မေတ္တာတွဲယှက် အချစ်သော့ချက် ( အက်ဆေး )



            ဒီအသက် ဒီအရွယ်မှာ အချစ်အကြောင်း ပြောရမည်ဆိုလျှင်တော့ အေးမြတည်ငြိမ်သော မေတ္တာအရင်းခံသည့် အချစ်စစ်အကြောင်းကိုသာ ပြောချင်မိပါတော့သည်။
         အချစ်ဆိုသည်ကို လူတို့က အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြရာ... ကျွန်မကတော့ အချစ်စစ်ဆိုသည်မှာ အေးမြသော မေတ္တာကနေ မြစ်ဖျားခံပြီး စီးဆင်းခဲ့သည်ဟု ဆိုချင်ပါသည်။
         သည်လို မေတ္တာကို အခြေခံထားမှလည်း ဘ၀တစ်လျှောက် ကြုံဆုံရသမျှကို သည်းခံကျော်ဖြတ်နိုင်ပေလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် နားလည်စာနာပေးပြီး ညှိနှိုင်းနိုင်မည်။
         ဤသို့မဟုတ်ဘဲ လိုချင်တပ်မက်စိတ်ကို အချစ်ဟု ထင်မိသူတွေကတော့ အချစ်ကို ချိုသည်လို့ချည်း အမြဲထင်ချင်သူတွေမို့ တကယ်တမ်း အခါးလေးဝါးမိသည်နှင့် လန့်ဖျပ်ကာ ထွေးထုတ်ပစ်ချင်တော့သည်ပေါ့။
         ဘ၀ဆိုသည်ကကို ရုန်းကန်ရခြင်းဆိုမှတော့ ဘ၀ထဲက အချစ်မှာ ချိုတာလည်းကြုံမည်။ ခါးတာလည်းကြုံမည်။ တစ်ခါတစ်ရံ ချဉ်မည်၊ ဖန်မည်၊ စပ်မည်... အစုံပေါ့။ ရသစုံကြုံရမည်လေ။
         ဒါကို မေတ္တာအရင်းခံသည့်အချစ်က နားလည်နိုင်၏။ ဖြတ်ကျော်နိုင်၏။ ခါးလည်း နောက်မတွန့်။ ကျော်ရမည်သာ...။
         အခါးကိုဝါးမိမှလည်း အချို၏တန်ဖိုးကို ပိုသိနိုင်မည်မဟုတ်လား။
         အချစ်စစ်မှန်လျှင် ခါးတုန်းလည်း သည်းခံပြီး ဆက်ဝါးနိုင်ရမည်။ ခါးလျှင် ကိုယ်က ဥာဏ်သုံးပြီး ခပ်ဖွဖွဝါးပေါ့။
ခဏငုံထားသင့်လျှင်လည်း ငုံထားပေါ့။ အခါးကုန်တော့ ပြန်ချိုလာလိမ့်မည်ဟု ကျွန်မက ယုံကြည်ချင်မိပါသည်။
                                                     xxxxxx

         ဆယ်ကျော်သက်အရွယ်တုန်းကတော့ ရင်ခုန်တိမ်းမူးသော၊ ညှို့ယူဆွဲငင်သော၊ တွေဝေမြိုသိပ်သော၊ လွမ်းမောတမ်းတရသော... ဝေဒနာမျိုးစုံနှင့် အချစ်ကို ခံစားဖူးသည်ပေါ့။
         “ အချစ် ” ဆိုသည်နှင့် သူ၏ဖွားဖက်တော် “ အလွမ်း ” ကလည်း နောက်မှထပ်ကြပ်မခွာ လိုက်ပါလာတော့၏။
         ချစ်တတ်သူတိုင်း လွမ်းဖူးကြမည်ပင်။ လွမ်းဖူးသူတိုင်းလည်း တမ်းတတတ်လိမ့်မည်။
တမ်းတမှုမပါသော အလွမ်းဟူသည် မရှိစကောင်း။ ထို့အတူ မလွမ်းဖူးသော အချစ်ဟူသည်လည်း မရှိစကောင်းပါပေ။
         ကျွန်မတစ်ဦးတည်းအတွက် ဆိုလျှင်ဖြင့် အလွမ်းရင့်လေ... အချစ်မြင့်လေ.. ဟုပင် တင်စားချင်မိပါသေးသည်။
ကျွန်မအချစ်သည် အလွမ်းတောထဲ၌ ကာလရှည်ကြာစွာ နစ်မျောနေခဲ့ရ၍ဖြစ်၏။
         မငိုဖူးသော မျက်လုံးများသည် အလှစစ်ကို ရှာမတွေ့နိုင်သလို၊ မလွမ်းဖူးသောအချစ်သည် မြတ်နိုးမှုအမှန်ကို တန်ဖိုးမသိနိုင်..ဟု ကျွန်မက ထင်မိပါသည်။
          သည်တော့... ဆိုကြပါစို့။
         အချစ်သည် အလွမ်းကြောင့် ပိုနင့်သည်းတွယ်ငင်လာသည် ဆိုပါလျှင်... အလွမ်း၏နင့်သည်းမှုသည် အချစ်ပေါ်တွယ်ငင်မှုနှင့် တိုက်ရိုက်အချိုးကျမည်ပင် မဟုတ်ပါလား။
                                                     xxxxxx

         ငယ်ငယ်တုန်းကတော့ “ အလွမ်း ” ဆိုသည့်အရာကို အလွန်ပင် မုန်းတီးခဲ့မိသေးသည်။
         ဘာလို့ဆို... “ အချစ် ” ကိုစတွေ့ပြီဆိုကတည်းက မျက်စေ့အောက်က ပျောက်သည်နှင့် ကျွန်မက လွမ်းတတ်ခဲ့သူကိုး။
         တစစ်စစ်၊ တမြေ့မြေ့နှင့် စိတ်နှလုံးနာကျဉ်ရသော အလွမ်းကို ကျွန်မ မနှစ်မြို့သော်လည်း မတွန်းလှန်နိုင်ပါ။
သူ့ဒဏ်ကို အချိန်အတော်ကြာကြာ ခံလိုက်ရသေး၏။
         သည်ကြားထဲ တက္ကသိုလ်တက်ချိန်မှာ ကျွန်မက ရန်ကုန်မှာသွားတက်ရပေမဲ့ ချစ်သူက မြို့ကလေးမှာ ကျန်ခဲ့ပြန်လေတော့ တက္ကသိုလ်ကျောင်းသူအရသာကို အပြည့်အ၀မပျော်ဝင်နိုင်ဘဲ လွမ်းလို့မဆုံး... တနုန်းနုန်းတခွေခွေရယ်ပေါ့လေ။
         အဲသည်အချိန်မှာ စာလေး၊ ကဗျာလေးကလည်း မတောက်တခေါက် ခံစားရေးဖွဲ့ချင်ပြန်သေးတော့ တလူလူလွင့်ပျံနေသည့် ခံစားမှုအပိုင်းအစတွေဆိုတာ စကားလုံးဒဿနတွေအဖြစ် တသွင်သွင်စီးဆင်းလို့ပင် မဆုံးလေခဲ့။
         သို့ပေမဲ့ အလွမ်းတာရှည်လာတော့ သူ့ကြောင့်တိုးလာသော တွယ်တာမှုအထပ်ထပ်ကို သတိထားမိလာရ၏။
အလွမ်းဆိုတာသာ မရှိလျှင် အချစ်ပေါ် သည်လောက်တွယ်တာ တန်ဖိုးထားမိလိမ့်မည်လားဟုပင် တွေးမိချင်သည့်အထိပင်။
         အလွမ်း၏ သယ်ပို့မှုဖြင့် အချစ်က တန်ဖိုးတက်လာပြီးသကာလတွင် တစ်စုံတစ်ခု၏တန်ဖိုးကို ပြသနိုင်ဖို့ တစ်စုံတစ်ခုက နှိုင်းယှဉ်ချိန်ထိုး ခံပေးနေ၍သာဖြစ်ကြောင်း သတိထားမိလာတော့၏။
         ဥပမာ... အချစ်က မည်မျှကြည်နူးနှစ်သက်စရာကောင်းကြောင်း အလွမ်း၏နာကျင်ခံခက်မှုကို ခံစားရမှ ပိုသိလာသလို...။
အချစ်ကိုမတွေ့မမြင်ရ၍ လွမ်းဆွတ်တမ်းတရလေ...၊ အချစ်ကို မြင်တွေ့ခွင့်လေးရအောင် ကြိုးစားမိလေနှင့်...၊ ပိုတန်ဖိုးသိလာသလို....။
         သည်လိုနှင့် သူငယ်ချင်းများကြားတွင် ကျွန်မက အလွမ်းမင်းသမီး...၊ အချစ်စံပြကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရလေသည်။
                                                     xxxxxx

     အဆက်မပြတ်စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ပင် အချိန်ကာလများ တရွေ့ရွေ့ဖြတ်ကျော်သွားခဲ့လေရာ အချစ်နှင့် သူ၏နောက်ဆက်တွဲ အလွမ်းသာမက၊ အိမ်ထောင်တစ်ခု၏ သောက၊ ဒေါသ၊ မာန.. စသဖြင့် အချစ်နှင့်စပ်လျဉ်းနိုင်သမျှ ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး... ရသမျိုးစုံကို ကျွန်မတို့ခံစားဖူးခဲ့လေပြီ။
     ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ပြောင်းသွားခဲ့ရာ သားတွေသမီးတွေနှင့် မိသားစုအဆောက်အဦတွေလည်း တောင့်တင်းလာခဲ့သည်။
      မည်သို့ပင်ဖြစ်စေ...၊ ခုချိန်ထိလည်း သူငယ်ချင်းများက ကျွန်မကို အချစ်စံပြရာထူးမှာ ထားနေကြဆဲ။
      ရယ်စရာတော့ ကောင်းပါသည်။
      ကျွန်မက သိတ်မငြီးငြူတတ်လေတော့ ကျွန်မဆိုလျှင် အချစ်နှင့်ပတ်သက်သမျှ အစစအရာရာ အဆင်ပြေသည်ဟုချည်း ထင်နေကြပုံရ၏။ သူငယ်ချင်းတွေ စုမိဆုံမိကြပြီလားဆို သူတို့၏အချစ်ပြဿနာ၊ အိမ်ထောင်ရေးပြဿနာတွေကို ကျွန်မနှင့်နှိုင်းယှဉ်ကာ ပြောတတ်ကြ၏။ အစပိုင်းတုန်းကတော့ ကျွန်မကလည်း အလိုက်သင့်ပင် ပြုံး၍သာ နေခဲ့မိသေးသည်ပေါ့။
      နောက်ပိုင်းတော့ မိဘစီစဉ်ပေးသော အိမ်ထောင်ရေးတစ်ခုမှ သူငယ်ချင်း၏ မပြေလည်မှုတွေ အန်ကျပါများလာသောအခါ ကျွန်မမှာ စဉ်းစားစရာတွေဖြစ်လာရပြီ။
      သူငယ်ချင်းက သူမခင်ပွန်းသည်၏ အေးစက်သောဆက်ဆံရေးကို ရင်နာနေတတ်သူဆိုတော့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ချိန်ကြာသွားသည့်အခါမျိုးမှာ ကျွန်မအိမ်သားက ဖုန်းလေးလှမ်းဆက်ပြီး သတင်းမေးတတ်သည့်အခါတိုင်း   “ နင်တို့တွေက အရင်လို နွေးထွေးနေကြတုန်းပဲနော်...” ဟု အားကျစကားဆိုတတ်သည်။
      “ သူကဆို ငါ့ကို ဘယ်တော့မှ သတိတရ ဂရုတစိုက်မရှိတတ်ဘူး။ ဘယ်တုန်းကမှလည်း စိတ်မပူဖူးဘူး။ သူ့အလုပ်ကလွဲရင် ဘာကိုမှ စိတ်ဝင်စားရကောင်းမှန်း မသိတဲ့လူ...” ဆိုပြီးလည်း သူ့ဘ၀ကိုသူ အားမရစိတ်ဝင်တတ်သည်။
      ကျွန်မက ဘာမှစောဒကမတက်ဘဲ ပြုံး၍သာနေတတ်ပြန်တော့ သူ့စကားကို အကြွင်းမဲ့ထောက်ခံသလိုလည်း ရှိနေခဲ့လိမ့်မည်။
      အမှန်တော့ သူမက မိဘစီမံရာကို လိုက်နာခဲ့ရသည့် သူ့အိမ်ထောင်ရေးကို ကျွန်မ၏ သူရဲကောင်းဆန်ဆန် ရင်ခုန်ရသော အချစ်စွန့်စားခန်းများနှင့် နှိုင်းယှဉ်ကာ အချစ်စစ်မဟုတ်သလိုလို အထင်ရောက်နေခြင်းသာ။
      ဒါဖြင့်... သူမမှာ ငယ်ငယ်က ချစ်သူဟောင်းရှိခဲ့သလားဆိုတော့လည်း အင်မတန်ရိုးသား ရှင်းလင်းလှသော သူမနှလုံးသားကိစ္စကို ကျွန်မအသိဆုံးပေါ့။
      နောက်တစ်ခုက လူကြီးချင်း စီမံကြသည်ဆိုသော်လည်း သူတို့ချင်းတွေ့ဆုံကာ သဘောကျပြီးမှသာ ကျေနပ်လက်ခံခဲ့ကြသည့် အိမ်ထောင်ရေးမို့ သိတ်တော့လည်း ဇာတ်မနာလှပါ။ တကယ်တမ်း သူမ နာကျည်းနေသည်က ခင်ပွန်းသည်၏ အေးစက်မှုသာဖြစ်၏။
      သူငယ်ချင်း၏ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသောအခါ ဒီတစ်ခါဆုံဖြစ်လျှင် သူမ၏စိတ်ဒဏ်ရာအား စိတ်ဖြင့်ပင် ဆေးကြောသန့်စင် ကုသပေးရန် စဉ်းစားမိပါသည်။
      သို့ပေမဲ့ သူငယ်ချင်းအုပ်စုထဲမှာလည်း အိမ်ထောင်ရှင်တွေပဲ ဖြစ်နေလေတော့ ကိုယ့်ကိစ်္စနှင့်ကိုယ် ရှုပ်နေကြပြီး တစ်နှစ်မှ တစ်ခါနှစ်ခါစုမိဖို့ပင် မလွယ်ကူလှပေ။
      စုမိဆုံမိကြပြီဆိုသည်နှင့် ထိုသူငယ်ချင်းပြောပြသမျှ အိမ်ထောင်ရေးအေးစက်မှုတွေက သေချာပေါက် စိုးရိမ်ရေမှတ်သို့ ရောက်နေပြီမှန်း သတိပြုမိရသည်။
      ကျွန်မ သည်အတိုင်း အရင်လို မြိန့်မြိန့်ကြီးပဲ ပြုံးနေလို့ဖြင့် မဖြစ်ချေတော့ပါ။
                                                  xxxxxx

      သူငယ်ချင်း၏ မကျေနပ်ချက်များကို နားထောင်နေရင်း ကိုယ့်အိမ်ထောင်ရေးမှ အဆင်မချောတာလေးတချို့ကို အပြေးအလွှား စဉ်းစားနေရ၏။ ကျွန်မက မငြီးငြူတတ်၍သာ သူတို့ကို မပြောဖြစ်ပေမဲ့ ကျွန်မတို့လည်း ပုထုဇဉ်လူသားများသာမို့ စိတ်သဘော မတိုက်ဆိုင်တာတွေ၊ ငြင်းခုန်ရန်ဖြစ်ရတာတွေ၊ စိတ်ဆိုးစကားများရတာတွေ...၊ အဘယ်မှာ ကင်းနိုင်ပါမည်နည်း။
      သို့ပေမဲ့ ပထမကတည်းက ကျွန်မဆိုခဲ့သလို မေတ္တာနှင့်ယှဉ်သည့် ချစ်ခြင်းမို့ သစ္စာအမှန်ကို မြင်တတ်ခဲ့ပါ၏။ စိတ်အခန့်မသင့်တိုင်း သူနှင့်မို့ သည်လိုပြဿနာတွေ ကြုံရလေခြင်းဟု မတွေးလိုပါ။ မည်သူနှင့်ပဲဖြစ်ဖြစ် တစ်ဘ၀လုံး လက်တွဲလျှောက်မှတော့ တစ်ကွေ့မဟုတ်တစ်ကွေ့တော့ အနည်းဆုံး သဘောထားကွဲလွဲကြမည်ပေါ့။
သည်လိုပဲ သည်းခံကျော်ဖြတ်ရမည်သာ မဟုတ်လား။
      သူမပြောသည့် ခင်ပွန်းသည်၏ အေးစက်မှုများထဲတွင် သူမအပေါ် အရေးတယူမရှိတာ၊ ကယုကယင်မကြင်နာတာ၊
တမြတ်တနိုး မဆက်ဆံတာတွေသာ ပြည့်နှက်နေလေ၏။
      “ ကဲ.. ဒါဖြင့်.. သူ နင့်အပြင် ရှုပ်တာပွေတာတွေ၊ မသင်္ကာစရာရှိလား...” ဟု သူငယ်ချင်းများက မေးတော့လည်း လေသံလေးတောင် လုံးဝမကြားရပါတဲ့လေ။
      စီးပွားရေးအလုပ်ထဲမှာသာ ခေါင်းစိုက်နေသည့် ယောကျာ်းမျိုးမို့ ဇနီးနှင့်သားသမီးအပေါ် အချိန်မပေးနိုင်သည်ကသာ ချို့ယွင်းချက်ဖြစ်နေခြင်းပါ။
      မည်သို့ဆိုစေ တစ်ကြိမ်တစ်ခါမျှ အဆင်မပြေတာ မကြားဖူးသော ကျွန်မဘ၀၏ချစ်ခြင်းကို ရှိစုမဲ့စုပြဿနာတချို့ အစထုတ်ပြလိုက်တော့ သူမသာမက ကျန်သူငယ်ချင်းများပါ အံ့သြကုန်တော့၏။
      “ ငါကတော့ အခါးဝါးမိတုန်းအချိန်ဆို ခဏနေ အခါးကုန်သွားတော့လည်း သူမဟုတ်သလို ချိုလာပြန်ဦးမယ်လို့ တွေးမိပြီး ရယ်ချင်လာတာပဲ။ ဒီလိုဆိုတော့လည်း လောကမှာ မပြီးဆုံးတဲ့အရာရယ်လို့ ဘယ်မှာရှိလို့လဲဟယ်။ ဖြစ်ပြီးရင်ပျက်ရမှာ ဓမ္မတာပဲမဟုတ်လား...” ဆိုပြီးလည်း စကားအနားသတ်ကာ သူမခံစားချက်ကို ဖော့ပေးလိုက်ပါသည်။
      သူငယ်ချင်းက... “ ဒီလောက်ချစ်ကြတဲ့ နင်တို့တွေလည်း ဒီလိုကိစ္စမျိုးရှိတာပဲလား...” ဟု စိတ်မကောင်းသလို ပြောနေသော်လည်း စိတ်အတန်ပေါ့သွားရှာသည့် ခံစားချက်ကိုတော့ သူမမျက်နှာမှာ အထင်အရှားတွေ့လာရ၏။
      ဘာပဲဖြစ်ဖြစ်... ငါတစ်ယောက်တည်း မဟုတ်ပါလား.. ဟု သူမ အားတက်သွားမည်ကတော့အမှန်။
      တစ်ခါတရံ ကိုယ်က အရေးမကြီးလှဟု ထင်သောကိစ္စများက သူတစ်ပါးအတွက် တစ်ဘ၀စာလုံး ပြောင်းလဲသွားလောက်အောင် အရေးပါအရာရောက် နေတတ်သေးပါလားဟု အံ့သြမိပါသည်။
      ကျွန်မအတွက်က အသေးအမွှားပြဿနာလေးတွေမို့ သူငယ်ချင်းတွေကြားမှာ ချခင်းမပြမိခြင်းသည် သူတို့အတွက်က နှိုင်းယှဉ်စရာစံပြကြီးက လက်လှမ်းမမီအောင် ဝေးကွာလာသယောင် စိတ်အားလျော့စရာဖြစ်နေသည်ကိုး။ 
      သည်လိုနှင့် နောက်ထပ်လည်း မေ့မေ့ပျောက်ပျောက်အရာများကို တူးဖော်ကာ သူမနားလည်စေမည့် ဥပမာများနှင့် ကျွန်မပြောပြခဲ့၏။
      ကိုယ်လိုချင်တာကို ရယူနိုင်ဖို့ ကိုယ်က အရင်စပေးတတ်အောင်လည်း သတိချပ်သင့်ကြောင်း...၊
သူ့ဆီက အကြင်နာ၊ အယုအယကိုခံချင်လျှင် ကိုယ်ကအရင် သူ့အပေါ် ကြင်နာယုယဖို့ မမေ့အပ်ကြောင်း...၊ လိုချင်တပ်မက်စိတ်တစ်ခုကိုသာ အခြေခံကာ အချစ်ကို မခံစားသင့်ကြောင်း...၊ မိဘစီမံသည့် အိမ်ထောင်ရေးဆိုပေမဲ့ သစ္စာရှိသည့် ခင်ပွန်းသည်ဆိုလျှင်ပင် အချစ်စစ်အတွက် ခရီးမဝေးလှကြောင်း...၊ မေတ္တာကို မျှဝေရင်းသာ အချစ်စိတ်ကို နားလည်မှုယူသင့်ကြောင်း...၊ သားသမီးသံယောဇဉ်သည်လည်း မေတ္တာနှောင်ကြိုးများပေမို့ မေတ္တာအရင်းခံသည့် အချစ်စစ်ကို ခုချိန်မှာ ဦးတည်၍ရကြောင်း...။
      ကျွန်မကပဲ အပြောကောင်းလို့လား၊ သူမကပဲ သတ်္တိရှိရှိပြောင်းလဲဖို့ ၀န်မလေးသူမို့လား မသိ။ နောက်အခေါက်တွေမှာ သူငယ်ချင်းနှင့် ဆုံဖြစ်တော့ သူမတို့အိမ်ထောင်ရေးက အတော်ပင် အဆင်ပြေနေခဲ့ပြီ။
      “ သူက ငါ့ကို ဂရုမစိုက်ပေမဲ့ သားတွေကိုတော့ သိတ်ဂရုစိုက်တယ်ဟ။ အဲဒီတော့ ငါကလည်း သားတွေကို ဂရုစိုက်တာနဲ့တင် ကျေနပ်ပေးလိုက်တာပေါ့။ နင်ပြောသလို သားတွေကနေတဆင့် သူ့အကြင်နာကို ငါခံစားတတ်လာပါပြီ...” ဟုလည်း ပြောသေး၏။
      တကယ်တော့ သူမခင်ပွန်းသည်က ပြောင်းလဲလာသည်မဟုတ်ပါ။ အရင်တုန်းကလိုပင် ခပ်အေးအေး၊ ခပ်ရိုးရိုးသာ အလုပ်ထဲ ခေါင်းစိုက်နေမြဲ။ တကယ်တမ်းပြောင်းလဲလာသည်က သူမ၏ စိတ်သာပင်ဖြစ်၏။
      ရှေ့ရောက်လွန်းနေသည့် လိုချင်စိတ်တွေ နည်းနည်းလျှော့လိုက်ပြီး မေတ္တာဓါတ်ကလေးနှင့် နားလည်မှုယူလိုက်တော့ အရင်ဆုံး အေးငြိမ်းသွားရသည်က ကိုယ့်စိတ်သာပဲမဟုတ်ဘူးလား။
      ဘာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု၏ အက်ကြောင်းများကို ဖာထေးလိုက်နိုင်ဖို့ သူငယ်ချင်းကို စိတ်ဓါတ် အကူအညီပေးလိုက်နိုင်၍
ကျေနပ်မိပါသည်။ ကျွန်မဘ၀၏ အဆင်မပြေတာလေးတွေ ရှာကြံပြောကာ သူ့စိတ်ဖိဆီးမှုများကို ဖွဖော့ပေးရင်း ကျွန်မလိုပင် စိတ်ပေါ့ပါးစွာနေတတ်စေဖို့ နည်းလမ်းမျှဝေပေးနိုင်ခဲ့၏။
      ဒါဟာ... ကျွန်မ ပေါ့ပေါ့ပါးပါး နေနိုင်ခြင်း၏ အဓိကသော့ချက်ပါပဲ။
ကျွန်မက ငါ့ကျမှဖြစ်ရလေခြင်း၊ သူနဲ့မို့ ဖြစ်ရလေခြင်း.. ဟု ဘယ်တော့မှမတွေးပါ။ အကြောင်းအကျိုးကိုသာ ဆက်စပ်တွေး၍ အကျိုးမလိုချင်လျှင် အကြောင်းကို ပယ်ဖြတ်နိုင်ဖို့သာ ကြိုးစားပါသည်။
      ဘယ်ကိစ္စမဆို နာကျည်းမှုတွေကို သယ်ပိုးလွယ်ပိုက်ထားပြီး ကိုယ်က အလှည့်ကြုံတော့ ပြန်ကလဲ့စားချေခြင်းဖြင့် အကြောင်းသစ်တွေ မဖန်တီးချင်တော့ပါ။
      စင်စစ် ကျွန်မတို့အားလုံးသည် သံသရာမှာ ကိုယ့်ကိုဆွဲနှစ်ပစ်မည့် အကုသိုလ်အထုပ်အပိုးများကို အမိုက်ခံပြီး မသယ်ပိုးဘဲ တတ်နိုင်သမျှ လွှတ်ချပစ်ခဲ့ဖို့ကိုသာ ကြိုးစားသင့်သည်မဟုတ်လား။
                                                 xxxxxx


ဝေ(စီးပွားရေးတက္ကသိုလ်)
( မသိနားမလည်မှု၏ အသီးအပွင့်များ- ကလောင်စုံ )

စိတ်ကျွံ ဒဏ်ရာ



ကိုယ့်ကိုယ်ကို မဆယ်နိုင်တဲ့တစ်နေ့မှာ
မင်းဟာ ကိုယ့်ရဲ့ကောက်ရိုးတစ်မျှင်ပါ။

မျှော်လင့်ခြင်း လတစ်စင်းရဲ့ဆွဲငင်အား
ဆန္ဒရောင်စုံတွေ ဘောင်ဘင်ခတ်လာတဲ့နှလုံးသားမှာ
တကယ်တော့ ကိုယ်ဟာ မောဟကိုမျှားနေခဲ့သူ။

မိုးကလည်း မသည်းဘူး
လေကလည်း မထန်ဘူး
ဒါပေမဲ့ ရင်ထဲမှာ မုန်တိုင်းသံတွေညံနေတယ်။

တိုက်ပွဲက နှစ်ဖက်မရှိဘဲ ပြင်းထန်ခဲ့တာ အံ့သြစရာပဲ
ခရာမမှုတ်ခင် သောသောညံခဲ့ စစ်ချီတေး
စကားလုံးကျည်ထိုးပြီး ပစ်တဲ့ သေနတ်များ
ယမ်းငွေ့မဝေဘဲ သွေးစက်တွေချင်းချင်းနီခဲ့ပေါ့။

စိတ်ဒဏ်ရာကို ကုစားနိုင်မှာ စိတ်နဲ့လား
အကောင်းအတိုင်းမဖြစ်တောင် အနာတရအနည်းဆုံး
အဆိုးဆုံးမရောက်အောင် စာနာမှုအများဆုံး။

ကိုယ်သာနာစေ စိတ်မနာစေနဲ့..တဲ့
သံကွန်ချာအထပ်ထပ် ဘယ်လောက်ကာရံထား
သညာအသိက ဥာဏ်အရှိလို အနှစ်မပါ
စိတ်ကျွံတာ စကားအကျွံထက် နှုတ်ရပိုခက်ခဲ။

မနစ်ခင် အမီဆယ်နိုင်ပါ့မလား
တအိအိပြိုကျလာတဲ့ သောကများ
သံသယက အားပေးစကားအယောင်ဆောင်
ကောက်ရိုးမျှင်နဲ့ ထိုးဝါးလွန်ဆွဲပွဲ
ကမ်းလက်တွေလား ဓားသွားလား...

ကိုယ့်ကိုယ်ကို မဆယ်နိုင်တဲ့ တစ်နေ့မှာ....


ဝေ(စီးပွားရေးတက္ကသိုလ်)

“ တိုက်ပွဲခေါ်သံ တိတ်စေရန် ” ( ရသစာတမ်း)


ဒါကိုတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်က အပေါင်းလက္ခဏာ အပြောင်းအလဲအဖြစ် မသတ်မှတ်ချင်ပါ။

ဒီနှစ် ဗြောက်အိုးဖောက်သံတွေက အရင့်အရင်နှစ်တွေကထက် နားကွဲလုမတတ်၊ လန့်ခုန်ရမတတ်၊ စိတ်အနှောင့်အယှက် ပေးလှသည်။

တစ်ခါတစ်လေများဆို လက်နက်ကြီးနှင့် အထုခံရသလို အုန်းကနဲ အုန်းကနဲ မြေကြီးပင် သိမ့်သိမ့်တုန်သွားမတတ်။

တစ်ချက်တစ်ချက်တော့လည်း အိပ်တန်းတက်ပြီးသား ငှက်တွေပင် လန့်ပျံရလောက်အောင် ၀ုန်းကနဲ။ ပေါက်ကွဲပြန်ပါသေး၏။

ဒီဗြောက်အိုးတန်ဖိုးတွေ မသေးလှတာ သမီးလေးပူဆာသည်နှင့် မီးရှူးမီးပန်းဆိုင်ရောက်ခဲ့၍ သိခဲ့ရပြီးပြီ။

သမီးက ဆယ်နှစ်သာသာ ကလေးစိတ်ပဲရှိသေးသည်မို့ သူများတွေကိုအားကျကာ မီးပန်းဝယ်ပေးဖို့ သူ့အစ်ကိုကို ပူဆာပါသည်။

အစ်ကိုကလည်း ဒီအရွယ်ကိုဖြတ်ကျော်လာတာ မကြာသေးသူမို့ နှမငယ်ကို ကိုယ်ချင်းစာပြီး မိဘတွေဆီမှာ ရှေ့နေလိုက်ပေးလေ၏။

သည်လိုနှင့် အန္တရာယ်ရှိနိုင်တာတွေ၊ အသံဆူညံတာတွေ မ၀ယ်ကြဖို့၊ ချစ်စရာမီးပန်းလေးလောက်နှင့်သာ ကျေနပ်ကြဖို့.. သဘောတူညီချက် အရင်ယူရတော့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ငယ်ငယ်တုန်းကလည်း မီးပုံးလေးတွေထွန်းရတာ၊ မီးပန်းလေးတွေ လက်ထဲဝှေ့ယမ်းကစားရတာကိုက သီတင်းကျွတ်ညချမ်း၏ မမေ့နိုင်သည့်အရသာမဟုတ်လား။

ဆိုင်ရှေ့ကိုရောက်လာတော့ ကျွန်မက ငွေတစ်ထောင်ထုတ်ပေးလိုက်ပြီး မောင်နှမနှစ်ယောက်ကို အတူသွားဝယ်စေလိုက်သည်။ပြန်အလာမှာ ပေသီးလေးတစ်ထုပ်နှင့် မီးပန်းလေးတစ်ခုသာ ပါလာကာ.. “ တစ်ထောင်ဖိုးဆို... အရင်လို ဘာမှလည်းမရတော့ဘူး... မေမေ..” ဆိုပြီး သမီးက လူကြီးလေးလို ညည်းညူတော့၏။

“ သူများတကာ အနှောင့်အယှက်ဖြစ်မယ့် အသံတွေမ၀ယ်တာ အကောင်းဆုံးပဲ သမီး။ တစ်ထောင်ဆိုတာ လက်လုပ်လက်စား မိသားစုအတွက် ဟင်းတစ်ခွက်ရတယ်” ဟု ကျွန်မကပြောတော့လည်း ထူးထူးခြားခြား မအေစကားကို သမီးက စောဒကမတက်ရှာပါ။

ဆိုင်ရှေ့မှာတော့ လူတွေတိုးကြိတ်ဝယ်ယူနေကြသည်မှာ စီးပွားရေး ကျပ်တည်းမှုအကြောင်း တစ်ခါမျှ မညည်းညူဖူးသူတွေအတိုင်းပင်။

ဆိုင်ကလေးပတ်ပတ်လည် ချိတ်ဆွဲထားသည့် မီးပုံးတွေမှာရော၊ စီခင်းထားသည့်ပစ်္စည်းများ အားလုံးပေါ်မှာပါ ဘူးသီးငါးပေါင်းကြော် စာတွေကလည်း အခန့်သား။

ကြည့်နေရင်း ကြည့်နေရင်း... ၀ယ်သူတွေလက်ထဲမှ ငွေစက်္ကူတွေ ဈေးသည်ပိုက်ဆံပုံးထဲသို့ လက်ပြောင်းရောက်သွားသည်ဟု

တည့်တည့်မမြင်နိုင်တော့ဘဲ မြန်မာပြည်သားတွေရင်ဘတ်ထဲမှ တစ်စုံတစ်ခုက အရှေ့ဘက်နယ်စပ်ကိုကျော်ပြီး မဟာတံတိုင်းပေါ် သွားချိတ်နေသလိုလို ခံစားလာရပါတော့သည်။

xxxxxx

“ ဒီဗြောက်သံတွေ၊ မြေကြီးသိမ့်သိမ့်တုန်သွားစေတဲ့ အမြှောက်သံလိုဟာတွေကို အရသာခံပြီး ဖောက်နေကြတဲ့သူတွေကို တကယ်ပစ်ခတ်နေကြတဲ့ တိုက်ပွဲတွေထဲကို ခေါ်သွားပြချင်တယ်။ သူတို့ အပျော်ကစားပစ်လိုက်တဲ့၊ မီးရှို့ပစ်လိုက်တဲ့ ပိုက်ဆံတွေဟာ အဲဒီတိုက်ပွဲဖြစ်နေတဲ့ ဒေသက စစ်ပြေးဒုက်္ခသည်တွေအတွက် ဘယ်လောက်လိုအပ်နေတယ်ဆိုတာကို သိစေချင်လိုက်တာ...” ဟု အိမ်ပြန်ရောက်သည်နှင့်ကျွန်မက မနေနိုင်မထိုင်နိုင် ပြောလိုက်မိသွားတော့...

“ ဟင်.. မေမေက တိုက်ပွဲထဲ ရောက်ဖူးတာကျနေတာပဲ.. ပြောပုံကြီးက...” ဆိုပြီး သမီးလေးက ချက်ချင်းပဲ ဒိုးဒိုးဒေါက်ဒေါက်နှင့် ၀င်ထောက်ပါတော့သည်။။

သည်တော့ ကျွန်မက “ တိုက်ပွဲထဲတည့်တည့်တော့ မဟုတ်ပေမဲ့ သေနတ်သံတွေကြားမှာ ဘယ်လောက်ရင်တုန်စရာ ကောင်းတယ်ဆိုတာ.. ကိုယ်တွေ့ ကြုံဖူးတယ်သမီးရဲ့။ ဒီဗြောက်သံတွေ၊တ၀ုန်းဝုန်းအသံတွေဟာ တကယ့်သေနတ်သံ၊အမြှောက်သံတွေနဲ့ တော်တော်လေးကိုတူတာ..” ဆိုပြီး ပြောလိုက်ရာ... သားနှင့်သမီးက ချက်ချင်းဆိုသလို အနားကိုတိုးလာပြီး ကြုံရင်ကြုံသလို ပြောပြနေကျ ကျွန်မငယ်ဘ၀ အကြောင်းကို နားထောင်ဖို့ အသင့် နေရာယူကြတော့သည်ပေါ့။

ကျွန်မ ငယ်ငယ်က နေခဲ့ဖူးသည့် ကချင်ပြည်နယ်မှ တောင်ပေါ်မြို့ကလေး မချမ်းဘောမှာ အဲသည်အချိန် လွန်ခဲ့သော နှစ်အစိတ်ကျော်လောက်က နယ်မြေ သိတ်မအေးချမ်းလှသေး။ မြို့ကလေးကတော့ အဖြူရောင်နယ်မြေပါ။ စစ်တပ်ရှိသည်။ ပါတီ၊ကောင်စီ အုပ်ချုပ်ရေးရှိသည်။

သို့ပေမဲ့ သူ့အနီးတစ်ဝိုက်မှ ရွာတွေ၊ တောင်ယာတဲတွေထဲကို ကချင်သူပုန်တွေက မကြာခဏ၀င်လာတတ်လေရာ

သူတို့ဝင်လာပြီလားဆို ညဖက်တွေမှာလာတတ်ပြီး အများအားဖြင့်တော့ ပေါ်တာဆွဲသလိုမျိုး လူတွေဖမ်းသွားတာပဲဖြစ်၏။

နောက်တစ်နေ့မနက်ဆိုလျှင်တော့ မြို့ကလေးတောင်ဘက်က တောဈေးလေးမှာ အသီးအရွက်လာရောင်းသည့် ရွာသူတွေဆီမှ သတင်းတွေ ပြန်ကြားရတော့သည်ပေါ့။ ဘယ်သူ့သားလေးတော့ သူပုန်တပ် စုဆောင်းရေးထဲ ပါသွားရှာပြီ။ ဘယ်သူ့ကိုတော့ ရိက်္ခာသယ်ပေးဖို့ ဆွဲသွားပြန်ပြီနှင့် စိတ်ချမ်းသာစရာဖြင့် တစ်ကွက်မှမရှိပါ။

ကျွန်မပြောပြသမျှကို နားထောင်နေရင်းမှ ကလေးပီပီ စူးစမ်းချင်စိတ်ထက်သန်နေသည့် သမီးက “ မေမေ.. ပေါ်တာဆွဲတယ်ဆိုတာ ဘာလဲဟင်...” .. ဟု မေးပါတော့သည်။

“ ပေါ်တာဆွဲတယ်ဆိုတာ တပ်ရဲ့ ရိက်္ခာတွေ၊ လက်နက်တွေကို တပ်ဖွဲ့နဲ့အတူ သူတို့သွားမယ့်နေရာထိ လိုက်ပြီးတော့ သယ်ပို့ပေးဖို့ လူတွေကို အဓမ်္မဖမ်းပြီး ခိုင်းတာကိုဆိုလိုတာပေါ့။ များသောအားဖြင့် ပစ်္စည်းသယ်ဖို့ဖမ်းတာကိုတော့ ကိစ်္စပြီးရင် ပြန်လွှတ်တတ်ပါတယ်။ သူတို့တပ်မှာ အင်အားနည်းနေလို့ တပ်သားဆွဲပြီဆိုရင်တော့ အရွယ်ကောင်းတဲ့ကောင်လေးတွေကို ဖမ်းခေါ်သွားပြီး သူပုန်တပ်ထဲ အတင်းဝင်ခိုင်းတော့တာ...” ဟု ကျွန်မကလည်း သိသလောက် ပြောပြလျှင်တော့ မခံချင်စိတ်ကြီးသည့်သားက..

“ ကိုယ်မလုပ်ချင်တာကိုများ ငြင်းလို့မရဘူးလားဟင်။ ထွက်ပြေးလို့ရော မရဘူးလား...” ဟု မေးခွန်းထုတ်ပြန်၏။

“ တကယ့် ကိစ်္စတွေက ရုပ်ရှင်ထဲမှာလိုတော့ မလွယ်လှဘူးပေါ့ကွယ်။ ငြင်းတာတော့ မိဘတွေရောကလေးတွေရော ငိုယိုပြီးငြင်းကြမှာပဲ။ ထွက်ပြေးဖို့ကျတော့ ဘယ်လုပ်ရဲမလဲ။ ပစ်သတ်လိုက်မှာ စိုးရိမ်တာပေါ့...” ဟု ကျွန်မကပြောလိုက်တော့ သားနှင့်သမီးက သူတို့ကြည့်ဖူးနေကျ ဗွီဒီယိုကားတွေထဲမှ သူပုန်စခန်းတွေကို မျက်စေ့ထဲမြင်ယောင်သွားပုံရကာ ခေါင်းတညိတ်ညိတ်နှင့်

“ ကြောက်စရာပဲ.. ” ဆိုပြီး ညည်းနေကြလေ၏။
xxxxxx

အဲသည်ရက်ပိုင်းက မြို့ကလေး၌ ခေတ်အစားဆုံးမှာ သူပုန်သတင်းပင်ဖြစ်တော့သည်။ မြို့အနီးဝန်းကျင်က ရွာတွေမှာ လူတွေ အတင်းဖမ်းခေါ်နေကြောင်း၊ မချမ်းဘောကိုလည်း မြို့ထဲထိဝင်မည်ဟု သတင်းကြားကြောင်း၊ မချမ်းဘောမှာလည်း စစ်တပ်က တပ်စုတစ်စု ရွာဘက်ကို ကင်းလှည့်ထွက်သွားသည်မို့ လုံခြုံရေးအားနည်းနေကြောင်း၊ ရပ်ကွက်ထဲမှာ၊ ဈေးထဲမှာ၊ ကျောင်းမှာ၊ လူစုမိရာနေရာတိုင်းမှာ အဲသည်သတင်းတွေပဲ ပြောနေခဲ့ကြလေသည်။

မချမ်းဘောမြို့ကလေးမှာ စစ်တပ်က မြို့အနောက်က တောင်ကုန်းထိပ်မှာ တပ်စွဲထား၏။ ကျွန်မတို့က ဆေးရုံနှင့်သိတ်မဝေးလှသည့် နေရာမှာ အစိုးရပေးသော အိမ်ကြီးနှင့်နေရသည်မို့ လူနေရပ်ကွက်နှင့်ရော၊ စစ်တပ်နှင့်ပါ နည်းနည်းလှမ်းသည်။ မြစ်ကမ်းပါးထိပ်မှာဆိုတော့ ရေလမ်းကသာလာလျှင် ကျွန်မတို့ဘက်ကို အရင်ရောက်ပေမည်။

မြစ်ကမ်းပါးတစ်လျှောက်မှာက ဆေးရုံရယ်၊ ဆေးရုံဝန်ထမ်းတွေအတွက် အိမ်တချို့နှင့် ဆရာဝန်အိမ်..။ ပြီးလျှင် ဆောက်လက်စ မိုးလေ၀သရုံး...၊ ပြီးမှ ပါတီရုံး၊ ကောင်စီရုံး။ နောက် တော်တော်လှမ်းလှမ်းမှာမှ ဂူဘားဧည့်ရိပ်သာ...။ ဆိုတော့ စဉ်းစားသာကြည့်တော့။

အဲသည်အချိန်က လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲသည်။ မချမ်းဘောကို ပူတာအိုမှတစ်ဆင့် ကားနှင့်သွားရသည် ဆိုသော်လည်း မြစ်ကြီးနား-ပူတာအို လေယာဉ်က ခပ်သေးသေး တွင်အော်တာလေး တစ်စီးတည်းသာ။ ကျွန်မတို့ပြောင်းလာခါစကတောင် မိုးတွင်းကြီးဆိုတော့ ရာသီဥတုမကောင်းသည်နှင့် မြစ်ကြီးနားမှာ တစ်လလောက် သောင်တင်နေခဲ့သေးသည်လေ။

အဲသည်လို လမ်းပန်းဆက်သွယ်ရေးခက်တာကြောင့် ဧည့်ရိပ်သာမှာလည်း ဧည့်သည်က အမြဲတမ်း မရှိသလောက်ကို ရှားလှ၏။

လူနေအိမ်ခြေဆို၍ ကျွန်မတို့နားမှာ ဆေးရုံဝန်ထမ်းအိမ်ရာ သုံးလေးလုံးပဲ ခပ်လှမ်းလှမ်းမှာရှိသည်။

ပြီးတော့ အဲသည်ဘက်မှ ခြံတွေက အကျယ်ကြီး။ ကျွန်မတို့အိမ်နှင့်ခြံကြီးပင် တစ်ဧကလောက်ကျယ်တာဆိုတော့ ဟိုဘက်အိမ်ဒီဘက်အိမ်ဆိုတာကလည်း ခေါ်မကြားအော်မကြား။ ပတ်ပတ်လည်ကလည်း ရုံးတွေဆိုတော့ တိတ်ဆိတ်အေးချမ်းလိုက်တာမှ လူသူအသွားအလာမရှိသော ညဖက်တွေဆို ခြောက်ခြားစရာတောင် ကောင်းလှသေး၏။

အဲသည်လို အခြေအနေမျိုးမှာမှ သူပုန်ဝင်မည်ဟု သတင်းတွေကထွက်။ စစ်တပ်ကလည်း တပ်အင်အားလျော့နေသည့်အချိန်ဆိုတော့ မြို့ကလေးမှာ တော်တော့ကို တုန်လှုပ်နေခဲ့ရှာ၏။

နယ်ခံလူများတောင်မှ သည်လောက်စိုးရွံ့နေကြလျှင် မြေပြန့်မှပြောင်းလာတာ မကြာလှသေးသော ဆရာဝန်မိသားစုအဖို့မှာ အဘယ်မျှလောက်သွေးပျက်နေလိမ့်မည်လဲ။ ပြီးတော့ ဆရာဝန်ဆိုတာ သူတို့အတွက်က သိတ်အသုံးဝင်သည်တဲ့။ သူပုန်တပ်မှာ အရေးကြီးလူနာရှိနေခဲ့လျှင် သည်လိုမျိုး မြို့ပေါ်တက်ပြီး ဆရာဝန်တွေကို လာခေါ်သွားတတ်ကြတာကလည်း ရုပ်ရှင်ထဲမှာရော၊ အပြင်က ဟိုဟိုဒီဒီ သတင်းစကားများမှာရော ကြားဖူးထားသည်မို့ လူကြီးတွေကလည်း စိတ်ပူလှပြီ။

အဲသည်တုန်းက အိမ်မှာ ကျွန်မတို့မောင်နှမသုံးယောက်ရယ်၊ ဖေဖေနှင့်မေမေရယ်၊ ဖေဖေ့အစ်မ ကျွန်မတို့အဒေါ် အပျိုကြီးရယ်၊ မြေပြန့်ကနေခေါ်လာခဲ့သည့် အိမ်အကူနှစ်ယောက်ရယ်၊ အိမ်သားအားလုံး ရှစ်ယောက်ရှိလေသည်။။

ဖြစ်ချင်တော့ ကျွန်မမောင်အငယ်ဆုံးလေးက လသားလေးသာရှိသေးသည်မို့ ညဖက်ဆိုလျှင် နို့စို့လိုက်၊ သေးပေါက်လိုက်၊ အနှီးလဲ

ပေးလိုက်နှင့် အလုပ်ရှုပ်ရသည့်ကြားထဲ ငိုချင်ထငိုပြန်သေး၏။ အဲသည်အချိန်က မချမ်းဘောမြို့လေးမှာ လျှပ်စစ်မီးလည်း မရသေးတော့ ဖေဖေ၊မေမေနှင့် မောင်လေးနှစ်ယောက် အိပ်ခန်းထဲမှာ ရေနံဆီမီးအိမ်လေးကို ညတိုင်း ဖျော့ဖျော့လေး ထွန်းထားရလေသည်။

အိမ်ကြီးကလည်း ရှေးခေတ်ပုံစံဆောက်ထားသည်မို့ ပြတင်းပေါက်တွေအားလုံးက မှန်တွေချည်းသာ။

မိုးရွာလို့များ လျှပ်စီးလက်ပြီဆိုလျှင် ပတ်ဝန်းကျင်ကို အတိုင်းသားမြင်နေရသည်မှာ စိတ်ချောက်ချားစရာ။

အမှန်တော့ ကလေးဆိုသည်မှာ လူကြီးတွေဘယ်လောက် စိတ်ညစ်ညစ် သူတို့က ဘာမဆို ပျော်နေတတ်သည့်အရွယ်ပါ။ မြို့ရေပေးဝေရေးစနစ်မရှိ၍ မြစ်ထဲမှာပဲ ရေချိုး၊ အ၀တ်လျှော်၊ ရေခပ်ဆင်းလုပ်ရသောကြောင့် လူကြီးတွေက စိတ်ညစ်သော်လည်း

ကျွန်မတို့က ပိုတောင်မှပျော်လိုက်သေး...

ဖေဖေ့တပည့်တွေ ပေါက်ပေးထားသည့် ထင်းကုန်ချိန်မှာ တောထဲသို့ ကိုယ်တိုင်ထင်းခွေထွက်ရတော့လည်း အပျော်လိုက်သွားပြီး ဆော့ကစားရသည်မို့ ပိုလို့တောင် ကြိုက်လိုက်သေး...။

သို့ပေမဲ့ ဒီတစ်ခါကိစ်္စကတော့ တော်တော်ကြောက်လန့်စရာကောင်းမှန်း အဲသည်အချိန်က သိနေခဲ့ပါသည်။

ဘာလို့ဆို လူကြီးတွေက ညဖက် မှောင်လာပြီလားဆို အိမ်ကြီး၏အရှေ့တံခါးကို အပြင်မှ သော့ခလောက်ကြီး ထွက်ခတ်လိုက်ပြီး အိမ်နောက်ဖက်တံခါးမှ ပြန်ဝင်၊ ကလေးလေးရှိသည့်အခန်းထဲမှာ ရေနံဆီမီးအိမ်လေးကို မှိန်မှိန်လေးထွန်း၊ မှန်ပြတင်းတွေကို စောင်တွေနှင့်ကာကာ အိမ်ထဲ၌ လူမရှိသည့်ပုံစံမျိုး တစ်အိမ်လုံးအမှောင်ချ၊ တိတ်ဆိတ်နေလိုက်ကြတော့သည်မှာ ညတိုင်းလိုလိုပင်။

သည်ကြားထဲ ညကြီးအချိန်မတော် အရေးပေါ်လူနာရောက်၍ဆိုကာ ဆေးရုံကလာခေါ်လျှင်တော့ တစ်အိမ်သားလုံး အထိတ်တလန့် ဖြစ်ကြရပြန်၏။ ဖေဖေက မြို့နယ်ဆရာဝန်ကြီးဆိုတော့ သူ့ဆေးရုံကတာဝန်ကိုလည်း အပျက်မခံချင်ပေ။ ဘယ်အချိန်လာခေါ်ခေါ် လိုက်သွားတတ်၏။

မေမေကတော့ မိန်မသားမဟုတ်လား။ ဖေဖေပြန်မလာမချင်း စိတ်တပူပူနှင့် သောကများရရှာသည်။ ဆရာဝန်ဆိုတော့ သူပုန်တွေ အသုံးလိုပြီး ဖမ်းခေါ်သွားမှာလည်း စိုးရိမ်သည်လေ။

သည်လိုနှင့် တကယ်တမ်း မြို့ထဲကို သူပုန်တွေဝင်လာသည့် ညမှာတော့ ညရှစ်နာရီလောက်တွင် အိမ်ရှေ့ လမ်းတစ်လျှောက်မှာရော၊ ဟိုဟိုဒီဒီကရော... သေနတ်ပစ်သံတွေ တရစပ်စကြားရတော့၏။ ပထမတော့ မြေပြန့်မှာတုန်းက ကစားခဲ့ရသော ဗြောက်အိုးသံတွေနှင့် တူနေသည်မို့ ကျွန်မတို့က မသိသေး။ ဖေဖေကပြောပြမှ သေနတ်တွေပစ်နေပြီမှန်း သိသိချင်း အင်မတန်အဆော့သန်သည့် ကျွန်မတို့မောင်နှမ နှစ်ယောက်မှာ အသက်ပင် မရှူဝံ့အောင် ငြိမ်ကုတ်နေတော့သည်ပေါ့။

အဲသည်မှာ ကျွန်မတို့အိမ်ကြီးက အောက်ခံကသာ အုတ်တိုက်ဆိုပေမဲ့ အပေါ်ထပ်က ပျဉ်ထောင်၊ မှန်ပြတင်းတွေနှင့်မို့ ဖေဖေက ကျည်ဆန်တွေဖောက်ဝင်လာနိုင်သည်ဆိုကာ အောက်ထပ်ဧည့်ခန်းထဲမှ မီးလင်းဖိုနားတွင် တစ်အိမ်သားလုံး ရင်တထိတ်ထိတ်နှင့် ပုဝပ်နေခဲ့ရသည်။

သေနတ်သံတွေ ဝေးရာမှ တဖြေးဖြေးနီးလာချိန်တွင်တော့....

ကျွန်မက ထိုနေရာအရောက်တွင် စကားကို ခဏဖြတ်လိုက်ပြီး အကဲခတ်လိုက်သည်တွင် သားနှင့်သမီးက စိတ်ဝင်စားလွန်းပြီး မျက်လုံးလေးတွေ လက်နေကြလေ၏။

သူတို့တွေကို စချင်လာသည်နှင့် ကျွန်မက “ အဲဒီအချိန်မှာ မေမေက ဆီးသွားချင်လာတာပဲ...” ဟု စကားကိုလျှောချလိုက်တာကြောင့် သားရောသမီးကရော... ” ဟယ်... မေမေကလည်း...” ဆိုကာ ထအော်ပါတော့သည်။

ထိုညက ကံကောင်းသည်ပဲ ဆိုရမည်လား။ သူတို့မှာ အရေးပေါ်လူနာပဲ မရှိလို့လား။ မြေပြန့်ကဆရာဝန်မို့ စစ်တပ်က တောနင်းရှာပြီး အခြေအနေတွေရှုပ်ထွေးကုန်မှာပဲ စိုးလေသလား။ ဆရာဝန်ခြံရှေ့ကရော၊ ဆေးရုံရှေ့ကရော.. ဖြတ်သွားသံတွေသာ ကြားခဲ့ရပေမယ့် တစ်စုံတစ်ဦးမျှ ခြံထဲသို့ဝင်မလာခဲ့ပါ။ သေနတ်သံတွေ၊ လူသံတွေသာ တဖြေးဖြေးနှင့် ဝေးသွားခဲ့လေသည်။

အဲသည်လို သေနတ်သံတွေ တဖြေးဖြေးဝေးလာကာစမှာပဲ တောင်ပေါ်စစ်တပ်ကနေ အမြှောက်နှင့်ပစ်သည့်အသံတွေ တ၀ုန်းဝုန်း ကြားရတော့၏။ သို့ပေမဲ့ လေး၊ငါး၊ဆယ်ချက်လောက် ပစ်ပြီးနောက်တော့ အသံများ တိတ်ဆိတ်သွားပြန်ရာ ပတ်ဝန်းကျင်မှ အင်းဆက်ပိုးမွှားတွေ အသံမှလွဲပြီး ငြိမ်နေလိုက်ပုံမှာ သွေးပျက်ချင်စရာပင် ကောင်းနေသေးတော့သည်။

အတော်ကြာသည့်အထိ ကျွန်မတို့မှာ အပေါ်ထပ်အိပ်ခန်းဆီကို ပြန်မတက်ရဲခဲ့ပါ။ ဘယ်အချိန်ကျမှ အိပ်ရာဝင်ခဲ့ရမှန်းပင် မသိနိုင်လောက်အောင် တစ်အိမ်သားလုံး ဇောချွေးတပြိုက်ပြိုက်နှင့် မောဟိုက်နေခဲ့ရသော တစ်ညပင်။

ကျွန်မဇာတ်လမ်း ဆုံးလျှင်တော့ “ ဟား... တော်ပါသေးရဲ့ဗျာ။ သားက ဘိုးဘိုးကြီးကိုများ လာဖမ်းခေါ်မလားလို့ စိတ်ပူနေတာ။ တောထဲသာလိုက်သွားရရင်...” ဆိုပြီး သားက ပြောလည်းပြော အတွေးတွေလည်း တော်တော်အစရှည်ရှည် ဆွဲဆန့်မိသွားပုံရ၏။

“ ဟုတ်တယ် သား။ ဘိုးဘိုးကြီးက အဲဒီအချိန်တုန်းကသာ လူနာလိုက်ကြည့်ဖို့များ လာခေါ်ခဲ့ရင်လည်း သူ့မိသားစုကိုသာ ဒုက်္ခမပေးဖို့ တောင်းဆိုပြီး လိုက်သွားရမှာပဲတဲ့...”

ကျွန်မစကားကြောင့် ကလေးနှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး... “ ဘာလို့လဲ မေမေ..” ဟုပြိုင်တူအသံထွက်လာပါလေသည်

“ အော်... ဆရာဝန်ဆိုတာ ရန်သူ၊ မိတ်ဆွေခွဲခြားရမှာက နောက်၊ ဘယ်လူနာမဆို မေတ်္တာရှေ့ထားပြီး ကုသပေးချင်တာက အရင်ကွဲ့...”

ဟု ကျွန်မကပြောတော့ သားနှင့်သမီးက ကိုယ်စီခေါင်းလေးတညိတ်ညိတ်လုပ်ကာ မျက်လုံးလေးတွေ တောက်ပလို့နေရှာ၏။

သမီးလေးက “ မီး ကြီးလာရင် ဘိုးဘိုးကြီးလို ဆရာဝန်လုပ်မယ် မေမေ...” ဟုလည်း ပြောလိုက်သေး၏။

ကျွန်မပြုံးမိပါသည်။ အမှန်တော့ ကလေးဆိုသည်မှာ လူကြီးတွေသတ်မှတ်ထားသော သူရဲကောင်းပုံပြင်တွေထက် သူတို့ဖာသာ သူရဲကောင်းသတ်မှတ်နိုင်မည့် အဖြစ်မျိုးတွေကို ပိုလို့စိတ်ဝင်စားတတ်သည် မဟုတ်လား။

နောက်တစ်နေ့မနက်တွင်တော့ မြို့ကလေး၏နေရာတော်တော်များများ၌ အမေတွေ မျက်ရည်ချောင်းစီးနေရှာသည်ကို တွေ့ရသည်မှာ ရင်နာစရာ။ အဖေတွေကတော့ မေးကြောပြတ်မတတ် အံတွေကြိတ်ကာ အားမတန်တော့လည်း မာန်လျှော့ရသည်သာ။

ခု သီတင်းကျွတ်မှာ လူငယ်တွေ အပျော်သက်သက် ပိုက်ဆံဖြုန်းပြီး ဖောက်လိုက်သော ဗျောက်အိုးသံလို၊ ယမ်းအိုးသံလို၊ ပေါက်ကွဲသံများက အဲသည်ဒေသမှမိဘတွေ၏ အသည်းနှလုံးကို ဆွဲထုတ်ယူသွားခဲ့သည့် ငရဲသံများပေပဲ။

သူတို့၏သားလေးတွေသည် ဆယ်ကျော်သက်အရွယ် ငယ်ငယ်လေးတွေနှင့် သည်လို ငရဲသံတွေကြားထဲကို ဆွဲခေါ်ခံလိုက်ရရှာပြီ။ တိုက်ပွဲတွေကြားထဲမှ မရေရာသောအပြန်လမ်းကို ဘယ်လိုယုံကြည်ချက်နှင့် မျှော်လင့်ရဲမည်လဲ။ သေချာစဉ်းစားကြည့်လေ ရင်နာရလေ။

အရွယ်ရောက်ပြီဟုပင် ပြောမရသေးသည့်အရွယ်တွေ...။ ဆယ်ကျော်သက်ကလေးတွေ အကုန်လုံးလိုလို ပါကုန်သည်မှာ

ကျွန်မသူငယ်ချင်း၏ အစ်ကိုပါ ပါသွားသည်မို့ သူတို့အိမ်ကိုတောင် သူငယ်ချင်းဆီ သတင်းမေးရင်း ရောက်ခဲ့လိုက်သေး၏။ သူတို့မိခင်ကြီးခမျာ ငိုရှိုက်နေသည်မှာ ကြည့်ရက်စရာပင်မရှိပါ။

ကျွန်မကိုယ်တိုင်ပင် လောလောဆယ် ပြောပြနေရင်းမှ အတိတ်ဆိုးက ရုတ်တရက် အနီးကပ် ကိုယ်ထင်ပြလာသလို နှလုံးသားထဲမှာ နာကျဉ်လာပါတော့သည်။

ကလေးနှစ်ယောက်ကလည်း စိတ်မကောင်းဟန်ကိုယ်စီနှင့် ငြိမ်သက်လို့ပေါ့။

ဘာပဲဖြစ်ဖြစ် အတိတ်ကို တူးဆွရာမှာ အမြတ်တစ်ခုတော့ ရလိုက်ပါသည်။ နောက်ဆို ဗြောက်အိုးတွေ၊ ရှူးဒိုင်းတွေ ဘယ်တော့မှ ၀ယ်မဖောက်တော့ဘူးဆိုသည့် သမီးလေး၏ဂတိပါ။ သီတင်းကျွတ်ကို ပျော်ဝင်ခံစားချင်လျှင် မီးပန်းလေးသာ ဝှေ့ရမ်းကစားတော့မည်တဲ့။

စင်စစ်တော့ ကိုယ့်အိတ်ထဲမှပိုက်ဆံတွေကို တိုက်ပွဲခေါ်သံလို အသံတွေနှင့်ဖြုန်းတီးပြီး အရှေ့ဘက်မဟာတံတိုင်းကို အလှဆင်ပေးမလား။ မြောက်ဘက်က မိခင်များ၏ ငိုကြွေးသံတွေ တိတ်စေဖို့၊ မျက်ရည်တွေသုတ်ပေးနိုင်မည့် ကယ်ဆယ်ရေးစခန်းတွေမှာ တတပ်တအား ကူညီသင့်သလား။

ကိုယ်တိုင် ချင့်ချိန်ဆင်ခြင်နိုင်သော အသိဥာဏ်မျိုးတွေ သားနှင့်သမီးအပါအ၀င် လူငယ်အားလုံးမှာ ရှိစေချင်လှပါသည်။

xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
February, 2013... TREASURE LAND MAGAZINE

ရာဇ၀င်အသစ် ရေးချင်သူ



ပုခက်လွှဲတဲ့လက်အစုံဟာ ကမ္ဘာကို အုပ်စိုးနိုင်သတဲ့။
      လောလောဆယ် ကျွန်မဟာ ပုခက်လွှဲတဲ့လက်ပိုင်ရှင် ဖြစ်သလို နောက်ထပ် ကမ္ဘာကိုအုပ်စိုးနိုင်မယ့် လက်တစ်စုံကိုလည်း
လောကကြီးအတွက် လက်ဆောင်ပေးထားခဲ့နိုင်ပါပြီ။
      တိုက်တိုက်ဆိုင်ဆိုင် မေမေနဲ့ကျွန်မ အသက်သုံးဆယ်ကွာသလို သမီးနဲ့ကျွန်မကလည်း အသက်သုံးဆယ်ကျော် ကွာပါတယ်။
ဒီတော့ ကျွန်မတို့ မျိုးဆက်သုံးဆက်က နှစ်သုံးဆယ်စီကွာတယ်ပေါ့။
      ကျွန်မတို့သားအမိမှာ မေမေက ကျွန်မထက် ပိုတော်ပါတယ်။
ဥာဏ်ပညာရော၊ လုံ့လ၀ီရိယရော၊ လုပ်ရည်ကိုင်ရည်ရော၊ စိတ်စေတနာမှာပါ ကျွန်မက အမေ့ကို တစ်ခုမှမမီခဲ့ပါဘူး။
      မေမေက ဆရာဝန်ဆိုတော့ ဆရာဝန်တစ်ယောက်ရဲ့ စေတနာနှလုံးသား၊ ဂရုဏာစိတ်ထား၊ အကြင်နာခွန်အားတွေကို ကလေးဘ၀ကတည်းက ကျွန်မ လေးစားအားကျခဲ့ရတာပါ။
      ဒါပေမဲ့ ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်မလာခဲ့ပါဘူး။
ဒီနေရာမှာ ဆရာဝန်ဖြစ်မှ ဥာဏ်ပညာကြီးတာ၊ အဖိုးတန်တာလို့ ကျွန်မ ဆိုလိုတာမဟုတ်ဘူးနော်။
      ကျွန်မကိုယ်တိုင် ရည်သန်ခဲ့တဲ့၊ အားကျခဲ့တဲ့၊ လက်ပွန်းတတီးရှိခဲ့တဲ့ ကျွန်မဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက်ဘ၀ကို
ဖြစ်အောင်မလုပ်နိုင်တဲ့ ကျွန်မကိုယ်ကျွန်မ ညံ့တယ်လို့ ၀န်ခံချင်ရုံသက်သက်ပါ။
      လုံလောက်တဲ့ လုံ့လ၀ီရိယ မရှိဘဲနဲ့တော့ လောလောဆယ် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်အမှတ်စာရင်းမှာ
အမြင့်ဆုံးဖြစ်နေတဲ့ ဆေးတက်္ကသိုလ်ကို ၀င်ဖို့ ဘယ်လွယ်ပါ့မလဲလေ။
      ကဲ...ဆရာဝန် မဖြစ်တော့ပါဘူးတဲ့။ ဘ၀ရပ်တည်ရေးအတွက် ဘာအလုပ်လုပ်မလဲ။
      တကယ်ဖြစ်ချင်ခဲ့တာ ဆရာဝန်။ မဖြစ်တော့လည်း ကျွန်မ ဈေးရောင်းတာပေါ့။
      တကယ်ကိုင်ချင်ခဲ့တာက ဆေးထိုးအပ်။ ကိုင်ခွင့်မရှိတော့လည်း ကလောင်စွဲမှာပေါ့။
      ကျွန်မ ကလေးဘ၀ကတည်းက ဆေးထိုးအပ်တွေနဲ့ ဖော့တုံးတွေ၊ အရုပ်တွေကို ဆေးထိုးတမ်းကစားခဲ့သလို၊
ကိုယ်တိုင်ဇာတ်လမ်းထွင်ထားတဲ့ ပုံပြင်တွေနဲ့ မောင်လေးတွေကို ပုံပြောတမ်းကစားခဲ့ပါတယ်။
      မှတ်မှတ်ရရ ကျွန်မလေးတန်းနှစ်၊ အသက်ကိုးနှစ်ကျော်ကျော်မှာ ဝေးလံခေါင်သီတဲ့ ကချင်ပြည်နယ်က မြို့သေးသေးလေးကို မိဘတွေ အလုပ်တာဝန်နဲ့ ရွှေ့ပြောင်းရာမှာ ကျွန်မတို့မောင်နှမတတွေလည်း လိုက်သွားခဲ့ရတယ်။
      အဲဒီအရပ်မှာက အရင်မြို့မှာလို ဖတ်နေကျ ရွှေသွေးတို့၊ တေဇတို့၊ မိုးသောက်ပန်းတို့ ၀ယ်မရပါဘူး။
ပုံပြင်စာအုပ်ဆိုတာလည်း ဝေလာဝေး။ စာကြည့်တိုက်လေးရှိပေမယ့် လူကြီးစာပေတွေကလည်း လက်လှမ်းမမီသေးတဲ့
အရွယ်ဆိုတော့ ကျွန်မတို့ စာသိတ်ငတ်ခဲ့တယ်။
      ဒါပေမယ့် အဲလို ကလေးအတွက်စာအုပ် ရှားပါးခဲ့လို့လည်း အဲဒီအရွယ်မှာပဲ ကျွန်မ ဆရာသိန်းဖေမြင့်ရဲ့ ပုလဲဧကရီဝတ္ထုကို
စဖတ်မိတာပါ။
      ကျွန်မကမှ ကလေးစာပေမရှိလည်း ရှိတဲ့ဝတ်္တုတွေ မမီမကမ်းဖတ်လို့ရသေးတယ်။ ကျွန်မမောင်ကလေးက သူငယ်တန်းကျောင်းသားဆိုတော့ ဖတ်စရာမရှိရှာပါဘူး။ လူကြီးတွေပြောပြတဲ့ ပုံပြင်တွေကလည်း ကြာတော့ ဒါတွေချည်းပဲ ထပ်လာပါပြီ။ သူက စိတ်မ၀င်စားတော့ဘူး။ အသစ်ကို တောင်းဆိုလာပြီ။
      ကျွန်မကိုယ်တိုင်လည်း ဖတ်စရာသိတ်မရှိတော့ ပြောစရာလည်း သိတ်မရှိသလို စိတ်ကလည်း ဆာလာတာပေါ့။
အဲဒီတော့ ကျွန်မက အတွေးနယ်ချဲ့ပါတော့တယ်။
      စိတ်ကူးထဲမှာ ကိုယ်တိုင်ဇာတ်လိုက်ဖြစ်ချင် ဖြစ်နေတယ်။ ဓားသိုင်းတွေဘာတွေ သဘောကျတဲ့ အရွယ်ဆိုတော့ ကျွန်မက မိန်းမသူရဲကောင်း သိုင်းသမားပေါ့။ လူဆိုးတွေကို တိုက်ထုတ်တယ်။ လူကောင်းတွေကို ကယ်တင်မယ်။
      ကျွန်မက စိတ်ကူးတည့်ရာ ပုံပြင်လေးတွေ ဖန်တီးပြီး စိတ်ကူးဥာဏ်ကွန့်မြူးသလောက် မောင်လေးကို လျှောက်ပြောပြပါတယ်။
သူကလည်း ကျွန်မရဲ့သူရဲကောင်းပုံပြင်တွေကို သိတ်သဘောကျတာပေါ့။
      ဒါပေမယ့် သူက ပုံပြင်ပြီးသွားလို့ သူကျေနပ်အားရသွားပြီဆိုရင် ကျွန်မကို မေးတတ်တာက အဲဒါ ဘယ်စာအုပ်ထဲက ပုံပြင်လဲ။
ဘယ်သူပြောပြတာလဲ..တဲ့။ ကျွန်မက ငါ ကိုယ်တိုင် စိတ်ကူးယဉ်ထားတဲ့ ပုံပြင်လို့ပြောတော့ သူမယုံဘူး။
      နောက်ပိုင်းတော့ ကျွန်မရဲ့ ကိုယ်တိုင်ပြော ပုံပြင်တွေကို ခဏခဏ တောင်းဆိုခံရတော့တာပဲ။
      ဆိုလိုတာက စာရေးဝါသနာဟာ ငယ်ကတည်းက လက်နဲ့မရေးဖြစ်သေးခင် အဲလို စိတ်ကူးနဲ့ ပါးစပ်ပြော ပြောပြီး နှုတ်ရေး ရေးခဲ့မိတယ်ဆိုတာပါ။ ဒါဆိုရင် ငယ်ဘ၀ကတည်းက ၀ါသနာနဲ့ ဗီဇက ပြတော့ပြနေပြီပေါ့။
      ဒီလိုနဲ့ ဈေးလေးချောက်ချီးချောက်ချက်ရောင်းပြီး စာလေးမတောက်တခေါက် ရေးရာမှာလည်း ကျွန်မက အမေ့လောက် လောကအကျိုးကို သယ်ပိုးနိုင်တယ်လို့ မထင်မိသေးပါဘူး။ ကျွန်မ တာဝန်မကျေသေးပါဘူး။
      မေမေက အခု အသက်ခုနစ်ဆယ်ကျော်ပါပြီ။ တော်ရုံဖျားနာတာလောက်ကို ဆေးသောက်ပြီး အသွားအလာမပျက်၊ ကဂျီကဂျောင်မကျဘဲ တစ်နေကုန် တလှုပ်လှုပ်နဲ့ သူ့ဝတ်္တရားတွေကို သူ ဆောင်ရွက်နေနိုင်တုန်း။
      ကျွန်မက အသက်လေးဆယ်ကျော်။ သွားလေးကိုက်ရင်တောင် အမေ့ကိုတမ်းတပြီး ဖုန်းဆက်ချင်သေးတယ်။
      ခုနစ်ဆယ်ကျော်အမေ နှစ်ရက်လောက်ဖျားလိုက်တာကို တစ်လမ်းကျော်က သမီးက နေပြန်ကောင်းလို့ သုံးလေးရက်ကြာမှ သိရတယ်။ သမီးသွားကိုက်နေရင် အမေက ဖုန်းဆက်ပြီး သတိတရမေးနိုင်တယ်။ နေမကောင်းဘူးကြားရင် ချက်ချင်း အိမ်ရောက်လာတတ်တယ်။ ဆရာဝန်ပီပီ ဆေးထိုးမလား၊ ဆေးသောက်မလား၊ သူက ညွှန်ကြားဖို့အဆင်သင့်...။
      ကဲ.. မိသားစုအပေါ်မှာလည်း အရည်အသွေးတွေ ဘယ်လောက်ကွာလိုက်သလဲ။
      ခု.. ကျွန်မအမေ ပင်စင်ယူပြီးတာ ကြာပါပြီ။  ကိုယ်ပိုင်ဆေးခန်းလေးလည်း လူနာကျဲသွားပြီ။    
     အိုပြီးကိုး။ “ သမားဆို အိုမှ ” ဆိုပေမယ့် ခုခေတ်က အထူးကုဆရာဝန်တောင်မှ နိုင်ငံခြားကယူလာတဲ့ ဘွဲ့တွေနဲ့မှ အထင်ကြီးချင်ကြတာလေ။
      ဒါပေမယ့် မေမေက သူ့စေတနာကို အဆက်ပြတ်မခံပါဘူး။ ဆေးရုံမှာ မကုရတော့ဘူး။ လူနာက သူ့ဆေးခန်းကိုလည်း သိတ်မလာတော့ဘူးဆိုတော့ သူက လူနာရှိရာကို သွားပါတော့တယ်။
      ကျွန်မတို့မြို့ကလေးရဲ့ ပရဟိတ ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ မနက်တိုင်း စေတနာ့ဝန်ထမ်းအဖြစ် ကုသိုလ်သွားလုပ်တာပါ။
မရှိဆင်းရဲတဲ့ လူနာတွေကို သူတတ်ထားတဲ့ပညာနဲ့ သက်သာပျောက်ကင်းအောင် ဒီအသက်အရွယ်ထိ စေတနာကောင်းနိုင်တုန်းပဲ။
      အဲဒီဆေးခန်းမှာ မေမေ လုပ်ဖြစ်သွားပုံက ကျွန်မတို့ရဲ့ ကုသိုလ်ရေးလေးနဲ့ ဆက်စပ်နေခဲ့ပါတယ်။
      တစ်ရက်... ကျွန်မတို့စုံတွဲ မနက်စောစော လမ်းလျှောက်ထွက်ကြတော့ ဘုရားကြီးကိုသွားတဲ့လမ်းထိပ်မှာ ပီတိဆေးခန်း (ပရဟိတဆေးခန်းလေး)အတွက် လှူဒါန်းထားတဲ့ တစ်နေ့တာ ဆေးဖိုးကုန်ကျငွေတန်ဖိုးရယ်၊ အလှူရှင်နာမည်တွေရယ်ကို ရေးပြီးချိတ်ထားတဲ့ ကြော်ငြာလေးကို သွားတွေ့ပါတယ်။
      နောက်ရက်တွေမှာ အဲဒီနေရာကိုရောက်တိုင်း ကျွန်မက အလှူရှင်တွေကို မော့မော့ဖတ်ပြီး သာဓုလည်းခေါ်ရင်း စိတ်ထဲမှာလည်း ကိုယ်တိုင်လှူချင်စိတ်က တစ်နေ့ထက်တစ်နေ့ ရင့်သန်လာပါတယ်။
      မကွယ်မ၀ှက်တမ်းပြောရရင် အဲဒီအချိန်က  ကျွန်မတို့လက်ထဲမှာ ဘတ်ဂျတ်အင်အားက သိတ်မတောင့်တင်းပါဘူး။
ဒါပေမယ့် နေ့တိုင်း ကြည့်မိတိုင်း တိုးတိုးလာတဲ့ သဒ်္ဒါတရားက ကျွန်မကိုတခြားနေရာတွေမှာ ခြိုးခြံလိုက်ပြီး ကုသိုလ်ရေးမှာ
စိတ်ပိုပါစေဖို့ တွန်းအားပေးခဲ့ပါတယ်။
      တစ်နေ့မှာ... ကျွန်မတို့အလှူကလေး ဖြစ်မြောက်သွားတော့ ကျွန်မက မိဘတွေကိုလည်း သာဓုခေါ်နိုင်အောင် သွားပြောရင်း နိဗ်္ဗာန်ဆော်ပါလုပ်လိုက်ပါလေရော။
      ဒီလိုပဲ ကုသိုလ်ဖြစ်ဆေးခန်းလေးရှိကြောင်း၊ အလှူငွေလေး သွားလှူလာခဲ့ကြောင်း၊ ငွေအင်အားမတောင့်တင်းလို့ စိတ်တိုင်းကျ မလှူနိုင်ခဲ့ကြောင်း၊ ကျွန်မ ဆရာဝန်မဖြစ်ခဲ့တာ ဒီတစ်ခါတော့ တော်တော်စိတ်မကောင်း ဖြစ်မိကြောင်း၊ ဆရာဝန်သာဖြစ်ရင် ပီတိဆေးခန်းလေးမှာ လုပ်အားအလှူသွားပေးချင်လှကြောင်း...။ စိတ်အားထက်သန်စွာနဲ့ ပြောမိပါတယ်။
      နောက် မကြာမီမှာပဲ ပီတိဆေးခန်းလေးကို ဖေဖေနဲ့မေမေလည်း ငွေသွားလှူကြတယ်။ လှူလာပြီး မကြာခင်တော့ မေမေက
အဲဒီဆေးခန်းလေးမှာ ကုသိုလ်ဖြစ် ဆေးသွားကုပေးမယ်လို့ပြောပါတယ်။ ဖေဖေကလည်း အိမ်ကဆေးခန်းမှာ သူ့တနိုင်လေး ကုသိုလ်ဖြစ် ဆေးကုပေးနေတာကိုး။
      ကျွန်မလေ ၀မ်းသာလိုက်တာဆိုတာ...။ မေမေ့ကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ပြီး ချီးကျူးစကားတွေ ပြောမိပါတယ်။
      ပုခက်လွှဲတဲ့လက်တစ်စုံက အသက်သာကြီးသွားတာ။ ကမ်္ဘာလောကကြီးအတွက် ခုထိအသုံးဝင်နေတုန်းပဲလေ။
      မေမေ့ကိုအားကျပေမယ့် ဆရာဝန်မဟုတ်တဲ့ ကျွန်မကရော လောကကြီးအတွက် ဘာတွေများ လုပ်ပေးနိုင်မလဲ။
      ဆရာဝန်မိဘနှစ်ပါးက သူတို့သမီးကို ဆရာဝန်ဖြစ်စေချင်ခဲ့တာ သဘာဝကျပါတယ်။
      အကြောင်းကြောင်းကြောင့် ကျွန်မက ဆရာဝန်ဖြစ်အောင် မလုပ်နိုင်ခဲ့ပေမယ့် မဂ်္ဂဇင်းစာမျက်နှာထက်မှာ စာလေးတွေ ပါလာတော့ ဖေဖေနဲ့မေမေက “ စာရေးဆရာမလေး ဖြစ်သွားလို့ တော်သေးတာပေါ့...” လို့ သူတို့သမီးအတွက် ဂုဏ်ယူကျေနပ်ခဲ့ရှာသား။
      ဒါပေမယ့် ကျွန်မလက်ထဲရောက်လာတဲ့ ကလောင်တစ်ချောင်းနဲ့ ကျွန်မပတ်ဝန်းကျင်၊ ကျွန်မနေထိုင်ရာ ကမ်္ဘာမြေကို ကျွန်မ ဘာတွေ ပေးဆပ်ပြီးပြီလဲ၊ တွေးကြည့်တော့.. ကျွန်မ ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်တွေနဲ့ သိမ်ငယ်မိပါတယ်။
      ကျွန်မ မေမေ့လောက် တာဝန်မကျေသေးပါဘူး။ ကျွန်မ မေမေ့လောက် စိတ်ရောကိုယ်ပါ မပေးဆပ်နိုင်သေးတာ သေချာပါတယ်။
      မျိုးဆက်တစ်ဆက်မှာ နောက်လူက ရှေ့လူထက်တော်မှ သူ့ပတ်ဝန်းကျင် တိုးတက်မှာမဟုတ်လား။
အဲလိုပဲ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း နောက်ခေါင်းဆောင်က ရှေ့ကခေါင်းဆောင်ထက် ညံ့ဖျင်းရင် အဲဒီလူ့အဖွဲ့အစည်း တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာမှာပေါ့။
      ဒါကြောင့်လည်း ကျွန်မက ကျွန်မအမေလောက် မတော်သလို ကျွန်မတို့ မျိုးဆက်မှာ အမေလောက်မတော်တဲ့ သမီးတွေ
ဘယ်လောက်များခဲ့ပြီလဲ။ အဖေလောက်မတော်တဲ့ သားတွေ ဘယ်လောက်များခဲ့ပြီလဲ။ လူ့အဖွဲ့အစည်းကြီးရော ဘယ်လောက် တိုးတက်ခဲ့ပြီလဲ။ ဒါမှမဟုတ် ဆုတ်ယုတ်သွားပြီလဲ။ ဒါမှမဟုတ် ရပ်တန့်နေသလား။ စဉ်းစားစရာပါ။
      နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ နောက်လူတွေက ရှေ့လူတွေထက် ပိုတော်ဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။
နောက်တစ်ခုက တော်နေရုံနဲ့ မပြီးသေးပါဘူး။ တော်သလောက်လုပ်ပြနိုင်အောင် အခွင့်အရေးတွေရှိဖို့လည်း အရေးတကြီး လိုအပ်ပါသေးတယ်။
      တော်တော့ တော်ရှာပါရဲ့။ အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့၊ အသုံးချနိုင်ဖို့ လမ်းတွေမရှိရင်၊ အခွင့်အရေးတွေ ပိတ်ဆို့ထားခဲ့ရင် ဒီလူ့အဖွဲ့အစည်းတစ်ခုဟာ လုံးပါးပါးလာမှာပါ။ နောက်ကို ဆုတ်ဆုတ်သွားမှာပါ။
      ဒါကြောင့်လည်း ကျွန်မသမီးဟာ ကျွန်မထက်ညံ့လို့ လုံးဝမဖြစ်ပါဘူး။ ကျွန်မထက်ကို သူ တော်ရမှာပါ။
သူ တော်ခွင့်ကိုလည်း ကျွန်မက ပေးရမှာပါ။
      သူ ဘယ်လိုတော်နိုင်မလဲ။ သူ့အရည်အချင်းတွေ ဘယ်လိုဆိုရင် ပေါ်လွင်လာမလဲ။ ကျွန်မ စဉ်းစားပါတယ်။
      သူ့ကို ကျွန်မ ဆရာဝန်လုပ်ခိုင်းရင် သူ တော်မလား။
       မသေချာပါဘူး။
      သမီးက စာတော်ပေမယ့် သူ ဘာဝါသနာပါသလဲ။ သူ ဘာကို စိတ်ဝင်စားမလဲဆိုတာက ပိုအရေးကြီးမယ်လို့ ကျွန်မထင်ပါတယ်။
      စာတော်တိုင်း ဆရာဝန်လုပ်ရမလား။  
      ကျွန်မက ဆရာဝန်လုပ်ချင်ရက်နဲ့ မလုပ်ခဲ့ရတာ ကျွန်မညံ့လို့ပါ။ သူ့ကို ဆရာဝန်မလုပ်ချင်ဘဲ ဆရာဝန် အတင်းလုပ်ခိုင်းခဲ့ရင်ရော...။
      ဒါဆိုလည်း ကျွန်မပဲ ညံ့ရာရောက်သွားဦးမယ် ထင်ပါရဲ့။
      ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဥာဏ်ကောင်းပြီးထက်မြက်တဲ့ ကလေးတချို့၊ မိဘတွေရဲ့ ရှေးရိုးစွဲစိတ်နဲ့ ရွေးချယ်မှုအမှားတွေကြောင့် လမ်းပျောက်နေရတာတွေ မြင်တွေ့နေရပါတယ်။ ကလေးတစ်ယောက်ဆို ပင်ကိုဥာဏ်ရည် ထက်မြက်တာရယ်၊ မိဘပံ့ပိုးမှု အားကောင်းတာရယ်ကြောင့် ဂုဏ်ထူးတွေအများကြီးနဲ့ တက်္ကသိုလ်ဝင်တန်း(ဆယ်တန်း)ကို အောင်ခဲ့တယ်။
      ဒါပေမယ့် သူက အစောကတည်းက သူ ဆရာဝန်အလုပ်ကို ၀ါသနာမပါကြောင်း၊ မိဘတွေတွန်းအားကြောင့်သာ ကြိုးစားနေရ ပေမယ့် ဂုဏ်ထူးတွေထွက်ခဲ့ရင်တောင် သူ ၀ါသနာပါတဲ့ လိုင်းကိုသာ သင်ယူခွင့်ပေးဖို့ မိဘတွေနဲ့ သဘောတူညီချက် ယူထားခဲ့သတဲ့။
     တကယ်တမ်း ကလေးက တက်္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါမှာတော့ မိဘအသိုင်းအ၀ိုင်းက ဂုဏ်ထူးတွေအများကြီး ထွက်ထားတာ နှမြောစရာ.. ဆိုပြီး ဇွတ်အတင်း ချော့မော့လို့ ဆရာဝန်လိုင်းသာ လျှောက်စေခဲ့ပါလေရော။ လက်တွေ့မှာ ဆေးကျောင်းသားဆိုတဲ့ ဂုဏ်ကို လွယ်လွယ်နဲ့လက်လွတ်မခံချင်ကြတာပါ။
      အချိန်တန်တော့ ကလေးက ပထမနှစ်မှာတင် စာမေးပွဲကျပါတယ်။ တလိမ့်လိမ့်နဲ့ ပြန်ဖြေပြီး ဒုတိယနှစ်ရောက်ပြန်တော့ ထပ်ကျပြန်တယ်။ ဒီလိုနဲ့ ဖြေလိုက်၊ ကျလိုက်၊ ပြန်ဖြေလိုက်၊ ထပ်ကျလိုက်နဲ့ နောက်ဆုံးတော့ အချိန်သာကုန်သွားတယ်။ သူနဲ့ရွယ်တူ သူငယ်ချင်းတွေက ဘွဲ့ရသွားတဲ့အချိန်မှာ သူက ဆေးကျောင်းကနေ အပြီးအပိုင် ထွက်လိုက်ရပါတော့တယ်။
      ဒီလို မရိုးမစွဲ အဖြစ်မျိုးတွေက ပတ်ဝန်းကျင်မှာ အများကြီးပါ။ ဒါတွေကို မြင်နေကြားနေရသမျှ သင်ခန်းစာယူတတ်ရမယ်ပေါ့။
      ကျွန်မမေမေက သူ့သမီး ဆရာဝန်မဖြစ်တော့ သူ့မြေးကို ဆရာဝန် သိတ်ဖြစ်စေချင်တာပါ။ သူ့မြေးဆရာဝန်မကြီးဖြစ်အောင် ထိန်းကျောင်းကြပ်မတ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိသတဲ့။
      ကျွန်မငယ်ငယ်က စာတော်ရက်နဲ့ ဆရာဝန်မဖြစ်ခဲ့တာကို မိဘတွေက ခုအရွယ်ထိ နှမြောလို့မဆုံးသေးဘူး။ ပြောလို့မဆုံးသေးဘူး။ အဲလိုပြောတိုင်း ကျွန်မမှာ မေမေ့ကို ရာဇ၀င်ကြွေးဆပ်စရာ ကျန်နေသေးသလိုပဲ ခံစားရတယ်။
      ကျွန်မကတော့ သမီးလေးဆရာဝန်ဖြစ်ဖို့ထက် ကျွန်မထက်တော်ဖို့က ပိုအရေးကြီးသလားလို့ ထင်မိတယ်လေ။
အမှတ်အမြင့်ဆုံးလိုင်းကို ရဖို့ထက် အကောင်းဆုံးအရည်အချင်းကို ပြနိုင်ဖို့အခွင့်အရေးက ပိုအရေးကြီးတာမဟုတ်လား။
နောက်လူတွေ ရှေ့လူထက်တော်မှ ကျွန်မတို့နိုင်ငံ တိုးတက်မှာမဟုတ်လား။
      သူ့ကို ပုံစံခွက်ထဲသွတ်သွင်းလိုက်ရင် သူ့အရည်အချင်းတွေက ပုံစံတူကိုယ်ပွားတွေပဲ ဖြစ်လာမှာပေါ့။
      အမေထက်တော်တဲ့သမီး၊ အဘွားထက်တော်တဲ့မြေး ဖြစ်ဖို့ဆိုတာ သူ့အရည်အချင်းကိုပြနိုင်မယ့် လွတ်လပ်ခွင့်မလိုဘူးလား။
      သူ တော်ကြောင်းပြနိုင်ဖို့ သူ့ကိုယ်ပိုင် ရွေးချယ်မှုကို ကျွန်မလစ်လျူရှုလို့တော့ ဖြစ်မယ်မထင်ပါ။
      သူ လျှောက်ရမယ့်လမ်းမှာ သူဝါသနာပါရာကို ရွေးချယ်ခွင့်ပေးမှ သူ့အရည်အသွေးက လင်းလက်လာမှာ။
      လူဆိုတာက ကိုယ်ဝါသနာပါရာ၊ ယုံကြည်ရာကိစ်္စကိုမှ စိတ်ရောကိုယ်ပါ အားထုတ်ချင်ကြတာလေ။
      ဒါကြောင့်မို့ မျိုးဆက်သစ်တွေကို ယုံကြည်ရာလုပ်နိုင်ဖို့ လွတ်လပ်ခွင့်ပေးသင့်ရင် ပေးရမယ်။ လမ်းဖွင့်ပေးရမယ်လို့ ကျွန်မထင်ပါတယ်။
      ဒါမှလည်း အမေထက်တော်တဲ့ သမီးတွေကနေ၊ လက်ရှိအဆင့်အတန်းထက် ပိုမြင့်တဲ့ မျိုးဆက်၊ လက်ရှိအဖွဲ့အစည်းထက် ပိုခိုင်မာတဲ့လူ့ဘောင်၊ ယနေ့အခြေအနေထက် ပိုတိုးတက်တဲ့နိုင်ငံတော်အထိ စွမ်းဆောင်မြှင့်တင်လာနိုင်မယ် မဟုတ်လား။
      ဒီတော့ ကျွန်မက ရာဇ၀င်ကြွေးထဲမှာ မပိတ်မိစေဘဲ သမီးလေး ဘာဝါသနာပါမလဲ၊ သူ့အရည်အချင်းကို ဘယ်လို အကောင်းဆုံး ဖော်ထုတ်နိုင်မလဲ.. ဆိုတာ စောင့်ကြည့်ပြီး ခွင့်ပြုလိုက်လျော တည့်မတ်ပေးနိုင်ဖို့က ပိုအရေးကြီးနေပါပြီ။
      ဒါမှသာ ကျွန်မရဲ့ မျိုးဆက်သစ်သမိုင်း စာမျက်နှာကို အသစ်ဖွင့်နိုင်မယ် မဟုတ်ပါလားရှင်။
                                                 xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
January, 2013 ... ရနံ့သစ်မဂ္ဂဇင်း

သားအတွက် အား



သားရေ....
မင်းယုံကြည်ရာ ဦးတည်လှမ်း
ခရီးက ကြမ်းချင်ကြမ်းလိမ့်မယ်။
လောကဓမ္မတာရဲ့ ဘက်မလိုက်တဲ့သစ္စာဟာ
လူသားတိုင်း လက်ကိုင်ထားရမယ့် အဘိဓမ္မာတရားတွေပါ။
ဘ၀ခရီးလမ်းမှာ... တစ်ကြိမ်ရှုံးတိုင်းသာ
တစ်ဘ၀စာ အဆုံးလို့ မနာကျည်းလိုက်လေနဲ့
လဲပြိုအကျမှာ ပြန်ထူမတ်ဖို့ အားနှစ်ဆလိုသမျှ
ယူတတ်ရင် ဘ၀ဆိုတာ...
အမှားကို သင်ခန်းစာထား
နောင်တကို လှေကားလိုထစ်
တွန်းအားအဖြစ် စိတ်ဓာတ်နဲ့မြှင့်တင်
လောကကို အပြစ်မတင်ချင်နဲ့။
ကိုယ့်ကံကိုသာ ကိုယ် ပြင်ဆင်
ချစ်ခြင်းမေတ္တာကို ရှိုက်ရှူသွင်း
ညစ်နွမ်းစစိတ်ကို သန့်စင်
သွေးပြန်ကြောတစ်လျှောက်...
ညိုပုပ်ပုပ်သွေးနဲ့ နာကျင်မှုတွေကို ဖောက်ထုတ်
နှလုံးသားထဲက အမုန်းတရားတွေကို
နောက်ဆုတ်ခိုင်းလိုက်ပါ။
အနာဂတ်ဟာ ကိုယ် ကိုယ်တိုင်ရဲ့ လက်ထဲမှာ....။
ဝေ

ချောင်းကြည့်ပေါက်


အဖုံးတွေကို ဖွင့်မကြည့်လိုက်ပါနဲ့
အံဝှက်တွေ ထွက်ကျလာမှာ မြင်မကောင်းလို့ပါ။
လောကမှာ ဘယ်အရာကို ယုံကြည်ရမှန်းမသိအောင် ၀ါးတယ်။
အားလုံးဟာ မျက်နှာဖုံးအကာအကွယ်တွေ
ပဉ္စလက်အခွံ ပါကင်တွေနဲ့
သံသယတွေကို မျိုးစိပ်ပြောင်းထားတယ်။
နောက်ကို နည်းနည်းပြန်ငဲ့စောင်း...
ကိုယ်ဖြတ်ခဲ့တဲ့ ဘူတာစဉ်တွေကို အစုန်အဆန်ရေတွက်..
နံပါတ်အစီအစဉ်တွေ ရှေ့နောက်ညီရဲ့လား စစ်ကြည့်တော့
အနီးအဝေး အလင်းအမှောင် အရောင်မငြိမ်တောင်
အမြင်တော့ မတိမ်လောက်ဘူး ထင်မိရဲ့။
အတိတ်ဆိုတာ ခပ်လှမ်းလှမ်းကပြန်ကြည့်နေတဲ့ တံဆိပ်စိမ်းကပ်အရာလား...
ပစ္စုပ္ပါန်ကို သောက်လက်စအဆိပ်တစ်ခွက်တော့ မဖြစ်စေချင်..
အမှန်တော့... အနာဂတ်ဟာ ဖြေဆေးကိုဆုပ်ကိုင်ရင်း
အိပ်မက်ယောင်သူလို ၀ိုးတ၀ါး....
ချောက်ကမ်းပါးနား ကပ်မလျှောက်ပါနဲ့
တွင်းနက်နက်တဆုံးမှာ လှေကားတွေရှိမရှိ မသေချာဘူး
ကုသခြင်းထက် ကာကွယ်ရေးနဲ့ လက်ဦးမှုရယူပါ
ဗိုင်းရပ်စ်တွေမ၀င်အောင် စိတ်ကိုလုံလုံ ဖုံးကာထား
ယုံကြည်မှုတံခါးက ကိုယ်ရဲ့ဥာဏ်အားရှိသလောက် အထူ..
ဥခွံလေးဟာ ကျဉ်းမြောင်းပေမယ့် အန္တရာယ်တော့ကင်းပါကြောင်း....။
အံဝှက်တွေထွက်ကျလာမှာ မမြင်ရဲလို့
အဖုံးတွေကို ဖွင့်မကြည့်လိုတော့ပါ။

 ဝေ

အိပ်မက်စရံ

      

        အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှ၏။
        မိန်းမသားတစ်ယောက်၏ မာနနှင့်ဆန္ဒတို့ ပြင်းထန်စွာ လွန်ဆွဲအားပြိုင်ရာမှ ရင်တွင်းပေါက်ကွဲမှုတစ်ခု စတင်ခဲ့ခြင်းဖြစ်လေသည်။
        နေရာတိုင်းတွင် ဆန္ဒများလွန်ကဲလွန်းလျှင် လောဘစိတ်နှင့် ပူလောင်ရသကဲ့သို့ မာနကြီးလွန်းလျှင်လည်း ဒေါသစိတ်တို့က လောင်မြိုက်နိုင်တတ်ကြောင်း....။ သူမ ကောင်းကောင်းကြီး သိခဲ့ရပါပြီ။
         ရှားရှားပါးပါး လူသိရှင်ကြား အောင်မြင်မှုတစ်ခုကို ပွေ့ဖက်ထားလိုသော အပြင်းစားဆန်္ဒနှင့် လူမသိသူမသိ အစော်ကားခံရခြင်းအတွက် ခံပြင်းလှသော ဒေါသမာနတို့ ဆုံစည်းရာ၌ သူမ၏စိတ်နှလုံးအစုံမှ သွေးစက်စက်ယိုကျလာကာ ခံစားမှုနယ်လွန်စိတ်အာရုံများ တစ်စစီလွင့်စင်သွားတော့သည်။
                                                     xxxxxx
        “ ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်တော့တာ အပြစ်လားချိုရယ်။
          တို့ဘ၀တွေက အပြစ်တင်ချင်သပဆိုရင်လည်း၊ ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ရမယ့်အခြေအနေလေ။
              ငါက နင့်လို မာနကြီးတစ်ခွဲသားနဲ့ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း လမ်းမရှိတော့ဘူးမိချိုရဲ့။ ငါက ဖောင်ဖျက်ခဲ့ပြီးသား။
          ငါ့ကို ခွင့်မလွှတ်ပါနဲ့တော့ဟာ...”
        သူမရင်က တစစ်စစ်နာကျင်ရလွန်းသောအခါ နှုတ်ခမ်းသားတွေ အေးခဲစေးကပ်လာတော့၏။
        သူငယ်ချင်းကို ပြောချင်နေသောစကားလုံးများက စိတ်ထဲမှာ ပလုံစီနေသော်လည်း နှုတ်ခမ်းများက ဆွံ့အပိတ်ဆို့နေသည်။
         “ နှမြောလိုက်တာ... နှမြောလိုက်တာစိမ်းရယ်။ လက်လွှတ်လိုက်ရမယ့် ငါးစာအကြီးကြီးထက် ငါးမျှားချိတ်မှာ တန်းလန်းပါသွားတော့မယ့် နင့်ရဲ့စိတ်တွေကို နှမြောတယ်။
             အဆိပ်ရည်လူးထားတဲ့ အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်ရင်လည်း ခက်ခက်ခဲခဲ အားတင်းပြီး ကျောခိုင်းရမှာပဲ။
        ဖဲမွေ့ရာပေါ်မှာ အဆိပ်သင့်နေမယ့်အစား မီးပင်လယ်ကိုခြေဗလာနဲ့ ဖြတ်ချင်ဖြတ်ရစေဦး။ ဇွဲနဘဲနဲ့ ကူးခပ်သင့်တာပဲ မဟုတ်လား။
         သတိဝင်စမ်းပါ။ အသိရှိစမ်းပါသူငယ်ချင်းရယ်။
         သူမစိတ်ထဲမှ အပြင်းအထန်အော်ဟစ်နေမိ၏။ အသံမထွက်သော ပေါက်ကွဲမှုမျိုးနှင့်....။
        ရွှေရောင်တ၀င်းဝင်းလက်နေသော အနာဂါတ်အိပ်မက်ကို အစာလုပ်ပြီး ဖုံးအုပ်ထားသည့် အတွင်းပိုင်းက အေးစက်စက်ချွန်မြမြ မြှားချိတ်ထိပ်ဖျားမှာ ၀ိညာဉ်နှုတ်မည့် အဆိပ်တွေလူးထားသည်ဆိုတာ...။ သူငယ်ချင်းမက မသိလေရော့သလား။ သိသိရက်နှင့်ပင် “ ငါ့ဝမ်းပူဆာ မနေသာ ” လေပြီလား။
        အမှန်တော့ သူမစိတ်ထဲမှစကားများကို အစောပိုင်းကတည်းက စိမ်းကို အထပ်ထပ်ပြောခဲ့ပြီးဖြစ်ပါသည်။ သို့ပေမယ့် စိမ်းက နောက်မဆုတ်နိုင်။ ရှေ့သာဆက်တိုးတော့မည်တဲ့။
        အခန်းဖော်လေး၏ အကြောင်းပြချက်မျိုးစုံကို သူမကတော့ စာနာသော်လည်း လက်မခံနိုင်ခဲ့ပါ။
နွံထဲ ကျွံဝင်တော့မည့် ခြေလှမ်းတွေကို လက်ပိုက်ကြည့်နေနိုင်လောက်သည့် ဥပက္ခာနှလုံးသားက သူမလို သူငယ်ချင်းကောင်း ပီသချင်သူထံမှာ မရှိသင့်ဘူးမဟုတ်လား။
        တကယ်ဆို နွံထဲကျွံမည့် ခြေတစ်လှမ်းကို လှမ်းဖို့ရွယ်ခဲ့မိတာကတော့ သူမတို့ သူငယ်ချင်းနှစ်ယောက် အတူတူရယ်ပါ။
အဲသည်တုန်းက နွံမှန်းမသိသေး။ ရွှေရောင်တ၀င်းဝင်းလက်နေသည့် အနာဂါတ်နောက်ကွယ်မှ အဆိပ်လူးမြှားချိတ်တို့က ရုပ်လုံးပေါ်မလာသေး။
        သူမတို့လို လန်းဆတ်တက်ကြွသည့်အရွယ် ၀ါသနာရှင်မိန်းကလေးတွေ၏ မျှော်လင့်ချက်များစွာတို့ တိုးဝှေ့ဝဲပျံနေခဲ့သော အခန်းကျယ်ကြီးတစ်ခုထဲမှာ စိမ်းခက်စိုးနှင့် သံသာချိုဆိုသည့် ပွင့်အာရန်အားယူဆဲ ဖူးငုံနှစ်ပွင့်သည်လည်း အပြင်းစားဆန်္ဒတစ်စုံကို ပွေ့ပိုက်ကာ တန်းစီနေခဲ့မိသည်ပေါ့။
          အပြင်းစား ဆန္ဒတစ်စုံ...။
        ဟုတ်သည်။ ထိုအပြင်းစားဆန္ဒတစ်စုံသည် ခုတော့ လောဘမီးအဖြစ်ပြောင်းလဲကာ စိမ်းကို အလျှံညီးညီးဝါးမြိုပေတော့မည်။
                                                     xxxxxx
        ထိုစဉ်က ချွေးစေးများဖြင့် စေးထန်းနေခဲ့သော စိမ်းလက်ကလေးတွေသည် သူမ၏လက်ကို မလွှတ်ချင်လွှတ်ချင်နှင့် ဆန့်တငင်ငင် ထားရစ်ကာ စင်မြင့်ထက်မှ မိုက်ကရိုဖုန်းဆီကို ခပ်တင်းတင်းပြောင်းဆုပ်ခဲ့လေ၏။
         စိမ်းအသံလေးက နွဲ့နွဲ့ကလေးနှင့် ချစ်စရာကောင်းသည်။
        စိတ်လှုပ်ရှားနေမှန်းသိသာစွာ မိုက်ကရိုဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော လက်ကလေးတွေက အကြောထင်းထင်းလေးပင် ပေါ်နေသော်လည်း အသံကတော့ ညင်းညင်းညံ့ညံ့နှင့် တည်ငြိမ်လှ၏။
         ဒါဟာ သူလျှောက်ချင်လှသည့် လမ်းဆိုတာကို သေချာပိုင်နိုင်နေသည့် ယုံကြည်မှုမျိုးနှင့်...။
         စိမ်းအလှည့်ပြီးတော့ သူမအလှည့်...။
         သူမက စိမ်းလောက် တုန်လှုပ်တတ်သူမဟုတ်လေတော့ ဇောချွေးလည်းမပြန်။ လက်ကြောလည်း မတင်း။ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက် ခြေလှမ်းများနှင့် ခပ်မြူးမြူးအနှစ်ပြည့်ပြည့် အသံအကြားမှာ အားလုံး၏အာရုံများက ငြိမ်သက်ကာ စူးစိုက်ကျလာ၏။
         မှင်တက်သည်ပဲပြောရမည်လား။ ၀င်စားသည်ပဲပြောရမည်လား။ နောက်တော့မှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ကျလာတော့သည်။
         သူမရင်ထဲမှာတော့ ပီတိလှိုင်းဂယက်များ....။
        နဂိုကတည်ငြိမ်နေသောရင်သည် ယခုမှပင် လှုပ်ရှားချင်လာသလိုလို...။
        သည်လောက် ချီးမြှောက်မှုလေးကပင် ဒီလောက်မက်မောစရာ ကောင်းလှပါလျှင်...။
         သူမတို့ အနာဂါတ်သည် သူမတို့ မျှော်လင့်အိပ်မက်နေသလိုများ ဖြစ်ခဲ့ပါလျှင်....။
        အောင်မြင်ကျော်ကြားမှုသည် ငွေကြေးချမ်းသာမှုထက်ပင် သူမတို့လို ၀ါသနာရှင်များအတွက် မက်မောဖွယ် ဆွဲဆောင်နိုင်လှ၏။
        နောက်ဆုံးတွင်တော့ လက်ရွေးစင်ငါးယောက်စာရင်း၌ စိမ်းရောသူမပါ ထိပ်ဆုံးမှ ပါဝင်ခွင့်ရခဲ့ပါသည်။
လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါ။ ၀ါသနာရှင် အယောက်ငါးဆယ်ကျော်မှသည် ဇကာတင်နှစ်ဆယ်။ ထိုမှ ဇကာ့ဇကာတင် တစ်ဆယ်။
နောက်ဆုံးမှ လက်ရွေးစင် ငါးယောက်။ ဤသို့ အဆင့်ဆင့်၊ ရင်တဖိုဖို အကြိတ်အနယ်ဖြတ်ကျော်ခဲ့ရပါ၏။
        တစ်ဆင့်ထက်တစ်ဆင့် ပြိုင်ပွဲက အကြိတ်အနယ် ကြည့်ကောင်းလာလေ၊ လာအားပေးသည့် ပရိသတ်က ပိုများလာလေ။
တဖြေးဖြေး တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်းပျံ့သွားလေရာ နောက်ဆုံးအဆင့်တွင် ခန်းလုံးပြည့်လျှံ လက်ခုပ်သံများ သောသောညံနေရတော့သည်။
                                                     xxxxxx
        ခုတော့ဖြင့် လောကဓံရှစ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော ချီးမွမ်းခံရခြင်းသည်လည်း ကြံ့ကြံ့မခံနိုင်ပါက
ဖြူစင်သောစိတ်ဓါတ်များကို ပျက်စီးဆုံးရှုံးစေတတ်ကြောင်း သူမ မျက်ဝါးဝါးထင်ထင် ကြုံရလေပြီ။
        ထိုနေ့က သက်တန့်ရောင်တောက်ပနေသော ကောင်းကင်သည် သူမခြေရင်းသို့ ရုတ်တရက်ကြေမွကာ လွင့်ကျလာခဲ့၏။
        “ ကယ်တင်ရှင် ” ဟု ကိုးကွယ်ချင်ခဲ့မိသော အမျိုးသမီးကြီးသည် သူမ၏ရှေ့မှ သံပုရာရည်ခွက်ထဲသို့ ဘယ်အချိန်ကတည်းက ခုန်ဆင်းသွားမှန်း မသိခဲ့လိုက်။
        အအေးဆိုင်အတွင်းမှ နံရံများသည် ရုပ်ရှင်ထဲမှ အနှေးပြကွက်လို သံဆူးချွန်များတပ်ဆင်ထားကာ သူမဆီသို့ တရွေ့ရွေ့ တိုးလာနေသလားဟုပင် ကယောင်ကတမ်းစိတ်တို့က အတိမ်းတိမ်းအပွေပွေ။
        “ အန်တီပြောတာ သမီး နားမရှင်းဘူးထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စပွန်ဆာ..........”
         “ ဟိုး... ဟိုး...”
        သူမက ဖျတ်ခနဲ အမြန်လက်ကာယမ်းလျက် အမျိုးသမီးကြီး၏ နတ်ဆိုးကျိန်စာကို နောက်တစ်ခေါက် မမန်းမှုတ်နိုင်ရန် ဟန့်တားလိုက်ရ၏။
        ဘယ်လောက်များ ယုတ်ညံ့လိုက်သည့် စကားမျိုးပါလိမ့်။
        သည်လိုစော်ကားမှုမျိုးသည် တစ်ခေါက်လောက်မျှနှင့်ပင် သိတ်ကို အကျည်းတန်လွန်းလှပြီမဟုတ်လား။
        “ ကျွန်မအတွက် စပွန်ဆာမလိုပါဘူးအန်တီ။ နောင်လည်း ဘယ်တော့မှ လိုမှာမဟုတ်ပါဘူး။
         အန်တီ့မှာ သမီးမွေးထားရင်တော့ ကျွန်မတို့ထက် မငယ်လောက်ဘူးထင်ပါတယ်။ မိန်းမပျိုလေးတစ်ယောက်အတွက် ဘယ်လိုအကူအညီမျိုးဟာ ဝေဒနာဖြစ်နိုင်မယ်ဆိုတာ အန်တီသိသင့်တယ်လို့ ထင်တာပဲ...”
        သူမရင်ထဲမှ အမှန်တကယ် ပေါက်ကွဲမှုနှုန်းအောက် စိတ်ကိုလျှော့ချကာ ပြောခဲ့သည်ဆိုသော်လည်း သိတ်တော့ဖြင့် ယဉ်ကျေးဖွယ်ရာအသံမျိုး ထွက်နိုင်ခဲ့မည်မထင်ပါ။
        အမှန်လည်း ယဉ်ကျေးမှုရှိသယောင် ဆောင်ကာ ရွှေမှုန်ကျဲထားသော နောက်ချေးပုံထဲမှ နောက်ချေးပိုးထိုးတစ်ကောင်၏ရှေ့တွင် သူမကရော အဘယ်မျှလောက် မွန်ရည်နိုင်ပါမည်နည်း။
        အလစ်အငိုက်မိကာ ပြုတ်ကျသွားသော မင်းသမီးမျက်နှာဖုံးစွပ်ကို ကမန်းကတမ်းကောက်စွပ်ကာ ဘီလူးမကြီးကတော့ ဘယ်လိုဆိုင်းမျိုးနှင့် တပ်ပြန်ခေါက်သွားမှန်းပင် မသိလိုက်ပါ။
        သူမရင်တွင်းမှာတော့ တစ်လောကလုံး အမှောင်တိုက်တွင်းသို့ ပြိုဆင်းနေခဲ့သည်မှာ အချိန်ကာလမဲ့မတတ်။
        မှာယူထားသော စားသောက်ဖွယ်ရာများကို တစ်စက်မျှ မတို့ထိခဲ့ရသော်လည်း ပြည့်ကျပ်တစ်ဆို့နေသော ရင်ခွင်ကိုပိုက်ကာ သူမ အဆောင်ကိုပြန်ရောက်လာတော့ အခန်းလေးထဲ၌ အမှောင်ထုပင်ကြီးစိုးနေခဲ့ပြီ။
        ရောက်ရောက်ချင်း စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ မျက်နှာထားခက်ထန်စွာနှင့် အိပ်ရာပေါ်တွင်ထောင်ထားသော ဂစ်တာကို ကောက်ကိုင်ကာ ဂစ်တာကြိုးများပေါ်သို့သာ အညှိုးတကြီး ပြေးလွှားပေါက်ကွဲနေသော သူမ၏လက်ချောင်းများကို စိမ်းက အကဲခတ်သလိုကြည့်နေခဲ့လေသည်။
        “ အနုပညာတစ်ခုအပေါ် ငါတို့ရဲ့ရူးသွပ်ခုံမင်ခြင်းအတွက် ရလဒ်က အစော်ကားခံရဖို့တဲ့လား။ ရက်စက်လိုက်ကြတဲ့ လူတွေကွာ။ အသည်းနှလုံးမှ ရှိကြသေးရဲ့လား....”
         ဂစ်တာ၏ပေါက်ကွဲသံထက် မလျော့သော သူမ၏ရင်ကွဲသံက အဆောင်ခန်းကျဉ်းလေးထဲမှ ဖိတ်အန်ကျကာ၊ ကော်ရစ်တာတစ်လျှောက် ပျံ့နှံ့သွားပုံရ၏။ ဘေးခန်းမှထွက်ကြည့်သူကြည့်၊ အဆောင်ဘေးလမ်းကြားမှ လှည့်ကြည့်သူကြည့်နှင့်...။ တီးတိုး ဝေဖန်ကုန်ကြသည်။
        “ စိတ်လျှော့ပါချိုရယ်။ မြေနိမ့်ရာကိုမှ လှံစိုက်ချင်ကြတဲ့ ဒီလောကကြီးထဲမှာ စိုက်လာတဲ့လှံကိုသာ အမိအရဆွဲပြီး ပြန်ထနိုင်အောင် အမြင့်ကိုတက်ဖို့ ကြိုးစားရအောင်ပါ။ ဒါဟာ တို့အတွက် စိန်ခေါ်မှုတစ်ခုပါ။ စိမ်းကတော့ စိန်ခေါ်ရင် ဘွာမခတ်စတမ်းပဲ...”
         ဘုရားရေ...။ စိမ်းပြောလိုက်သည့်စကားက တစ်မျိုးကြီးပါလား။
        စိမ်းမျက်နှာကို ထိတ်လန့်တကြားကြည့်လိုက်တော့ စိမ်း၏မျက်လုံးထဲတွင် အန္တရာယ်အငွေ့အသက်တစ်စုံတစ်ရာကို သူမက ခဏချင်းမှာပင် ရှာတွေ့သွားခဲ့၏။
        ရင်ထဲမှဒဏ်ရာကို လက်နှင့်လည်ချောင်းပေါင်းကာ ဖောက်ခွဲနေမိသော သူမ၏လက်မောင်းကို စိမ်းက ခပ်ဖွဖွလာဆုပ်ကိုင်တော့ စိတ်ထဲမှာကျဉ်ကနဲဖြစ်သွားရလေသည်။
        ပြိုင်ပွဲစသည့်နေ့က သူမကို အားကိုးတကြီး တင်းတင်းဆုပ်ကိုင်ထားခဲ့သော စိမ်း၏လက်ကလေးတွေသည် ခုတော့ ချွေးစေးတွေက ခြောက်သွေ့သွားခဲ့ပြီလား။
         “ အို.. ဒါဖြင့် နင့်ကိုလည်း သူတို့ မျှားခဲ့ပြီးပြီပေါ့...”
         သူမ၏ ကယောင်ကတမ်းအမေး...။ စိမ်း၏ ခပ်လေးလေး ခေါင်းအညိတ်...။
       သူမရင်ကိုထက်ခြမ်းခွဲကာ စိတ်ဓါတ်အင်အားများအားလုံး မတ်မတ်ရပ်တည်မနေနိုင်လောက်အောင် နောက်ပြန်လဲကျသွားစေတော့သည်။ ရင်ကွဲပက်လက်မှ ချေမွခံလိုက်ရသော အိပ်မက်တစ်စုံပင် အဆစ်ပါလိုက်သေး၏။
                                                    xxxxxx
       “ နင့်အတွေးတွေမှားနေပြီ စိမ်း။ မြေနိမ့်ရာကိုမှ လှံစိုက်တာမျိုးကို နောက်တစ်ခါ အစိုက်မခံရအောင် နိမ့်နေတဲ့မြေကိုသာ ဖို့ပြီး မြှင့်ပစ်ရမှာလေ။ စိုက်လာတဲ့လှံကို အမိအရဆွဲဖမ်းပြီး အားယူထလိုက်မယ်ဆိုရင် လှံသွားက နင့်ရင်ဝထဲကို ပိုစိုက်ဝင်ပြီး  သွေးချင်းချင်းရဲသွားမှာပေါ့ စိမ်းရဲ့...”
       သူမက ဘယ်လိုပင်ကြိုးစား၍ နားလည်အောင်ပြောပြော စိမ်းပုံစံက နောက်ဆုတ်တော့မည့်ဟန် မပေါ်ပါ။
       သူမ ဘယ်တုန်းကမှ တွေးထင်မထားခဲ့သော ပျော့ညံ့ညံ့မိန်းကလေးတစ်ယောက်၏ တလွဲမာနသည် အင်မတန်မှ ခေါင်းမာနေခဲ့လေသည်။
       အမှန်တော့ မာနဆိုသည်ထက် ရုန်းမထွက်နိုင်သည့် အမှန်ဘ၀၏ ဆန္ဒများက ပိုဆိုးနေခဲ့ခြင်းဖြစ်လိမ့်မည် ထင်သည်။
        “ ချိုရယ်... ရပြီးသားအခွင့်အရေးကို ငါမှ အဆုံးရှုံးမခံနိုင်တော့ဘဲ။ ငါ့အဖြစ်က ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းရိုးပါဟယ်။ သူတို့ပေးထားတဲ့ စရံငွေငါးသောင်းကိုလည်း ရွာက အမေ့ဆီ မောင်နဲ့ညီမအတွက် ကျောင်းစရိတ်ဆိုပြီး ပို့ပြီးခဲ့ပြီ။ ပွဲနေ့ကျရင် ထပ်ပေးမယ့် တစ်သိန်းခွဲကိုလည်း ပို့ပေးဦးမယ်လို့ အမေ့ကိုပြောလိုက်တော့ အကြွေးတွေဆပ်နိုင်ပြီလို့ ပြောရှာတဲ့ မုဆိုးမကြီးရဲ့ ၀မ်းသာဝမ်းနည်းသံကြီးကို ငါဘယ်လို ဥပက္ခာပြုရက်နိုင်မလဲ။
             တို့တွေအဆင့်နဲ့ရော လေးညဖျော်ဖြေရုံနဲ့ နှစ်သိန်းဆိုတဲ့ငွေကို ဘယ်လိုသွားရှာရမလဲ။ နင့်ဆုံးဖြတ်ချက်ကိုတော့ ငါလည်း အားကျပါရဲ့။ နင့်ကိုလည်း ငါ့လမ်းအတိုင်းလိုက်လျှောက်ဖို့ ငါ ဘယ်တော့မှ တိုက်တွန်းမှာ မဟုတ်ဘူးချို။
             ဆင်းရဲကြတာခြင်းတူပေမယ့် နင်က မိစုံဖစုံ။ ဒီနွံက ရုန်းနိုင်လောက်တဲ့ ခွန်အားရှိသေးတယ်။ ငါ့မှာက....”
       ပြောနေရင်း တိမ်ဝင်တိုးသက်သွားသော စိမ်းအသံက သူမရင်ကို ထုတ်ချင်းခတ်စိုက်ဝင်သွား၏။
        “ ငါ ဆုံးဖြတ်ချက် ချပြီးပြီချို။ ငါ့မောင်တွေညီမတွေအတွက် ငါ့ဘ၀ကို စတေးတော့မယ်လို့...။
             ရွှံ့ဗွက်ဗလပွလမ်းမှာ ငါ့ခန္ဓာနဲ့ တံတားခင်းပေးလိုက်မှ သူတို့ကလေးတွေ မျက်စေ့ပိတ်နားပိတ်နေတဲ့ ဘ၀ကနေ ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်မယ့် ကတ္တရာလမ်းပေါ်ကို ရောက်လာနိုင်မှာ။ ငါ့ကိုငါ စတေးလိုက်ရင် ငါ့တစ်ဘ၀ပေါ့ချိုရယ်။
         ငါ့တံတားပေါ်ကနေ မောင်ညီမသုံးယောက်နဲ့ ငါ့အမေ။ အဲဒီကတစ်ဆင့် သူတို့မျိုးဆက်တွေ...။ ငါတို့ရွာသားတွေ...”
        စိမ်း၏ သူရဲကောင်းပုံပြင်ကို သူမ ဆက်နားထောင်ရန် ခွန်အားမရှိတော့ပါ။
       စိမ်း၏ဘ၀အခြေအနေကို အတွင်းကျကျအသိဆုံးကလည်း သူမပေပဲမို့ အလွန်အားငယ်ကြောက်ရွံ့တတ်သော သူငယ်ချင်းမလေးက သည်လိုဆုံးဖြတ်ချက်မျိုးချရန် ဘယ်လောက်အားတင်းခဲ့ရမလဲဆိုတာ သူမ စာနာနိုင်ပါလေ၏။
       သွေးမတော်သားမစပ်၊ တစ်နယ်စီဆိုသော်လည်း ဘ၀ကို သမရိုးကျအခြေအနေတစ်ခုမှ ရုန်းထွက်လိုသည့် ဆန္ဒချင်းတူခဲ့သော သူမတို့နှစ်ယောက်သည် ဤအဆောင်အမိုးအောက်တွင် ရေစက်ဆုံကတည်းက ညီအစ်မအရင်းတမျှ ချစ်ခင်တွယ်တာခဲ့ကြသည်။
       ကြုံရာကျရာ အလုပ်ကလေးတွေမှာ စရိတ်ကာမိရုံ၊ ၀မ်းမီးကလေး ငြိမ်းနိုင်ရုံ၊ ရုန်းကန်လှုပ်ရှားနေကြရင်း တူညီသော ၀ါသနာလေးကြောင့် ဖက်ရှင်ရှိုးတစ်ခုအတွက် အဆိုပြိုင်ပွဲကို အတူတူဝင်ပြိုင်ခဲ့ကြ၏။
       လူကြောက်တတ်သော စိမ်းကို စင်ပေါ်တက်ရန် အားအမျိုးမျိုးပေးခဲ့ရသော သူမက ခုတော့ သူငယ်ချင်းကို စင်ပေါ်မှဆင်းလာစေဖို့ ဘယ်လိုဖျောင်းဖျရမည်မသိတော့။
       သည်လိုစင်မျိုးပေါ်ကိုတော့ စိမ်းကို မတက်စေချင်ပါ။ စိမ်းမှသာမဟုတ်။ ဘယ်မိန်းကလေးကိုမှလည်း မတက်စေချင်ပါ။
                                                             xxxxxx
       မျှော်လင့်ထားပြီးသား ကိစ်္စဆိုသော်လည်း ထိုအရာက မိမိအတွက်အရှုံးဖြစ်နေသောအခါ မည်သူကများ ပြုံးပျော်နိုင်ပါမည်နည်း။
       “ အခုလုပ်မဲ့ ဖက်ရှင်ရှိုးက တော်တော်လေး ခမ်းနားကြီးကျယ်တာမို့ နာမည်ကျော်အဆိုတော်တွေကိုပဲ သုံးဖို့ ကုပ္မဏီက စီစဉ်လိုက်လို့တဲ့။ ပြိုင်ပွဲမှာ ရွေးထားတဲ့သူတွေကို လူစုံအောင် အလှည့်မပေးနိုင်တော့ဘူးတဲ့...”
       “ ဒါနဲ့ နေပါဦး။ အရွေးခံထားရတဲ့ ငါးယောက်စလုံးကို ပေးမဆိုတော့တာလား။ ကျွန်မတစ်ယောက်တည်းကို ပယ်တာလား...”
       “ အဲဒါတော့ ကျွန်တော်လည်း မသိဘူးခင်ဗျ။ အန်တီလှိုင်ပြောခိုင်းတာကို လာပြောရတာပါ..”
       “ လောလောဆယ် ဒီအဆောင်မှာ လာပြောရမှာက ကျွန်မတစ်ယောက်တည်းလား...”
       “ ဟုတ်တယ်ဗျ။ ဒီအဆောင်မှာ အစ်မတစ်ယောက်ကိုပဲ ပြောခိုင်းတာ...”
        ဒီလောက် အရိပ်ပြရင်တော့ သူမကလည်း အကောင်မြင်တတ်ပါပြီ။
       စိမ်းရောသူမပါရှိသည့် ဒီအဆောင်မှာ အမျိုးသမီးကြီး၏ စပွန်ဆာဆက်သွယ်ပေးမှုကို ငြင်းဆန်လိုက်သည်က သူမတစ်ယောက်သာပဲ ရှိသည်ကိုး။
       ဒါဖြင့် သူတို့အစီအစဉ်ကို ငြင်းပယ်သူအား သူတို့ကလည်း ဖယ်ထုတ်ပြီပေါ့။
မဖြစ်နိုင်မှန်းသိသော်လည်း အားလုံးကိုဖယ်ထုတ်ရလေ၊ မိန်းကလေးများ၏ အနာဂါတ်အတွက် ပိုကောင်းလေဟု သူမ တွေးနေဖြစ်၏။
       သို့ပေမယ့် သူမလို ကျော်ကြားမှုကို စွန့်လွှတ်နိုင်မည့်သူ၊ မက်လုံးပေးမှုများစွာကို ကျောခိုင်းနိုင်မည့်သူ၊ မိန်းကလေးထဲက ဘယ်နှယောက်များရှိမှာပါလိမ့်။
       စပွန်ဆာပေးမည့်သူသည် အသက်ကြီးကြီး၊ အရုပ်ဆိုးဆိုး၊ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူနှင့်အတူနေရမည့် တိုက်ခန်း၊ သူနှင့်ဆက်သွယ်ရန် ဖုန်း၊ သူ့ဆီက သဘောကျရင်ကျသလို ပေးကမ်းလာမည့် လက်ဆောင်ပစ်္စည်းများ၊ စီးတော်ယာဉ် မော်တော်ကားများကိုပါ အရုပ်ဆိုးအကျည်းတန်သည်ဟု သိမြင်နိုင်လာဖို့ မိန်းကလေးအားလုံးကို အသိဥာဏ်ပြည့်စုံစေချင်လှသည်။
         “ စရံငါးသောင်းကို အခု ပြန်ပေးလိုက်ရမှာလား...”
        “ အော်.. ဒါကိုတော့ ဘာမှမပြောလိုက်ဘူးဗျ။ စရံဆိုတာ အလုပ်မဖြစ်တော့ရင် သူတို့ဘက်က စဖျက်တာမို့ ထုံးစံအတိုင်းဆိုရင်တော့ ပြန်ပေးစရာမလိုတော့ပါဘူး...”
          ထိုသူပြောကာမှ စရံပြန်ပေးစရာ ငွေမကျန်တော့သည်ကို အကြောင်းပြချက်ပေးခဲ့သော စိမ်းမျက်နှာလေးကို ဖျတ်ခနဲ မြင်ယောင်သွားရ၏။
         စိမ်းက အဆိုပြိုင်ပွဲတွင် အရွေးခံရ၍ စရံငါးသောင်းရလာကတည်းက အဆင်မပြေလှသည့် လုပ်လက်စအလုပ်ကို ချက်ချင်းထွက်ပစ်ခဲ့သူ...။ ဒါကြောင့်လည်း ဖောင်ဖျက်ခဲ့ပြီဟု နောက်ကြောင်းပြန်မလှည့်ချင်ခဲ့။
         စီးရီးထုတ်ပေးမည်ဆိုသော အပြောမှာလည်းအမျောကြီးမျောနေသူ..။
        အန်တီကြီး၏ ကယ်တင်ရှင်ယောင်ယောင် ဟန်ဆောင်အပြုံးအောက်မှာ အမှန်မမြင်နိုင်လောက်အောင် လောဘအမှောင် ဖုံးနေသူ...။
        အမှန်တကယ်လည်း သည်လိုမျိုးလမ်းကြောင်းမှ တက်သွားသူတွေက ရှိခဲ့သည်ပဲကိုး။ ခုလိုအကြံအဖန် ငခုံးမတစ်ကောင်ကြောင့် သူမတို့ချစ်သော အနုပညာလောကမှာ အပုပ်နံ့ထွက်ရသည်မှာ အသည်းနာစရာကောင်းလှသည်။
        တကယ်တော့ မောင်လေး၊ ညီမလေးတို့အတွက် အနာဂတ်မျှော်လင့်ချက်သည် စိမ်း၏ အပြင်းစားဆန်္ဒအဖြစ်မှ လောဘအသွင် ပြောင်းသွားခြင်းဖြစ်လိမ့်မည် ထင်၏။
        သူမကတော့ သေတ္တာထဲတွင် တစ်ရွက်မလျော့ သိမ်းထားဆဲဖြစ်သော မသုံးဖြစ်သေးသည့် စရံငွေလေးတွေက စပွန်ဆာ ကမ်းလှမ်းမှုကို ငြင်းချက်ထုတ်ဖို့ ခွန်အားများဖြစ်ခဲ့သည်လားမသိ။
        ဒါဖြင့် စရံပြန်ပေးစရာမလိုတော့လျှင် စိမ်းအနေဖြင့် ငြင်းလို့ရသွားပြီပေါ့။
        ရုတ်တရက် သူမ လှိုက်ကနဲ ၀မ်းသာသွားသော်လည်း ပျော်ရွှင်မှုက ကြာကြာမခံပါ။ စိမ်းကို အချည်နှောင်ခံနေရသည့် စရံက တစ်ခုတည်းမှ မဟုတ်ဘဲ။
        စရံဆိုသည်က လက်ခံသူဘက်က ပျက်ကွက်ခြင်းမဟုတ်လျှင် လျော်စရာမလိုသော်လည်း လက်ခံယူထားသူက စတင်ငြင်းဆို ပျက်ကွက်ပါက စရံ၏နှစ်ဆ ပြန်လျော်ပေးရသည်ဟု သူမကြားဖူးခဲ့သည်လေ။
        သူမက အန်တီကြီး၏ စပွန်ဆာလက်ဆောင်ကိုသာ ငြင်းဆိုခဲ့သော်လည်း သီချင်းဆိုမည့်အစီိအစဉ်ကို စဖျက်ခဲ့သူ မဟုတ်။ သည်တော့ စရံပြန်ပေးရန် မလို။
        သို့သော် သူမ၏ စိတ်ကူးအိပ်မက်ထဲတွင် နှလုံးသားနှင့် စရံသတ်ထားပြီးသော ရွှေရောင်အနာဂတ်ကို သူမကမငြင်းဆန်ပါဘဲနှင့် သူတို့က စတင်ဖျက်ပစ်ခဲ့သည်လေ။ ဒါဖြင့် စရံနှစ်ဆ အလျော်ရရန် သူမ မည်သူ့ဆီကတောင်းရမည်နည်း။
        ခုနက နတ်ဆိုးမကြီး၏ တမန်တော်ကို ဖျတ်ခနဲသတိရသွားသည့်အခိုက်မှာတော့ သေတ္တာထဲမှ စရံငွေကိုကိုင်ကြည့်ရင်း မသတီလှသော သည်လိုငွေမျိုးကို မာနကြီးကြီးဖြင့် ပြန်ပေးလိုက်ရင်ကောင်းမလားဟု ချီတုံချတုံဖြစ်နေသော သူမသည် တဟုန်ထိုး ထပြေးမိတော့၏။
        တောင်းရဦးမည် မဟုတ်လား။ ရွှေရောင်တောက်နေခဲ့သော အနာဂတ်အိပ်မက်စရံအတွက် လျော်ကြေးနှစ်ဆ...။
        မလှိမ့်တပတ်နှင့် လူလည်ကျသွားသော ဟိုလူလည်း ခပ်ဝေးဝေးရောက်နိုင်ဦးမည် မထင်။
        မိန်းကလေးတွေ၏ အနာဂတ်အိပ်မက်ကို စရံယူထားပြီး ဂတိပျက်သည့်သူတွေ...၊ လက်လွတ်ခံလို့ မဖြစ်။
         ပြေး.. ပြေး... မီအောင်လိုက်။
        လမ်းမပေါ် သူမရောက်လာတော့ အေးစက်စက်မိုးရေများက ဖြုန်းကနဲသူမကို ရွှဲစိုသွားစေသည်။
         ဟင့်အင်း။ မဟုတ်ဘူး။ ဒါ မိုးရေစက်တွေ မဟုတ်ဘူး။
        အနာဂတ်အိပ်မက်ကို ဂတိမတည် အဖျက်သိမ်းခံရသူတွေရဲ့ မျက်ရည်တွေ...။
        ထိုအခိုက် တစ်ကိုယ်လုံး မိုးရေတွေထဲ နစ်ဝင်တုန်ခိုက်နေသော သူမကိုယ်လုံးလေးနှင့် ဆန့်ကျင်စွာ ပါးပြင်တစ်လျှောက်မှ ပူနွေးသောအထိအတွေ့က ချော်ရည်စီးကြောင်းလို...။
         မိုးကလည်း သည်းသည်းမည်းမည်း ရွာနေဆဲ...။
        သူမကလည်း စရံလျော်ကြေးတစ်ခု တောင်းဆိုရန် လမ်းမပေါ်မှာပြေးနေဆဲ...။
                                                     xxxxxx

   ဝေ(စီးပွားရေးတက္ကသိုလ်)

 december, 2012....ပေဖူးလွှာမဂ္ဂဇင်း