သံတူကြောင်းကွဲ ချစ်ခြင်းလင်္ကာ

      

            ရုတ်တရက် အတွင်းဒဏ်ရာတစ်ခုမှ သွေးစိမ့်လွန်သူတစ်ယောက်လို အားဆုတ်နုံးခွေသွားရ၏။ စိုးရွံ့ခြောက်လှန့်နေခဲ့သော အချိန်ကာလတစ်ခုသည် ကျွန်မနောက်ကျောနားမှာ ခြေသံလုံစွာ ကပ်နေခဲ့ပြီလား။
            ကျွန်မကတော့ တစ်စိုးတစ်စိမျှပင် မရိပ်မိလေခဲ့။ သမီးကပဲ ပိရိလွန်းလေသလား။
ကျွန်မကပဲ အယုံလွန်ခဲ့လေသလား။ သေချာ ပြန်စဉ်းစားလည်း သမီးအပေါ်မှာ သံသယဝင်စရာ မြူတစ်မှုန်စာလေးပင် မမြင်မိပါ။ သို့ပေမယ့် ဒီအသက်ဒီအရွယ်နှင့် မိဘကိုလိမ်လည် လှည့်စားပြီး ကျူရှင်ပျက်ရသည့် အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ။ ကျွန်မ မတွေးဝံ့ဝံ့ တွေးကြည့်မိသည်။
            ကျူရှင်ရှေ့အရောက်ပို့ပေးခဲ့ပြီး အမေပြန်သွားကာမှ ဘယ်သူနှင့် ဘယ်ကိုထွက်သွားလို့ စာသင်ခန်းထဲ မရောက်ရသနည်း။ ဆရာမက ကျူရှင်ပျက်ရက်များလာ၍ ဖုန်းဆက်တိုင်လေပြီ။
             ကျွန်မကတော့ သမီးတို့ခေတ်က ကျွန်မတို့ခေတ်ထက် အရွယ်ရောက်ကြီးပြင်းတာ ပိုလျင်မြန်သည်ဟု ထင်မြင်တာကြောင့် ငယ်သေးပေမယ့် သမီးကိုတစ်ချက်ကလေးမှ အလစ်မပေးခဲ့ပါ။ သမီးတို့က ကျွန်မတို့လို လမ်းထဲမှာ ခွက်ပေါက်တမ်း၊ ထုတ်ဆီးတိုးတမ်း ကစားသည့်ခေတ် မဟုတ်တော့။ ကွန်ပျူတာဂိမ်းတွေ ခေတ်စားကုန်ပြီ။
            ဟော....ကွန်ပျူတာဂိမ်းဆိုကာမှ ကျွန်မ ဆတ်ကနဲခေါင်းမတ်သွားရ၏။ သမီးက မိန်းကလေးဆိုပေမယ့် ကွန်ပျူတာဂိမ်းတော့ တော်တော်စွဲလန်းသူဖြစ်သည်။ အိမ်မှာဆိုလျှင် ကန့်သတ်ချိန်နှင့်သာ ပေးဆော့သည်မို့ သူ ဘယ်တော့မှ မတင်းတိမ်တတ်။
            သေချာပြီ။ သမီးတို့ကျူရှင်ဘေးမှာက ကွန်ပျူတာဆိုင်လေးတစ်ဆိုင် ရှိသည်လေ။ သမီးရဲ့လှည့်ကွက်ကို ကျွန်မ မိခဲ့သည်ပေါ့။ ကျွန်မက ကျူရှင်အိမ်ရှေ့ပို့ပေးပြီး ပြန်သည်နှင့် သမီးက ကွန်ပျူတာဆိုင်ထဲ အသာလျှိုဝင်လိုက်ပေလိမ့်မည်။ ကျူရှင်ဆင်းပြီး ဆရာမပြန်ကာမှ ကွန်ပျူတာဆိုင်မှထွက်ကာ ကျူရှင်နှင့်ဆိုင်ကြားမှာ ခပ်တည်တည်ရပ်နေတော့ ကျွန်မကလည်း ကျူရှင်ဆင်းလာသည်ပဲ ထင်သည်ပေါ့။
            ကောင်းလေစွ။ ကျွန်မကတော့ ဝဋ်လည်လေပြီထင်သည်။
           မှတ်မှတ်ရရ ကျွန်မငယ်စဉ်ရှစ်တန်းနှစ်က ဝတ္တုခိုးဖတ်ဖူးလေပြီ။ကျောင်းစာအုပ်ကြားမှာ အချစ်ဝတ္တုညှပ်ကာ ညဥ့်နက်သန်းကောင်ထိ စာကျက်ချင်ယောင်ဆောင်နေ၏။ ဖေဖေနှင့်မေမေကတော့ သူတို့သမီးလေး စာကြိုးစားလှချည့်ဆိုကာ ပီတိတွေ ဝေနေကြသည်။ အချိန်တန်တော့ စာအလွန်တော်သည့်ကျွန်မက အစမ်းစာမေးပွဲမှာ ကျတော့၏။
           မိဘတွေက မဆူရက်ပါ။ အိပ်ရေးအပျက်ခံလွန်း၍ဆိုကာ ဖြေသိမ့်စကား ဆိုကြသည်။ ကျွန်မကတော့ ငိုပွဲဆင်လို့မဆုံး။
သို့ပေမယ့် ကျွန်မဝတ္တုခိုးဖတ်တာကိုတော့ ဘယ်သူမှမရိပ်မိခင် ကျွန်မဖာသာ ပြုပြင်ခဲ့ပါသည်။
            သမီးကရော ကျွန်မလိုအသိဥာဏ်မှ ရှိပါ့မလား။ သူ့ဖာသာသူရော ပြင်တတ်ပါ့မလား။
ဘယ်လောက် အထိနာပြီးမှ ပြုပြင်သင့်ပြီလို့ လန့်ဖျတ်လာပါ့မလဲ။ ပြိုင်ဖက်တွေကြားမှာ နှောင်းနောင်တကို ပိုက်ပွေ့ပြီး လောင်ကျွမ်းညှိုးနွမ်းနေမည့် သမီးကိုလည်း ကျွန်မ မမြင်ရက်ပါ။
            သို့ဖြင့် ကွန်ပျူတာဆိုင်ကို တိတ်တဆိတ်စုံစမ်းကြည့်တော့ သမီးက ဂိမ်းတင်မကပဲ အင်တာနက်မှာ ချက်တင်ဝင်နေသတဲ့။  ခုခေတ်ကလေးတွေ အလွန်စွဲကြသည့်ကိစ္စမို့ ကျွန်မတို့နှစ်ယောက်သား ဘယ်လိုလုပ်ရမလဲ အပူတပြင်းတိုင်ပင်ရပြီ။အဖိုးနှင့်အဖွားလည်း မနေနိုင်။
            ' ညည်းငယ်ငယ်က ဝတ္တုခိုးဖတ်တဲ့ကိစ္စ၊ တို့မသိဘူးထင်ရင် ညည်းမှားတာပေါ့အေ...'
            တစ်သက်လုံး ဖုံးကွယ်နိုင်ခဲ့ပြီလို့ ထင်ထားသည့်ကိစ္စကို အမေက ဖွင့်ချလိုက်တော့ ကျွန်မအံ့သြသွားရသည်။
            ' အမေနဲ့အဖေ ဘယ်လောက်စိတ်ညစ်ခဲ့ရသလဲ။ ဘယ်လောက်ကြံရာမရ ဖြစ်ခဲ့ရသလဲ။ နောက်ဆုံး သမီးဆရာမဆီ သွားပြီး
             သမီးကို စာမေးပွဲချဖို့ တိုင်ပင်ရတာပေါ့။ အမေတို့က မချခိုင်းလည်း သမီးအမှတ်တွေက ကျမတတ်နည်းနေတာပါ...'
            ကျွန်မဖြင့် အံ့သြရလွန်းလို့ ဘာပြောရမှန်းပင်မသိတော့။ အဖေနှင့်အမေ အဲဒီ့လောက်လှုပ်ခတ်ခဲ့ရမှန်း ကျွန်မကတော့ မသိခဲ့ပါ။
ကျွန်မမှတ်မိသလောက်ကတော့ ရှစ်တန်းနွေရာသီမှာ ဖေဖေကိုယ်တိုင် ကျွန်မအတွက် စာအုပ်စင်လုပ်ပေးကာ စာအုပ်တွေတပုံကြီး ဝယ်ပေးခဲ့ သည်။ ဇိနတ္တပကာသနီကျမ်း၊ ညီတော်အာနန္ဒာမှတ်တမ်း၊ မှန်နန်းရာဇဝင်နှင့် ဝတ္တုတွေထဲက သူလိုလူအပါအဝင် စာအုပ်များ....။
            သို့ပေမယ့် ကျွန်မသမီးကိုတော့ ကျွန်မတုန်းကလိုနည်းလမ်း သုံးလို့မဖြစ်နိုင်ပါ။ ခေတ်တွေကလည်း ပြောင်းကုန်ပြီလေ။
            ' ဘာမှစိတ်ညစ်မနေနဲ့ မိကေရေ။ အိမ်ကကွန်ပျူတာမှာ အင်တာနက်ချိတ်ပေးလိုက်ပြီး အချိန်နဲ့ပေးဆော့လိုက်။
             အရင်ခေတ်ကလို အခြေအနေကို စောင့်ကြည့်နေဖို့အချိန်မရဘူး။ ခုခေတ်က မြန်တယ်။ ဝင်ပူးပြီး ထိန်းမှဖြစ်မှာ....'
            ထူပူနေသည့် ကျွန်မတို့လင်မယားကတော့ ဖေဖေ့အကြံကိုဘဲ စမ်းသပ်ကြည့်ရတော့မှာပေါ့။
                                                     xxxxxxxx
            ဟိုးအရင်..၊ မိဘတွေမျှော်လင့်ချက်ကို ရိုက်ချိုးမိစဉ်တုန်းက ကျွန်မကိုယ်ကျွန်မ အပြစ်ကြီးလှသည်ဟု မထင်ခဲ့မိပါ။
ကျွန်မသမီးလေး အလှည့်ကျကာမှ တစ်ဦးတည်းသောသမီးလေးမို့ မျှော်လင့်ချက်တွေ မိုးပျံတိုက်ဆောက်မိ၏။
            သမီး စာဖတ်တတ်စကတည်းက အသိပညာတိုးမည့် ကာတွန်းစာစောင်မျိုးစုံ ဝယ်ပေးခဲ့သည်။ ပန်းချီဦးဘကြည် ရေးဆွဲသည့် ဇာတ်တော်ကြီးဆယ်ဘွဲ့ကို ကိုယ်တိုင်ဖတ်ပြပြီး သမီးလေးမေးသမျှ အချိန်ပေးရှင်းပြရ၏။ အလယ်တန်းလောက်ရောက်လာတော့
ကျွန်မစာအုပ်စင်မှ ကောင်းနိုးရာရာစာအုပ်များကို ကိုယ်တိုင်ရွေးပေးခဲ့သည်။ သမီးနှင့်လိုက်ဖက်မည့် သုတရသ စာများ...၊ ကဗျာများ...။
သို့ပေမယ့် အချစ်ဦးစားပေး မိုက်ရူးရဲဝတ္တုများ မပါခဲ့ပါ။ ဒီကြားထဲကမှ သမီးက အမေ့ထက်တစ်လကြီးလေသည်။
           ' မေမေရေ....ဒီမှာကြည့်စမ်း။ သမီးရဲ့ကဗျာလေး မဂ္ဂဇင်းထဲ ပါလာပြီ...'
          အပျော်ကိုမဖုံးဖိနိုင်သည့်သမီးက မြူးထူးခုန်ပေါက်နေသလောက် သမီးပြသည့်စာအုပ်ကိုကိုင်ထားရင်း ကျွန်မက ရင်တွေတလှပ်လှပ် တုန်နေခဲ့ရပြီ။ အဲဒါ..သမီးရေးတဲ့ကဗျာလား။ အချစ်အကြောင်း ဘယ်လောက်သိလို့မို့ အချစ်ကဗျာကို သမီးက ရေးတတ်ခဲ့သည်တဲ့လဲ။
            ကျောင်းအကြိုအပို့ကလည်း အဖေနှင့်အမေ...။ ဆယ်တန်းနှစ် အရေးကြီးသည်မို့ ကျူရှင်အားလုံး အိမ်ပြင်မထွက်ရလေအောင် စီစဉ်ပေးခဲ့သည်။ သမီးအတွက် အချိန်ပြည့် ဂိုက်ကလည်း ကျွန်မကိုယ်တိုင်...။ ညဖက် သမီးစာကျက်ပြီး အိပ်ပျော်သည်အထိ ကျွန်မက သမီးကိုသိပ်ပြီးမှ ကိုယ့်အခန်းကိုယ်ပြန်သူ...။ သမီးမှာ တစ်ယောက်တည်းနေရချိန်က မရှိသလောက်ရှားလှ၏။
            ခုတော့...ရှားရှားပါးပါး ညတစ်ရေးနိုး ထရေးထားသည့်ကဗျာလေးက မဂ္ဂဇင်းမှာပါလာသတဲ့။  ဒီလိုဆိုတော့ သမီးရဲ့သွေးက စကားပြောလေပြီထင်သည်။ သူ့အမေ၏အနုပညာပိုးတွေက သမီးလေးဆီ စီးဆင်း မျောပါသွားခဲ့ပြီလား။
                      ကျွန်မငယ်ငယ်ကလည်း ဒီလိုဆယ်တန်းနှစ်မှာပဲ ကဗျာတွေအများကြီးရေးဖြစ်ခဲ့၏။ မဂ္ဂဇင်းကိုပို့ဖို့တော့ စိတ်ကူးလည်းမရခဲ့။ မဂ္ဂဇင်းစာမျက်နှာထက် ဝတ္တုတစ်ပုဒ်စပါလာတော့ အသက်နှစ်ဆယ်ပင်ရှိခဲ့ပြီ။ သမီးကတော့ အီးမေးလ် ကနေ စမ်းပို့ကြည့်လိုက်တာတဲ့။ အမေ့ထက်တောင် လက်စောင်းထက်သည့် သမီးပါလား။ ဆယ့်ငါးနှစ်နှင့် မဂ္ဂဇင်းစာမျက်နှာပေါ် တက်လေပြီ။
           ကျွန်မမှာ တားလည်းမတားရက်။ အားလည်းမပေးနိုင်...။ ဆယ်တန်းနှစ်မို့ တစ်သက်လုံးစာတော်ခဲ့သည့် ရည်ရွယ်ချက်ကြီးခဲ့ရှာသည့် သမီးလေး ခြေခေါက်လဲမှာ စိုးလှသည်။
           ကျွန်မငယ်စဉ်က မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးလည်းဖြစ်၊ဥာဏ်လည်းထက်မြက်သည်မို့ မိဘတွေက သူတို့အရိုက်အရာကိုဆက်ခံမည့် ဆရာဝန်မကြီးဖြစ်ဖို့ ဂိုက်လိုင်းချပေးခဲ့သည်။ ငယ်စဉ်ကတည်းက အစပျိုးရင့်သန်ခဲ့သည့် ရည်မှန်းချက်၊ စိတ်ကူးအိပ်မက်တွေကို ကျွန်မက အလွယ်တကူ လွှတ်ချခဲ့သည်တော့မဟုတ်ပါ။
           လူရယ်လို့သိတတ်စကတည်းက ဆရာဝန်မိဘနှစ်ပါး၏ ဆေးခန်းထဲမှ ဆေးနံ့များ၊ ဆေးထိုးပိုက်များ၊ အရက်ပျံ၊ ကတ်ကြေး၊ နားကြပ်များနှင့် ယဉ်ပါးရင်းနှီးလာခဲ့သူဆိုတော့...' သမီးကြီးရင် ဘာလုပ်မလဲ...' ဟု မေးလာလျှင်... ' ဆရာဝန်မကြီး လုပ်မယ်...' ဆိုသည့် အဖြေကလွဲပြီး တခြားရော ရှိဦးမည်လား။
           ဖေဖေနှင့်မေမေကို အားကိုးလေးစားကြသည့် လူနာများ၊ ရောဂါပျောက်ကင်းသွား၍ အသက်သခင်ဆိုပြီး ကျေးဇူးတင်ကြသည့် လူနာများကိုမြင်နေရတော့ ကလေးဘဝကတည်းက အသားကျနေခဲ့သော ဆန္ဒတစ်ခုက ဝါသနာနှင့် လေးစားအားကျမှုပေါင်းကာ ရင့်သန်လာ ခဲ့သည်။ မူလတန်း၊ အလယ်တန်းတစ်လျှောက် စာတွေကြိုးစားသင်ယူခဲ့၏။ အတန်းထဲမှာ အတော်ဆုံး၊ မိဘတွေက အားအထားဆုံး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအရှိဆုံး...။ အနာဂါတ်အိပ်မက်တွေက တလူလူလွင့်ပျံလို့ပေါ့။
           သို့ပေမယ့် ရှစ်တန်းနှစ်ရောက်ကာမှ အချစ်ဝတ္တုတွေဖတ်ပြီး နှလုံးသားလေးယိမ်းထိုးလာခဲ့သည်။ ဆယ်တန်းတက်သည့်နှစ်မှာတော့ ကဗျာဆရာလေး မောင်နှင့်တွဲမိပြီး ကဗျာတွေအပြန်အလှန်ရေးကာ ငယ်အိပ်မက်လေး ဇောက်ထိုးပြောင်းပြန် ဖြစ်သွားလေသည်။
          တကယ်တမ်း အနုပညာမှာလည်း ဟုတ်တိပတ်တိ နေရာမရခဲ့သလို ပညာရေးမှာလည်း သာမန်ဘွဲ့လေးတစ်ခုထက် မပိုခဲ့။
           သမီးကိုတော့ ဒီလို မဖြစ်စေချင်ပါ။ ကျွန်မတုန်းက မပြည့်ဝခဲ့ရသည့် မိဘတွေမျှော်လင့်ချက်ကိုလည်း မြေးမလေးအလှည့်မှာ
အကြွေးပြန်ဆပ်ချင်ခဲ့သည်ကရော ကျွန်မ အတ္တကြီးလွန်းနေသည်လား။ ကိုယ်တိုင်တောင် မလုပ်နိုင်ခဲ့ဘဲနှင့် ကလေးကို ပင်ပန်းစေပြီလား။
           ' သမီးက ဖိုးဖိုးနဲ့ဖွားဖွားလို ဆရာဝန်မကြီးလုပ်မှာ မဟုတ်လား။ ဆရာဝန်ဆိုတာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့အလုပ် သမီးရဲ့။
            သမီးဆရာဝန်ဖြစ်မှ ရောဂါထူတဲ့ မေမေလည်း အသက်ရှည်ရှည်နေရမှာ....'
           သမီးငယ်ငယ်ကတည်းက ကျွန်မရိုက်သွင်းပေးခဲ့သည့် စကားလုံးများ..။ သမီးဆီသို့ ကျွန်မဆီမှမျောပါသွားခဲ့သော ကဗျာပိုးများ..။
ကျွန်မကဲ့သို့ မိဘမသိအောင် လွင့်ပျံနေမည့် စိတ်ကူးအတွေးများ...။
           ထိန်းမတ်ပဲ့ပြင်ဖို့ရာ အပြောလွယ်သလောက် ကိုင်တွယ်ဖြေရှင်းရန်မှာ သိမ်မွေ့နက်နဲလှပါသည်။
                                                xxxxxxxx
           နားကြပ်တစ်ဖက်နှင့် စာရေးခဲ့သည့် ဆရာမကြီးကြည်အေးကို သမီးက လေးစား၏။ ဆေးထိုးအပ်ကိုင်ရင်း ကလောင်ထက်သည့် ဆရာမဂျူးကို သမီးကအားကျ၏။ သမီးဝေယျာဝစ္စနှင့် ဗျာများရင်း စာဆက်မရေးနိုင်သည့် ကျွန်မအဖြစ်ကို သမီးကသဘောမကျ။
           သည်လိုနှင့် သမီးလေး မဂ္ဂဇင်းမှာ ဝတ္တုတိုလေးတွေ၊ကဗျာလေးတွေ ကြိုကြားကြိုကြားပါရင်း ဆရာဝန်မကြီးဖြစ်လာတော့မှ ကျွန်မ လည်း ပင့်သက်မောကို အသာချရပါတော့သည်။သမီးက ကျွန်မထက် အများကြီးလိမ္မာလှသည်။ အချစ်ကဗျာတွေ၊ အချစ်ဝတ္တုတွေ ရေးပေမယ့် ချစ်သူရည်းစား မရှိရှာသေး။ တက္ကသိုလ်တစ်လျှောက်လုံးလည်း ချစ်ခွင့်ပန်သူတွေ အများအပြားရှိခဲ့ပေမယ့် တစ်ယောက်မှ မေတ္တာမတုန့်ပြန်ခဲ့။ အမေကို သူငယ်ချင်းပေါင်း ပေါင်းပြီး အားလုံးဖွင့်ဟတိုင်ပင်တော့ ကျွန်မပင် တည်ငြိမ်လွန်းသည့် သမီးနှလုံးသားကို အံ့သြရ၏။
           ဆရာဝန်ဖြစ်လာသည်အထိ အကြိုက်မတွေ့ပြန်တော့လည်း မအေပီပီ စိတ်ပူရပြန်ပြီ။ တစ်ဦးတည်းသောသမီးမို့ အတ္တကြီးမှာစိုး၍ ငယ်စဉ်ကတည်းက သတိထားသွန်သင်ခဲ့ပါသည်။ သမီးမှာ တစ်ကိုယ်ကောင်းစိတ် မများတာတော့ သေချာ၏။ မွေးချင်းအဖော် မရှိသူတို့ ထုံးစံအတိုင်း မိဘကို အခင်တွယ်လွန်မှာစိုး၍လည်း အမှီသိတ်မခံခဲ့။ ငယ်ငယ်ကတည်းက သမီးအရိပ်သာ ကျွန်မကဖြစ်ခဲ့ပေမယ့်
အမေ့အရိပ်တော့ သမီးကို မဖြစ်စေခဲ့ပါ။ သမီးက စိတ်ထားနူးညံ့သော်လည်း စိတ်ဓာတ်ပျော့ညံ့သူတော့ မဟုတ်။
           ဒါဖြင့် တကယ်ပဲ ဖူးစာရှင်မဆုံသေးတာ ဖြစ်မည်ပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မသမီးလေး အိမ်ထောင်ပြုမစောတော့ မိဘရင်ခွင်ထဲ ကြာကြာထွေးပွေ့ခွင့်ရသည် မဟုတ်လား။
           သို့ပေမယ့် ထူးခြားသော အပြောင်းအလဲတစ်ခုက တစ်နေ့တော့ ရောက်လာခဲ့ပါသည်။
           ' ဒီနေ့ စကာင်္ပူကနှလုံးအထူးကုအဖွဲ့ ရောက်လာကြတယ်မေမေ။ အဲဒီထဲမှာ မြန်မာတစ်ယောက်လည်းပါလာတယ်....'
           တကယ်တမ်း သမီးနှလုံးသားကို လှုပ်ခတ်စေနိုင်သူ ပေါ်လာချိန်မှာတော့ ဂုဏ်ရည်လည်းတူပါ၏။ ရည်မွန်ယဉ်ကျေးသူလည်းဖြစ်ပါ၏။ ရိုးသားထက်မြက်သူလည်း မှန်ပါ၏။ နေနဲ့လ၊ ရွှေနဲ့မြပမာ သမီးနှင့်လည်း လိုက်ဖက်လှပါ၏။ သို့ပေမယ့်....
           ' မောင်တို့တုန်းက ယောက္ခမကြီးပေါက်ကွဲသလို သမက်လောင်းကို ရေနွေးပူနဲ့ ထွက်ပက်မယ်လို့ ကြိမ်းမောင်းလို့လည်းမရ။
            ဒီကောင်နဲ့ယူရဲယူကြည့် အမွေဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခွင့်လည်းမရ။ ဒီခံစားချက်ကလည်း ဆိုးတာပါပဲလားအမေကြီးရေ..'
သမီးဖေဖေကလည်း ခုမှ ယောက္ခမကြီးခံစားချက်ကို ကိုယ်ချင်းစာတတ်ပုံရပြီး မျက်ရည်လဲ့မျက်ဝန်းနှင့် ရယ်မောဟန်ဆောင်ကာ ငြီးငြူရှာ၏။
           ကျွန်မတို့နှစ်ယောက် ချစ်သူဖြစ်တော့ ဆယ်တန်းနှစ်မို့ ရည်ရွယ်ချက်ကြီးရှာသည့် သူတို့သမီးအတွက် အဖျက်အမှောင့်ဝင်ပြီဟု ဖေဖေနှင့်မေမေက မောင့်ကိုအကြီးအကျယ်စိတ်ဆိုးခဲ့သည်။ ဆေးရုံတာဝန်တစ်ဖက်နှင့်မို့ ကျွန်မကိုဘယ်တုန်းကမှ ကျောင်းလိုက်မပို့ဖူးသည့် ဖေဖေက အကြိုအပို့လုပ်လာတော့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရကောင်းလားဆိုပြီး ကျွန်မက စိတ်ကောက်ခဲ့မိသေး၏။
           အငယ်ဆုံးသားက ကျန်းမာရေးချူချာလှသည်မို့ စာတော်လိမ္မာသည့်ကျွန်မကို ဘယ်တုန်းကမှ စာမပြဖူးသည့်မေမေက စာကြည့်စားပွဲမှာ ညဥ့်နက်သည်အထိ လာစောင့်ပေးတော့လည်း ကျွန်မက ချုပ်ချယ်လွန်းလှချည့်ဆိုပြီး စိတ်ခုခဲ့မိပြန်သည်။
           ဒါကြောင့်လည်း သမီးလေးအရွယ်ရောက်လာတော့ ကျွန်မတို့လင်မယား ဝဋ်လည်မှာ ကြောက်လာသည်လေ။ ကိုယ်တိုင် မိဘဖြစ်လာမှ မိဘတွေ၏ရင်တွင်းခံစားချက်ကို နားလည်လာပါသည်။ ကိုယ့်လိုဖြစ်မှာစိုး၍ ငယ်ငယ်ကတည်းက သမီးနှင့်ပူးကာ သူငယ်ချင်းပေါင်း ပေါင်းခဲ့၏။ သမီးအဖေကလည်း အိမ်ဆောက်တော့ သမီးအတွက် အန္တရာယ်ကြိုရှောင်သည့်အနေဖြင့် ဝရံတာမထုတ်ခဲ့။ ဝရံတာသိတ်ကြိုက်သည့်ကျွန်မနှင့် ဝရံတာမှာ အပေါ်အောက်စကားပြောခဲ့ကြသည့် အချစ်ဇာတ်လမ်းကို သူလည်း ခုတော့ ဝဋ်လည်မှာကြောက်လေပြီ။
           သို့ပေမယ့် ဝဋ်က အဲဒီအချိန်တုန်းက မလည်ခဲ့ပါ။ သမီးက ကျွန်မထက် လိမ္မာပါသည်။
           ကျွန်မ မောင်နှင့်လိုက်ပြေးတော့ အသက်နှစ်ဆယ်ကျော်ကာစပဲ ရှိပါသေးသည်။ ဘွဲ့လွန်တက်နေသည်မို့ ကျောင်းပြီးကာနီး တစ်နှစ် အလိုလောက်မှာဖြစ်၏။ အမှန်က မိဘတွေသဘောမတူဘဲ  ခိုးပြေးဖို့ စိတ်ကူးမရှိခဲ့ပါ။ ဘွဲ့ကိုယ်စီရအောင်ယူပြီး အလုပ်အကိုင် အတည်တကျ ဖြစ်ကာမှ လက်တွဲကြဖို့ စိတ်ကူးကိုယ်စီနှင့်ပါ။ သို့ပေမယ့် သူ ငယ်ငယ်က ဂျစ်တူးတူးနှင့် လူကြီးတွေ မျက်စေ့ဆံပင်မွေးစူးစရာ ပုံစံဖြစ်၏။ ကျွန်မအသိုင်းအဝိုင်းက သူနှင့်ကျွန်မကို ခါးခါးသီးသီး သဘောမတူပါ။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပိတ်ပင်ခဲ့ပါသည်။
           အဖေနှင့်အမေက မျက်ရည်လေးတစမ်းစမ်းနှင့် တရားချလွန်းတော့လည်း ကျွန်မကသနားပြီး သူနှင့်အဆက်အသွယ် မလုပ်ဘဲနေလိုက်၏။
         ကျွန်မတို့နှစ်ယောက်က မတွေ့ရဘဲ နှစ်ချီကြာသည့်တိုင် မေတ္တာမပျက်၊သစ္စာမယိုင်၊စွဲမြဲလွ န်းခဲ့သည်။ မိဘတွေက ပြတ်ပြီအထင်နှင့် ဝမ်းသာလို့မှမကြာခင် ဒိုင်ယာရီကို ခိုးဖတ်မိသွားပြီး ကျွန်မအတွင်းသဘောကို သိသွားကာ မေမေက အကြီးအကျယ်ပေါက်ကွဲတော့၏။
           ' နင်တို့က မိဘတွေကို အယုံသွင်းပြီး အပိုင်ကြံနေကြတာကိုး။ ပညာစုံမှ ထင်ရာစိုင်းကြမယ်ပေါ့လေ။ နင် မပြတ်နိုင်တာသေချာရင် ခုချက်ချင်းလိုက်သွားတော့ဟေ့။ လူလည်ကျပြီးကျောင်းပြီးမှတွေ၊ အခြေကျမှတွေ လုပ်မနေနဲ့။ ငါတို့ကို လှည့်စားမနေနဲ့...'
           ' အဲဒီလို မဟုတ်ပါဘူးမေမေရယ်။ အထင်မလွဲပါနဲ့...'
           ' တော်တော့မိကေ။ ညည်းကောင်ကို ညည်းမပြတ်နိုင်ရင် ငါတို့ကိုသာ ခုချက်ချင်းဖြတ်လိုက်။ အဲလိုမှမဟုတ်ဘဲ မိဘကို ကလိမ်ကျလို့ကတော့ ညည်းတို့နှစ်ယောက် ဘယ်တော့မှ မပေါင်းရပါစေနဲ့..လို့ ငါကျိန်လိုက်မယ်...'
           ကျွန်မ စိတ်ထိခိုက်လွန်း၍ နှလုံးကြေကွဲခဲ့ရပါသည်။ မေမေ ဘယ်လောက်ဆူဆူ၊ ဖေဖေ ဘယ်လောက်ဆဲဆဲ၊ မိဘမေတ္တာ စေတနာမို့ ကျွန်မ မနာကျည်းတတ်ပါ။ ခုလို ပြောလိုက်တာကိုတော့ အလွန်ဝမ်းနည်းထိတ်လန့်သွားရပါသည်။ မေမေပြောသလို ကျွန်မတို့ တကယ်ကို လူလည်လုပ်မိနေပြီလား။ တစ်နေ့လုံး အပြန်ပြန်အလှန်လှန်စဉ်းစားကာ ထိုညမှာပင် ကျွန်မ အိမ်မှထွက်ခဲ့ပါတော့သည်။
           မေမေပြောသည့် စကားများအတွက် မေမေ့ကိုကျွန်မ အရမ်းအားနာသွားရခြင်း ဖြစ်ပါ၏။   မေမေကလည်း နောက်ပိုင်းစိတ်ပြေတော့ သူကိုယ်တိုင်လည်း ကောင်လေးအပေါ် သမီးစိတ်ပြတ်သွားမလားလို့ ပြောမိပြောရာ ပြောလိုက်မိသည်ဟု စိတ်မကောင်းဖြစ်ရှာပါသည်။
           အချိန်စက်ဝိုင်း တစ်ပတ်လည်ပြီး မိခင်တစ်ယောက်ဖြစ်လာတော့ ကျွန်မက ဒီလိုအကြောင်းကြောင်းတွေကို သင်ခန်းစာရှိသူပီပီ ကျွန်မသမီးနှင့် ကျွန်မတို့တတွေကြားမှာ ဒီလိုမဖြစ်ရအောင် ရှောင်ကြဉ်ပါတော့သည်။
           ရှောင်လည်းရှောင်နိုင်ခဲ့ပါ၏။ သို့သော် ကျွန်မကြုံရသည့် သောကများကတော့ တစ်မျိုး။
           လိမ္မာလှသည့်သမီး၊ မိဘစိတ်တိုင်းကျ တစ်ဘဝစာလုံး နေလာသည့်သမီး၊ အခါမလင့်တလင့် ဖြစ်လာသည်အထိ မိဘနှင့်မခွဲမခွာနေလာသည့် သမီးကညာက ကြင်ဖက်ဖူးစာတွေ့လာတော့လည်း....
           တစ်ချက်ကလေးရှိသည့် ချွင်းချက်ကိုတော့ မိဘနှစ်ပါးကိုငဲ့ကာ မငြင်းသင့်သည်မို့ ကျွန်မတို့နှစ်ယောက်စလုံး ရင်တွင်းဝေဒနာကို ဖုံးဖိကာ မိဘဝတ္တရားရှိသည်နှင့်အညီ စီမံဆောင်ရွက်ပေးရ၏။ နောက်ဆံတင်းနေရှာသည့် သမီးကိုလည်း မကြာခဏ အပြန်အလှန် လည်ပတ်လို့ရတာပဲဟုလည်း ဖြေသိမ့်ရ၏။
           သို့ပေမယ့် ဤမြေဤရေကို ချစ်လှသော ကျွန်မတို့နှစ်ယောက်။ အမိမြေမှလွဲ၍ ဘယ်မှာမှ ခေါင်းမချနိုင်ကြောင်း၊ သမီးလေးကိုစိုးစဉ်းမျှ မသိစေချင်တော့ပါ။
           လေဟုန်ခွင်း၍ လေယာဉ် ပျံတက်သွားသည်နှင့် နှလုံးသည်းပွတ်တစ်မြုံလုံး သမီးနဲ့အတူလိုက်ပါသွားသလို လှိုက်ဟာကျန်ခဲ့ချိန်မှာတော့ ကျွန်မဖြတ်ကနဲ သတိရမိသွားသည်က ' သမီးကိုခွင့်လွှတ်ပါ ဖေဖေနဲ့မေမေ...' ဆိုသည့် စာရွက်ကလေးကိုကိုင်ရင်း မျက်ရည်တွေတွေ
ကျနေခဲ့ရှာမည့် ကျွန်မဖေဖေနှင့် မေမေ့မျက်နှာမှလွဲ၍ ဘာများဖြစ်နိုင်ပါဦးမည်နည်း။
                                                xxxxxxxxx  
                                                                                    ဝေ (စီးပွားရေးတက္ကသိုလ်)
                                                                               January, 2010... Faces Magazine

3 comments:

  1. ဒီစာကို အလွန်တရာ နှစ်သက်မိပါသည်။
    လေးစားစွာဖြင့်
    pN

    ReplyDelete
  2. မမဝေရေ....
    မိခင်နေရာရောက်မှ တကယ့်ကို ကိုယ့်အလှည့် ပြန်ကြုံရမှာ စိုးနေမိတယ်နော်...။
    မေတ္တာဆိုတာ ဆန်ရေမရှိဘူးဆိုတာကို နားလည်ထားပေမယ့် မိဘနဲ့ သားသမီးကြားမှာ အပြန်အလှန် နားလည်မှုရှိတဲ့ ဘ၀မျိုးကိုပဲ တည်ဆောက်ချင်မိတယ်။ အများကြီးမျှော်လင့်မိရင် တစ်နေ့ကျ အများကြီး ခံစားနေမိရမှာ စိုးမိတယ်လေ....။ အတောင်အလက်စုံရင် ပျံသန်းထွက်ခွာ သွားကြတာ သဘာဝပဲဆိုတာ နှလုံးသွင်းထားရတယ်။

    ReplyDelete
  3. တစ်ကယ်ကောင်းတဲ့ ရသစာပေပါပဲ ဆရာမ..
    မိဘနေရာ မရောက်သေးတဲ့ သမီးတစ်ယောက်ဆိုတော့..
    ဆင်ခြင်တေါးတောမိစရာလေးတွေ အတွက် ကျေးဇူးပါလို့...

    ReplyDelete