိန်ဆို ဆရာဝန်ပင့်ကာ ဆေးတွေသွင်းရပြန်သည်။ သူမကတော့ အမေ့ကိုမကြည့်ရက်တိုင်း ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိသည်။ သူမ တောင့်တမိသော ထွက်ပေါက်ကြောင့်ဟု ဥပါဒါန်က စွဲနေစဲ...။
တဖြေးဖြေးနှင့် အမေ့ရောဂါ ပိုဆိုးလာကာ အသိဥာဏ် ပြန်လည်မလာတော့။ အသက်ရှိနေပေမယ့် အသိမဲ့ခဲ့လေပြီ။
အစာကိုနှာခေါင်းပိုက်မှ ဆက်ရသည်။ အရိုးပေါ်အရေတင် ကမ္မဌာန်းရုပ်နှင့် ဖားလျားဝေ လှပမည်းနက်ခဲ့သော အမေ့ဆံနွယ်များလည်း မရှိတော့။ ကတုံးလေးနှင့် အမေ့ကို မကြည့်ရက်ဘဲ နေ့တိုင်းငိုမိကြသည်။
သူမအဖြစ်အတွက် အမေ့ကိုသိက္ခာကျမှာ၊ ခံစားရမှာ စိုးရိမ်ခဲ့သော သူမ...။ အမေ့အဖြစ်ကို မကြည့်ရက်မမြင်ရက်၊ ရင်နင့်ငိုကြွေးနေရလေပြီ။ နေ့စဉ်ညဆက် အမေ့ကိုပြုစုရင်း ငိုကြွေးရလွန်း၍လားမသိ။ အမေ တကယ်ဆုံးတော့ သူမမှာငိုကြွေးစေရာ မျက်ရည်မကျန်တော့။
ပတ်ဝန်းကျင်ကတော့ အငယ်ဆုံးသမီးလေးရှေ့ရေးကို စီစဉ်မပေးနိုင်ခဲ့လို့ စိတ်ဖြောင့်ရှာမှာ မဟုတ်ဘူးဆိုပြီး ပြောဆိုသနားနေကြ လေသည်။သူမကတော့ ဘီရိုနှစ်လုံးအပြည့် ရှိနေသော စာအုပ်များကို အမေစီစဉ်ပေးခဲ့သည့် သူမအတွက် ဘ၀အဖော်ဟုသာ ခံယူမိပါသည်။
xxxxxxxxxx
အမေ့စာအုပ်ဘီရိုကို အမေရှိစဉ်ကတော့ သူမ တန်ဖိုးမထားခဲ့မိ။ အမေက အတင်းဖတ်ခိုင်းမှသာ ပေါ်လီယာနာတို့...၊ နှလုံးသားအဟာရတို့... တစ်အုပ်စ နှစ်အုပ်စ ဖတ်ဖူးခဲ့သည်။ အမေမရှိတော့မှသာ အမေ့ကိုလွမ်းတိုင်း စာအုပ်ဘီရိုကို ဖွင့်မိတော့သည်။
ဦးနှောက်ကင်ဆာ ရောဂါကြောင့် မှတ်ဥာဏ်တဖြေးဖြေး ပျောက်သွားခဲ့ရသည့် အမေ့ဦးနှောက် အသိဥာဏ်များကို တလွှာချင်းပြန်လည်တွေ့ရှိရသလို ခံစားလာရသည်။ စာအုပ်စာရင်းရေးသည့် ကတ်ထူလယ်ဂျာရှည်ကြီးကို စလှန်လိုက်သည်နှင့် ရင်ထဲတွင် ဒိန်းကနဲဖြစ်သွားရသည်။ အမေ့လက်ရေး ၀ိုင်းစက်စက်နှင့်...' သမီးအတွက် အမေပေးချင်တဲ့ အမွေ '...တဲ့။
သည်စာအုပ်များသည် သူမ၏ လက်ကျန်ဘ၀ခရီးအတွက် အဖော်ကောင်းပမာ အမေက စီစဉ်ပေးသွားခဲ့သည်ပဲ။
အမေ့အစီအစဉ်ကို လိုက်နာနေကျ အစ်မများ၏ လမ်းစဉ်အတိုင်း သူမကလည်း အမေ့စာအုပ်များကို လေ့လာဖတ်ရှုရင်း ကျန်ရှိနေသော ဘ၀ အခက်အခဲများကို အားတင်းကျော်လွှားနိုင်ရမည်ပေါ့။
သို့ပေမယ့် စာအုပ်စာရင်းမှ အမေနောက်ဆုံး ၀ယ်ယူထားသော စာအုပ်များကို မြင်လိုက်ရသည့်ခဏမှာတော့ သူမ သွေးရူးသွေးတန်းနှင့် စာအုပ်ဝယ်ယူသည့်ရက်စွဲကို အမြန်လှန်ဖတ်မိတော့သည်။ သူမတစ်ယောက်တည်း အားငယ်စိုးရိမ်နေခဲ့ရသော နေ့ရက်များ...။
စာအုပ်များက ခုခံအားကျဆင်းသော ရောဂါသည်များ၏ လက္ခဏာများ၊ အားပေးပြုစုနည်းများ၊ နောက်ဆုံးပေါ် ဆေးများအကြောင်း...။
အမေ ဘာတွေများ သိသွားခဲ့သေးလဲ။ ဘယ်လောက်များ ကြေကွဲခဲ့ရမလဲ။ ဘယ်လိုများ ဟန်ဆောင်နေခဲ့သလဲ။
သူမ တွေးပင် တွေးမကြည့်ရဲတော့ပါ။
သူမက မည်သည့် အကြပ်အတည်းပဲဖြစ်ဖြစ် ထွက်ပေါက်တစ်ခုတော့ ရှိလိမ့်မည်ဟု ယုံကြည်ခဲ့ဖူးလေသည်။
xxxxxxxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်)
February, 2009...Beauty Magazine

နှစ်သစ်မင်္ဂလာ ဆုမွန်လွှာ



ချစ်မိတ်ဆွေ စာဖတ်ပရိသတ်များ အားလုံး...
မင်္ဂလာနှစ်သစ်မှာ မင်္ဂလာတရားတော်နှင့်အညီ
မင်္ဂလာရှိစွာ ကြံစည်ပြောဆိုနေထိုင်ရင်း မင်္ဂလာယူနိုင်ကြပါစေရှင်...။
ဒီနေရာမှာ...ဒီလိုဆုတောင်းနေရုံနဲ့ မပြီးသေးဘူးဆိုတာ
ကျွန်မရော စာဖတ်ပရိသတ်ကြီးကရော သိကြပါတယ်နော်...။
ကျွန်မချစ်တဲ့ စာဖတ်ပရိသတ်ကြီးကို နှုတ်ဖျားကနေ ဆုတောင်းပေးရုံနဲ့ အားမရနိုင်တဲ့အတွက်
မင်္ဂလာတရားတော်နဲ့ ညီမညီ စီစစ်လေ့လာနိုင်ဖို့
ကျွန်မဖတ်ခဲ့ဖူးတဲ့ (၃၈)ဖြာ မင်္ဂလာတရားတော်ကို မျှဝေပြီး ကုသိုလ်ယူချင်ပါတယ်။


ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့  နတ်လူအများလိုက်နာကျင့်သုံးအပ်တဲ့
( ၃၈ ) ပါးသော မင်္ဂလာတရားတော်တွေကတော့.....

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ( ၃ ) ပါး
----------------------------------------------

        လူမိုက်ကို ဝေးစွာ ရှောင်ကြဉ်ခြင်း ၊
ပညာရှိကို ဆည်းကပ် ပေါင်းသင်းခြင်း ၊
ရိုသေပူဇော် ထိုက်သောသူကို ရိုသေပူဇော်ခြင်း



နေထိုင်ရေး မင်္ဂလာ ( ၃ ) ပါး
---------------------------------

        သင့်တင့်လျှောက်ပတ်သည့် အရပ်၌နေထိုင်ခြင်း ၊
ရှေးဘဝက ပြုခဲ့သည့် ကုသိုလ်ကောင်းမှုရှိုခြင်း ၊
လမ်းကောင်းလမ်းမြတ်၌ စိတ်နှလုံးကို မြဲမြံတည်တံ့စွာ ထားခြင်း



သင်ကြား၊ ဆည်းပူးရေး မင်္ဂလာ ( ၄ ) ပါး
----------------------------------------------

       ပညာဗဟုသုတကို လေ့လာရှာမှီးခြင်း ၊
အသက်မွေးဝမ်းကျောင်း အတတ်ကို သင်ကြားခြင်း၊
လူ့ကျင့်ဝတ်များကို ဆည်းပူးခြင်း ၊
အပြောအဆို၌ ချိုသာယဉ်ကျေးခြင်း


ပြုစုရေး မင်္ဂလာ ( ၃ ) ပါး
----------------------------

        မိဘကို လုပ်ကျွေးပြုစုခြင်း ၊
သားမယား စသည်တို့ကို ကြည့်ရှုစောင့်ရှောက်ခြင်း၊
အနှောင့်အယှက်ကင်းသည့် အလုပ်ကိုလုပ်ကိုင်ခြင်း ၊


လိုက်နာကျင့်သုံးရေး မင်္ဂလာ ( ၄ ) ပါး
-------------------------------------------

        ပေးကမ်း လှူဒါန်းခြင်း ၊
တရားဓမ္မကို ကျင့်သုံးခြင်း ၊
ဆွေမျိုး ဉာတိကို  ချီးမြှောက်ထောက်ပံ့ခြင်း ၊
အပြစ်ကင်းသည့် အမှုကို ပြုရခြင်း ၊


ရှောင်ကြဉ်ရေး မင်္ဂလာ ( ၄ ) ပါး
------------------------------------

        မကောင်းမှုကို အဝေးမှရှောင်ကြဉ်ခြင်း၊
တွေ့ကြုံလာသော်လည်း ကိုယ်နှုတ်ဖြင့် မလွန်ကျူးမိအောင် အထူးအားဖြင့် စောင့်စည်းခြင်း ၊
အရက်သေစာ သောက်စားမှုကို ရှောင်ကြဉ်ခြင်း ၊
ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း၊


စိတ်ထားမှန်ရေး မင်္ဂလာ ( ၅ ) ပါး
------------------------------------

        ရိုသေထိုက်သူကို ရိုသေခြင်း၊
မိမိကိုယ်ကို နှိမ့်ချခြင်း၊
လောဘ အပိုမလိုက်ဘဲ ရောင့်ရဲလွယ်ခြင်း၊
သူ့ကျေးဇူးကို သိတတ်ခြင်း၊
အခါအခွင့်အားလျှော်စွာ တရားဓမ္မအကြောင်းကို နာကြားခြင်း၊


သည်းခံရေး မင်္ဂလာ ( ၄ ) ပါး
--------------------------------

        သည်းခံနိုင်စွမ်း ရှိခြင်း၊
ဆိုဆုံးမရာတွင် လွယ်ကူစွာ နာခံခြင်း၊
သူတော်ကောင်း သူမြတ်ကောင်းတို့နှင့် တွေ့ဆုံခြင်း ၊
အခါအခွင့်အားလျှော်စွာ တရားဓမ္မ အကြောင်းကို ဆွေးနွေးပြောကြားခြင်း ၊


ခြိုးခြံရေး မင်္ဂလာ ( ၄ ) ပါး
-----------------------------

        ခြိုးခြံချွေတာခြင်း ၊
မေထုန်ရှောင်ကြဉ်၍ မြတ်သောအကျင့်ကို ကျင့်သုံးခြင်း ၊
သစ္စာလေးပါး တရားကို သိမြင်ခြင်း ၊
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ၊


စိတ်ထားခိုင်ခံ့ရေး မင်္ဂလာ ( ၄ ) ပါး
----------------------------------------

        လောကဓံတရားနှင့် တွေ့ရ ကြုံရသောအခါ စိတ်ဓါတ် မတုန်လှုပ်ခြင်း၊
စိုးရိမ်ကြောင့်ကြကင်းခြင်း၊
ကိလေသာ မြူကင်းစင်ခြင်း၊
ဘေးဘယာတို့မှ ကင်းဝေးခြင်း ၊
တို့ ဖြစ်ကြပါတယ်။



ကျန်ခဲ့တဲ့ နှစ်တွေမှာ အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေထဲက
ဘယ်နှစ်ချက်နဲ့ ကိုက်ညီအောင် ကျွန်မတို့တတွေ ကျင့်ကြံနေထိုင်ခဲ့ပြီးပြီလဲဆိုတာ
ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ကြည့်ရအောင်လားနော်။

“မင်္ဂလာပါ... ”  “မင်္ဂလာရှိပါစေ...” လို့ ဆုတောင်းနေရုံနဲ့တော့
သောတအာရုံမှာသာ မင်္ဂလာရှိမှာပါ။


လောကအလယ်မှာ ကိုယ်ကိုယ်တိုင် မင်္ဂလာရှိဖို့နဲ့
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မိသားစု၊
မင်္ဂလာအပေါင်းနဲ့ ထယ်ဝါကျက်သရေရှိတဲ့တိုင်းပြည်ကို ထူထောင်နိုင်ဖို့ကတော့
မင်္ဂလာရှိစေသော အတွေးအခေါ် အကြံအစည်များကို တွေးခေါ် ကြံစည်ကြရပါမယ်။
မင်္ဂလာရှိသော စကားများနဲ့လည်း ပြောဆို ဆွေးနွေးနိုင်ရပါမယ်။
မင်္ဂလာရှိသော အလုပ်အကိုင်များကိုလည်း  ရွေးချယ်ဆောင်ရွက်ကြရပါမယ်။

လူသားအားလုံး ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးစုံညီအောင်
မင်္ဂလာတရားတော်နဲ့အညီ ကျင့်ကြံနိုင်မှလည်း
တစ်လောကလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံလာနိုင်မှာပါ။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်မတို့အနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့
အဆုံးအမအလုံးစုံကို မလိုက်နာနိုင်ခဲ့ရင်တောင်မှ
အတတ်နိုင်ဆုံး ကျြိုးစား ဖြည့်ကျင့်သင့်လှတယ် မဟုတ်ပါလားရှင်။

ဒါကြောင့်မို့ ကျွန်မတို့အားလုံး  ပြည့်စုံပြီးသား မင်္ဂလာတရားတော်များကို
ဆက်လက်စောင့်ထိန်းပြီး၊ မပြည့်စုံသေးတဲ့ မင်္ဂလာတရားတော်များကိုလည်း
ဖြည့်ဆည်းလိုက်နာနိုင်အောင် ကြိုးစားရင်း....
နှစ်သစ်ကို မင်္ဂလာရှိရှိ ကြိုဆိုကြရအောင်လားနော်...။




ခင်မင်လေးစားစွာဖြင့်...
ဝေ(စီးပွားရေးတက္ကသိုလ်)




အဝေးရောက်...


       
      ဒီနေ့မနက်က နှင်းတွေ အရမ်းဝေတယ်မောင်။
      စောစောကြီးကဆို ကိုယ့်ရဲ့ရှေ့တစ်လံသာသာက လူကိုတောင် သဲသဲကွဲကွဲမမှတ်မိနိုင်ဘူးဆိုရင် ပိုတယ်လို့ မောင်ထင်မလားဘဲ။
      ကြည့်စမ်းပါဦး။ ဟောဟို ခပ်လှမ်းလှမ်းက တောင်တန်းပြာပြာကြီးတွေမှာ မြူခိုးတွေဝေ့၀ဲအုပ်ဆိုင်းလို့...၊
တောင်ထိပ်တစ်ဝိုက်မှာက ရေခဲစီးကြောင်းဖြူဖြူကြီးတွေကို နေရာအနှံ့မြင်နေရတာ ဘယ်လောက် သာယာလိုက်တဲ့ ရှုခင်းလဲကွယ်။
 ဘယ်ဘက်ကိုပဲ မျှော်ကြည့်လိုက် ကြည့်လိုက် တောင်တန်းပြာပြာတွေရယ်...၊ တောင်ယာစိမ်းစိမ်းတွေရယ်..၊
တောင်ခြေနားက မီးခိုးတလူလူ အူထွက်နေတတ်တဲ့ ယာစောင့်တဲ ရေးရေးလေးရယ်...၊ မြို့နံဘေးက
ကွေ့ဝိုက်စီးဆင်းနေတဲ့ မြစ်ရေကြည်ကြည်လေးရယ်....။
 ဒီလောက် နေချင်စဖွယ် သာယာအေးချမ်းတဲ့ မြို့လေးကို ရောက်လာရတာ... သိတ်ကို ကျေနပ်စရာပါပဲလေ။
မနက် ဆယ်နာရီကျော်နေပေမယ့် နှင်းက ကုန်စင်အောင် မကွဲချင်သေးဘူး။ ဟိုတစ်စု ဒီတစ်စုနဲ့ မှုန်မှုန် မှိုင်းမှိုင်း ရှိတုန်းပဲ။ နေရောင်ကိုမြင်ရဖို့ဆိုတာကတော့ ဝေလာဝေးပေါ့။ ဒီလို တောင်ပေါ်မြို့တွေ မှာ ဆောင်းရက်တွေဆိုတာ နေမမြင်ရတာက ခပ်များများပဲလေ။
လူတစ်ကိုယ်လုံး မြင်မကောင်းအောင် အနွေးထည်တွေ အထပ်ထပ်ဝတ်ထားတဲ့ကြားကတောင် ချမ်းစိမ့်မှု က ပြေပျောက်မသွားနိုင်ဘူး။ ရန်ကုန်သူအဖို့ တောင်ပေါ်ဆောင်းဟာ စောင်ထူထူ ဘယ်လောက်ခြုံခြုံ၊ မီးလင်းဖို နားဘယ်လောက်ကပ်ကပ်၊ အနွေးဓာတ် မလုံလောက်ပါဘူး။
    ချမ်းတတ်လွန်းတဲ့ ပန်းနုလို နုဖတ်ဖတ် မိန်းကလေးအဖို့မှာတော့... ခုလောက် ခံနိုင်ရည်ရှိဖို့တောင် အင်မတန်မှ ကြိုးစားခဲ့ရတယ်ဆိုတာ... ဘယ်သူမှ သိမှာမဟုတ်ပါဘူး။
     တကယ်လို့များ...မောင်သာ မေတ္တာရင်ငွေ့နဲ့ ထွေးထားနိုင်ခဲ့ရင်တော့......
     “ ကျွန်မအတွက် မောင်သာမရှိတော့ရင် ကျွန်မဘ၀ သေဆုံးသွားမှာပါ..” လို့ တဖွဖွပြောပြီး ခဏခဏ ပူပန်တတ်ခဲ့သူ၊ အားငယ်တတ်တဲ့ ကျွန်မ...။
     ခုတော့ ကျွန်မ မသေသေးပါလား မောင်ရယ်။ ကျွန်မဘေးနားမှာ မောင်လည်း ရှိမနေပါဘူး။ မောင်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ သိတ်ချမ်းအေးတဲ့ မြို့လေးတစ်မြို့မှာ ... အသက်ရှင် ကျန်းမာစွာ၊ တာဝန်ကျေပွန် သွက်လက်စွာ ကျွန်မရှိနေတယ်ဆိုတာသိရင် မောင် အံ့သြသွားမှာလားဟင်။
xxxxxxxx
 အိမ်ဘေး ထင်းရှူးပင်ထိပ်ဖျားကနေ လေအဝှေ့မှာ တစ်ခါတစ်ခါ ကျလာတတ်တဲ့ နှင်းရည်စက်လေးတွေ ကို နှစ်လိုဖွယ် မြင်နေရတယ်မောင်။
 ဒီအရပ်မှာကျတဲ့နှင်းဟာ မိုးမှုန်လေးတွေလိုပဲ။ သိပ်သိပ်သည်းသည်းကျတဲ့ နေ့ဆိုရင် နှင်းစက်ကျသံတွေ ကိုတောင် ဟိုမှသည်မှ ကြားရတတ်သေးတယ်လေ။
     ခုချိန်ဆိုရင် မောင်တစ်ယောက်ကတော့ စပို့ရှပ်လက်စကလေးနဲ့ နွေးနွေးထွေးထွေး ရှိနေမှာပါ။ အနွေးဓာတ် အလုံအလောက်ရှိနေမယ့် စတိုးဆိုင်ကြီးတစ်ခု အပေါ်ထပ်က မောင့်ရုံးခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မောင်ထိုင်တတ်တဲ့ နေရောင်အောက်က လက်ဖက်ရည်ဆိုင်လေးထဲမှာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်မနဲ့မောင် ဘယ်လိုလုပ် တူနိုင်ပါ့မလဲကွယ်။ မောင်ခံစားတည်ရှိနေရတာက ရန်ကုန်ဆောင်းပဲ မဟုတ်လား။
     “ ရန်ကုန်ဆောင်းက မအေးလှပါဘူးကွာ။ အိပ်ပုပ်ကြီးတဲ့ လူပျင်းတွေကိုသာ သိကြားမင်းက ဒဏ်ခတ်ပြီး ကွက်ချမ်းနေတာ..” လို့ အချမ်းပိုတတ်တဲ့ ၊ အိပ်ရာထနောက်ကျတတ်တဲ့ ကျွန်မကို မောင်က အဆက်အစပ်မရှိတာ၊ အဓိပ္ပါယ်မရှိတာ၊ ဘာညာမတွေးဘဲ သူလိုရာဆွဲပြောပြီး မခံချင်အောင် အမြဲ နောက်ပြောင်တတ်ခဲ့သေးတယ်နော်။
     အဲလို မောင်စတိုင်းလည်း ကျွန်မက စိတ်ဆိုးချင်ဟန်ဆောင်ပြီး ၀တ်နေကျ မောင့်လက်ဆောင် ဂျာကင်လေးကို ဆွဲချွတ်ပစ်လိုက်တာပဲ။ ဒါဆို မောင်က တဟားဟားနဲ့ အော်ရယ်ပြီး...
    “ ဟန်မဆောင်တတ်ဘဲနဲ့များ ဟန်မဆောင်ချင်စမ်းပါနဲ့ မဒေါသလေးရယ်...”  ဆိုပြီး အင်္ကျီကို ပြန်ဝတ်ပေးတတ်တယ်။
     တစ်ခါတစ်လေဆို မောင်နဲ့ကျွန်မ အင်းလျားကန်ဘောင်ပေါ်မှာ လမ်းလျှောက်ကြသေးတယ်။ သိတ်ချမ်းတတ်တဲ့ ကျွန်မက နှင်းတွေမြူငွေ့တွေကြားမှာ လမ်းလျှောက်ရတာကို အလွန်သဘော ကျကြောင်း ပြောတော့ မောင်က အံ့သြစရာလည်း မဟုတ်ဘဲနဲ့ အံ့သြသလို အမူအရာ လုပ်ပြပြီး ...“ အော်... အော်..” လို့ ပါးစပ်ကရေရွတ်၊ ခေါင်းကိုလည်း တဆတ်ဆတ်ညိတ်ရင်း အမြင်ကတ် စရာကောင်းအောင် ပြောင်နောက်နေပြန်ရော။
     မောင်ဟာလေ.. သိပ်ကို သွက်လက်မြူးကြွတဲ့ လူငယ်တစ်ယောက်ပါပဲကွယ်။
xxxxxxxx

    ခုဆို.... ကျွန်မ အိပ်ရာထ နောက်မကျတော့ဘူး မောင်။
     အရာရာကို မောင်နဲ့ပတ်သက်ခဲ့စဉ်တုန်းကနဲ့ လုံးဝခြားနားချင်လို့ တမင် ပြောင်းလဲစေခဲ့တာတော့ မဟုတ်ပါဘူးကွယ်။ ကျွန်မတို့ တောင်ပေါ်မြို့ကလေးရဲ့ မနက်ခင်း  ကြည်နူးစရာလေးတွေကို စွဲမက်လွန်းလို့ပါ။
     မနက်စောစော မိုးလင်းစဆိုရင် သာယာတဲ့ ငှက်သံလေးတွေကို အနီးကပ်ကြားရတတ်တယ်လေ။ ရန်ကုန်မှာတုန်းကလို ကားသံ၊ လူသံ၊ ကြော်လှော်သံတွေနဲ့ အလန့်တကြား နိုးထလာရတာမျိုးမဟုတ်ဘဲ အစာရှာထွက်ခါစ ငှက်ကလေးတွေရဲ့ သာယာသံမျိုးစုံနဲ့ နိုးထလာရတာ ဘယ်လောက် ချမ်းမြေ့စရာကောင်း လိုက်သလဲ မောင်ရယ်။ မြို့တွေမှာ မကြားရဖူးတဲ့ ( ဘာငှက်တွေမှန်းတော့ မသိဘူးမောင်) ငှက်သံလေးတွေ ဟာ စိတ်အစဉ်မှာ ညွတ်နူးပျော်ဝင်ရင်း တသိမ့်သိမ့် ကြည်နူးပီတိဖြစ်ရတယ်။
  ကျွန်မနဲ့ ဒေါ်လေးမေတို့ နှစ်ယောက်တည်းနေတဲ့ အိမ်သေးသေးလေးရဲ့ ဘေးက ထင်းရှူးပင်ပေါ်မှာပဲ ဖြစ်ဖြစ်၊ ခြံဝင်းလေးရဲ့ ရှေ့ခပ်လှမ်းလှမ်းက ချယ်ရီပင်ကြီးပေါ်မှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်.. အိမ်ဝင်းရှေ့ လူသွားလမ်းလေးတစ်ခုပဲခြားတဲ့ မြစ်ဆိပ်ချောက်ကမ်းပါးထိပ်က ၀ါးရုံတွေထဲမှာပဲဖြစ်ဖြစ် ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် အနည်းဆုံး ငှက်တစ်ကောင်ကတော့ ရှိနေစမြဲပဲ မောင်။
    ငှက်တွေပေါလွန်းလို့ ဘာငှက်တွေမှန်းလည်း ကျွန်မ မမှတ်မိ၊ မခွဲခြားတတ်တော့ဘူး။ ဆူညံ အော်ဟစ် ပျံသန်းနေတဲ့ ငှက်ကလေးတွေမြင်ရင် ကျွန်မ သဘောတကျ ငေးမောနေတတ်ခဲ့တယ်။ တစ်ခါတစ်လေ တစ်ကောင်တည်း အဖော်ကွဲလာသယောင် သစ်ပင်တွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ နားနေတတ်တဲ့ ငှက်လေးတွေကိုမြင်ရင်တော့ ကျွန်မလည်း ကြေကွဲစွာ မောင့်ကို တမ်းတမိလာတယ်လေ။
     ဘာပဲဖြစ်ဖြစ်...တကယ်တော့ ကျွန်မ မောင့်ကို ချစ်ဆဲပါကွယ်။
   ကျွန်မကိုယ်ကျွန်မ လိမ်ညာထားခဲ့မိတာပါ။ အို...ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ ထိန်းချုပ်ထားခဲ့တာလို့ ပြောမှမှန်မှာ...။
     ဟုတ်တယ်။ မောင့်ကို မုန်းလိုက်ပြီလို့ ဘယ်သူ့ကိုမှ ကျွန်မ မပြောခဲ့ဖူးသလို၊ မောင့်ကို မုန်းတယ်လို့လည်း တစ်ခါမှ ကျွန်မ တွေးမနေခဲ့ဘူး။ တကယ်တော့ ကျွန်မဘ၀မှာ မောင်ဆိုတဲ့ ချစ်သူယောကျာ်း တစ်ယောက်ကိုသာ အချစ်ခဲ့ဆုံး၊ အတွယ်တာခဲ့ဆုံး၊ တန်ဖိုးအထားခဲ့ဆုံး၊ အထင်ကြီးလေးစားခဲ့ဆုံး၊ ယုံကြည်အားကိုးခဲ့ဆုံး၊ ပြီးတော့... အပိုင်ဆိုင်ချင်ခဲ့ဆုံးပါပဲ မောင်ရယ်။
xxxxxxxxx
     ကျွန်မ သိပ်ကို အံ့သြတုန်လှုပ်ခဲ့ရတယ် မောင်။
  ဘယ်တုန်းကမှ မတွေးကြည့်ခဲ့ဖူးတဲ့ အခြေအနေဆိုးဟာ မထင်မှတ်တဲ့ အချိန်တစ်ခုမှာ ကျွန်မရင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လာလိမ့်မယ်လို့ ကျွန်မ သံသယ မရှိခဲ့ဖူးဘူး။
     မောင်နဲ့ကျွန်မ လမ်းခွဲဖို့ ဖြစ်လာခဲ့ရတယ်နော်။
    လမ်းစခွဲသူက ကျွန်မလို့ မောင်က စွပ်စွဲနေဦးမှာ...။
     အမှန်တော့လည်း မောင်က ထားရစ်ခဲ့တာမဟုတ်ဘဲနဲ့ ကျွန်မက နေရစ်ခဲ့မိတာပါလေ။
ဒါပေမယ့် လျှောက်လက်စလမ်းကနေ လမ်းသစ်ခွဲထွင် လျှောက်ရင်း ထွက်သွားခဲ့သူကတော့ မောင်ပါပဲ။ ဒါကိုတော့ မောင်ဝန်ခံရလိမ့်မယ် မောင်။
     မဟုတ်လို့လားလေ။
     မောင်နဲ့ကျွန်မ စိတ်တူကိုယ်တူ တည်ထောင်မယ် ဆုံးဖြတ်ထားတဲ့ အိမ်ထောင်စုလေးတစ်ခုအတွက်
နှစ်ယောက်စလုံး ကြိုးစားရင်း နီးစပ်လာချိန်မှာ မောင်ဘာလို့များ ကျွန်မ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ရတာလဲ။
     မသိလို့ မှားမိတာပါလား ဆိုပြီး အပြစ်မယူရက်နိုင်လောက်တဲ့ အခြေအနေမှာလည်း မောင်ရှိမနေခဲ့ဘူး။ ကျွန်မ ခွင့်မလွှတ်တတ်တဲ့ အပြစ်မှန်း သိသိကြီးနဲ့ မောင်မှားယွင်းခဲ့တာပဲ မဟုတ်လား။
     ကျွန်မစိတ်ဓါတ်ကိုလည်း မောင်အသိဆုံးပါ။
     ကျွန်မဟာ အမှတ်သည်းခြေကြီးတတ်သူ၊ စိတ်ကြီးတတ်သူ၊ ကလဲ့စားချေတတ်တဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါဘူးကွယ်။ အထူးသဖြင့် မောင့်အပေါ်မှာဆို စာနာတတ်၊ နားလည်တတ်၊ ခွင့်လွှတ်ကြည်ဖြူ တတ်ဆုံးဆိုတာ မောင်အသိဆုံးပါ။
     မောင် ရည်းစားတွေ အများကြီးထားပြီး ရှုပ်ပွေနေတယ်ဆိုရင်တောင်မှ ကျွန်မ အောင့်သက်သက်နဲ့ ခွင့်လွှတ်နေမိဦးမလား မသိဘူး။
     မောင့်ကို စွန့်လွှတ်ဖို့ဆိုတာ ကျွန်မ တစ်ခါမှ ရင်ဆိုင်ဖို့ မတွေးဝံ့တဲ့ ကိစ္စပဲလေ။
     ကျွန်မ မောင့်ကို သိပ်ချစ်ပါတယ်။
     ဒါပေမယ့် မောင်ရယ်.. ကျွန်မဟာ အစွဲအလန်းကြီးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
xxxxxxxxx

     ကျွန်မ မောင့်ကို ပြောပြဖူးတယ်မဟုတ်လား မောင်။
     လူမှုရေးဖောက်ပြန်တာတွေကို ကျွန်မ သိတ်မုန်း၊ သိတ်ကြောက်တယ် ဆိုတဲ့ အကြောင်းလေ။
     ကျွန်မရဲ့ ငယ်ဘ၀ရာဇ၀င်မှာ ဒီလူမှုဖောက်ပြန်မှုတွေကြောင့် အဆုံးစွန်ထိ ဆုံးရှုံးခါးသီးခဲ့ဖူးတယ်။ အဖြစ်အပျက်အားလုံးဟာ ကျွန်မအတွက် ဘယ်လိုမှ ပြင်ဆင်ပြောင်းလဲလို့မရမယ့် တစ်ယူသန် ကြောက်ရွံ့စိတ် ကို ဖြစ်စေခဲ့တယ်ဆိုတာ မောင်လည်း သိသားနဲ့ကွယ်။ မိသားစုတစ်ခုရဲ့ ဘ၀ပျက်တဲ့ ငရဲခန်းတွေကို ခုထက်ထိ စက်ဆုပ်စွာ နာကြည်းနေဆဲပါ မောင်။
     ဘ၀မှာ... ကြည်ညိုလေးစား အားကိုးချစ်ခင်ခဲ့ဆုံးပါလားလို့ ပြန်ပြီး ဆက်စပ်တွေးကြည့်မိတိုင်း သိတ်ကြေကွဲစရာကောင်းတဲ့ ဖေဖေ့မျက်နှာ၊ အိမ်ပေါ်ကို ဖေဖေနဲ့အတူ အရှက်ကင်းမဲ့စွာ မျက်နှာ ပြောင်တိုက် လိုက်လာရဲတဲ့၊ ကျွန်မတို့မိသားစု သာယာချမ်းမြေ့မှုတွေကိုယုတ်မာစွာ ပြုစားရက်ခဲ့တဲ့ ဖေဖေ့နောက်မိန်းမ၊ အံကို တင်းတင်းကြိတ်ရင်း မနည်းကြီးချုပ်တည်းထားပုံရတဲ့ မောင်လေးရဲ့မျက်နှာ၊ သဘောထားပြည့်ဝစွာ မချိတဲ့ ခွင့်လွှတ်ပြုံးတွေနဲ့ အားလုံးကို စိတ်လျှော့ကြေကွဲနေတတ်တဲ့ မေမေ့မျက်နှာ...။
     မကြည့်ရက်ခဲ့ဘူး မောင်ရယ်။
     ကျွန်မ မေမေ့မျက်နှာကို မကြည့်ရက်ခဲ့ဘူး။ နှလုံးရောဂါကြောင့် အိပ်ရာထဲက လုံးလုံးမထနိုင်တော့တဲ့
မေမေ့အသည်းနှလုံးတွေဟာ ငယ်ချစ်ဦး ဖေဖေ့ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေမှာ ဘယ်လောက်များ အလူးအလိမ့် ကြေကွဲနေရှာမလဲကွယ်။
      မေမေတို့ ဆုံးတဲ့နေ့ကဆိုရင်....
     အို... ကျွန်မအတွက် ဘယ်လိုမှ မေ့မရနိုင်တဲ့ အခြောက်လှန့်ခဲ့ဆုံး အဖြစ်တွေပါမောင်ရယ်။
      ဖေဖေက သူ့မိန်းမငယ်ရဲ့ တောင်းဆိုမှုကြောင့် မေမေ့ဘီရိုထဲက စိန်လက်ကောက်ကို ခဏငှားတယ်။ ဧည့်ခံပွဲတစ်ခုအတွက်တဲ့။
     မိဘအမွေအနှစ်ဆိုတော့ မေမေက အထိမခံချင်ဘူး ဒီကိစ္စနဲ့ အခြေအတင်ဖြစ်ရင်း ဖေဖေက မေမေ့ကို ဆွဲလားလွဲလား လုပ်နေတုန်းမှာပဲ အရက်သောက်ပြီး ပြန်လာတဲ့ ကျွန်မရဲ့ မောင်လေး ရောက်လာ ခဲ့တယ်လေ။
      အဲဒါဟာ ကျွန်မတို့မိသားစုအတွက် အဆုံးစွန်ဆုံး ကံကြမ္မာဆိုးပါပဲကွယ်။
     မောင်လေးဟာ အခြေအနေကို ဘာမှမမေးဘဲ အမေ့ကို သနားလွန်းတာရော၊ အရင်က မကျေနပ်မှုတွေ ချုပ်တည်းခဲ့ရတာရော၊ အရက်ရှိန်ရောပေါင်းပြီး ဖေဖေနဲ့ မိထွေးကို နပန်းဝင်လုံးတော့တယ်။
  အချိန်ခဏလေးအတွင်းမှာ အဖြစ်အပျက်ဆိုးတွေဟာ ဒီလောက်မြန်မြန်ကြီး ဆင့်ကဲဆင့်ကဲ ဖြစ်သွားမယ်လို့ ကျွန်မ မယုံကြည်နိုင်အောင်ပါပဲ။
လုံးထွေးရွေ့လျားရင်း ၀ရန်တာရောက်လာပြီး ဘေးဘက်ကနေ အရှိန်လွန်ပြုတ်အကျမှာ အောက်တည့်တည့် က ကျောက်ရေစည်နဲ့ ရိုက်မိတာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့ ပထမဆုံးရှုံးမှုက ကျွန်မဖေဖေ။
     အဖြစ်အပျက်အားလုံးအပြီးမှာ သွားကြည့်တော့ အိပ်ရာပေါ်မှာ အေးစက်စပြုနေပြီဖြစ်တဲ့ ဒုတိယဆုံးရှုံးမှုက ကျွန်မမေမေ။
     တတိယဆုံးရှုံးမှုကတော့ ခြေဦးတည့်ရာထွက်ပြေးပြီး ခုထိ ပြန်မလာတော့တဲ့ ၀ရမ်းပြေး ကျွန်မမောင်လေးပေါ့ မောင်ရယ်။
     ကျွန်မ မုန်းခဲ့တယ် မောင်။
     လူမှုဖောက်ပြန်မှု၊ သွေးသားဖောက်ပြန်မှုတွေကို ကျွန်မ သိတ်မုန်းခဲ့တယ်။ ဒါပေမယ့် ကျွန်မ ယောက်ျားတွေကို အထင်သေးတယ်လို့ ၀ါးလုံးရှည်နဲ့ မရမ်းခဲ့ပါဘူးကွယ်။
      အဲဒီနောက်ပိုင်း မေမေ့ညီမ အပျိုကြီး ဒေါ်လေးမေနဲ့ အတူနေရင်း ကျွန်မဘ၀ကို တည်ငြိမ်အောင် ကျွန်မ သိပ်ကြိုးစားခဲ့ရပါတယ်။ တရားရိပ်ကို အဓိဌာန်ရက် အကြာကြီး ၀င်ခဲ့ဖူးတယ်။ စိတ်ဓါတ်ရေးရာစာအုပ်တွေ အများကြီး ဖတ်ပြီး စိတ်တင်းထားခဲ့ရတယ်။
     ဘာပဲဖြစ်ဖြစ် ကျွန်မ ရင်ထဲမှာတော့ တစ်ယူသန်စိတ်လေးတစ်ခု စွဲထင်ခဲ့ရတယ်။ ဒါဟာ... လူမှုဖောက်ပြန်တတ်သူတွေကို ခွင့်မလွှတ်နိုင်တဲ့ စိတ်ပါပဲ မောင်ရယ်။
      မောင်လည်း မသိတာမှ မဟုတ်ဘဲကွယ်။
      ကျွန်မအကြောင်းတွေကို မောင် အတွင်းကျကျ သိထားတာပဲ။ မောင်နဲ့ကျွန်မ မေတ္တာမျှခဲ့ကြတာ အချစ်တစ်ခုတည်းမှ မဟုတ်ဘဲ မောင်။ ကျွန်မအပေါ်မှာ မောင် သိတ်နားလည်တတ် ခဲ့တယ်။ မောင့်အပေါ်မှာလည်း ကျွန်မ ကြင်နာ လိုက်လျောနိုင်ခဲ့တယ်။
      ကျွန်မ ကိုယ်ရည်သွေးတာတော့ မဟုတ်ပါဘူးမောင်။ ကျွန်မရဲ့ စိတ်နေစိတ်ထားမှန်တာကို မောင် သဘောကျ မြတ်နိုးခဲ့တာပဲ မဟုတ်လား။ ကျွန်မကလည်း မောင့်သိက္ခာ၊ ကိုယ်ကျင့်တရား မှန်ကန်မှုကို သိတ်တန်ဖိုးထား လေးစားမိခဲ့တယ်လေ။
     မောင်ဟာ ကျွန်မရဲ့ အားနည်းချက်ကိုလည်း သိလျက်နဲ့ လုပ်ရက်ခဲ့တယ်နော်။
ကျွန်မ မယုံကြည်နိုင်လောက်အောင်ကို အံ့သြတုန်လှုပ်ခဲ့ရပါတယ် မောင်။
xxxxxxxxx

     တကယ်တော့ မောင့်ကို ကျွန်မ စွန့်ခွာရဲခဲ့တာ သတ္တိရှိလွန်းလို့တော့ မထင်လိုက်နဲ့မောင်။
ကျွန်မ သတ္တိနည်းလို့ကို မောင်နဲ့ ဒီလောက်ဝေးအောင် လွင့်ခဲ့မိတာပေါ့ကွယ်။
     ဒီကိစ္စကို ဒီလောက်မဖြစ်သင့်ဘူးလို့ ဘယ်သူတွေကများ ကျွန်မကို အပြစ်တင်ကြမလဲ မသိဘူးနော်။
လူတစ်ယောက်မှာ အစွဲအလန်းတစ်ခုတော့ ရှိတတ်မှာပဲလေ။
     မောင် တစ်ကြိမ်တစ်ခါပဲ ချွတ်ချော်မှားယွင်းခဲ့တာမှန်း ကျွန်မသိပါတယ်။ မောင့်ကို ကျွန်မ အပြစ်မတင်ပါဘူး။ မုန်းလည်း မမုန်းဘူး။ မောင့်ကို သိတ်ချစ်ခဲ့၊ သိတ်ချစ်နေဆဲ ဆိုတာကိုတော့ မောင် အကြွင်းမဲ့ ယုံပါ။
     ဒါပေမယ့် မောင့်ကို ကျွန်မ လက်မတွဲနိုင်တော့ဘူးကွယ်။
     ကျွန်မ သိတ်ကြေကွဲသွားရတယ်။ ကျွန်မ မောင့်ကို အထင်ကြီးလို့ မရတော့ဘူး မောင်ရယ်။
     မောင့်အပြစ်ကို မောင်ဝန်ခံပြီးတဲ့နေ့ရဲ့ ညဘက်မှာပဲ မောင့်ကို ကျွန်မ စွန့်ခွာခဲ့တယ်။ မောင်မသိအောင်၊ ဘယ်သူမှလည်း မသိအောင် ဒေါ်လေးမေနဲ့ နှစ်ယောက်တည်း ရန်ကုန်မြေနဲ့ မောင့်ကို အပြီးတိုင်ဆုံးဖြတ်ပြီး ကျောခိုင်းခဲ့ရတယ်။
    မြစ်ကြီးနားမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကနေ တစ်ဆင့် မြို့လေးတစ်မြို့မြို့မှာ အလယ်တန်းပြ အလုပ်ရအောင် စောင့်ပြီး ခုလို ဒီကို  ရောက်နေတာပေါ့ကွယ်။
    အအေးသိပ်ကြောက်တဲ့ ကျွန်မဟာ ဒီဘက်ထိလွင့်လာမယ်လို့ မောင်ဘယ်လိုမှ တွေးမိမယ်မထင်ဘူး။ ဒီိလို အသိကြောင့်လည်း ကျွန်မကြောက်တဲ့ အအေးဓာတ်ကို ရင်ထဲကအပူနဲ့ တုပြိုင်စိန်ခေါ်ခဲ့တာပေါ့။
    ကျွန်မ သိနေတယ်မောင်။
    မောင်နဲ့အတူ တစ်မြို့တည်းမှာ ရှိနေရင် မောင်ကျွန်မကို မရမက တောင်းပန်နေမယ်ဆိုတာလေ။ မောင်က ဇွဲကောင်းတယ် မဟုတ်လား။ မောင့်ကို မြင်နေရရင် ကျွန်မလည်း ဘယ်လိုမှ စိတ်တင်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မောင်နဲ့ဝေးဝေးနေဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ရတယ်။
     မောင်မပါတော့တဲ့ ကျွန်မဘ၀သစ်မှာ ကျောင်းသင်ခန်းစာတွေနဲ့ ကျောင်းသားတွေအပေါ် သံယောဇဉ်မျှဝေရင်း ကျွန်မ နေပျော်အောင် ကြိုးစား အသက်ရှင်နေတယ်လေ။
     ကျွန်မဘေးမှာ မောင် ရှိမနေနိုင်တော့ပေမယ့် ကျွန်မ အသက်လည်း မဆုံးခဲ့ဘူး။
ဘ၀ကိုလည်း အရှုံးမပေးနိုင်ပါဘူး။
ပြီးတော့ မောင့်ဆီကိုလည်း ဘယ်တော့မှ ပြန်လာမယ် မဟုတ်ဘူးကွယ်....။
xxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
၁၉၉၁၊ ဇန်န၀ါရီလ...ကလျာမဂ္ဂဇင်း(၆နှစ်ပြည့်အထူးထုတ်)

သင်္ခါရ (သို့မဟုတ်)........



နှင်းဆီ....
ပွင့်နီနီ အလွှာထပ်
မြတ်နိုးအပ်ပါတဲ့ ၀တ်ဆံမှုန်
သင်းပျံ့ပျံ့ထုံ။

ဆူးခက်က၀န်းခြုံ
ပန်းရုံဝယ် ပနံတင့်ပါဘိ
လေအလာ ဘယ်ညာတိမ်းကာ
ယိမ်းနွဲ့ကခုန်။

သက်တမ်းရယ်ကုန်
ပန်းပွင့်နီ ပင်ယံကိုင်းမှာ
ညှိုးမှိုင်းကာမှုန်။

လေရူးသုန်သုန်
ပန်းရုံပေါ် ထိအနမ်း
နွမ်းနယ်နယ် ပန်းငယ်ကြွေရှာပေါ့။
ခင်ငေးကာ သံဝေဂနဲ့
ထင်ပေါ်ခဲ့ စိတ်အာရုံ
မမြဲပါ သင်္ခါရရဲ့
(အော်....)
နိမိတ်ပုံ...။


ဝေ
၁၉၉၀ခုနှစ် ( နှင်းဆီဆောင် နံရံကပ်စာစောင် ပထမဆု)

တွေဝေနှလုံးသား



      ယတိပြတ် ဆုံးဖြတ်ချက်ကြောင့် ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသယောင် ရှိသည်။ တစ်ပြိုင်နက်တည်း၌ ပို၍လေးလံသယောင်လည်း ထင်မိပြန်သည်။
      ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု အားပြိုင်မှုကြောင့် နှလုံးသားသည် ဆို့နင့်မွန်းကျပ်လျက်ရှိသည်။
   စီးနေကျ မိကျောင်းစက်ဘီးကို အိမ်ထဲမှထုတ်နေချိန်မှာပင် မိမိစိတ်သည် တွေဝေနေမှန်း သတိထား မိသည်။  ခြေနင်းခုံပေါ်မှ ခြေထောက်အစုံသည် တာဝန်ကျေပွန်စွာ စည်းချက်မှန်မှန် လှုပ်ရှားနေကြသော် လည်း စိတ်အစဉ်သည် ခြေနင်းပေါ်တွင် မရှိချေ။
      စက်ဘီးလက်ကိုင်ပေါ်တွင်လည်း မရှိ။ ယာဉ်မျိုးစုံ၊ လူမျိုးစုံ ဥဒဟိုသွားလာနေသော လမ်းမပေါ်တွင်လည်း မရှိခဲ့ပါချေ။
      အိမ်မှထွက်မလာခင်ကပင် ကျွန်မ၏စိတ်အစဉ်သည် အသည်းနင့်အောင်ချစ်ရသော...
“သူ” ၏ရက်စက်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ နှမြောခြင်း၊ ကြေကွဲခြင်းများအလယ်တွင် တ၀ဲဝဲနှင့် ရှိနေခဲ့သည်။
      အခုမှ မဟုတ်ပါဘူးလေ။ ပူလောင်ကျွမ်းမြေ့မတတ် ခံစားချက်တွေနဲ့ ဒီသောကတွေကို ကျွန်မ မျိုသိပ်ခံစားခဲ့ရတာ တစ်ပတ်တိတိရှိခဲ့ပြီပဲ။
      ထိုတစ်ပတ်မျှကာလသည် ပူဆွေးရသူ ကျွန်မအဖို့ ကမ္ဘာနှင့်ချီကာ ရှည်ကြာသည်ဟု ထင်နေမိသည်။
တကယ်တော့... ဒီလောက်ကြာကြာ ကြိတ်မှိတ်ခံစားနေတာမျိုး ကျွန်မဘ၀၌ မရှိခဲ့ဖူးပေ။
ပြဿနာကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်သည် မဟုတ်လား။
     ကျွန်မကိုယ်၌ကလည်း နဂိုဗီဇကပင် ပွင့်လင်းတတ်သူ၊ မျိုသိပ်မထားတတ်သူ တစ်ယောက်ဖြစ်ပါလျက်
ဒီတစ်ကြိမ်တော့ ကျွန်မအတွေးအခေါ်များ ထူးဆန်းစွာ ပြောင်းလဲသွားရသည်။  မျိုသိပ်ထားရခြင်းသည် အပင်ပန်းဆုံးဟု ယူဆသူကျွန်မအဖို့... မျိုသိပ်ထားတာက ပို၍သက်သာမည်ဟု တွေးမိသည်ဆိုလျှင် ရယ်စရာများ ဖြစ်နေမလား။
      ကျွန်မကတော့ မရယ်နိုင်ပါ။ မငိုမိအောင်ပင် မနည်းကြီး ထိန်းနေရသည်။
ယခုလိုအချိန်မှာတော့ လောကကြီးသည် ငိုချင်စရာကောင်းသော အရာများနှင့်ပြည့်နှက်နေသည်ဟု ထင်နေမိသည်မှာ ကျွန်မအမှား မဟုတ်နိုင်ပါ။
xxxxxxxx

       အမှန်ပင် လောကကြီးသည် သာယာမှုအပေါင်း ဆိတ်သုဉ်းသွားခဲ့လေပြီ။
      ကျွန်မကို ရယ်မောအောင် အမြဲ နောက်ပြောင်တတ်သော ကျွန်မချစ်သည့် “သူ”သည်လည်း ကျွန်မ မျက်ရည်မကျအောင် စွမ်းဆောင်နိုင်တော့မည် မထင်ပါ။
      သူ ကျွန်မကို ပစ်သွားပြီတဲ့လား။
     တကယ့်ကို ထားရစ်ခဲ့ပြီလား။
     မသေချာပါ။
     ကျွန်မဘက်က သူ့အပေါ်မပြောင်းလဲတာ သေချာပေမယ့် သူ့ဘက်က...။
     ဒါကို ကျွန်မ သိချင်ပါသည်။ သူ့ဘက်က သဘောထားကို ထင်ရှားစေချင်သည်။ ရင်ထဲကပုစ္ဆာကို အဖြေရှာပစ်ချင်သည်မှာလည်း ပြောဖွယ်ရာမရှိ။
     သို့သော်.. ကျွန်မ သူ့ကိုမမေးရဲပါ။ သူ့နှုတ်မှ ထွက်လာမည့်အဖြေစကားသည် ကျွန်မ ရင်မဆိုင်ရဲသော အခြေအနေကို ရောက်စေခဲ့လျှင် မခက်ပါလား။ ကျွန်မခံနိုင်ရည်ရှိမည် မထင်ပါ။
     ထို့ကြောင့်ပင် တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ်နေခဲ့မိသည်။ ထွက်ပေါက်ကို လိုက်ရှာလိုစိတ်လည်းမရှိ။ သောကပင်လယ်အတွင်းတွင်သာ ပင်ပန်းကြီးစွာ ကူးခပ်နေခဲ့မိလေသည်။
     ခုတော့... ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ။ သူ့ကိုတွေ့ပြီး မျက်နှာချင်းဆိုင် ဖြေရှင်းပစ်တော့မည်။ သူ့ထံမှအဖြေကို အပြုံးမပျက် နားထောင်နေလိုက်မည်။ သူထွက်သွားခဲ့သည် မှန်သော်လည်း ကျွန်မ နှလုံသားသည် အပြောင်းအလဲ အကြေအကွဲ မရှိစေရ။
      အားငယ်စိတ်အောက်တွင် သေးနုပ်တိမ်မြုပ်နေခဲ့သော ကျွန်မ၏မာနများ ရုတ်တရက် နိုးကြွလာကြသည်။
ဒီလို တစ်ယောက်တည်းကြိတ်ခံစားနေတာ သိတ်အဓိပ္ပာယ်မရှိ။ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ရင်ဆိုင်ရမည်။ အရှုံးကိုဖြစ်ဖြစ်၊ အမှန်တရားကိုပဲဖြစ်ဖြစ်ပေါ့။
      တစ်ခုတော့ရှိသည်။ သူနှင့်တွေ့စဉ် ကျွန်မ၏ မျက်နှာထားကို ဘယ်လိုထားရမည်နည်း။
လေသံကိုရော....။
      သူ့ရှေ့တွင် မာကြောစိမ်းပြတ်သောအသွင်ဖြင့် ကျွန်မ မနေတတ်ပါ။ ခံစားမှုမဲ့သလိုလည်း ဟန်ဆောင်နိုင်မည်မထင်။ ညှိုးညှိုးငယ်ငယ်လည်း မနေချင်။ ကျွန်မမျက်ရည်ကြောင့်တော့ သူ့ကို မတွေဝေစေချင်ပါ။
      မေးပြီးပြီ ထားပါတော့။ သူ့အဖြေကို ဘယ်လို မျက်နှာပေးနှင့် ကြားနာရပါမလဲ။
“ဟုတ်တယ်... မင်းကြားတာတွေ အကုန်မှန်တယ်...” လို့များ သူ ဆိုခဲ့ရင်... ကျွန်မ မည်သို့ ရပ်တည်ရပါမည်နည်း။
      သူ့ကို ကျွန်မ စွန့်လွှတ်ရဲပါ့မလား။
“ အို..ဟင့်အင်း..ဟင့်အင်း...”
      ယောင်ယမ်းပြီး ခေါင်းခါလိုက်မိ၍ စက်ဘီးလက်ကိုင် ယိုင်သွားပုံရသည်။ လမ်းဘေးထိုးကျသွားသော စက်ဘီးကို ပြန်ထိန်းရင်း ရင်ထဲမှာ လပ်ဟာနေရသည်။ သူနှင့်ဝေးရမည်ကို စိုးသောစိတ်သည် အမြဲခြောက်လှန့်နေခဲ့သည်မှာ သူနှင့်ချစ်ပြီးစမှ ခုချိန်အထိ နှစ်နှစ်တာအတွင်း မပြေလျော့သေးပေ။
      ကျွန်မ သူနှင့်ဝေးမနေချင်တာကို သူမသိလို့လားကွယ်။
     သူနဲ့ဝေးရမည့်အကြောင်းကို စိတ်ကူးနဲ့တောင် ကျွန်မ တွေးမကြည့်ချင်ခဲ့ဘူး။ အိပ်မက်ထဲလည်း ထည့်မမက်ချင်ဘူး။ ကျွန်မသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူအသိဆုံးပါ။ ကျွန်မ သူ့အပေါ် ဘယ်အထိ တွယ်ငြိတယ်ဆိုတာလည်း သူ အသိဆုံးပါ။ ကျွန်မအကြောင်း အားလုံး သူ အသိဆုံးပါ။ ကျွန်မ သူ့ကို မစွန့်လွှတ်ရဲဘူးဆိုတာကိုလည်း သူ အသိသင့်ဆုံးပါ။ နောက်ပြီး...
      ချည်နှောင်ထားခဲ့တဲ့ သံယောဇဉ်ကြိုး အထူစားကြီးကိုလည်း သူ ငဲ့အကြည့်သင့်ဆုံးပဲ မဟုတ်လားကွယ်။
xxxxxxxx
 သူငယ်ချင်းတစ်ယောက် သယ်ဆောင်လာတဲ့ သတင်းဟာ ကျွန်မကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါသည်။ သက်ရှိလူသားတစ်ယောက်ဘ၀ကို စက္ကန့်အတော်ကြာကြာ မေ့လျော့နေခဲ့မိသည်။
      ကျွန်မ၀ိညာဉ်တွေ ဘယ်ရောက်သွားပြီိလဲ။
ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသော ဒွိဟစိတ်ကို ဦးနှောက်ထဲတွင် အပြေးအလွှား အဖြေရှာရင်း အသက်ရှူကျပ်လာသည်။ ကျွန်မရှေ့ အအေးဖန်ခွက်ထဲမှ သောက်နေကျသံပုရာရည်သည် မကြုံစဖူး ဆန်းကြယ်စွာ ပူလောင်နေခဲ့သည်။
“ နင် စိတ်တော့ထိန်းပေါ့ဟာ။ ငါ့အနေနဲ့ အသိပေးသင့်တယ်ထင်လို့ ပြောရတာပါ။ လူမော်... ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားတာကြာပြီ။ ခု...ငါကိုယ်တိုင် တွေ့လာခဲ့ရလို့ နင့်ကိုလာပြောတာ။ နို့မို့ဆို ငါတောင်မယုံခဲ့ဘူး သူက နင့်ကို သိတ်ချစ်တယ်မို့လား။ ဒီတော့...”
      သူမ၏ စကားသံသည် ကျွန်မနားထဲတွင် ဝေး၍ဝေး၍သွားသည်။ ထာဝစဉ်ပြုံးရွှင်နေတတ်ခဲ့သော အထက်သို့ ကော့တက်နေသည့် နှုတ်ခမ်းနှစ်လွှာ အဘယ်ကဲ့သို့ ပြေလျော့သွားမှန်း မသိလိုက်။
     လက်ထဲမှ ဆော့ကစားနေဆဲ ဘောပင် ကြမ်းပြင်ပေါ်သို့ လွတ်ကျသံထက် အဆပေါင်းများစွာသော
အသံလှိုင်းတုန်ခါမှုများ နားစည်အမြှေးပါးသို့ ပြင်းထန်စွာ ရိုက်ခတ်မြည်ဟည်းနေကြသည်။
     သူမ ဆက်ပြောသောစကားများထက် သူ့မျက်နှာနုနုသည်သာ ကျွန်မအာရုံထဲတွင် လွှမ်းမိုးဝင်ရောက်လာသည်။ ရင်ထဲရှိအရာများ ပျောက်ဆုံးသွားသကဲ့သို့ လပ်ဟာနေသော ခံစားချက်ကြောင့် ရင်ကို လက်ဖြင့် ယောင်ယမ်းကာ ဖိမိသည်။
     ဘေးပတ်ဝန်းကျင်မှ စကားပြောသံများ၊ ရယ်မောသံများ၊ ကက်ဆက်သံများ၊ ကြော်သံလှော်သံများ
သည်လည်း တိုးတစ်လှည့်၊ ကျယ်တစ်လှည့်။ ခြေထောက်အောက်မှ မြေကြီးသည်လည်း ယိမ်းယိုင်လှုပ်ရှား နေသလိုလို....
“ ပန်းနု.. ပန်းနု သတိထားလေ၊ ကင်တင်းထဲမှာ....”
     နံဘေးမှ သူငယ်ချင်း၏ အသံကြောင့် သတိလက်လွတ်ဖြစ်စ စိတ်ကို ကြိုးစား၍ ထိန်းချုပ်လိုက်ရသည်။
အိမ်သို့ မည်သို့မည်ပုံ ပြန်ရောက်လာခဲ့သည်ကို မမှိတ်မိတော့ပါ။ ခုတင်ထက်တွင် ကိုယ်ကိုမှောက်၍
ခေါင်းအုံးကို မျက်နှာအပ်လိုက်စဉ် ရှိုက်သံသည် ကျွန်မနှုတ်ဖျားမှ ထွက်ကျလာသည်။
      တစ်ချက်...၊ နှစ်ချက်...၊ သုံးချက်...။
      ပါးပြင်ပေါ်သို့ လက်ဖြင့် အသိမဲ့စွာ စမ်းမိသည်။ မျှော်လင့်ထားသော ပူနွေးသည့် မျက်ရည်စများ ရှိမနေခဲ့။
     မျက်ရည်မကျသော ရှိုက်ငိုခြင်းဖြင့် ငိုမိပါပကော။
     ရင်ခွင်မှ စူးအောင့်မှုနှင့်အတူ တည်ချောင်းဝတွင် တစ်ဆို့နေသည်။ ရင်ထဲမှ ခံစားချက်နှင့် စီးမကျသော မျက်ရည်များကြောင့် ကျွန်မကိုယ်တိုင် ဇဝေဇ၀ါဖြစ်သွားရသည်။
     ဘာဖြစ်တာပါလိမ့်။ ဒါဟာ... အချစ်စစ် မဟုတ်လို့လား။ သူ့ကို ကျွန်မ မချစ်ခဲ့လို့လားဟင်...။
      အို... မဖြစ်နိုင်တာ။ ကျွန်မ သူ့ကို သိတ်ချစ်ခဲ့သည်။ သိတ်တွယ်တာခဲ့ရသည်ပေါ့။ သူ့အကြည့်တွင် စတင်တွယ်ငြိမိစဉ်က စွဲလမ်းခဲ့ရသော သူ့ပုံရိပ်များသည် အမှတ်ထင်ထင် ရှိဆဲပင်ဖြစ်သည်။
      ရှည်သွယ်သောကိုယ်ကို မသိမသာကိုင်း၍ ပန်းဖွားလွယ်အိတ်အနီကို စလွယ်သိုင်းလွယ်ကာ
ခြေလှမ်းခပ်ကျဲကျဲ လျှောက်တတ်သော သူ့သဏ္ဍာန်။
      ဘေးခွဲကာ လှိုင်းပြေပြေလေးများနှင့် ထာဝစဉ် ပုံပန်းတကျရှိတတ်သော သူ့ဆံနွယ်ခွေများ၊ မပြုံးမရယ် ရီဝေစွာစိုက်ကြည့်တတ်သော သူ့မျက်ဝန်းအကြည့်များ၊ လမ်းမှာ တွေ့၍ အမှတ်တမဲ့ ကျွန်မကကြည့်မိလျှင် မသိမသာ ဆလွတ်ရိုက်ပြတတ်သော သူ့အမူအရာများ။ ရယ်ပြုံးနေသော သူ့မျက်နှာ...။
      အို... ကျွန်မ ဘယ်လို စွန့်လွှတ်ရမှာပါလိမ့်။ သူ..ရယ်ပြုံးလိုက်လျှင် ကျွန်မ ငေးမောနေမိတတ်သည်။
“ မောင်က ရယ်လိုက်ရင် သိတ်ချစ်ဖို့ကောင်းတာပဲ။ သိတ်အပြစ်ကင်းတယ်...”
     ကျွန်မကပြောလျှင် ရှက်ဟန်စွက်၍ ရယ်မောတတ်သော၊ နှုတ်ခမ်းများနှင့်အတူ မျက်လုံးများပါလိုက်၍ ရယ်တတ်သော ကျွန်မအချစ်ဦး သူ့ကို... သာမန်ချစ်ခြင်းသာမက နှစ်နှစ်ကာကာ မြတ်နိုးခဲ့ရပါသည်။
     သူ ကျွန်မကို ပထမဦးဆုံး စာလိုက်ပေးစဉ်က ရင်ခုန်လှိုက်မော ပျော်ရွှင်ခဲ့သော ခံစားချက်များကို သတိရမိလာစဉ် ကျွန်မရင်သည် တဒင်္ဂ နွေးထွေးလာပြန်သည်။
     အခန်းတံခါးပိတ်ကာ ခုတင်ပေါ်တွင် သူ့စာကို အလျင်စလို ဖောက်ဖတ်ချိန်က တုန်ယင်နေခဲ့သော ကျွန်မလက်များ၊ စာဖတ်အပြီး ဘယ်အချိန်တင်ထားမိသည် မသိသော ပင့်သက်ကို အသာချကာ ရင်ခုန်စွာဖြင့် မှိတ်ချလိုက်မိသော ကျွန်မမျက်လုံးများ၊ ခေါင်းအုံးကို ရင်ခွင်တွင် တင်းတင်းပွေ့ကာ ကျေနပ်စွာပြုံးနေမိသော ကျွန်မနှုတ်ခမ်းများးသည် သူ့ချစ်ရေးမဆိုမီကပင် သူ့အပေါ်တွယ်ငြိနေမိကြောင်း ထင်ရှားစေသည် မဟုတ်ပါလား။
     သူ့အတွက်အဖြေသည် ထွေထွေထူးထူး စဉ်းစားစရာမလိုခဲ့ပါ။ တစ်ပတ်အကြာတွင် ချစ်တုံ့ပြန်ခဲ့သော ကျွန်မအား အညှာလွယ်သည်ဟု ပြောကြမည်လား မသိ။
     အညှာလွယ်ရိုး ဟုတ်ခဲ့ရင်လည်း ချစ်သော သူ့အပေါ်တွင်သာ အညှာလွယ်ခဲ့ခြင်းဖြစ်သည့်အတွက် ကျွန်မ
လိပ်ပြာသန့်ပါသည်။ အချိန်ကာလကို ကြည့်၍ ကျွန်မအချစ်သည် ပေါ့တိမ်သည်ဟု ဝေဖန်မည်ဆိုလျှင်ကား ကျွန်မ စိတ်ဆိုးတတ်ခဲ့သည်။
     ကျွန်မအချစ်သည် သူ့အပေါ်တွင် ဖြူစင်လေးနက် တည်ကြည်ခဲ့သည်မှာ ယုံမှားစရာ မရှိခဲ့ပါ။
xxxxxxxxx
      စူးရှသော သုံးချက်ဆင့်ဟွန်းသံကြောင့် စက်ဘီးကို လမ်းဘေးဘက် ကပ်ပေးလိုက်သည်။ ဘီးလိမ့်ရုံ
ဖြတ်၍မောင်းသွားသော အက်စ်အီးကားထဲမှ ပြုံးစပ်စပ်ပြီတီတီ မျက်နှာများကြောင့် ၀မ်းနည်းအားငယ်စိတ် သည် တင်းကျပ်မောပန်းလာပြန်သည်။
     တစ်ယောက်တစ်ပေါက် စနောက်သံများးသည် ခါးသည်းလွန်းနေသည်။ သူသာပါရင် ဒီလိုနောက်ရဲမှာ မဟုတ်ဘူး ဆိုတဲ့အတွေးက ၀င်လာပြန်သည်။ နှမြောတသလွန်းစွာ နာကျင်ခံစားနေရသည်။
   “ ခံရခက်လိုက်တာနော်...”
      လှမ်းမြင်နေရသော စေတီလေးကြောင့် သူ့အိမ်ရောက်တော့မှာပါလားဟု သတိဝင်လာသည်။
စေတီလေးနှင့် မဝေးလှသောနေရာတွင် ပန်းရဂုံအမည်ရှိ သူတို့ခြံလေးသည် အမည်နှင့်လိုက်ဖက်စွာ ပန်းပေါင်းစုံဖြင့် သာမောဖွယ်ရာ ရှိလေသည်။
     အိမ်ကလေးသည် မခန့်ညားလွန်းသော်လည်း နေချင့်စဖွယ်ကောင်းလှသည်။ သူက မကြာခဏ
ခြံထဲလိုက်ကြည့်ဖို့ ဖိတ်ခေါ်တတ်ပေမယ့် မာနကြီးသောကျွန်မက တစ်ခါမျှ လိုက်မသွားဖူးခဲ့ပေ။
       သူ ခြံရှေ့မှာ ရှိပါ့မလား။ ဘယ်လို ခေါ်ရမှာပါလိမ့်။
      ယခင် ကျွန်မ သူ့ခြံရှေ့ဖြတ်လျှင် အိမ်ဘေးကုန်စုံဆိုင်မှ သူ့မိတ်ဆွေတစ်ယောက်ယောက် (သို့မဟုတ်)
ခြံရှေ့တွင် ကစားနေကြသော ကလေးငယ်များထဲမှ တစ်ဦးဦး( သို့မဟုတ်) ခြင်းခတ်နေသော သူ့သူငယ်ချင်းများထဲမှ တစ်စုံတစ်ယောက်သည်  သူ့ကို အပြေးအလွှား သွားခေါ်ပေးတတ်သည်။
     သူ မှာထား၍လားတော့ မသိပါ။ သူ့ပတ်ဝန်းကျင်မှ လူများသည် ကျွန်မကို မြင်သည်နှင့် မေးစရာ၊
ခေါ်ခိုင်းစရာမလိုဘဲ အလိုက်သိတတ်ကြသည်။ ထိုသို့ သူ့ကို သွားခေါ်နေစဉ် ကျွန်မသည် စက်ဘီးကို
ဖြည်းညင်းစွာ နင်းရင်း သူ့အိမ်ကို ဖြတ်ကျော်သွားမည်ဖြစ်သည်။
     မကြာမီ သူသည် စက်ဘီးကို အလျင်စလိုနင်းရင်း ကျွန်မဘေးသို့ ရောက်လာပေလိမ့်မည်။
     ယခုတစ်ကြိမ် ကျွန်မဖြတ်သွားရင်ရော...
     ကျွန်မရင်သည် အဆမတန် အခုန်မြန်လာသည်။ အရင်ကလို ပြေးလွှားကာ သွားခေါ်ပေးမယ့်သူ ရှိပါ့မလား။ ကျွန်မကို သနားသော မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေကြမည်လား။
     ဘုရား...ဘုရား....။ ဒီမျက်ဝန်းများ၊ အကြည့်များကို ကျွန်မတွေးရင်း တုန်လှုပ်လာလေသည်။
     မိုးအကုန် ဆောင်းအကူး တဖွဲဖွဲကျနေသော မိုးဖွားလေးများအောက်တွင် ကျွန်မတစ်ကိုယ်လုံး ထူပူရှိန်းဖိန်းလာသည်။ ကြည့်စမ်း။ ဘယ်တုန်းကများ ဒီမိုးဖွဲလေးတွေ ကျနေခဲ့တာပါလိမ့်။ ကျွန်မကိုယ်ပေါ်က
အဖြူရောင် ဂျင်းဂျာကင်လေးတောင် စိုထိုင်းလွန်းနေပြီပဲ။
     ဂျာကင်လေးကို အာရုံစိုက်မိစဉ်ခဏ ရင်အခုန်သည် တဒင်္ဂ ရပ်တန့်သွားသည်ဟု ထင်မိသည်။
သူနှင့်ကျွန်မ ချစ်သက် တစ်နှစ်ပြည့်စဉ်က သူပေးခဲ့သည့် လက်ဆောင်လေး...။
  မျက်ရည်ကြည်များသည် မျက်ဝန်းအတွင်းတွင် တစ်မဟုတ်ချင်း ပြည့်လျှံလာသည်။ အမြင်အာရုံ ပျောက်မသွားရန် မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ မျက်ရည်များကို ကြိုးစားသိမ်းရင်း သူ့စကားသံတို့ နားမှာ ဝေ့၀ဲလာပြန်သည်။
“ မောင်တို့  စချစ်ခဲ့ကြတာ ဒီဇင်ဘာမှာနော်။ ဒါကြောင့် အေးချမ်းတဲ့ဆောင်းကို အမှတ်တရဖြစ်အောင်
မောင်က ဒီဂျာကင်လေးကို ပန်းနုအတွက်ပေးတာပါ။ ချစ်လက်ဆောင်ကို မငြင်းကောင်းဘူး ပန်းနုရဲ့၊
ပန်းနုချမ်းရင် မောင့်ကိုယ်စား နွေးထွေးစေဖို့ပေါ့....”
    အဲဒီတုန်းက သူ့ရှေ့မှာပဲ ကိုယ်ပေါ်က ၀တ်လာတဲ့ဆွယ်တာကို ချွတ်ပြီး သူ့လက်ဆောင်ဂျာကင်လေးကို ၀တ်ပြလိုက်တော့ ၀မ်းသာကျေနပ်နေတဲ့ သူ့မျက်နှာလေးကို ကျွန်မ ကောင်းစွာ စွဲငြိနေတုန်းပါ။
   “ သိတ်လှတာပဲ ပန်းနုရယ်၊ ပန်းနုအသားလေးနဲ့ သိတ်လိုက်တယ်ကွာ။ မောင် မြို့ထဲမှာ ပုဆိုးဝယ်ရင်း
ဒီဂျာကင်လေးမြင်တော့ ပန်းနုကိုသတိရပြီး ပန်းနုနဲ့လည်း လိုက်မယ်ထင်လို့ ၀ယ်လာတာ။ ကြိုက်ရဲ့လားဟင်”
    “ မောင်နဲ့ပတ်သက်ရင် စီးကရက်နံ့တောင် ကြိုက်တတ်နေပြီပဲ မောင်ရဲ့”
  ကျွန်မအဖြေကို သူ သဘောကျစွာ ရယ်တော့ ကျွန်မလည်း သူနဲ့အတူ ကြည်နူးစွာ ရောနှောရယ်ခဲ့ဖူးသည်။
      သူနှင့်ကျွန်မသည် သဘောထားချင်းလည်း အများအားဖြင့် တိုက်ဆိုင်ကာ ၀ါသနာတူသူများလည်း
ဖြစ်သည်။ ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာဖတ်ခြင်းတို့ကို ခုံခင်သူများဖြစ်ကြသည်။ အနုပညာကို မြတ်နိုးသော၊ အချစ်ကို တန်ဖိုးထားသူချင်းဖြစ်ပါလျက်... သူမို့.....
xxxxxxx
သူ့ခြံအတွင်းမှ နှင်းဆီရုံတချို့ကို အဝေးမှ လှမ်းမြင်နေရသည်။ ညွတ်နူးစဖွယ် နှင်းဆီရနံ့များးသည် ကျွန်မ၏ နွမ်းလျလပ်ဟာနေသော စိတ်နှလုံးကို ငြိမ်းအေးစေနိုင်မည် မထင်တော့ပါ။
      သူနဲ့တွေ့ရင် ဘယ်လိုများ စကားစရမှာပါလိမ့်။
   “ မောင်နဲ့ မတွေ့တာကြာပြီနော်...” လို့ ပြောရမှာလား။ “ မောင် ဘာတွေလုပ်နေလဲ။ သတင်းတွေ ကြားနေရတယ်..” လို့များ ရန်တွေ့ပစ်ရမလား။ အို... မဟုတ်သေးပါဘူး။ သူ့ကို ရန်လိုသံနှင့် ပြောရက်မည် မထင်ပါ။
      သူ့အား မေးခွန်းများ အဆက်မပြတ် ထုတ်နေမိချိန်တွင် ကျွန်မ၏ နှုတ်ခမ်းအစုံသည် တုန်ယင်နေလိမ့်မည်
ထင်သည်။ ပြောမှ ပြောထွက်ပါ့မလား။ သူ ပြန်ဖြေမည့်စကားအတွက် ဘာပဲဖြစ်ဖြစ် ကျွန်မ ခံနိုင်ရည် ရှိဖို့တော့ လိုမည်။ “ မောင့်ကိုမေ့လိုက်ပါတော့...” ဟု သူပြောခဲ့လျှင်...။
      သူ့အား စွန့်လွှတ်ရတော့မည်ဟု တွေးမိတိုင်း ခန္ဓာကိုယ်သည် လေဟာနယ်ထဲ ရောက်သွားသလို လွင့်ဟာပြီး ရင်ထဲတွင် တလှပ်လှပ် တုန်ခါလာလေသည်။
  ယခင်က နွေးထွေးသော သူ့မျက်လုံးများသည် မယုံကြည်လောက်အောင်  အေးစက်စိမ်းကားနေခဲ့ပါလျှင်...။
လေသံတိုးတိုးဖြင့် ချစ်စကားနုနုလေးများ ရေရွတ်ပြောဆိုခဲ့ဖူးသော သူ့နှုတ်ခမ်းများမှ လမ်းခွဲဖို့စကားများ ရက်စက်စွာ ပြောခဲ့ပါလျှင်...။
ညင်သာစွာ ထွေးဖက်၍ အကြင်နာကိုပြတတ်သောသူသည် လက်နောက်ပစ်ရပ်ကာ ခေါင်းကိုခါယမ်း ရင်း ကျောခိုင်းသွားခဲ့ပါလျှင်...။
     ကျွန်မ... ဘယ်လို စွမ်းအားများနှင့် ရပ်တည် ကျန်ခဲ့နိုင်ပါမည်နည်း။
     စိတ်မချမ်းမြေ့မှုနှင့်အတူ မယုံကြည်နိုင်မှုသည် ဒွန်တွဲနေပြန်သည်။ ဒီသတင်းဟာ ဖြစ်နိုင်ပါ့မလား။
သူက ဒီလို လူစားမျိုးမှ မဟုတ်ခဲ့တာ...။
      သူ ကျွန်မကို သိတ်ချစ်ခဲ့တာ သံသယမထားရက်အောင် ယုံကြည်နေချင်သေးသည်။
ခက်သည်က သတင်းပေးသူကလည်း အပိုပြောလေ့ရှိသူ မဟုတ်။ သူနှင့် မတွေ့ရသည်မှာလည်း အတော်ကြာနေပြီ။
      ဇဝေဇ၀ါအတွေးများဖြင့် ဦးခေါင်းသည် ဖျစ်ညှစ်ခံထားရသလို ကိုက်ခဲနာကျင်လာသည်။
ကျွန်မ ဘာလုပ်ရမှာပါလိမ့်။ စက်ဘီးနင်းနေသော ခြေထောက်အစုံသည် လေးလံနှေးကွေးလာသည်။
      သူ၏ ရက်စက်သော စကားသံများအား မကြားနာဝံ့ပါ။ မျှော်လင့်ချက် ပျက်သုဉ်းသောဘ၀သည်
မည်သို့ အဓိပ္ပါယ် ရှိပါဦးမည်နည်း။
      တင်းထားခဲ့သော စိတ်သည် ပျော့ညွတ်သွားပြန်သည်။ မူးဝေနေသော ခေါင်းထဲမှ ဦးနှောက်သည် ပူလောင်ဆူပွက်နေသည်ဟု ထင်လာမိသည်။ ပြန်လှည့်ရမည်လား။ ဆက်သွားရမည်လား။ ဝေခွဲမရ။
      ကျွန်မအား သနားသလို ကြည့်နေကြမည့် အကြည့်များ၊ သူ့ခြံရှေ့မှ မျက်ဝန်းများကို တွေးမိချိန်တွင် ရင်သည် တုန်ယင်မောပန်းလွန်းလာသည်။ ခြေနင်းခုံပေါ်မှ ခြေအစုံတွင် အားများ တစ်စထက်တစ်စ ပါးလျားယုတ်လျော့လာတော့သည်။
xxxxxxxx

     သူ့အိမ်ရှေ့ ရောက်ခါနီးတွင်မှ စက်ဘီးကို ရုတ်တရက် ပြန်ကွေ့ချလိုက်သည်။
ရှုံးနိမ့်သူတစ်ယောက်၏ ခံစားချက်မျိုးဖြစ့် ၀မ်းနည်းဖိုလှိုက်နေမိသည်။
     ကျွန်မ၏နှလုံးသားထဲမှ နှုတ်ဆက်ခြင်းကင်းစွာ တိတ်တဆိတ် ပုန်းရှောင်နေသော သူ့အား ချစ်သူအဖြစ်မှ မနုတ်ဖယ်ပစ်ချင်ပါ။ သူမလာသော ရက်များကြောင့် ၀မ်းနည်းအားငယ်ခြင်းများ ခံစားနေရသော ကျွန်မနှလုံးသားကို မျှော်လင့်ခြင်းများပါ ပျောက်ဆုံးမသွားစေချင်သေးပါ။
      တွေဝေ မပြတ်သားစိတ်ကြောင့် လူညံ့တစ်ယောက် ဖြစ်ချင်ဖြစ်ပါစေတော့။ တစ်ယောက်တည်းပဲ
ကြိတ်ဆွေးနေပါတော့မယ်လေ။ သူ့ကို ဘာမှ ထပ်မေးဖို့ မကြိုးစားတော့ပါဘူး။ မျှော်လင့်ရင်းနဲ့ပဲ စိတ်ဖြေ
စောင့်နေတော့မယ်။
    သူပြန်လာမယ့် တစ်နေ့...။
ဒါမှမဟုတ် ...။
သူ နှုတ်ဆက်လာတဲ့ တစ်နေ့ထိပေါ့။
xxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
၁၉၉၀ပြည့်နှစ်၊ သြဂုတ်လ.... ရွှေသမင်မဂ္ဂဇင်း

( မဂ္ဂဇင်းသို့ ပထမဦးဆုံး ပို့ဖြစ်သော.....၊ ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသည့် ၀တ္ထုတိုလေး ဖြစ်ပါသည်။)

ကျွန်မအတွက် နှစ်သိမ့်ဆု



   ရွှေအမြုတေ စာပေဆုပေးပွဲကြီးက ပြီးခဲ့တာကြာပါပြီ။ ဒါပေမယ့် ကျွန်မရင်ထဲက ဆုပေးပွဲကတော့ မပြီးသေး။  မကြာခဏ ဆုပေးပွဲကြီးကို မြင်ယောင်သတိရနေမိဆဲပါ။

     သတိရလွန်းမက ရလာတော့ ညီအစ်မတွေလို ချစ်ခင်ရတဲ့ စာပေသူငယ်ချင်း ဆရာမအဖြူရောင်(ရွှေ)ကို ဖုန်းဆက်မိပါတယ်။

“ အမ အဲဒါပိုးဝင်သွားတာလေ။ ကျွန်မတို့တုန်းကလည်း ဒီလိုပဲ...” လို့ ရယ်မောသံနဲ့ သူကပြောတော့ ကျွန်မလည်း ရှက်ရှက်နဲ့   “ ဟုတ်တယ်နော်...” လို့ ထောက်ခံမိရတယ်။

     ပိုးမှ တော်တော်ဆိုးတဲ့ပိုးပါ။ နေ့တွေရက်တွေသာ ကုန်လွန်သွားပေမယ့် မနေ့တနေ့ကလို မြင်ယောင်ပြီး ကြည်နူးနေဆဲပါလေ။

  ကျွန်မတောင် ဒီလိုဖြစ်နေမှတော့ ဆုရတဲ့သူတွေဆို ဘယ်လိုများနေမလဲ။ သူတို့အပျော်ကို ၀င်တွေးကြည့်တော့ ကျွန်မရင်ထဲမှာလည်း လှိုင်းလေးတွေထသွားရတယ်။ ကျွန်မလည်း အဲဒီပွဲမှာ ဆုရခဲ့တယ်လေ။

“ နှစ်သိမ့်ဆု”...။

xxxxxxx

  အမှန်တော့ ဒီပွဲကို ဒီနှစ်မှ ပထမဦးဆုံးအကြိမ် ကျွန်မတက်ခွင့်ရခဲ့တာပါ။ မနှစ်ကတော့ ဆရာမအဖြူရောင်က လာခဲ့ဖို့ ဖုန်းဆက်ခေါ်ပါသေးတယ်။ ကျွန်မက “ ဆရာက ကျွန်မကိုမဖိတ်ဘူး..” လို့ အားငယ်စကား ဆိုမိတော့

“ ဆရာက ဘယ်သူဘယ်ဝါရယ်လို့ သပ်သပ်မဖိတ်ပေမယ့် အမလည်း ရွှေအသစ်ပဲ၊ လာလို့ရပါတယ်။ ကျွန်မတို့က ဖိတ်ပါတယ်။ လာပါလား...” လို့ ခေါ်ပေမယ့် ကျွန်မ မသွားဖြစ်ပါဘူး။

   ဒီနှစ်တော့ ဆရာနဲ့ဖုန်းပြောဖြစ်ရင်း ဆရာက ကျွန်မကိုဖိတ်ပါတယ်။ ကျွန်မက ဆုရသလောက်ကို ၀မ်းသာသွားတာပါ။ အလင်းတန်းဂျာနယ်မှာ ဆရာမခင်ပန်နှင်းရေးသလို ဒီပွဲမှာ စာရေးဆရာတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ဆုံစည်းရမှာကိုက ဆုရသလိုပါ။

    ဒါပေမယ့် ကျွန်မကနယ်ကဆိုတော့ တစ်ယောက်တည်းမသွားရဲလို့ အမျိုးသားကို အဖော်ခေါ်ပါတယ်။ သူက ကဗျာဆရာဆိုပေမယ့် “ မင်းကိုဖိတ်တာ ကိုယ်ကကပ်လိုက်လို့ ကောင်းပါ့မလား...” လို့ အင်တင်တင်နဲ့ပါ။

      ကံကောင်းချင်တော့ ဆရာဦးဝင်းငြိမ်းက သူ့ဆီကိုလည်းဖုန်းဆက်ပြီး သပ်သပ်ဖိတ်ပါတယ်။

“ ဆရာလာနိုင်မလား...” လို့မေးတာကို သူကလည်း ကျွန်မကိုလိုက်ပို့ရမှာမို့ မဆိုင်းမတွ “ ဟုတ်ကဲ့ လာနိုင်ပါတယ်..” လို့ ဖြေလိုက်တာပေါ့။ နောက်မှသိရတာက သူ့ကို ကဗျာဆုရမယ့်သူမို့ ဆရာကဖိတ်တာကို သူကမတုန်မလှုပ် အံ့သြဟန်လည်းမပြလို့ ဆရာက ပြန်အံ့သြနေတာတဲ့။

    သူကတော့ ကျွန်မနဲ့ကပ်မလိုက်ရဘဲ သူလည်းဖိတ်စာတစ်စောင်နဲ့ အဖိတ်ခံရပြီဆိုပြီး ရိုးရိုးသားသား ၀မ်းသာနေတာပါ။ ကျွန်မကတော့ နည်းနည်းအံ့သြသွားတယ်။ သူနဲ့ကျွန်မကို စုံတွဲမှန်းလည်း ဆရာဦးဝင်းငြိမ်းနဲ့ ရွှေအမြုတေတစ်ရုံးလုံးက မသိကြပါဘူး။ သူ့ကဗျာပါဖူးတဲ့ မဂ္ဂဇင်းတစ်ချို့ကသာ ကျွန်မတို့နှစ်ယောက်ကို စုံတွဲမှန်းသိကြတာပါ။ သူက ကဗျာအပုဒ်ရေလည်း နည်းသေးတော့ ယုတ်စွအဆုံး ကျွန်မနဲ့အဆက်အသွယ်ရှိတဲ့ စာရေးဆရာ မင်းဝေဟင်တို့၊ အဖြူရောင်တို့၊ ချမ်းထက်ဟန်တို့တောင် သူ့ကို လူနဲ့ကလောင်နာမည်နဲ့ တွဲမသိကြပါဘူး။ ဒီတော့ ကျွန်မက ကဗျာဆရာသစ်ခက်အိမ်ကို ဆရာ ဘယ်လိုများ သိပါလိမ့်လို့ သိပ်မသင်္ကာချင်ဘူး။

    ဒါပေမယ့် ကြာကြာမတွေးအားပါဘူး။ ရွှေပွဲတက်ဖို့ ရင်တခုန်ခုန်နဲ့ ပြင်ဆင်ရတာပေါ့။ အဖြူရောင့်ကို ဖုန်းဆက်ချိန်း၊ ဘယ်နေ့ရောက်မယ်၊ ဘယ်အချိန်ဆုံမယ်နဲ့၊ တစ်ခါမှမတွေ့ဖူးသေးတဲ့ ကျွန်မလေးစား
အားကျတဲ့ စာရေးဆရာတွေအများကြီးကို တစ်စုတစ်ဝေးတည်း တွေ့ရတော့မှာမို့ ကျွန်မ ရင်ခုန်နေတာပါ။

xxxxxxx

  ရွှေအမြုတေတိုက်ကို ဖိတ်စာသွားယူခါမှ ဆရာဦးဝင်းငြိမ်းနဲ့ ဆရာဦးမျိုးမြင့်ညိမ်းတို့က ကျွန်မနဲ့ကဗျာဆရာကို စုံတွဲမှန်းသိသွားပြီး တအံ့တသြရယ်ပါတယ်။ ရယ်စရာကလည်း ဖြစ်သွားတာကိုး။ သူနဲ့ကျွန်မ တစ်ယောက်ချင်း ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီးတဲ့အထိ ဆရာတို့ရော၊ အဲဒီမှာရောက်နေတဲ့ ဆရာညီမင်းညိုနဲ့ ဆရာညီငယ်လေးကရော တစ်ယောက်စီ သပ်သပ်လာတယ်ပဲ ထင်နေကြတာလေ။

    ဆရာကလည်း တစ်ယောက်စီကို စကားတစ်လှည့်စီ ပြောနေတာပါ။ နောက်တော့မှ ဘယ်မှာတည်းတာလဲ လို့ တစ်လှည့်စီမေးလိုက်ကာမှ ကျွန်မလည်း ကဗျာဆရာကို ကျွန်မအမျိုးသားပါလို့ မိတ်ဆက်ပေးလိုက် ရတော့တယ်။

     အပျိုကြီးဟန် ဆောင်လို့မှ မရတော့တာကိုး။

xxxxxxx

    ဘာပွဲမှတက်လေ့မရှိဘဲ ပွဲကြောက်တဲ့ ကျွန်မက ဆုပေးပွဲကျင်းပတဲ့ ခမ်းမရှေ့ကို ရင်တဖိုဖိုနဲ့ ရောက် လာတော့ ရောက်ရောက်ချင်း ဆရာမင်းဝေဟင်၊ ဆရာမချောအိမာန်(မန္တလေး)၊ ဆရာထွန်းတောက်ထွဋ် တို့ကို အမှတ်တရဓါတ်ပုံရိုက်နေတာ တွေ့တာမို့ ၀မ်းသာအားရ နှုတ်ဆက်ကြပါတယ်။ ဆရာဆရာမ သုံးယောက်ရဲ့ ဖော်ရွေတဲ့အပြုံးတွေက ခန်းမထဲဝင်ဖို့ အားငယ်သလိုလိုဖြစ်နေတဲ့ ကျွန်မကို သက်သာရာ ရစေတယ်လေ။ ဧည့်ကြိုတဲ့နေရာက ညီမလေးတွေကလည်း ပြုံးရွှင်ချိုမြနေတာမို့ ရင်အေးစရာပါ။

  ဆရာလင်းနိုင်ဦးက ခန်းမထဲကို ဦးဆောင်ခေါ်သွားရင်း “ ကြိုက်တဲ့နေရာသာ ၀င်ထိုင်ပါ...” လို့ ပြောသွားချိန်မှာ ခန်းမထဲကိုကြည့်လိုက်တော့ နေရာလွတ်တော်တော်များများ ရှိပါသေးတယ်။

  မဟေသီမဂ္ဂဇင်းတိုက်မှာ ဆုံဖူးထားတဲ့ ဆရာလင်းထင်နဲ့အရင်ဆုံးတွေ့တော့ ဆရာက ကျွန်မ စာပေလောကနဲ့စိမ်းတာကို သိနေတာမို့ မိတ်ဆက်ပေးဦးမယ်ဆိုပြီး ဆရာတင့်ခိုင်၊ ဆရာမင်းချမ်းမွန်၊ ဆရာနတ်မှုး စတဲ့ ဆရာကြီးတော်တော်များများနဲ့ မိတ်ဆက်ပေးပါတယ်။

   တဖြေးဖြေးနဲ့ ခန်းမထဲလူပြည့်လာတော့ ကျွန်မလည်း တောင်ကြည့်မြောက်ကြည့်နဲ့ အနားမှာတွေ့ရတဲ့ ဆရာမတွေကို နှုတ်ဆက်ချင်လိုက်တာလေ။ ဒါပေမယ့် ကျွန်မကို သိပါ့မလားလို့ အားငယ်ပြန်ရော။

     ခပ်စောစောလာမယ်လို့ ချိန်းထားတဲ့ ဆရာမအဖြူရောင်ကလည်း လူတော်တော်စုံမှ ရောက်လာပါတယ်။
အကြောင်းမသိတဲ့ ကျွန်မက ရှေ့တော်တော်ကျတဲ့ခုံမှာ ထိုင်နေမိတာမို့ အဖြူရောင်တို့ စာရေးဆရာအဖွဲ့တွေ ထိုင်တဲ့ဝိုင်းနဲ့ကလည်း အဝေးကြီးပါ။

  ဒီတော့ အနီးအနားက၀ိုင်းတွေကို ဝေ့၀ဲကြည့်ပြီး ကိုယ့်အားကိုယ်ကိုးပြီး နှုတ်ဆက်မယ်လို့ အားတင်းရပါတယ်။ ဖြစ်ချင်တော့ ကျွန်မကလည်း မျက်စေ့ခပ်မွဲမွဲ၊ ခမ်းမထဲမှာလည်း မီးကမှိန်ဖျော့ဖျော့လေး ထွန်းထားတော့ မသဲကွဲပါဘူး။ အမျိုးသားကို “ ကြည့်ပေးပါဟယ်။ ဆရာ၊ ဆရာမတွေ တွေ့ရင်ပြောပြစမ်းပါ..” လို့ အားကိုးပေမယ့် သူက စာရေးဆရာ၊ ဆရာမတွေကို နာမည်နဲ့လူနဲ့ ကျွန်မလောက် တွဲမသိပါဘူး။

     ကျွန်မကတော့ မဂ္ဂဇင်းတွေထဲမှာ စာရေးဆရာ၊ ဆရာမဓါတ်ပုံပါလာရင် အငမ်းမရကြည့်ထားတာကိုး။

  ပထမဦးဆုံး ကျွန်မတို့ဝိုင်းနဲ့ကပ်ရက် ဘေးနားက၀ိုင်းမှာ ၀င်ထိုင်တဲ့ ဆရာမခင်ခင်ထူး၊ ဆရာမ၀င်းဝင်းမြင့်(နန်းတော်ရှေ့) တို့ကို သွားနှုတ်ဆက်ပါတယ်။ နောက်ပြီး စာပေဟောပြောပွဲသွားရင်း
ပြည်ကိုဝင်လာဖူးတဲ့ ဆရာမမိချမ်းဝေကို တစ်ခုံကျော်မှာတွေ့လို့ သွားနှုတ်ဆက်တော့ ဆရာမနဲ့ တစ်ဝိုင်းတည်းထိုင်နေတဲ့ ဆရာမတွေတော်တော်များများကို တွေ့ရပေမယ့် အချင်းချင်းနှုတ်ဆက် စကားပြောနေကြတာမို့ မနှောင့်ယှက်ချင်တာက တစ်ကြောင်း၊ ခမ်းမထဲမှာလူပြည့်လာပြီး အခမ်းအနားစချိန်နီးလာတာက တစ်ကြောင်းမို့ ကိုယ့်နေရာမှာကိုယ် ခပ်ကုပ်ကုပ်ထိုင်လိုက်ချိန်မှာပဲ အခမ်းအနားစပါတော့တယ်။

xxxxxxxx

   မီးတွေဝင်းကနဲ လက်ပြီး ကင်မရာတွေတဖျပ်ဖျပ် ကျွန်မရှေ့မှာဝိုင်းလာကြတော့ ရင်တွေတော်တော် ခုန်သွားပါတယ်။

  ကျွန်မဆုရတာ မဟုတ်ပါဘူး။ ကျွန်မခင်ပွန်းကို ကဗျာဆုရကြောင်း ကြေညာခံလိုက်ရတာပါ။ သူ့ကို နှုတ်ဆက်ကြတဲ့ ဆရာ၊ဆရာမတွေကို ကျွန်မကလည်း ရောယောင်ပြီး နှုတ်ဆက်မိပါတယ်။ ဆရာမ မသီတာ(စမ်းချောင်း)က ကဗျာဆရာကိုနှုတ်ဆက်ရင်း “ ဝေနဲ့တစ်ခါမှ လူချင်းမဆုံဖူးသေးဘူး...” လို့ ပြောတော့ ကျွန်မလည်း တွေ့ရတာဝမ်းသာလွန်းလို့ ထပြီးလက်ဆွဲနှုတ်ဆက်မိပါတယ်။ ကျွန်မပဲ ဆုရသလိုလိုနဲ့။

  ကဗျာဆရာကို ခုမှတွေ့ဖူးကြပေမယ့် မုဒိတာပွားပြီး လာနှုတ်ဆက်ကြတာ တကယ့်ကို လေးစားကြည်နူးစရာပါ။ ဆရာဦးတင့်ခိုင်က ဆုကြေညာခါနီးအချိန်မှာ ကဗျာဆရာ့ခုံနောက်ကို အရင်ဆုံးရောက်လာတာပါ။ ကျွန်မက အံ့သြပြီးမော့အကြည့်နဲ့ ဆုကြေညာတာနဲ့ တစ်ထပ်တည်းပါ။

   ဆရာဦးဝင်းးငြိမ်းနဲ့ ဆရာဦးထက်မြက်တို့ လာနှုတ်ဆက်တော့ ဆရာထက်မြက်က “ သူ့ဖုန်းနံပါတ်ကို ဆရာမောင်စိမ်းနီဆီက တစ်ဖက်လှည့်နဲ့ တောင်းထားရတာ..” လို့ ရယ်ရယ်မောမော ပြောသွားပါတယ်။

    ရွှေအမြုတေဆုရွေးချယ်ရေး အဖွဲ့ဟာ အင်မတန်တိကျပြီး သိုဝှက်လှတဲ့ဆရာတွေပါပဲ။

   ဆရာမင်းဝေဟင်နဲ့ ဆရာချမ်းထက်ဟန်ကလည်း “ အစ်ကိုမှန်း ကျွန်တော်တို့မသိဘူး..” ဆိုပြီး အံ့သြ၀မ်းသာ လာနှုတ်ဆက်ကြပါတယ်။ ဆရာညီငယ်လေးကတော့ ကြိုရိပ်မိဟန်နဲ့ ပြုံးပြုံးကြီးပေါ့။ သူက ဆုစုံစမ်းထောက်လှမ်းရေးမှုးအဖြစ် သူ့ကိုယ်သူခန့်ထားတာကိုး။

   ဆရာမအဖြူရောင်ကလည်း “ ကျွန်မမပြောဘူးလား..” တဲ့။ သူက ပွဲစခါနီးတုန်းက “ဆုရရင် ဘယ်လိုလုပ်မလဲ..”ဆိုပြီး ကဗျာဆရာကို စသွားတာကိုး။ ဆရာကာတွန်းမြင့်သိန်းနဲ့ ဆရာမ တူးတူးမြင့်သိန်းကလည်း ကဗျာဆရာလို့စမိတ်ဆက်တုန်းက “ ဆုများရနေမလား မသိဘူးနော်..” လို့ ဟောကိန်းထုတ်ထားတာမို့ “ ကဲ အန်တီပြောတာ မမှန်ဘူးလား..” နဲ့ ၀မ်းသာနေရှာပါတယ်။

   နောက်ပိုင်း ဆုတွေတစ်ဆုပြီးတစ်ဆု ကြေညာပြီးချီးမြှင့်ပေးတိုင်း ကျွန်မလည်း ဆုရသူတွေနဲ့ထပ်တူ ရင်ခုန် ပျော်ရွှင်ခဲ့ရပါတယ်။ ဂုဏ်ယူစရာဆုကို ထိုက်ထိုက်တန်တန်ရသွားကြတာ မုဒိတာပွားစရာပါပဲ။

  ဆရာရဲသျှမ်းဆုရလို့ သွားနှုတ်ဆက်ပြီးပြန်လာတဲ့ ကျွန်မကို ကျွန်မထိုင်တဲ့ဝိုင်းနားမရောက်ခင်မှာ တစ်စုံတစ်ယောက်က လက်လှမ်းဆွဲတာမို့ မီးရောင်မှိန်မှိန်ထဲမှာ သေချာအားစိုက်ကြည့်လိုက်မှ ဆရာမ အမရာ(ဆေး-၁) ဖြစ်နေပါတယ်။ ကျွန်မလေ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။ ကျွန်မထိုင်ခုံနောက်က ၀ိုင်းမို့ ကျွန်မကမမြင်ဘဲ နှုတ်မဆက်ဖြစ်ပေမယ့် ကျွန်မကို နွေးနွေးထွေးထွေး နှုတ်ဆက်လာတဲ့ မာနကင်းတဲ့ ဆရာမကို လေးစားမိပါတယ်။ “ ဝေ့စာတွေဖတ်ရကြောင်း၊ အားပေးနေကြောင်း...” ပြောတော့ တစ်ဝိုင်းလုံးကလည်း နွေးထွေးတဲ့အပြုံးလေးတွေနဲ့ ကြည့်နေတာမို့ ကျွန်မကြည်နူးလိုက်တာလေ။

    ဆရာမကြီးဒေါ်ကလျာနဲ့ ဆရာမမစန္ဒာကိုလည်း ဆရာမအမရာဘေးမှာတွေ့လို့ နှုတ်ဆက်ခဲ့ပါသေးတယ်။

   ဒါပေမယ့် နောက်မှပြန်စဉ်းစားမိတော့ မီးခပ်မှိန်မှိန်မို့ ဟိုတစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့သူတွေကို ကျွန်မ သဲသဲကွဲကွဲမမြင်တာ။ ကံစမ်းမဲပေါက်လို့ ထလာမှ ဆရာမနှင်းဝေငြိမ်းကိုလည်း အဲဒီဝိုင်းကမှန်း တွေ့ရတယ်။

    မမြင်လို့ နှုတ်မဆက်မိတဲ့ တခြားဆရာမတွေလည်း ရှိဦးမှာပဲလို့ စိတ်မကောင်းဖြစ်မိပေမယ့် နွေးထွေးပြီး သဘောထားပြည့်ဝတဲ့ စာရေးဆရာ၊ ဆရာမတွေရဲ့ နှလုံးသားကိုတော့ လေးစားပြီးသားမို့ ကျွန်မကို နားလည်ကြမှာပါလို့ ယုံကြည်မိတယ်လေ။

xxxxxxxx

   နောက်တစ်နေ့မနက် စီးတီးစတားက မနက်စာဝိုင်းလေးမှာ ဆရာဦးဝင်းငြိမ်းနဲ့ ဆရာ၊ဆရာမတစ်ချို့၊ ဆရာ့ရဲ့သားသမီးတပည့်တွေ ရင်းရင်းနှီးနှီးစကားဝိုင်းဖွဲ့ဖြစ်တော့ ဆရာက ကျွန်မကို နှစ်သိမ့်အားပေး စကား ပြောပါတယ်။

    တကယ်ပါ။ ကျွန်မလေ ဆုရသလောက်ကို ပျော်တာပါ။ ဆရာ့ရဲ့အားပေးနှစ်သိမ့်စကားက ကျွန်မအတွက် ဆုပါပဲ။

   ကျွန်မက ဘာဆုတစ်ခုမှ မရဖူးလို့ ဆရာ့ရဲ့ကျေးဇူးကို မဆပ်နိုင်တဲ့ အသုံးမကျတဲ့တပည့်ဆိုပြီး အမြဲ စိတ်အားငယ်ခဲ့မိတာပါ။ ဆရာ၊ ဆရာမတွေရဲ့ အသိအမှတ်ပြုမှုကို ရရင်ပဲ ကျွန်မအတွက်က ဆုပါ။

   အဲဒီကအပြန် ရွှေဆုရှင်ဆရာမင်းဝေဟင်ကျွေးတဲ့ ကြေးအိုးကိုစားဖို့ လှည်းတန်းကိုသွားကြတယ်။ ဆရာဦးဆွေ(ဒဿနိက)၊ ဆရာမအဖြူရောင်၊ ဆရာညီမင်းညို၊ ဆရာညီငယ်လေး၊ ဆရာချမ်းထက်ဟန်၊ ဆရာ ကျော်မောင်မောင်ဟန်၊ ဆရာထွန်းတောက်ထွဋ်၊ ဆရာသာကြည်ဆွေနဲ့ ကျွန်မတို့စုံတွဲ။

  စားရင်းသောက်ရင်း၊ စကားပြောရင်း၊ ခင်မင်ရင်းစွဲရှိပြီးသားလူတွေ ပိုရင်းနှီးလာပြီး တစ်ယောက်နဲ့တစ်ယောက် အားပေးကြ၊ စနောက်ကြ၊ ဝေဖန်ကြနဲ့ပေါ့။ ပြီးတော့ အဖြူရောင်တို့အိမ်မှာ တစ်ထောက်နား၊ အအေးသောက်၊ ကော်ဖီသောက်။ ကျွန်မတို့စုံတွဲကလည်း ကဗျာဆရာကဆုရထားသူမို့ တစ်ဝိုင်းလောက်ကျွေးချင်သေးကြောင်း အခွင့်တောင်းပေမယ့် အစီအစဉ်တွေပြည့်နေတာကြောင့် အချိန်မပေးနိုင်ကြတော့ပါဘူး။ အဲဒီကမှ လင်းလွန်းခင်စာပေက ဆရာဦးသိန်းလွင်ရဲ့ စာအုပ်မိတ်ဆက်ပွဲ နဲ့ ရေးသူဖတ်သူဆွေးနွေးပွဲကို အဖွဲ့လိုက်ချီတက်။

    ဆရာ၊ဆရာမတွေ ဆွေးနွေးကြတာကို နားထောင်ရင်း နွေးနွေးထွေးထွေး ပြောကြ၊ဆိုကြ၊ ငြင်းခုန်ကြရင်း အားလုံးဟာ တစ်သားတည်းဖြစ်သွားသလို ပေါင်းစည်းသွားတဲ့အားမာန်ကို ကျွန်မရင်ထဲမှာ ခံစားမိပြီး ပီတိတွေနဲ့ တသိမ့်သိမ့်ကြည်နူးရပါတယ်။

    တကယ်ပါ။ ဆုရတာမရတာက အဓိကမဟုတ်ပါဘူး။ ဒီလို စာပေပညာရှင် ဆရာ၊ဆရာမကြီးတွေရယ်၊ စာပေမောင်နှမတွေရယ်၊ အားလုံးနဲ့ နွေးနွေးထွေးထွေး တစ်စည်းတစ်လုံးတည်း တွေ့ဆုံရင်းနှီးခွင့်ရတာကိုက ကျွန်မအတွက် ဆုလာဘ်ကြီးတစ်ခုပါ။

    အိမ်အပြန်လမ်းမှာတော့ ကဗျာဆရာက ဆုတံဆိပ်ကြီးပိုက်ပြီး ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။

   ကျွန်မကလည်း ရင်ထဲမှာထွေးပိုက်လာတဲ့ နှစ်သိမ့်ဆုလေးကို တမြတ်တနိုးကျေနပ်ရင်း...၊ ကြည်နူးမဆုံးပါပဲ။

ဝေ(စီးပွားရေးတက္ကသိုလ်)

မှတ်ချက်။ ။ ဤစာစုလေးအား ရွှေအမြုတေဆုပေးပွဲအပြီး တစ်လလောက်တွင်ရေးခဲ့ပြီး အလင်းတန်းဂျာနယ်သို့ ပို့မည်ရည်ရွယ်ထားသော်လည်း မပို့ဖြစ်ခဲ့ပါ။ ခြောက်လကျော်ကြာကာမှ ဖိုင်ထဲတွင်ပြန်တွေ့သဖြင့် အမှတ်တရ အဖြစ် ဖော်ပြလိုက်ပါသည်။